အခန်း ၃၁၂
Vol. 32 Ch. 312
အခန်း (၃၁၂) မင်းကို ငါချတော့မယ်
ကျန်းယဲ့က ခရီးသွားစလုံး ၃၀ကို ဆွဲယူလျက် သူ၏ အမြန်နှုန်းနှင့် သွက်လက်မှုကို အမြင့်ဆုံးအထိ တွန်းတင်လိုက်၏။
ထို့နောက် မရေမတွက်နိုင်သော ဧရာမလက်တံကြီးများ၊ ပစ်ပေါက်လိုက်သည့် အရာဝတ္ထုများနှင့် ဟိန်းဟောက်သံများကြားမှ လူးလာခေါက်တုံ့ ရှောင်တိမ်းသွားကာ နောက်ဆုံးတွင် မြှားတစ်စင်းကဲ့သို့ အပေါ်သို့ ထိုးတက်သွားပြီး မြင့်မားလှသော မြို့ရိုးကြီးပေါ်မှ သီသီလေး ကျော်ဖြတ်ပျံသန်းသွားခဲ့သည်။
ဤသို့ဖြင့် မြို့တွင်းရှိ ဘီလူးများ၏ အထူထပ်ဆုံးသော ဝိုင်းရံထားမှုမှ ယာယီ လွတ်မြောက်သွားချေသည်။
အရှေ့ဘက် မြို့ရိုးပေါ်တွင် ထိုင်နေသော ထူးဆန်းသည့် ဘီလူးကြီးက ထိုသို့သော ပိတ်ဆို့မှုကြီးမှ လွတ်မြောက်သွားနိုင်ခဲ့သည့် တိမ်တိုက်များကို လှမ်းကြည့်လိုက်လေသည်။
သူ၏ ဉာဏ်ပညာပြည့်ဝသော မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။ သူ၏ အပေါင်းအပါများ၏ အရည်အချင်းညံ့ဖျင်းမှုကို မကျေမနပ်ဖြစ်သွားပုံရ၏။
အစက လန့်ဖြန့်သွားသော တိမ်တိုက်များအနေဖြင့် ဤအန္တရာယ်များလှသည့် လေပိုင်နက်မှ လွတ်ကင်းရန် အဝေးသို့ ထွက်ပြေးသွားလိမ့်မည်ဟု သူက ယူဆထားခဲ့သည်။
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ဦးဆောင်နေသည့် တိမ်တိုက်က မြို့အပြင်ဘက်သို့ အကွာအဝေးတစ်ခုအထိ ပျံသန်းပြီးနောက် ဆက်မပြေးတော့ခြင်းပင်။
ယင်းအစား ၎င်းက ချွန်ထက်သော စက်ဝိုင်းခြမ်းပုံစံ ကွေ့ဝိုက်လိုက်ပြီး မြို့ရိုးအပြင်ဘက် အစွန်းတစ်လျှောက်မှတစ်ဆင့် သူရှိနေသည့် နေရာဆီသို့ တည့်တည့်မတ်မတ် အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်လာလေသည်။
ကျန်းယဲ့က ရုတ်တရက် ဦးတည်ရာ ပြောင်းလဲလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းဟန်၊ လီဖေးရှုနှင့် အခြားသူများက သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကြသည်။
လူဝကြီး ကျန်းဟန်မှာ စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောထွေးနေကာ သူ၏အသံများပင် တုန်ယင်နေလေသည်။ "ဒါရိုက်တာကျန်း... ခင်ဗျား သူ့ကို သွားချတော့မလို့လား..."
ကျန်းယဲ့၏ အသံက ချိတ်ဆက်မှုမှတစ်ဆင့် ထွက်ပေါ်လာပြီး တိုတိုနှင့် လိုရင်းသာ ဖြစ်၏။ "မင်းတို့ရော ချချင်လား.."
ဤမေးခွန်းက ယမ်းအိုးကို မီးရှို့လိုက်သကဲ့သို့ပင်...
"ချချင်တာပေါ့..."
"ကျစ်... ငါတို့ကို လာစမ်းလို့ကတော့ မှတ်လောက်အောင် ပြရမယ်..."
"သူ့ကို အသေချရမယ်... ငါတို့က လာရှုပ်လို့ရတဲ့သူတွေ မဟုတ်ဘူးဆိုတာ သူ့ကို သိအောင် လုပ်ရမယ်..."
