အခန်း ၃၁၁
Vol. 32 Ch. 311
အခန်း (၃၁၁) ထူးခြားသော ဘီလူးကြီး
သူတို့၏ အမိန့်များကို လျစ်လျူရှုခံရပြီး ရဲဘော်ရဲဘက်များကလည်း ဂရုမစိုက်ကြသည်ကို မြင်လိုက်ရသောအခါ ဘီလူးလင်မယားမှာ အကြီးအကျယ် ဒေါသထွက်သွားကြရသည်။
သူတို့၏ ဧရာမရင်အုပ်ကြီးများက ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်လာပြီး မျက်လုံးများကလည်း ချက်ချင်းပင် နီရဲသွားကြ၏။
ထို့နောက် အားလုံး အံ့အားသင့်သွားစေသည်မှာ ယောက်ျားဖြစ်သူ ဘီလူးကြီးက ရုတ်တရက် ခါးကိုကိုင်းကာ မြေပြင်ပေါ်ရှိ ထောင့်ချွန်းများပါသော ကွန်ကရစ်တုံးကြီး တစ်တုံးအား ဆွဲယူလိုက်ခြင်းပင်။
မိန်းမဖြစ်သူ ဘီလူးကြီးကလည်း အလွန်စူးရှသော ဟိန်းဟောက်သံကြီးကို ထုတ်လွှင့်လိုက်သည်။ ယင်းအသံက သာမန်အော်ဟစ်သံမျိုး မဟုတ်တော့ဘဲ ထူးဆန်းသော စွမ်းအားလှိုင်းများ ပါဝင်နေချေသည်။
သူမက ဧရာမပါးစပ်ကြီးကို ရုတ်တရက် ဟလိုက်ပြီးနောက် မျက်စိဖြင့်မြင်နိုင်သော ပုံပျက်နေသည့် ကြိမ်နှုန်းမြင့် စွမ်းအင်လှိုင်းတန်းတစ်ခုက မမြင်ရသော အမြောက်ဆံတစ်ခုကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားနေသည့် ကျန်းယဲ့နှင့် သူ၏အဖွဲ့ဆီသို့ ချက်ချင်းပင် ပစ်ခတ်လာခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ ပစ်ပေါက်မှုနှင့် စွမ်းအင်လှိုင်း ပစ်ခတ်မှု......
လင်မယားနှစ်ယောက်ပေါင်း တိုက်ခိုက်မှုပင်။
ဧရာမကွန်ကရစ်တုံးကြီးက ဖျက်ဆီးနိုင်စွမ်းရှိသော အရွေ့စွမ်းအင်ဖြင့် လွင့်စင်လာချိန်တွင် မမြင်ရသော ကြိမ်နှုန်းမြင့် စွမ်းအင်လှိုင်းက ပို၍ပင် မြန်ဆန်စွာ ရောက်ရှိလာပြီး တစ်ဖွဲ့လုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ကျန်းယဲ့က ခရီးသွားလမ်းညွှန်၏ ကာကွယ်ရေး အခွင့်အရေးများကို တိုက်ရိုက်အသက်သွင်းလိုက်ရာ မမြင်ရသည့် စွမ်းအင်တိုက်ခိုက်မှုများကို ထိရောက်စွာ ချေဖျက်နိုင်ခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများအတွက်မူ ခရီးသွားအလုံးပေါ်ရှိ လုံခြုံရေးအမြှေးပါးက အလိုအလျောက် တွန်းလှန်ဖယ်ရှားပေးလိုက်လေသည်။
ထိုအချိန်တွင် ၃၀၀ မီတာခန့် မြင့်မားလှသော မြို့ရိုးကြီး၏ အစွန်းတစ်နေရာ၌ လူတစ်ယောက်က ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိဘဲ အေးအေးလူလူ ထိုင်နေခဲ့သည်။
သူက အလွန်ထူးခြားသော အသွင်အပြင်ရှိသည့် ဘီလူးတစ်ကောင်ပင်။
သူ၏ အရွယ်အစားမှာ အကြီးဆုံးမဟုတ်သော်လည်း ခန္ဓာကိုယ်အချိုးအစားက အထူးတလည် ညီညွတ်မျှတနေလေသည်။ ပို၍ အံ့အားသင့်စရာကောင်းသည်မှာ သူ၏အသားအရေက သာမန်ဘီလူးများကဲ့သို့ မည်းနက်ခြင်း၊ အပြာရောင်သန်းခြင်း သို့မဟုတ် အခြားသော ထူးဆန်းသည့်အရောင်များ မဟုတ်ဘဲ ပုံမှန်လူသားတစ်ယောက်နီးပါး ကျန်းမာသန်စွမ်းသည့် ကြေးနီရောင် အသားအရေမျိုး ဖြစ်နေခြင်းပင်။
