← Chapters

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း (၃၀၇) သူတို့လည်း ပစ်မှတ်များ ဖြစ်လာခဲ့ချေပြီ

​လောက၏ အခက်အခဲပေါင်းများစွာကို ဖြတ်သန်းကြုံတွေ့ခဲ့ဖူးသော ကျန်းယဲ့သည် ဤမြင်ကွင်းကိုမြင်လျှင် မျက်မှောင်အနည်းငယ်သာ ကြုတ်လိုက်ပြီး သူ၏ တည်ငြိမ်ကာ စူးရှလှသော အကြည့်များက နေရာအနှံ့သို့ ဝေ့ဝဲသွားခဲ့သည်။

​သူ၏ ဘယ်ဘက်ခြမ်း၌ သာမန်ဘီလူးများထက် ပို၍ကြီးမားလှသော ဘီလူးကြီးနှစ်ကောင် ထပ်မံပေါ်ပေါက်လာသည်ကို သူ ချက်ချင်း သတိပြုမိလိုက်၏။

​ပထမဆုံးတွေ့ခဲ့ရသော ဘီလူးကြီးလောက် မကြီးမားသော်ငြားလည်း ၎င်းတို့က မြို့ရိုးများကို ခြိမ်းခြောက်နိုင်လောက်အောင် အရပ်ရှည်သော ဘီလူးကြီးများ ဖြစ်နေဆဲပင်။

​သူတို့က မြို့ထဲသို့ သူတို့၏ ရှည်လျားလှသော လက်တံကြီးများကို ဆန့်ထုတ်လိုက်ကြသည်။

​"ညာဘက်... အားလုံးပဲ အခုချက်ချင်း ညာဘက်ကို ရွှေ့ကြ... မြန်မြန်..."

​ကျန်းယဲ့၏ အသံက အလောတကြီး လေသံဖြင့် ဆက်သွယ်ရေးစနစ်မှတစ်ဆင့် စက်လုံးတစ်ခုစီတိုင်းဆီသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

​သူ စကားပြောလို့ပင် မဆုံးသေးချေ။

​ဝှစ်....

​ရှေးဟောင်း စပါးကြီးမြွေကြီးများကဲ့သို့ ရှည်လျားလှသော လက်တံကြီးလေးခုက အရပ်မျက်နှာအသီးသီးမှနေ၍ မြို့ထဲသို့ ရုတ်တရက် ထိုးဆင်းလာကြ၏။

​ထိုလက်တံကြီးများ ရမ်းခါလိုက်မှုကြောင့် ဖြစ်ပေါ်လာသော လေပြင်းများက မုန်တိုင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ဖြစ်ပြီး ဧရာမလက်သီးဆုပ်ကြီးများက အလျှော့မပေးဘဲ ခုခံနေကြဆဲဖြစ်သော ကတုတ်ကျင်းများနှင့် ခံတပ်များအပေါ်သို့ ရက်စက်စွာ ကျဆင်းလာခဲ့သည်။

​ဒိုင်း... ဒိုင်း... ဒိုင်း...

​ကျောက်စရစ်ခဲများ၊ သတ္တုအပိုင်းအစများနှင့် အခြားသော ခွဲခြား၍မရသည့် အပျက်အစီးများက အရပ်မျက်နှာအနှံ့သို့ မိုးရွာချသကဲ့သို့ ကျဆင်းလာလေသည်။

​ဧရာမ ကျောက်တုံးကြီး အတော်များများက ယန်နင်ရှင်း၊ ဝမ်ဝမ်၊ ယဲ့ယွန်းနှင့် အခြားမိန်းကလေးများ ရှိနေသည့် လေ့လာစောင့်ကြည့်ရေး စက်လုံးဆီသို့ လွင့်စင်လာကြ၏။

​စက်လုံး၏ မျက်နှာပြင်ပေါ်တွင် ဖောက်ထွင်းမြင်နိုင်သော လှိုင်းဂယက်များ ချက်ချင်း ထွက်ပေါ်လာကာ ကျောက်တုံးများကို တွန်းကန်ဖယ်ရှားလိုက်သော်လည်း ပြင်းထန်လှသော တုန်ခါမှုကြောင့် စက်လုံးအတွင်းရှိ လူများအား ထိတ်လန့်တကြား အော်ဟစ်သွားစေခဲ့သည်။

​"ပြေးကြ..."