"ဒါရိုက်တာကျန်းက အမိုက်စားပဲ.... သွားချကြစို့..."
လိုက်လံတိုက်ခိုက်ခံရပြီး ထွက်ပြေးခဲ့ရသည့် အဖိနှိပ်ခံ ဒေါသများက ထွက်ပေါက်တစ်ခု ရသွားခဲ့ရာ ယောက်ျား မိန်းမ မရွေး လူတိုင်းနီးပါးက သူတို့၏ သဘောတူညီမှုကို တခဲနက် ထုတ်ဖော်ပြသလိုက်ကြပြီး စိတ်အားထက်သန်မှုများ အမြင့်ဆုံးသို့ ရောက်ရှိသွားကြ၏။
ထိုသို့ အော်ဟစ်နေကြသည့် အချိန်တိုလေးအတွင်းမှာပင် ကျန်းယဲ့က သူ၏အဖွဲ့ကို အရှေ့ဘက် မြို့ရိုးပေါ်သို့ လျင်မြန်စွာ ချဉ်းကပ်နိုင်ရန် ဦးဆောင်ခေါ်ယူသွားပြီး ဖြစ်သည်။
သူက တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ ခရီးသွားလမ်းညွှန်အခွင့်အရေးများထဲမှ အခြေအနေ ကန့်သတ်ချက်များပါဝင်သည့် တိုက်ခိုက်ရေးစနစ်ကို အသက်သွင်းလိုက်၏။
နောက်ခဏ၌ ပုံရိပ်ယောင်မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးလှသော သင်္ကေတများ လင်းလက်လာပြီး သူရှိနေသည့် စက်လုံး၏ အရှေ့ဘက်တွင် အားကောင်းလှသော စွမ်းအင်များ ချက်ချင်း စုဝေးကာ ကျုံ့ဝင်သွားခဲ့သည်။
မြို့ရိုးပေါ်တွင် ထိုင်နေသည့် ထူးဆန်းသော ဘီလူးကြီးက သေနိုင်လောက်သည့် အန္တရာယ်ကို ရှင်းလင်းစွာ အာရုံခံသိရှိလိုက်ပြီး သူ၏ ဉာဏ်ပညာပြည့်ဝသော မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်မှုနှင့် သတိထားမိရန်ပင် ခက်ခဲသော ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ပေါ်လာချေသည်။
သူက အလိုအလျောက် လှိမ့်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က အလွန်အမင်း စေးကပ်သွားသကဲ့သို့ ဖြစ်နေပြီး သူ၏ လှုပ်ရှားမှုများကို အဟန့်အတားဖြစ်စေကာ အလွန်နှေးကွေးသွားစေကြောင်း တွေ့လိုက်ရသဖြင့် အလွန် ထိတ်လန့်သွားရသည်။
သူ ရုန်းကန်နေရဆဲ အချိန်လေးမှာပင်။
"ဝှီး... "
မျက်စိကျိန်းမတတ် တောက်ပလှသော အလင်းရောင်တစ်ခုက ကျန်းယဲ့၏ ခရီးသွားစက်လုံး အရှေ့ဘက်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ အဆုံးစွန်ထိ သိပ်သည်းကျုံ့ဝင်နေပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအင်များ ပါဝင်နေသည့် လင်းထိန်နေသော အဖြူရောင်အလင်းတန်းကြီးတစ်ခုက တရားစီရင်ရေးလှံတံကြီးတစ်ခုကဲ့သို့ လေထုကို ဆုတ်ဖြဲကာ မရှောင်တိမ်းနိုင်တော့သည့် ဘီလူးခေါင်းဆောင်ကို မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်သည့် အမြန်နှုန်းဖြင့် တိတိကျကျ ဝင်ရောက်မှန်ကန်သွားလေသည်။
"အားးးး... "
နာကျင်မှုကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသော အသည်းခိုက်မတတ် စူးစူးဝါးဝါး အော်ဟစ်သံကြီးက ကောင်းကင်ယံတစ်ခွင်သို့ ချက်ချင်း ပဲ့တင်ထပ်သွား၏။
ဘီလူးကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက စွမ်းအင်အလင်းတန်းဖြင့် ရင်ဘတ်တည့်တည့်သို့ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ့ကို မြို့ရိုးပေါ်မှ လွင့်စင်သွားစေကာ မြို့အပြင်ဘက် မြေပြင်ပေါ်သို့ ဘုန်းခနဲ အသံနှင့်အတူ ပြုတ်ကျသွားစေခဲ့ပြီး ဖုန်လုံးကြီးများ ထောင်းထောင်းထသွားစေခဲ့သည်။ တစ်ခဏမျှ သူ သေသည်ရှင်သည်ကို မသိနိုင်တော့ချေ။
ကျန်းယဲ့က ဤကမ္ဘာမြေကို တုန်လှုပ်စေမည့် တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်တွင် မြို့တွင်းနှင့် မြို့ပြင်ရှိ အရူးအမူး လိုက်လံတိုက်ခိုက်နေကြသော ဘီလူးများအားလုံးဟာ ခေတ္တရပ်နားခလုတ် နှိပ်ခံလိုက်ရသကဲ့သို့ နေရာမှာပင် ရပ်တန့်သွားကြ၏။
သူတို့၏ ဧရာမ ခန္ဓာကိုယ်ကြီးများက နေရာတွင် အေးခဲသွားပြီး သူတို့၏ ကြမ်းတမ်းခက်ထန်ကာ လောဘကြီးနေသော မျက်နှာအမူအရာများ နေရာတွင် သွေးကြောထဲမှ နက်ရှိုင်းစွာ ထွက်ပေါ်လာသော အကြောက်တရားတို့က ချက်ချင်း အစားထိုး ဝင်ရောက်လာခဲ့ကြသည်။
သူတို့က ကျောချမ်းစရာ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေဆဲဖြစ်သည့် တိမ်တိုက်ကို စူးစိုက်ကြည့်ကာ မသက်မသာ ညည်းတွားသံများကို ထုတ်ဖော်လိုက်ကြ၏။ အရွယ်အစား ပိုသေးငယ်သော ဘီလူးအချို့ဆိုလျှင် တုန်ယင်လာကြပြီး တဖြည်းဖြည်း နောက်ဆုတ်သွားကြကာ ရှေ့သို့ ခြေတစ်လှမ်းမျှ ထပ်မတိုးရဲကြတော့ချေ။
တစ်ချိန်တည်းမှာပင် မြို့ပျက်ကြီး၏ ထောင့်ချိုးများနှင့် လေကြောင်းရန်ကာကွယ်ရေး ဗုံးခိုကျင်း အပျက်အစီးများထဲတွင် ပုန်းအောင်းကာ မျှော်လင့်ချက်မဲ့စွာဖြင့် သေမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသော လူသားများမှာလည်း ရုတ်တရက် ပေါ်ထွက်လာသည့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကြောင့် လုံးဝကို အံ့အားသင့်သွားကြရသည်။
သူတို့က စွမ်းအင်အရင်းအမြစ်နှင့် ဘီလူးများ၏ ကြောက်ရွံ့နေသော အကြည့်များနောက်သို့ လိုက်ကာ အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် မော့ကြည့်လိုက်ကြလေသည်။
မောက်မာပြီး အစွမ်းအထက်ဆုံးဟု ထင်ရသော ဘီလူးခေါင်းဆောင်ကြီးမှာ ကောင်းကင်မှ ကျဆင်းလာသော အလင်းတန်းတစ်ခု၏ တိုက်ခိုက်မှုကြောင့် မြို့ရိုးပေါ်မှ လွင့်စင်ကျသွားသည်ကို သူတို့ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရ၏။
ကြမ်းတမ်းခက်ထန်သော ဘီလူးများအားလုံးက ထိုအခိုက်အတန့်တွင် ထိတ်လန့်နေသော သိုးသူငယ်လေးများကဲ့သို့ တုန်ယင်ကာ အေးခဲသွားကြသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
လေထဲတွင် လွင့်မျောနေသော ထိုတိမ်တိုက်ကိုလည်း သူတို့ မြင်တွေ့လိုက်ရ၏... သာမန်ဟု ထင်ရသော်လည်း ဖျက်ဆီးခြင်း အငွေ့အသက်များကို ထုတ်လွှင့်နေဆဲပင်။
အံ့အားသင့်မှု၊ ဇဝေဇဝါဖြစ်မှု၊ မယုံကြည်နိုင်မှု... စသည့် ခံစားချက်မျိုးစုံက အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာပေါ်တွင် ထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။
"အဲ့... အဲ့တာ ဘာကြီးလဲ.."
