← Chapters

အခန်း ၃၁၃

Vol. 32 Ch. 313

အခန်း ၃၁၃

Vol. 32 Ch. 313

အခန်း (၃၁၃) နတ်ဘုရားတိမ်တိုက် ဒဏ္ဍာရီ

​ကျန်းယဲ့၏ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် ထူးခြားသည့် ဘီလူးခေါင်းဆောင်ကြီးမှာ ပြင်းထန်စွာ ဒဏ်ရာရကာ မြို့ရိုးပေါ်မှ လွင့်စင်ကျသွားပြီး အသက်ရှင်သလား သေဆုံးသွားသလား မသိရတော့ချေ။

ထို့အပြင် ဝိညာဉ်၏ နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများကြောင့် မြို့တွင်းမြို့ပြင်ရှိ ကျန်ရစ်နေခဲ့သော ဘီလူးကြီးများမှာ သူတို့၏ ကျောရိုးတိုင် ပြိုလဲသွားသကဲ့သို့ တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားကြတော့၏။

​သူတို့က ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ခပ်တိုးတိုး ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ခြေအောက်ရှိ သေးငယ်သော လူသားများကို ဂရုမစိုက်နိုင်ကြတော့သလို ထူးဆန်းသည့် တိမ်တိုက်များကိုလည်း ဆက်၍ မရှာဖွေဝံ့ကြတော့ချေ။

သူတို့၏ ဧရာမခန္ဓာကိုယ်ကြီးများကို ကမန်းကတန်း လှည့်လိုက်ကြပြီး လာစဥ်ကထက် အဆပေါင်းများစွာ မြန်ဆန်သော ခြေလှမ်းများဖြင့် ဒီရေကျသကဲ့သို့ နောက်ဆုတ် ထွက်ပြေးသွားကြသည်။

​ထိုထွက်ပြေးနေကြသော ဘီလူးကြီးများက တစ်စုံတစ်ရာကို တမင်သက်သက် ရှောင်ကွင်းနေသည့်အလား အရှေ့ဘက်အရပ်ဆီသို့ မည်သည့်ဘီလူးမှ မချဉ်းကပ်ရဲကြဘဲ လုံခြုံသော အကွာအဝေးတစ်ခုမှ ကွင်း၍ သွားကြ၏။ ထိုနေရာတွင် သူတို့ကို အလွန်အမင်း ထိတ်လန့်စေသော အရာတစ်ခုခု ရှိနေသည့်အလားပင်။

​နောက်ခဏ၌ တစ်မြို့လုံးကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ရာဖိအားကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး မွန်းကြပ်ဖွယ်သွေးနံ့များပင်လျှင် လွင့်ပါးသွားသည်ဟု ထင်မှတ်ရလေသည်။

​ကပ်ဘေးကြီး ပြီးဆုံးသွားချေပြီ။

​စက်လုံးထဲမှနေ၍ ကျန်းယဲ့က ထိတ်လန့်တကြား ထွက်ပြေးနေကြသော ဘီလူးကြီးများကို စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးဧရာမကိုယ်ထည်ကြီး မိုးကုတ်စက်ဝိုင်းဆီ၌ ပျောက်ကွယ်သွားသည်အထိပင်။ မည်သည့်အန္တရာယ်မှ မရှိတော့ကြောင်း သေချာသွားမှသာ သူက အဖွဲ့ကို ဦးတည်ရာပြောင်းရန် ထိန်းချုပ်လိုက်လေသည်။

​"ငါတို့လည်း သွားကြစို့..."

​သူ၏ အသံက ပြန်လည် တည်ငြိမ်သွားခဲ့သည်။

​တိမ်တိုက်သုံးဆယ့်တစ်ခုက ရပ်တန့်သွားပြီး သူတို့လာရာလမ်း၏ ဆန့်ကျင်ဘက်သို့ လွင့်မျောသွားကြကာ တဖြည်းဖြည်းဖြင့် မိုးကုတ်စက်ဝိုင်းပေါ်ရှိ သေးငယ်သော အစက်အပြောက်လေးများအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားချေသည်။