အလွန် ထိတ်လန့်စရာကောင်းသည်မှာ သူ၏ မျက်လုံးများပင်။ အခြားသော ဘီလူးများ၏ နောက်ကျိနေသော၊ ကြမ်းတမ်းခက်ထန်သော သို့မဟုတ် ဗလာကျင်းနေသော မျက်လုံးများနှင့် လုံးဝမတူညီချေ။ ယင်းအစား ထိုမျက်လုံးများက တည်ငြိမ်ပြီး ဉာဏ်ပညာပြည့်ဝကာ စူးစမ်းလိုစိတ်များပင် တောက်ပနေပြီး အေးအေးဆေးဆေး စောင့်ကြည့်လေ့လာနေသူတစ်ဦး၏ အကြည့်မျိုး ဖြစ်နေခဲ့သည်။
သူက မြို့ရိုးပေါ်တွင် အေးအေးလူလူ ထိုင်နေပြီး ခြေထောက်တစ်ဖက်ကို ကွေးထားကာ လက်မောင်းကို ဒူးပေါ်သို့ ပေါ့ပေါ့ပါးပါး တင်ထားလေသည်။ သူ၏ သက်တောင့်သက်သာရှိလှသော ကိုယ်ဟန်အမူအရာက သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးကို ကြည့်နေခြင်းမဟုတ်ဘဲ သူနှင့် မသက်ဆိုင်သော ပြဇာတ်တစ်ပုဒ်ကို ကြည့်ရှုခံစားနေသကဲ့သို့ ဖြစ်နေချေသည်။
သူက ကျန်းယဲ့တို့ တကယ့်ခရီးသွားအဖွဲ့ထက်ပင် ပို၍ သက်တောင့်သက်သာ ရှိနေပုံရ၏။
သူ၏ အကြည့်များက အောက်ဘက် မြို့ထဲမှ ကြောင်နှင့်ကြွက် ကစားပွဲကို စိတ်ဝင်တစား စူးစိုက်ကြည့်နေခဲ့သော်လည်း လင်မယားနှစ်ယောက်ပေါင်း တိုက်ခိုက်မှုအတွင်း ထွက်ပေါ်လာသည့် ဘီလူးလင်မယား၏ ထူးခြားသော အမိန့်ပေးသံနှင့် ဒေါသတကြီး ဟိန်းဟောက်သံတို့က သူ၏အာရုံကို အောင်မြင်စွာ ဆွဲဆောင်သွားခဲ့သည်။
ထို့ကြောင့် သူက ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ နက်နဲကာ ဉာဏ်ပညာပြည့်ဝသော အကြည့်များက ဘီလူးများကြားထဲတွင် ပြေးလွှားနေသော တိမ်တိုက် ၃၁ ခုနောက်သို့ လိုက်ပါသွားကာ သူ၏မျက်လုံးထဲတွင် အံ့ဩမှုများ အထင်အရှား ပေါ်လွင်နေလေသည်။
သူ၏ အကြည့်များက အဖွဲ့ကို ဦးဆောင်နေသည့် ကျန်းယဲ့အပေါ်တွင် အထူးတလည် စူးစိုက်ကျရောက်နေ၏။
တစ်ချိန်တည်းမှာပင် အလွန် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင်၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ကျန်းယဲ့ကလည်း ရုတ်တရက် အရင်ကမကြုံဖူးသော မလုံခြုံသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
သူက အလိုအလျောက် ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏အကြည့်က အရှေ့ဘက် မြို့ရိုးပေါ်ရှိ ထူးဆန်းသော ထိုလူရိပ်ထံသို့ ကွက်တိ ကျရောက်သွားခဲ့သည်။
သူတို့၏ အကြည့်များ ဆုံတွေ့သွားကြ၏။
ခရီးသွားအလုံး၏ ရုပ်ဖျက်စနစ်က ပုံမှန်အလုပ်လုပ်နေဆဲဖြစ်ပြီး ဘီလူးများ၏ အာရုံခံစားမှုအရဆိုလျှင် ၎င်းတို့မှာ သာမန်တိမ်တိုက်များအဖြစ်သာ ရှိနေသင့်သော်လည်း ဤအခိုက်အတန့်တွင် ကျန်းယဲ့၌ တစ်ဖက်လူ၏ ဉာဏ်ပညာပြည့်ဝပြီး စူးရှသော အကြည့်များက ဤရုပ်ဖျက်စနစ်ကို ဖောက်ထွင်းကာ အလုံးထဲရှိ သူ့ကို တိုက်ရိုက်မြင်နေရသကဲ့သို့ ပြင်းထန်သော ထင်ယောင်ထင်မှားဖြစ်မှုတစ်ခု ခံစားလိုက်ရသည်။