"ဒါ... ဒါက တိမ်တိုက်ကြီးလား.. တိမ်တိုက်တစ်ခုက ဘယ်လိုလုပ်..."
"ဒါက တန်ခိုးပြာဋိဟာတစ်ခုလား... ကောင်းကင်ဘုံက ငါတို့ကို ကယ်တင်ဖို့ စေလွှတ်လိုက်တာလား..."
"မဟုတ်ဘူး.... အဲ့ဒီ စွမ်းအင်က... အရမ်းကို ကြောက်စရာကောင်းတာ..."
အံ့အားသင့်မှု၊ မသေချာမှု၊ စူးစမ်းလိုမှုနှင့် မျှော်လင့်ချက်ရောင်ခြည်လေးများ ပြည့်နှက်နေသည့် မရေမတွက်နိုင်သော အကြည့်များက တိတ်ဆိတ်စွာ လွင့်မျောနေဆဲဖြစ်သည့် တိမ်တိုက်ထံသို့ စူးစိုက်ကျရောက်နေခဲ့ကြသည်။
ဤအံ့ဩဖွယ်ကောင်းသော အရာက ဘာလဲ... ဘာကြောင့် ဘီလူးခေါင်းဆောင်ကို တိုက်ခိုက်ရတာလဲ... ၎င်းက မိတ်ဆွေလား ရန်သူလားဆိုသည်ကို သူတို့အချင်းချင်း တီးတိုးပြောဆိုကာ ခန့်မှန်းနေကြလေသည်။
ခရီးသွားများက မောက်မာသော ဘီလူးကြီးကို ကျန်းယဲ့က မြို့ရိုးပေါ်မှ လွင့်စင်သွားအောင် တိုက်ခိုက်လိုက်ပြီးနောက် သေသည်ရှင်သည် မသိရတော့သည်နှင့် ပတ်ဝန်းကျင်ရှိ ဒေါသထွက်နေသော ဘီလူးများအားလုံးသည်လည်း အနားမကပ်ရဲလောက်အောင် ကြောက်ရွံ့သွားကြသည်ကို မြင်လိုက်ရသောအခါ ခဏတာ အံ့အားသင့်သွားပြီးနောက် နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်လိုက်ကြတော့သည်။
"ဟားးဟားး.. မိုက်တယ်ဟေ့..."
"မှတ်ကရော... ဆက်ပြီး အထာကျပြပါအုံး... ဘေးကနေ ပွဲကြည့်ရတာ ပျော်စရာကြီးမလား..." လီဖေးရှုက စိတ်လှုပ်ရှားစွာဖြင့် သူ၏ လက်များ ခြေထောက်များကို ဝှေ့ယမ်းကာ ပြောလိုက်၏။
"ဒါပေါ့... ငါတို့ စွမ်းအားမပြလို့ ငါတို့ကို တောသားတွေများ မှတ်နေလား မသိဘူး...." ဝမ်ရှင်းက ရုတ်တရက် အောင်ပွဲခံသည့် ခံစားချက်ကို ရရှိသွားသည်။
"ဒါရိုက်တာကျန်းက အမိုက်ဆုံးပဲ...."
"ဉာဏ်ကောင်းချင်သေးလား.... လာပါအုံး အုပ်လိုက်ကြီးကို ခေါ်လာပြီး ငါတို့ကို ဝိုင်းရိုက်ခိုင်းပါအုံးဟ..."
ဘေးကျပ်နံကျပ် အခြေအနေမှ အသက်ရှင်လွတ်မြောက်လာသည့် စိတ်လှုပ်ရှားမှုနှင့် အောင်မြင်စွာ ကလဲ့စားချေနိုင်ခဲ့သည့် ပီတိတို့ ရောယှက်သွားကာ လူတိုင်းကို စိတ်အားတက်ကြွသွားစေလေသည်။
သို့သော် အောင်ပွဲခံ အော်ဟစ်သံများကြားတွင် ရွှီပေကျိုးက ပို၍ နက်နဲသော အရာတစ်ခုကို တွေးမိသွား၏။ ထို့နောက် သံသယနှင့် စူးစမ်းလိုစိတ် အနည်းငယ်ဖြင့် သူက မေးလိုက်သည်။ "ဒါရိုက်တာကျန်း... ခင်ဗျားမှာ ဒီလောက် အစွမ်းထက်တဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေ ရှိနေမှတော့ ဘာလို့ အစတည်းက ထုတ်မသုံးခဲ့တာလဲ..."