​ယန်နင်ရှင်းက အော်ဟစ်လိုက်ပြီး သူမနှင့်အတူ ဝမ်ဝမ်၊ ယဲ့ယွန်းနှင့် အခြားသူများကလည်း စက်လုံးကို အသည်းအသန် ထိန်းချုပ်ကာ ကျန်းယဲ့ရှိနေသည့် ညာဘက်ခြမ်းသို့ အမြန်ဆုံး သွားရောက်ပူးပေါင်းနိုင်ရန် ရွှေ့လျားလိုက်ကြ၏။

​ထိုအချိန်၌ သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေလေသည်။ ၎င်းမှာ သေမင်း၏ တံစဉ်ကဲ့သို့ ရမ်းခါနေသော ထို ဧရာမလက်တံကြီးများနှင့် တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးရန်ပင်။

​ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော ကျန်းလင်းရှီး၊ ဝမ်ဝမ်နှင့် အခြားသူများက သူတို့၏ စက်လုံးများကို အလိုအလျောက် ထိန်းချုပ်ကာ ကျန်းယဲ့၏ ခရီးသွားစက်လုံးအနောက်သို့ အမြန်ပြေး၍ ပုန်းအောင်းလိုက်ကြ၏။ ဤနည်းဖြင့်သာ လုံခြုံသည်ဟု ခံစားရသောကြောင့် သူတို့က အဝေးသို့ မထွက်ရဲဘဲ အနီးကပ် လိုက်ပါလာကြသည်။

​ကျန်းလင်းရှီးက သူမ၏ ရင်ဘတ်ကိုပုတ်ကာ ကြောက်ရွံ့မှု မပြယ်သေးသည့်ဟန်ဖြင့် ရေရွတ်လိုက်၏။ "ဘုရားရေ... ငါတို့က ဒီကို ပွဲလာကြည့်တာဆိုတော့ ဒီစက်လုံးကြီးက ငါတို့ကို အပြည့်အဝ ကာကွယ်ပေးထားလိမ့်မယ်လို့ ထင်နေခဲ့တာ... စက်လုံးကို ကျောက်တုံးလာမှန်တဲ့ အသံက သေနတ်ကျည်ဆန် လာမှန်သလိုပဲ... တကယ်ကို ကြောက်ဖို့ကောင်းတာ..."

​ရွှီပေကျိုးကတော့ အနည်းငယ် ပို၍တည်ငြိမ်နေခဲ့သည်။ သူက အောက်ဘက်တွင် အသတ်ခံနေရသော မြို့ရိုးကာကွယ်ရေး တပ်သားများကို လက်ညှိုးထိုးပြကာ "သူတို့နဲ့ယှဉ်ရင် ငါတို့က တကယ်ကို လုံခြုံနေသေးတာပဲ... သူတို့ကို ကြည့်လိုက်ဦး... ဒီလိုအကာအကွယ်မျိုးသာ မရှိရင် ငါတို့လည်း ဖြစ်နိုင်တာက..."

​သူ စကားမဆုံးလိုက်သော်လည်း သူပြောလိုသည့် အဓိပ္ပာယ်ကို လူတိုင်းက နားလည်နေကြ၏။

​ထိုစဉ် ရွှိုက်ဝူဟွိုင်က မြို့ရိုး၏ အခြားတစ်ဖက်သို့ ရုတ်တရက် လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်သည်။ "သေစမ်း... ဟိုဘက်ကို ကြည့်လိုက်ဦး... ဘီလူးတစ်ကောင် ကျော်တက်လာနေပြီ..."

​သူ၏ အော်ဟစ်မှုကို အတည်ပြုပေးလိုက်သည့်အလား သို့မဟုတ် ကပ်ဘေးတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော ဆင့်ကဲတုံ့ပြန်မှုတစ်ခုအလားပင်။

​ပထမဆုံး ဘီလူးက မြို့ရိုးကို အောင်မြင်စွာ ကျော်တက်သွားပြီး မြို့ထဲသို့ ကိုးရိုးကားရားနိုင်စွာဖြင့် သေမင်းတမန်ကဲ့သို့ ခုန်ချလိုက်သည်နှင့်ဒုတိယ၊ တတိယ... စသည်ဖြင့် ပို၍များပြားလှသော ဘီလူးများက သူတို့၏ အရပ်အမောင်းနှင့် ကြမ်းတမ်းသော ခွန်အားကို အားကိုးကာ တစ်ချိန်က မကျော်လွှားနိုင်ဟု ယူဆထားခဲ့သော မီတာသုံးရာအမြင့်ရှိ မြို့ရိုးကြီးကို ကျော်တက်လာကြတော့သည်။