မဟုတ်သေးဘူး...
ကျန်းယဲ့က ထိုအတွေးကို အမြန်ဖယ်ရှားလိုက်၏။
တစ်ဖက်လူက သူ၏ ရုပ်ဖျက်ထားမှုကို ထိုးထွင်းမြင်နေရခြင်း မဟုတ်ဘဲ ထိုသူ၏ အကြည့်များက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသည်ဟု ခံစားရလောက်အောင် အလွန်စူးရှနေခြင်းနှင့် သာမန်ဘီလူးများထက် ရှင်းရှင်းလင်းလင်း သာလွန်နေသော ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးတို့ ပေါင်းစပ်သွားကာ သူ့ကို ထိုးထွင်းမြင်နေရသည်ဟု ထင်ယောင်ထင်မှား ဖြစ်သွားစေခြင်းသာ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေသည်။
သို့တိုင်အောင် အခြေအနေတွေ မှားယွင်းသွားပြီဖြစ်ကြောင်း ကျန်းယဲ့ သိလိုက်လေသည်။
ဤဘီလူးသည် သေချာပေါက် ခေါင်းဆောင်အဆင့်ရှိသော သတ္တဝါတစ်ကောင် ဖြစ်ရမည်။
"အားလုံးပဲ.... သေချာ တင်းတင်းကျပ်ကျပ် ကိုင်ထားကြ... သေချာကိုင်ထား..."
ကျန်းယဲ့၏ အသံက စွမ်းအင်ချိတ်ဆက်မှုမှတစ်ဆင့် ခရီးသွားအလုံး တစ်ခုချင်းစီထံသို့ ပျံ့နှံ့သွား၏။
သူ စကားပြောလို့ ပြီးသွားသည်နှင့် တစ်ပြိုင်နက်လိုလိုပင်။
မြို့ရိုးပေါ်တွင် ထိုင်နေသော ထူးဆန်းသည့် ဘီလူးကြီး၏ နှုတ်ခမ်းထောင့်များတွင် နောက်ပြောင်ချင်သည့် ခပ်သဲ့သဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူက အခြားဘီလူးများကဲ့သို့ ဟိန်းဟောက်ခြင်း မပြုဘဲ သူ၏ လည်ချောင်းထဲမှ ထူးဆန်းသော စည်းချက်တစ်ခုပါဝင်သည့် နက်ရှိုင်းပြီး ထိုးဖောက်နိုင်စွမ်းရှိသော အသံတစ်ခုကို ထုတ်လွှင့်လိုက်သည်။
ထိုအသံက မကျယ်လောင်သော်လည်း အမြင့်ဆုံးသော အာဏာစက် ပါဝင်နေသကဲ့သို့ပင်။
နောက်တစ်ခဏ၌ ခရီးသွားများအားလုံးကို ကြက်သီးမွေးညင်း ထသွားစေမည့် အရာတစ်ခု ဖြစ်ပျက်သွား၏။
မြို့ထဲတွင် လှုပ်ရှားသွားလာနေကြသော ဘီလူးများအားလုံး.... အစာဝါးနေကြသူများ၊ အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြသူများ သို့မဟုတ် အချင်းချင်း တိုက်ခိုက်နေကြသူများပင် ခေတ္တရပ်နားခလုတ် နှိပ်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားကြ၏။
ထို့နောက် အမိန့်တစ်ခု ရလိုက်သည်နှင့် ဘီလူးများအားလုံးက ၎င်းတို့၏ အရွယ်အစား သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ ခေါင်းများကို တညီတညွတ်တည်း လှည့်လာကြကာ ဒေါသ၊ လောဘ သို့မဟုတ် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် ၎င်းတို့၏ မျက်လုံးများက ကျန်းယဲ့၏ တိမ်တိုက်တန်းကြီးထံသို့ စူးစိုက်ကြည့်လာကြသည်။
"ဂါးး...."