ဤမေးခွန်းက လူအများအပြား၏ စိတ်ထဲတွင်လည်း မေးခွန်းထုတ်စရာ ဖြစ်သွားစေပြီး အားလုံးက တိတ်ဆိတ်သွားကာ ကျန်းယဲ့ကို စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
ကျန်းယဲ့က သူ့ဘာသာသူ တိတ်တဆိတ် ညည်းတွားလိုက်လေသည်။
'ချီး....ငါက အသုံးမပြုချင်လို့များ မှတ်နေလားဟ...'
ဒါက သူ့မှာ အသုံးပြုခွင့်ရှိတဲ့ တစ်ကြိမ်တည်းသော အခွင့်အရေးပဲလေ...
ဤအစွမ်းထက် လက်နက်ကို တစ်ကြိမ်အသုံးပြုပြီးတိုင်း နောက်တစ်ကြိမ် ပြန်သုံးရန် ၁၂ နာရီကြာ အအေးခံချိန် လိုအပ်လေသည်။ ဆိုလိုသည်မှာ တစ်ကြိမ်သာ အသက်သွင်းနိုင်ခြင်း ဖြစ်၏။
ထို့ကြောင့် ဤအရာကို အရေးကြီးဆုံးအချိန်.... ဥပမာအားဖြင့် သူတို့ကို အတင်းလာစနေပြီး အလွန်အမင်း ဒေါသထွက်အောင် လုပ်နေသည့် ခေါင်းဆောင်ကို ရှင်းပစ်ရန်အတွက်သာ အသုံးပြုရမည် ဖြစ်သည်။
သို့သော် ဤကဲ့သို့ ပွင့်လင်းလွန်းသော အမှန်တရားကို အသံထွက်၍ ပြောပြရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ကျန်းယဲ့က ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလိုက်ပြီး နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများ ရောယှက်နေသည့် လေသံဖြင့် ပြောလိုက်၏။ "ဒီအရာက ပေးဆပ်ရတဲ့ တန်ဖိုး အရမ်းကြီးလွန်းတယ်။ ကျွန်တော် အသုံးမပြုချင်လို့ မဟုတ်ပါဘူး.... တကယ်ကို မတတ်နိုင်လို့ပါ"
ဤစကားကို ကြားလိုက်ရသောအခါ အဖွဲ့ထဲရှိ ဉာဏ်ကောင်းသူအချို့က နားလည်သဘောပေါက်သွားသည့် အမူအရာများကို ချက်ချင်း ပြသလိုက်ကြ၏။
အမှန်ပင်... ဤကဲ့သို့ ကောင်းကင်ဘုံကို အာခံနိုင်သည့် တိုက်ခိုက်မှုမျိုးက ကန့်သတ်ချက်မရှိဘူးဆိုလျှင် ဒါရိုက်တာကျန်းက ဤနေရာတစ်ခုလုံးကို တံမြက်လှည်းသလို ရှင်းလင်းပြီး စိုးမိုးအုပ်ချုပ်နေလောက်ပြီ ဖြစ်၏။
"အော်... ဒီလိုကိုး...."
"ဒါရိုက်တာကျန်း... ခင်ဗျား တော်တော်လေး ပင်ပန်းသွားပြီ..."
"ငါ သိသားပဲ... ဒီလောက် အမိုက်စား စွမ်းရည်မျိုးက ကန့်သတ်ချက်တော့ ရှိရမှာပေါ့..."
"နားလည်ပြီ... နားလည်ပြီ။ အစွမ်းထက်တဲ့ စွမ်းရည်ဆိုတာ ဂေါ်ဖီထုပ်လို ပေါပေါလောလော ရနိုင်တာမှ မဟုတ်တာ... နော်"
အခန်း ၃၁၂ပြီး၏။