​ကျိုးတိုးကျဲတဲ ခုခံနေခဲ့ကြသော မြို့စောင့်တပ်သားများမှာ မျိုးဗီဇပြောင်းဘီလူးကြီးများ၏ ပေါ်ထွက်လာမှုနှင့် သူတို့၏ ရဲဘော်ရဲဘက်များ အစုလိုက်အပြုံလိုက် သေဆုံးနေရမှုကို မြင်တွေ့ပြီးနောက် လုံးဝစိတ်ဓာတ်ကျဆင်း ပြိုလဲသွားကြပြီဖြစ်၏။

ခုခံနေခြင်းက အချည်းနှီး ကိုယ့်ကိုယ်ကိုယ် သတ်သေနေခြင်းသာဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြပြီး မြို့ရိုးပေါ်မှနေ၍ဖြစ်စေ၊ လမ်းမများတစ်လျှောက် မြို့ထဲသို့ဖြစ်စေ စတင် ထွက်ပြေးလိုက်ကြသည်။

​သူတို့၏ ပြိုလဲမှုက မြို့ရိုးအား ချက်ချင်း ပေါက်သွားစေခဲ့ပြီး နောက်ကွယ်မှ ဘီလူးများ ကျော်တက်လာခြင်းကို တားဆီးရန် အသုံးမဝင်တော့ချေ။

​ဘီလူးကြီးများက အိုးထဲသို့ ပစ်ထည့်လိုက်သော ဖက်ထုပ်များကဲ့သို့ မြို့ရိုးကို အသီးသီး အောင်မြင်စွာ ကျော်တက်သွားကြပြီး မြို့ထဲသို့ လွယ်ကူစွာ ဆင်းသက်လာခဲ့သည်။

​"ဂါး....."

​ဘီလူးကြီးများက စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ကြပြီး သူတို့ အချိန်ကြာမြင့်စွာကတည်းက တပ်မက်ခဲ့သော အသိုက်ကို စတင် ဖျက်ဆီးကာ လိုက်လံ ဖမ်းဆီး သတ်ဖြတ် စားသောက်ကြတော့သည်။

​မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုဖြင့် ပြိုကျလုဆဲဆဲ အိမ်များတွင် ပုန်းအောင်းနေခဲ့ကြသော မြို့သူမြို့သားများမှာ ဆည်ကျိုးပေါက်သကဲ့သို့ မြို့ထဲသို့ လိမ့်ဝင်လာသော ဘီလူးကြီးများကို မြင်လိုက်ရချိန်တွင် လုံးဝ စိတ်ပျက်အားလျော့သွားကြရသည်။

​"ပြေးကြ... ဘီလူးတွေ လာနေပြီ..."

​"ကယ်ကြပါဦး... ဗုံးခိုကျင်းတွေဆီ ပြေးကြ... မြန်မြန်... ဗုံးခိုကျင်းထဲ သွားကြ..."

​"ငါ့ကလေး... ငါ့ကလေး... မတွန်းကြပါနဲ့..."

​ထိတ်လန့်တကြား အော်ဟစ်ငိုယိုသံများက တစ်မြို့လုံးကို ချက်ချင်း ဖုံးလွှမ်းသွားချေသည်။

​မရေမတွက်နိုင်သော လူများက လန့်ဖြန့်နေသော ပုရွက်ဆိတ်အုပ်ကြီးကဲ့သို့ ပုန်းအောင်းနေသည့် နေရာများမှ ထွက်ပေါ်လာကြပြီး မြို့လယ်ခေါင်ရှိ မြေအောက် ဗုံးခိုကျင်း ဝင်ပေါက်တစ်ခုတည်းဆီသို့သာ အသည်းအသန် ဦးတည်ပြေးလွှားနေကြ၏။

​ခရီးသွားများက မြို့တွင်းရှိ လူများအတွက် မျှော်လင့်ချက်မဲ့မှုနှင့် ဝမ်းနည်းပူဆွေးမှုတို့ကို ခံစားနေရသော်လည်း ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် ကျန်းယဲ့မှာတော့ ခံစားနေရန် အချိန်မရှိခဲ့ချေ။

​သူက ပတ်ဝန်းကျင်ကို သတိထား၍ စောင့်ကြည့်နေစဉ်၊ ရုတ်တရက် သူ၏ အကြည့်က မြို့ရိုး၏ ထောင့်တစ်နေရာသို့ ကျရောက်သွားပြီး သူ၏ မျက်လုံးအိမ်များက ရုတ်ခြည်း ကျဉ်းမြောင်းသွားရသည်။