​ထိုအခါကျမှသာ အပျက်အစီးများကြား၊ ပြိုကျနေသော အဆောက်အဦးများနှင့် လေကြောင်းရန်ခိုလှုံရေးစခန်း အနက်ပိုင်းများတွင် ပုန်းအောင်းနေခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများက တုန်ရီစွာဖြင့် ထွက်လာဝံ့ကြတော့သည်။

​လရောင်က ဖျက်ဆီးခံထားရသော ဤမြေပြင်ပေါ်သို့ ဖြာကျနေပြီး ပျက်စီးယိုယွင်းမှုများနှင့် သွေးကွက်များကို ထင်ဟပ်ပြသနေ၏။ အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာပေါ်တွင် တွေဝေမှု၊ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ရောယှက်ကာ ကျန်နေဆဲပင်။

​လူအများစုက အရှေ့ဘက် ကောင်းကင်ယံဆီသို့ အလိုအလျောက် မော့ကြည့်လိုက်ကြပြီး ထိုထူးဆန်းသော တိမ်တိုက်များ နောက်ဆုံး ပျောက်ကွယ်သွားခဲ့ရာ အရပ်သို့ အကြည့်များ ရောက်ရှိသွားခဲ့ကြသည်။

​"သူတို့ ထွက်သွားကြပြီ... ဘီလူးတွေ အကုန် ထွက်သွားကြပြီ..."

​"ငါတို့... ငါတို့ အသက်ရှင်သွားပြီလား..."

​ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သေဘေးမှ လွတ်မြောက်သွားသည့် ဝမ်းသာရွှင်မြူးမှုနှင့် ဖော်ပြ၍မရနိုင်သော ကျေးဇူးတင်စိတ်တို့က သူတို့၏ ရင်ထဲတွင် ရေကာတာကျိုးကျသကဲ့သို့ လျှံကျလာတော့သည်။

​"ဒုတ်..."

​အချို့လူများမှာ ခြေထောက်များ ခွေယိုင်သွားကာ ဒူးထောက်ကျသွားကြပြီး အရှေ့ဘက်အရပ်ဆီသို့ ဦးခေါင်းနှင့်မြေကြီး ထိသည်အထိ အကြိမ်ကြိမ် ဦးချကာ ရှိုက်ကြီးတငင် ငိုကြွေးကြတော့၏။

​ထို့နောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက် စသည်ဖြင့်... ပို၍ပို၍ များပြားလာသော လူများက ထိုအရပ်ဆီသို့ အလိုအလျောက် ဒူးထောက်ချလိုက်ကြပြီး ဤကပ်ဘေးမှ အသက်ရှင်ကျန်ရစ်စေခဲ့သည့်အတွက် ကျေးဇူးတင်မှုနှင့် ရိုသေလေးစားမှုတို့ကို အလွန်အရိုးရှင်းဆုံးနည်းလမ်းဖြင့် ဖော်ပြလိုက်ကြသည်။

​ထိုအရာများက မည်သည့်အရာများဖြစ်ကြောင်း သူတို့ မသိကြချေ။

​၎င်းက အစွမ်းထက်ပြီး အမည်မသိရသော သက်ရှိတစ်မျိုးမျိုးလား...

သို့မဟုတ် ပိုမိုမြင့်မားသော ကမ္ဘာတစ်ခုမှ ဆန်းကြယ်သော သက်ရှိများလား...

ဒါမှမဟုတ်... နတ်ဘုရားတွေရဲ့ တမန်တော်များလော...

​သူတို့သိသမျှကတော့ အလွန်တရာ မျှော်လင့်ချက် ကင်းမဲ့နေချိန်၌ ထိုတိမ်တိုက်များ ပေါ်လာပြီး ဘီလူးခေါင်းဆောင်ကြီးကို ပြင်းထန်စွာ ဒဏ်ရာရစေကာ သတ္တဝါဆိုးအားလုံးကို ခြောက်လှန့်မောင်းထုတ်၍ သူတို့ကို သေချာပေါက် သေဆုံးရမည့် ချောက်ကမ်းပါးကြီးထဲမှ ဆွဲတင်ပေးခဲ့သည်ဆိုသည်ကိုပင်။

