← Chapters

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း (၃၀၉) လူသားတို့၏ မျှော်လင့်ချက်မဲ့ခြင်း

​မျှော်လင့်ချက်မဲ့စွာ အော်ဟစ် ငိုယိုသံများကြားတွင် ထိုသေးငယ်လှသော လူသားလေးများက ဘီလူးကြီးများ၏ လိုဏ်ခေါင်းသဖွယ် ကြီးမားလှသော ပါးစပ်ကြီးများထဲသို့ ရက်စက်စွာ သွတ်သွင်းခံနေခဲ့ရသည်။

​သွားနှင့်ကြိတ်ကာ ဝါးစားလိုက်သော အသံများနှင့် အရိုးများကျိုးကြေသွားသည့် ကြောက်မက်ဖွယ် အသံကြီးများက ခရီးသွားတစ်ဦးစီတိုင်း၏ အာရုံကြောများကို ဆွပေးနေသကဲ့သို့ ရှိလေသည်။

​ပို၍ ကြက်သီးမွေးညင်းထစရာကောင်းသည်မှာ အနောက်ဘက်မှနေ၍ တိုးဝှေ့မရသော ဘီလူးကြီးများက သူတို့၏ လက်တံများထက် သိသိသာသာ သေးငယ်ကျဉ်းမြောင်းနေသော အပေါက်လေးထဲသို့ သူတို့၏ ရှည်လျားသော လက်ချောင်းကြီးများကို အတင်းအကျပ် ထိုးသွင်းလာကြခြင်းပင်။

​သူတို့က မှောင်မိုက်နေသော ဗုံးခိုကျင်းအတွင်းသို့ ရူးသွပ်စွာဖြင့် မွှေနှောက်တူးဆွနေကြရာ လူသားများက အက်ကွဲကြောင်းများထဲသို့ လက်ချောင်းများထိုးသွင်းကာ ကလော်ထုတ်နေသည်နှင့် ပုံစံတူလှပေသည်။

​"အား... ငါ့ကို လွှတ်ပေး... ကယ်ကြပါဦး..."

​"ဟင့်အင်း... ငါ့ကို မဖမ်းနဲ့..."

​ကံမကောင်းစွာဖြင့် ဘီလူးကြီး၏ လက်ချောင်းများကြားတွင် ညပ်ပါသွားသူတစ်ဦးမှာ ပြည့်ကျပ်နေသော လိုဏ်ခေါင်းထဲမှ အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရ၏။

​သူ၏ ကြောက်လန့်တကြား အော်ဟစ်သံက လေထုကို ဆုတ်ဖြဲသွားပြီး သူ၏ခြေလက်များက လေထဲတွင် အသည်းအသန် ရုန်းကန်ကန်ကျောက်နေခဲ့သည်။ ထိုမြင်ကွင်းက ကလေးတစ်ယောက်၏ လက်ထဲတွင် အဖမ်းခံထားရသော ပိုးကောင်လေးတစ်ကောင်နှင့် တူလှပြီး သူ၏ ခုခံမှုအားလုံးက အကြွင်းမဲ့ စွမ်းအားရှင်ကြီးများရှေ့တွင် အချည်းနှီးဖြစ်ကာ အရေးမပါသကဲ့သို့ ထင်ရချေသည်။

​သို့သော်ငြားလည်း ဗုံးခိုကျင်းအတွင်း၌ကား အပြင်လောကထက် ပို၍ ရက်စက်ကြမ်းကြုတ်သော ငရဲခန်းတစ်ခု ကျရောက်နေခဲ့ပြီ ဖြစ်၏။

​ညစ်ပတ်ကာ သွေးများပေကျံနေသော ထိုဧရာမ လက်ချောင်းကြီးမျက ငရဲပြည်မှ ဘီလူးလက်တံကြီးတစ်ခုကဲ့သို့ နှိုင်းယှဉ်ကြည့်လျှင် ကျဉ်းမြောင်းလှသော ဖြတ်လမ်းလေးထဲသို့ ဝင်ရောက်လာသောအခါ အတွင်းရှိ လူအုပ်ကြီးမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားကြရသည်။

​"အား... လက်ကြီး... ဘီလူးရဲ့ လက်ကြီး ဝင်လာပြီဟေ့..."