​အရွယ်အစားအားဖြင့် နှိုင်းယှဉ်လျှင် သေးငယ်သည်ဟု ဆိုနိုင်သော်လည်း ရွေ့လျားခံတပ်တစ်ခုစာလောက် ကြီးမားနေဆဲဖြစ်သည့် ဘီလူးကလေးတစ်ကောင်က ၎င်း၏ ကတုံးပြောင်ပြောင် ဖောင်းအိနေသော ခေါင်းကြီးနှင့် ကြီးမားသော်လည်း အပြစ်ကင်းစင်သော မျက်လုံးအစုံဖြင့် ကောင်းကင်ယံတွင် လွင့်မျောနေသော တိမ်တိုက်များကို မော့ကြည့်နေခဲ့သည်။

​ထိုဘီလူးကလေးက ကားငယ်တစ်စီးထက်ပင် ပို၍တုတ်ခိုင်သော ၎င်း၏ လက်ချောင်းတစ်ချောင်းကိုပင် မသိမသာ စုပ်နေခဲ့သေး၏။

​ကျန်းယဲ့၏ စိတ်ထဲတွင် အန္တရာယ် အချက်ပေးခေါင်းလောင်းသံများ မြည်ဟည်းသွားရသည်။

​သူ သတိပေးစကားပင် မပြောနိုင်သေးခင်မှာပင် ထိုဘီလူးကလေးက လိပ်ပြာဖမ်းသည့် ကလေးတစ်ယောက်၏ စိတ်အားထက်သန်မှုမျိုးဖြင့် သံမဏိကိုပင် ချေမွနိုင်လောက်အောင် ကြီးမားသော ၎င်း၏ လက်ဖောင်းဖောင်းကြီးကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အန္တရာယ်ကို လုံးဝ သတိမထားမိဘဲ ကျောခိုင်းလျက် အနီးဆုံးတွင်ရှိနေသော လျိုဝေ့ဖုန်း၏ ခရီးသွားစက်လုံးဆီသို့ လှမ်းဖမ်းလိုက်သည်။

​"ဝှစ်..."

​အရေးကြီးလှသော အခိုက်အတန့်တွင် ကျန်းယဲ့က သူ၏ ဧည့်လမ်းညွှန်လုပ်ပိုင်ခွင့်များကို ချက်ချင်း အသက်သွင်းလိုက်ရာ ငွေရောင်စွမ်းအင်သံကြိုးတစ်ချောင်းက မျက်စိဖြင့် မလိုက်နိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် ထွက်ပေါ်လာပြီး လျိုဝေ့ဖုန်း၏ စက်လုံးကို တိကျစွာ ရစ်ပတ်ကာ အနောက်သို့ ဆွဲယူလိုက်လေသည်။

​လျိုဝေ့ဖုန်းမှာ ကြီးမားလှသော ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရပြီး သူ၏ စက်လုံးက ထိန်းချုပ်မရစွာဖြင့် အနောက်သို့ လွင့်စင်သွားခဲ့ရ၏။

​ထိုအချိန်နှင့် တစ်ပြိုင်နက်လိုလိုပင် ဘီလူးကလေး၏ လက်ကြီးက သူ ခုနလေးတင် ရှိနေခဲ့သော နေရာကို ဖြတ်သန်းသွားပြီး လေကိုသာ ဖမ်းဆုပ်မိသွားရသည်။

​၎င်း ဖန်တီးလိုက်သော လေပြင်းကြောင့် အနီးနားရှိ စက်လုံးအချို့ပင် ယိမ်းထိုးသွားရ၏။

​"ဟင်..."

​ဘီလူးကလေးက ရုတ်တရက် ထွက်ပြေးသွားသော တိမ်တိုက်ကို ကြည့်ကာ ၎င်း၏ ခေါင်းကြီးကို စောင်းလိုက်ခေသည်။ ၎င်းက သက်ရှိများ၏ အငွေ့အသက်ကို တုံ့ပြန်မည့်အစား ပို၍ စိတ်ဝင်စားစရာကောင်းသော ကစားစရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်ပုံပင်။

​၎င်းက မိုးခြိမ်းသံကဲ့သို့ အသံတိုးတိုးဖြင့် "ခစ်ခစ်" ရယ်မောလိုက်ပြီး ထိုဆော့ကစားတတ်သောတိမ်တိုက်ကို မရမက ဖမ်းမည်ဟု ဆုံးဖြတ်ထားသည့်အလား လျိုဝေ့ဖုန်း ဆွဲခေါ်ခံလိုက်ရသည့် လားရာဆီသို့ ခြေနှင့်လက်ကိုသုံးကာ တွားသွားလာတော့သည်။