မြို့ရိုးပေါ်ရှိ ထူးဆန်းသော ဘီလူးကြီးက တိုတောင်းပြီး ရှင်းလင်းသည့် နောက်ထပ် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်ပြန်၏။
"ဘုန်း ဘုန်း ဘုန်း... "
နောက်တစ်စက္ကန့်တွင် မြို့တစ်မြို့လုံး ပွက်ပွက်ဆူလာသကဲ့သို့ ဖြစ်သွားလေသည်။
ဘီလူးများအားလုံးက အစာစားချိန်ခေါင်းလောင်းသံကို ကြားလိုက်ရသည့် ဆာလောင်နေသော သားရဲများကဲ့သို့ ရူးသွပ်ကြမ်းတမ်းသွားကြသည်။ သူတို့က သူတို့ခြေအောက်ရှိ သေးငယ်သော လူသားများနှင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို လျစ်လျူရှုကာ ဧရာမခြေလှမ်းကြီးများဖြင့် လှမ်းလျက် ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို အရပ်မျက်နှာ အသီးသီးမှ အရူးအမူး ဝင်ရောက်တိုက်ခိုက်ကြတော့သည်။
သူတို့၏ ရှင်းလင်းပြတ်သားသော ရည်မှန်းချက်များနှင့် ညီညွတ်သောလုပ်ဆောင်ချက်များက ယခင်က သူတို့၏ ပေါ့ဆပြီး ဖြစ်သလိုနေတတ်သော သဘောထားများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေချေသည်။
"ကျစ်.. ခွေးမသားကောင်တွေ...." ယန်ပေါ်ယာမှာ အလွန်လန့်သွားသဖြင့် ချက်ချင်းပင် ကျိန်ဆဲလိုက်၏။
"ဘုရားရေ... သူတို့အားလုံး ငါတို့ကို တိုက်ခိုက်နေကြပြီ.." ဝမ်ဝမ်၏ အသံက အနည်းငယ် တုန်ယင်နေလေသည်။
"ဘယ်... ဘယ်လိုလုပ် ပြေးကြမလဲ..." ကျန်းဟန်၏ မျက်နှာက ဖြူလျော့သွားခဲ့သည်။
"ပြေးကြ.." လူတစ်ယောက်က အာခေါင်ခြစ်ကာ အော်ဟစ်လိုက်၏။
တကယ်တော့ အော်ဟစ်နေရန်ပင် မလိုအပ်ချေ။ မြို့ရိုးပေါ်ရှိ ထူးခြားသော ဘီလူးကြီးက ပထမဆုံး အသံထွက်လာသည့် အချိန်ကတည်းက ကျန်းယဲ့က သူ၏ ခရီးသွားလမ်းညွှန်အခွင့်အရေးများနှင့် သူ၏ စိတ်ဆန္ဒစွမ်းအားကို အမြင့်ဆုံးအထိ တွန်းတင်ထားပြီး ဖြစ်၏။
ရွှီး ...