​"အထဲကို ဝင်ကြ... ပြေး..."

​"ဖယ်စမ်း... ငါ့ကို ပေးဖြတ်..."

​ထိတ်လန့်မှုက ကူးစက်ရောဂါတစ်ခုကဲ့သို့ ပျံ့နှံ့သွား၏။

​အနောက်ဘက်ရှိ လူများက ပို၍နက်ရှိုင်းကာ လုံခြုံသောနေရာသို့ ရောက်ရန် အသည်းအသန် တိုးဝှေ့နေကြသော်လည်း ဗုံးခိုကျင်းမှာ လူများပြည့်ကျပ်လွန်းနေပြီး ဆုတ်ခွာစရာ နေရာမရှိတော့ချေ။ လျှောက်လမ်းတစ်ခုလုံး လုံးဝပိတ်ဆို့သွားပြီး လူအုပ်ကြီးမှာ စည်သွပ်ဘူးထဲမှ ငါးသေတ္တာများကဲ့သို့ ပြပ်ပြပ်နှပ်နှပ်ကို ကြိတ်ကျိတ်တိုးနေကြရသည်။

​ဤကဲ့သို့ အလွန်အမင်း မျှော်လင့်ချက်မဲ့မှုနှင့် တစ်ကိုယ်ကောင်းဆန်မှုများ ပြည့်နှက်နေသော လေထုထဲတွင် လူသားသဘာဝ၏ အမှောင်မိုက်ဆုံးသော အခြမ်းက ပေါ်လွင်လာတော့၏။

​လိုဏ်ခေါင်းဝင်ပေါက်နှင့် အနီးဆုံးတွင်ရှိကာ ဘီလူးကြီး၏ လက်ချောင်းများအောက် တိုက်ရိုက်အန္တရာယ်ကြုံနေရသူ အချို့က နောက်ထပ် စက္ကန့်အနည်းငယ်လောက် အသက်ရှင်နိုင်ရန်နှင့် သေးငယ်လှသော ရှင်သန်ခွင့်အခွင့်အရေးလေးအတွက် သူတို့ထက် အားနည်းသော အဖော်များဆီသို့ မကောင်းဆိုးဝါးဆန်သော အကြည့်များဖြင့် ကြည့်လာကြသည်။

​လူတစ်ယောက်က သူ၏ဘေးတွင် တစ်ယောက်တည်းရှိနေသော သက်ကြီးရွယ်အိုတစ်ဦးကို ရူးသွပ်စွာ ကုတ်ခြစ်နေသော ဘီလူးကြီး၏ လက်ချောင်းများဆီသို့ ရုတ်တရက် တွန်းပို့လိုက်၏။

​လူတစ်ယောက်က သူ၏လမ်းကို ပိတ်နေသော အမျိုးသမီးတစ်ဦးကို လိုဏ်ခေါင်းဝင်ပေါက်ဆီသို့ ရက်စက်စွာ တွန်းထုတ်လိုက်လေသည်။

​အချို့သူများက ပို၍ အတွင်းကျသော နေရာကောင်းတစ်ခုကို ရရှိရန်အတွက် သူတို့၏လမ်းကို ပိတ်နေသူများအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုပင် အသုံးပြုလာခဲ့ကြသည်။

​"ရှင် ဘာလုပ်နေတာလဲ... ကျွန်မကို လွှတ်..."

​"တောင်းပန်ပါတယ်... ကျွန်တော့်ကို အပြင်မတွန်းထုတ်ပါနဲ့..."

​"ငါ့ကို အထဲပေးဝင်... ငါက ငယ်သေးတယ်... ငါမသေချင်သေးဘူး..."