​လျိုဝေ့ဖုန်းမှာ ကျန်းယဲ့ကြောင့် နှိုင်းယှဉ်ကြည့်လျှင် လုံခြုံသော နေရာတစ်ခုသို့ ရုတ်တရက် ဆွဲခေါ်ခံလိုက်ရသည်။ ထိတ်လန့်နေဆဲဖြစ်သော သူက နောက်သို့လှည့်ကြည့်လိုက်ရာ ဘီလူးကလေး၏ စူးစမ်းချင်စိတ် ပြည့်နှက်နေသော အကြည့်များနှင့် ၎င်း၏အနောက်မှ လွင့်စင်လာသော ဖုန်တောကြီးကို မြင်လိုက်ရလေသည်။

​သူ၏ ဦးရေပြားများ ချက်ချင်း ကျိန်းစက်သွားပြီး သွေးများပင် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရကာ စိတ်ထဲမှ အော်ဟစ်လိုက်၏။

​ချီးပဲ သေလိုက်ပါတော့...

​ဘာလို့ အမြဲတမ်း ငါပဲ ဖြစ်နေရတာလဲ။

​ဘီလူးကလေးက ခြေလှမ်းအနည်းငယ် တွားသွားလိုက်သော်လည်း လျင်မြန်သော တိမ်တိုက်ကို မမီနိုင်ကြောင်း တွေ့ရှိသွားခဲ့သည်။ ထို့ကြောင့် ၎င်း၏ ပါးစပ်လေးက တွန့်ကွေးသွားပြီး ဧရာမမျက်လုံးကြီးများက ချက်ချင်း မျက်ရည်များဖြင့် ပြည့်လျှံလာခဲ့၏။

​"ဝါး... အား..."

​ထို့နောက် ရုတ်တရက် အသံကျယ်ကြီးဖြင့် စတင် ငိုကြွေးလိုက်သည်။

​ထိုငိုသံများက သူတို့၏ နားထဲတွင် မိုးကြိုးရာပေါင်းများစွာ တစ်ပြိုင်နက် ပေါက်ကွဲသွားသကဲ့သို့ဖြစ်ပြီး ကြောက်မက်ဖွယ်အသံလှိုင်းများကြောင့် ခရီးသွားစက်လုံးများအားလုံး ပြင်းထန်စွာ တုန်ခါသွားကြရသည်။

​မြေကမ္ဘာကိုပင် တုန်လှုပ်စေသော ထိုငိုသံကြီးက ၎င်း၏ မိဘများကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

​မလှမ်းမကမ်းတွင် သာမန်မျိုးဗီဇပြောင်း ဘီလူးများထက် ပို၍ကြီးမားသော ဘီလူးကြီးနှစ်ကောင်က ရုတ်တရက် ခေါင်းလှည့်လာကြပြီး သူတို့၏ ကြီးမားကာ နောက်ကျိနေသော မျက်လုံးကြီးများက အသံကျယ်ကြီးဖြင့် ငိုကြွေးနေသော သူတို့၏ ကလေးဆီသို့ ချက်ချင်း အာရုံရောက်သွားကြ၏။

​ထို့နောက် ကလေးဖြစ်သူ၏ လက်ချောင်းတုတ်တုတ်ကြီး ညွှန်ပြသည့် လားရာအတိုင်း လိုက်ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးထဲတွင် သံသယဖြစ်မှုနှင့် စူးစမ်းမှုတို့ ဖြတ်ပြေးသွားပြီးနောက် ကောင်းကင်ယံရှိ တိမ်တိုက်သုံးဆယ့်တစ်ခုကို ကြည့်ကာ ပြင်းထန်လှသော ဒေါသအကြည့်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားလေတော့သည်။

​ကျန်းယဲ့၊ လီဖေးရှု၊ ရွှိုက်ဝူဟွိုင်...

​သူတို့ကို စိုက်ကြည့်နေသော သားအဖ သုံးယောက်ကို မြင်လိုက်ရသည့် ခရီးသွားများအားလုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ ကြက်သီးမွေးညင်းများပင် ထသွားကြရသည်။

​လီဖေးရှုက ဤအခြေအနေတွင် ဟာသလုပ်၍ ရယ်စရာရှာရန် ကြိုးစားကာ နောက်ပြောင်လိုက်၏။ "သေစမ်း... ငါတို့အားလုံး ထွက်ပြေးရမယ့် အချိန်ရောက်ပြီလား..."

​ခရီးသွားအဖွဲ့တစ်ဖွဲ့လုံးက ခုနလေးတင် အခြားသူများအတွက် ဝမ်းနည်းနေခဲ့ကြသော်လည်းမျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ကိုယ်တိုင်က ဘီလူးကြီးများ၏ နံပါတ်တစ် ပစ်မှတ်များ ဖြစ်လာခဲ့ကြလေသည်။

အခန်း ၃၀၇ပြီး၏။

All Chapters