စွမ်းအင်ကြိုးတန်းများဖြင့် ချိတ်ဆက်ထားသော ခရီးသွားအလုံး အတန်းဆက်ကြီးတစ်ခုလုံးက အားကောင်းသော ခဲပစ်လောက်လေးခွတစ်ခုဖြင့် ပစ်လွှတ်လိုက်သကဲ့သို့ ရှေ့သို့ တွန်းထုတ်ခံလိုက်ရပြီး ချက်ချင်းပင် ၎င်းတို့၏ အမြင့်ဆုံးအမြန်နှုန်းသို့ ရောက်ရှိသွားကာ ဘီလူးအရေအတွက် နှိုင်းယှဉ်ချက်အရ အနည်းဆုံးဖြစ်သည့် အနောက်မြောက်ဘက်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် လွင့်စင်သွားခဲ့သည်။
ထိုအချိန်၌ အောက်ဘက်မှ ဧရာမကျောက်တုံးကြီးများက အမြောက်ဆံများကဲ့သို့ ပစ်ပေါက်လာကြပြီး ဘယ်၊ ညာနှင့် အထက်ဘက်မှ ဧရာမလက်ဝါးကြီးများက ရိုက်ချလာကြကာ ဘီလူးအချို့က ပါးစပ်ကြီးများကို ဟလျက် ၎င်းတို့ကို သူတို့၏ ဗိုက်ထဲသို့ တိုက်ရိုက် စုပ်ယူရန်ပင် ကြိုးစားလာခဲ့ကြသည်။
ကျန်းယဲ့က အထူးတလည် အာရုံစူးစိုက်ထားပြီး တစ်ဖွဲ့လုံးကို ထိန်းချုပ်ကာ ယုံကြည်နိုင်စရာမရှိသော ရှောင်တိမ်းမှု မျိုးစုံကို ပြုလုပ်နေလေသည်။
တစ်ခါတစ်ရံတွင် ငါးတစ်ကောင်ကဲ့သို့ ဘီလူး၏ ဂျိုင်းအောက်မှ လျှောတိုက် ထွက်ပြေးသွားတတ်ပြီး တစ်ခါတစ်ရံတွင် တံမြက်လှည်းသကဲ့သို့ ရိုက်ချလာသည့် ဧရာမလက်တံကြီးများကို ရှောင်ရှားရန် ကြိတ်စက်ရထားတစ်ခုကဲ့သို့ ဒေါင်လိုက် ရုတ်တရက် မြင့်တက်သွားတတ်ကာ တစ်ခါတစ်ရံတွင် ဘီလူး၏ ပေါင်ကြားမှ သီသီလေး လွတ်ထွက်သွားရန် ရုတ်ခြည်း ထိုးဆင်းသွားတတ်သည်။
ဦးတည်ရာ ပြောင်းလဲမှုတိုင်း၊ အရှိန်မြှင့်တင်မှုတိုင်းက အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ပျက်စီးကိန်းဆိုက်မည့် အခြေအနေမှ သီသီလေး လွတ်မြောက်နေခဲ့ရသည်။
စက်လုံးအတွင်းရှိ ဧည့်သည်များက နေရာတွင် ငြိမ်သက်စွာ ထိန်းချုပ်ခံထားရသော်လည်း ရထားစီးနေရသကဲ့သို့ ကောင်းကင်ပေါ်မှခုန်ချနေရသကဲ့သို့၊ အပေါ်မှ လွတ်လပ်စွာ ပြုတ်ကျနေရသကဲ့သို့ ခံစားရစေမည့် အမြန်နှုန်းများဖြင့် လည်ပတ်ခြင်းနှင့် ထိုးဆင်းခြင်းများကို ခံစားနေကြရလေသည်။
၎င်းက အလွန် ရင်ခုန်စိတ်လှုပ်ရှားစရာနေသလို အန္တရာယ်လည်း များနေခဲ့သည်။
တိမ်တိုက် ၃၁ခုက သနားစရာ လှေငယ်လေးတစ်စင်းကဲ့သို့ ဘီလူးများဖန်တီးထားသော ဒေါသတကြီး လှိုင်းလုံးကြီးများကြားတွင် အသက်ရှင်သန်နိုင်ရန် ရုန်းကန်နေခဲ့ကြရသည်။
အခန်း ၃၁၁ပြီး၏။