​တောင်းပန်သံများ၊ ကျိန်ဆဲသံများနှင့် သစ္စာဖောက်ခံရ၍ အော်ဟစ်သံများက အပြင်ဘက်ရှိ ဘီလူးကြီးများ၏ ဟိန်းဟောက်သံများ၊ ဝါးစားသံများနှင့် ရောယှက်သွားကာ ဘီလူးကြီးများကိုယ်တိုင် တိုက်ရိုက်သတ်ဖြတ်နေခြင်းထက်ပင် ပို၍ ကြက်သီးထစရာကောင်းကာ အသက်ရှူကျပ်စေသော ကြောက်မက်ဖွယ် မြင်ကွင်းကြီးကို ဖန်တီးပေးနေလေသည်။

​သူတို့ကိုယ်ပိုင် အသက်ကို ကယ်တင်ရန်အတွက် သူတို့က သူတို့၏ လူသားချင်းကို ဘီလူးကြီးများ၏ လက်ချောင်းများနှင့် အစွယ်များဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးနေကြခြင်းပင်။

​ကောင်းကင်ယံထက်ရှိ လေ့လာစောင့်ကြည့်ရေး စက်လုံးများအတွင်းမှ ခရီးသွားများမှာမူ လုံးဝ တိတ်ဆိတ်သွားကြရ၏။

​လူသားများကို မဖမ်းဆုပ်နိုင်ခဲ့သော ဘီလူးကြီးများမှာ ပို၍ ဆတ်ဆတ်ကြဲဖြစ်လာကြပြီး စိတ်မရှည်စွာဖြင့် ဟိန်းဟောက်သံများ ပြုလာကြသည်။

​သရေစာတစ်ခု၊ နှစ်ခုကိုသာ အနိုင်နိုင်ဆွဲထုတ်နိုင်ခဲ့သော ဘီလူးကြီးများကပင် ၎င်းက အလွန် နှောင့်နှေးကြန့်ကြာလွန်းပြီး လုံးဝ အားမလိုအားမရ ဖြစ်လာကြသည်။

​ထို့ကြောင့် ရိုးရှင်းသော ဦးနှောက်သာရှိသည့် ဤဘီလူးကြီးများက အလျင်အမြန်ပင် စိတ်မရှည်တော့ဘဲ အကြမ်းတမ်းဆုံးနှင့် အစိုင်းအိုင်းဆုံးသော နည်းလမ်းဖြစ်သည့် ဖျက်ဆီးခြင်းကို စတင် အသုံးပြုလာကြတော့သည်။

​ထူးထူးခြားခြား ကြီးမားလှသော ဘီလူးကြီး အတော်များများက ဝင်ပေါက်ကို ဝိုင်းရံနေခြင်းမှ ရပ်တန့်လိုက်ကြပြီး ဗုံးခိုကျင်း၏ အပေါ်ဘက် မြေပြင်ပေါ်သို့ တိုက်ရိုက် တက်သွားလိုက်ကြသည်။

​ထို့နောက် သူတို့က ပုရွက်ဆိတ်တောင်ပို့ကို နင်းခြေနေသော အဆော့မက်သည့် ကလေးငယ်များကဲ့သို့ အပေါ်မှနေ၍ ရူးသွပ်စွာ စတင် ခုန်ပေါက်ကြတော့သည်။

​ဒုန်း...

​ဒုန်း......

​ဒုန်း.........

​ဘီလူးကြီးများ၏ ခြေဖဝါးဖြင့် ဆောင့်နင်းလိုက်တိုင်း မြေအောက်ဗုံးခိုကျင်းတစ်ခုလုံးက အင်အားပြင်း မြေငလျင်လှုပ်ခတ်သွားသကဲ့သို့ ပြင်းထန်စွာ တုန်ခါယိမ်းထိုးသွားရသည်။

​မျက်နှာကြက်များနှင့် နံရံများက ဖိအားကြောင့် ညည်းညူသံများ ထွက်ပေါ်လာကာ ဖုန်မှုန့်များနှင့် အပျက်အစီးများ တဖွဲဖွဲ ကျဆင်းလာချေသည်။

​ဗုံးခိုကျင်းအတွင်း၌ကား ကြောက်မက်ဖွယ်တုန်ခါမှုတိုင်းနှင့်အတူ ပြည့်ကျပ်နေသော လူအုပ်ကြီးထံမှ အောင့်အည်းထားရသော ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာကြသည်။ သို့သော် များသောအားဖြင့် ထိုအော်ဟစ်သံများက ပို၍ ကြောက်လန့်နေကြသော ဘေးနားမှ လူများ၏ ပြင်းထန်စွာ ငေါက်ငမ်းမှုများနှင့် ချက်ချင်း ကြုံတွေ့ရတတ်သည်။

​"ပါးစပ်ပိတ်ထားစမ်း... သူတို့အားလုံးကို ဒီဆွဲခေါ်ချင်လို့လား..."

​"တောင်းပန်ပါတယ်... အသံမထွက်ကြပါနဲ့... တောင်းပန်ပါတယ်..."

​အဆက်မပြတ် ပြင်းထန်စွာ တုန်ခါနေမှုများကြားတွင် လူများက သူတို့၏ ပါးစပ်များကိုသာ တင်းတင်းကြပ်ကြပ် ပိတ်ထားနိုင်ပြီး သူတို့၏ ကြောက်ရွံ့မှုကို မြိုသိပ်ကာ သူတို့၏ ပြူးကျယ်နေသော မျက်လုံးများထဲတွင် အဆုံးမဲ့ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

​ဖုန်မှုန့်များက သူတို့၏ ဆံပင်များနှင့် ပခုံးများကို ဖုံးလွှမ်းသွားသော်လည်း မည်သူကမျှ ဂရုမစိုက်နိုင်ကြချေ။

​ဘီလူးကြီး အတော်များများက အပေါ်မှနေ၍ တပြိုင်နက်တည်း ခုန်ပေါက်ဆောင့်နင်းကာ အထပ်ထပ်အခါခါ လုပ်ဆောင်နေကြသဖြင့် မူလက အလွန်ခိုင်ခံ့သည်ဟု ယူဆထားခဲ့သော ဗုံးခိုကျင်းမှာ ပြိုကျမည့် လက္ခဏာများ စတင်ပြသလာလေပြီ။

​နံရံကို ကပ်ထားသော ကောင်လေးတစ်ယောက်က နောက်ထပ် ပြင်းထန်သော တုန်ခါမှုအပြီးတွင် သူ၏ခေါင်းပေါ်ရှိ ကွန်ကရစ်များ၌ ရှင်းလင်းသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်ကို ထိတ်လန့်တကြား တွေ့ရှိသွားရသည်။

​သူ အလွန်ကြောက်လန့်သွားပြီး ဖခင်ဖြစ်သူ၏ အင်္ကျီကို အမြန်ဆွဲကာ မျက်ရည်များဖြင့် တုန်ယင်စွာ အော်ပြောလိုက်၏။ "ဖေဖေ... အပေါ်မှာ... အပေါ်မှာ ကွဲနေပြီ..."

​အနီးနားရှိ လူများက ဤစကားကို ကြားသောအခါ လန့်ဖြန့်သွားသော ငှက်များကဲ့သို့ အပေါ်သို့ ချက်ချင်း မော့ကြည့်လိုက်ကြ၏။

​ဖုန်မှုန့်များ အဆက်မပြတ် ကျဆင်းနေသည့် အကျည်းတန်လှသော အက်ကွဲကြောင်းကြီးများကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်နှာများမှာ သွေးဆုတ်ကာ ဖြူရော်သွားကြရတော့သည်။

​"မဖြစ်ဘူး... ဒါက သိပ်ဆိုးရွားလွန်းတယ်..."

​"ကွဲကုန်ပြီ... ပြိုကျတော့မယ်..."

​ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့မှုက ရေခဲတမျှ အေးစက်သော ဒီရေလုံးကြီးတစ်ခုကဲ့သို့ လူတိုင်းကို ချက်ချင်း ဝါးမျိုသွားလေသည်။

​နောက်တစ်စက္ကန့်တွင် ပို၍ပင် ပြင်းထန်လှသော ဆောင့်နင်းချက်ကြီးတစ်ခု ကျဆင်းလာခဲ့သည်။

​"ဝုန်း......"

​နားကွဲမတတ် ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးနှင့် ပိုမိုပြင်းထန်လှသော တုန်ခါမှုကြီးနှင့်အတူ သူတို့၏ ခေါင်းပေါ်ရှိ အက်ကွဲကြောင်းများက ပင့်ကူအိမ်ကဲ့သို့ လျင်မြန်စွာ ကူးစက်ကျယ်ပြန့်လာပြီး အပိုင်းအစများ ပို၍ပို၍ ကျဆင်းလာသည်ကို လူများက မျှော်လင့်ချက်မဲ့စွာ ကြည့်နေခဲ့ကြရသည်။

​"အား......"

​"ပြီးပြီ... ငါတို့တော့ ပြီးသွားပြီ..."

​"ကယ်ကြပါဦး... တစ်ယောက်ယောက် ငါတို့ကို ကယ်ကြပါဦး..."

​"ဘုရားသခင်... ဘာလို့ ကျွန်တော်တို့ကို စွန့်ပစ်လိုက်ရတာလဲ..."

​ဗုံးခိုကျင်းမှာ ဟစ်စတီရီးယားဆန်ဆန် ပြိုလဲမှုထဲသို့ ကျဆင်းသွားပြီး ငိုကြွေးသံများ၊ ဆုတောင်းသံများနှင့် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်မြည်တမ်းသံများ ရောယှက်ကာ အနက်ရှိုင်းဆုံးသော ယူကျုံးမရဖြစ်မှုကြီးကို ဖန်တီးပေးနေခဲ့သည်။

​ဗုံးခိုကျင်း၏ အပြင်ဘက်တွင်မူ အချိန်အတန်ကြာ အသည်းအသန် ကြိုးပမ်းနေခဲ့ကြသော ဘီလူးကြီးများက သူတို့၏ ခြေအောက်ရှိ မာကျောသော အခွံကြီး လုံးဝပွင့်မထွက်သွားသေးသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူတို့က စိတ်မရှည်တော့ဘဲ အပေါ်ရှိ မြေကြီးများကို သူတို့၏ လက်များဖြင့် စတင် တူးယက်ကြတော့သည်။

​ထူထဲလှသော မြေကြီးလွှာမှာ သူတို့အတွက် အလွယ်တကူ ဖယ်ရှားခံလိုက်ရပြီး မကြာမီမှာပင် မြို့ရိုးနှင့်ဆင်တူသော်လည်း ပို၍ပါးလွှာကာ အားနည်းသော အနက်ရောင် နံရံကြီးတစ်ခု ပေါ်ထွက်လာလေသည်။

​ဘီလူးကြီးတစ်ကောင်က ၎င်း၏ နောက်ဆုံး လက်ကျန် သည်းခံနိုင်စွမ်းများ ကုန်ခမ်းသွားပုံရ၏။ ၎င်းက ကုန်တင်ကားတစ်စီးထက်ပင် ကြီးမားလှသော လက်သီးကို မြှောက်ကာ ကြောက်မက်ဖွယ် စွမ်းအားများကို စုစည်းပြီး ပေါ်ထွက်လာသော လိပ်ခွံကြီးပေါ်သို့ အားပါးတရ ထုချလိုက်၏။

​"ဒုန်း..."

​ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ကျောက်စရစ်ခဲများနှင့် လိမ်ကောက်နေသော သံမဏိချောင်းများက နေရာအနှံ့ လွင့်စဉ်သွားတော့သည်။

​မာကျောလှသော အကာအကွယ်အလွှာကြီးသည်လည်း နောက်ဆုံးတွင် ကျိုးပေါက်သွားခဲ့ပြီး ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာချေသည်။

​အပေါက်၏ အောက်တည့်တည့်တွင်ရှိသော လူအုပ်ကြီးမှာ ထိုကြောက်မက်ဖွယ် စွမ်းအားကြီးကြောင့် ချက်ချင်းပင် သွေးသံရဲရဲ အသားစများအဖြစ်သို့ ချေမွခံလိုက်ရပြီး ပြင်းထန်လှသော သွေးညှီနံ့များက လေထုထဲတွင် ဖုံးလွှမ်းသွားခဲ့သည်။

​သွေးညှီနံ့က ဘီလူးကြီး၏ အာရုံများကို အကြီးအကျယ် နှိုးဆွပေးလိုက်ပြီး ၎င်းကို ပို၍ စိတ်လှုပ်ရှားကာ ရက်စက်ကြမ်းကြုတ်လာစေလေသည်။

​၎င်းက စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ဧရာမ လက်ချောင်းကြီးများကို ပြဲဟသွားသော အပေါက်အစွန်းများထဲသို့ ထိုးသွင်းကာ အတင်းအကျပ် ဆွဲဖြဲလိုက်သည်။

​"ဂျွတ်..."

​"ဒုန်းးး..."

​အခြားသော တည်ဆောက်မှု အဆောက်အအုံများပါ ထပ်မံ ဖျက်ဆီးခံလိုက်ရပြီး ဧရာမကွက်လပ်ကြီးတစ်ခု အတင်းအကျပ် ဆွဲဖြဲခံလိုက်ရရာ အောက်ဘက်တွင် ပြည့်ကျပ်နေပြီး ကြောက်လန့်နေကြသော လူသားများမှာ ဘီလူးကြီး၏ အမြင်အာရုံအောက်တွင် လုံးလုံးလျားလျား ပေါ်လွင်လာတော့သည်။

​ဘီလူးကြီးက ၎င်း၏ ခြေအောက်တွင် ပြည့်ကျပ်နေကာ လူးလွန့်အော်ဟစ်နေကြသော အစားအစာများကို ငုံ့ကြည့်လိုက်ပြီး ဝမ်းသာအားရ ပြုံးဖြီးလိုက်၏။ ၎င်း၏ ပါးစပ်ထောင့်များမှ ရွံရှာဖွယ်ကောင်းသော အကျိအချွဲများက ရေတံခွန်တစ်ခုကဲ့သို့ ကျဆင်းလာပြီး အောက်ဘက်ရှိ လူများ၏ ခေါင်းများနှင့် ခန္ဓာကိုယ်များပေါ်သို့ ကျရောက်သွားလေသည်။

​ဤအချိန်တွင် လူများက ရွံရှာမှုကို ဂရုမစိုက်နိုင်တော့ဘဲ ကွက်လပ်၏ ဘေးတစ်ဖက်တစ်ချက်စီသို့ အသည်းအသန် တိုးဝှေ့ပုန်းအောင်းရန် ကြိုးစားကြသော်လည်း နေရာမှာ ပိတ်ဆို့နေပြီး ထွက်ပြေးစရာ လုံးဝမရှိတော့ချေ။

​ဘီလူးကြီးက စိတ်လှုပ်ရှားစွာဖြင့် ၎င်း၏ လက်သည်းများကို ဆန့်ထုတ်လိုက်၏။ ၎င်း၏ ဧရာမလက်ကြီးက ကွက်လပ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာပြီး ရုန်းကန်ငိုကြွေးနေသော လူဆယ်ဂဏန်း၊ နှစ်ဆယ်ခန့်ကို တစ်ခါတည်း လှမ်းဆွဲလိုက်ကာ ကြည့်ပင် မကြည့်တော့ဘဲ ၎င်း၏ ပါးစပ်ထဲသို့ သွတ်သွင်းလိုက်ပြီး အရသာခံ ဝါးစားလိုက်သည်။ ကြက်သီးထစရာ ဝါးစားသံကြီးများက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။

​ဤအပေါက်ပွင့်သွားခြင်းက အစအဦးမျှသာ ဖြစ်လေသည်။

အခန်း ၃၀၉ပြီး၏။

All Chapters