​ထိုနေ့မှစ၍ ဘီလူးများ၏ ဖျက်ဆီးခြင်းခံထားရသော ဤလူသူကင်းမဲ့သည့် တိုက်ကြီးပေါ်တွင် နတ်ဘုရားတိမ်တိုက် နှင့် ပတ်သက်သော ဒဏ္ဍာရီတစ်ခု စတင် ပျံ့နှံ့သွားခဲ့ချေသည်။

​ဒဏ္ဍာရီများအရ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာချိန်တွင် ကောင်းကင်ယံမှ ဖြူစင်သန့်ရှင်းသော နတ်ဘုရားတိမ်တိုက်တစ်ခု ဆင်းသက်လာလိမ့်မည်ဟု ဆိုကြ၏။ ၎င်းက ဘီလူးများကို တရားစီရင်နိုင်သော အစွမ်းရှိပြီး မျှော်လင့်ချက်မဲ့နေသော လူများထံသို့ မျှော်လင့်ချက်ရောင်ခြည်လေး ယူဆောင်လာပေးမည်ဟု ဆိုကြပြန်၏။

​ရေတွက်၍မရနိုင်သော အသက်ရှင်ကျန်ရစ်သူများက နတ်ဘုရားတိမ်တိုက် တစ်ဖန် ပြန်လည်ဆင်းသက်လာမည့် နေ့ကို မျှော်လင့်ရင်း ညဘက်ရောက်တိုင်း အရှေ့ဘက်အရပ်ဆီသို့ ဆုတောင်းလေ့ ရှိကြလေသည်။

​ထိုဒဏ္ဍာရီ၏ အရင်းအမြစ်ဖြစ်သော လူသုံးဆယ့်တစ်ယောက်မှာမူ လူသူကင်းမဲ့နေသော မြေပြင်အထက်တွင် လွင့်မျောနေကြဆဲပင်။

​ရုတ်တရက် သူတို့ရှေ့ မိုးကုတ်စက်ဝိုင်းပေါ်တွင် အိပ်မက်ဆန်ဆန် နူးညံ့သည့် အပြာရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ရှိ မီးခိုးရောင်နောက်ခံနှင့် သိသိသာသာ ကွဲပြားလျက်ရှိနေ၏။

​"ဟင်... အဲ့တာ ဘာကြီးလဲ..."

​မျက်စိရှင်သော ဝမ်ဝမ်က ပထမဆုံး သတိထားမိသွားကာ မေးလိုက်၏။ အဖွဲ့သားများ ပို၍ နီးကပ်စွာ ချဉ်းကပ်သွားသောအခါ လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် ဖမ်းစားခံလိုက်ရလေသည်။

​၎င်းက ကျယ်ဝန်းလှပြီး အဆုံးအစမရှိသော မြက်ခင်းပြင်ကြီး ဖြစ်နေခဲ့သည်။

​သို့သော် သာမန်မြက်ခင်းပြင်များနှင့် မတူဘဲ ဤမြေပေါ်တွင် ပေါက်ရောက်နေသော မြက်ပင်တိုင်းက တောက်ပနေသော အပြာရောင်အလင်းတန်းများကို ထုတ်လွှတ်နေကြပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော မရေမတွက်နိုင်သည့် နီလာတုံးလေးများနှင့် ဖြစ်စေ၊ သို့တည်းမဟုတ် မြေပြင်ပေါ်ရှိ ကြယ်တာရာ ဂလက်ဆီအလား ဖြစ်စေ၊ ငြိမ်းချမ်းကာ အိပ်မက်ဆန်ဆန်ဖြင့် မိုးကုတ်စက်ဝိုင်းအဆုံးထိ ဖြန့်ကျက်တည်ရှိနေလေသည်။

​ညလေပြေ တစ်ချက်ဝေ့သီသွားချိန်တွင် အပြာရောင်မြက်ပင်လေးများက ညင်သာစွာ ယိမ်းနွဲ့သွားကြပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှသော အလင်းလှိုင်းလေးများ ဖန်တီးသွားကြသည်။

​"ဝါး... အရမ်းလှတာပဲ..."

​ဝမ်ရှင်းက မနေနိုင်တော့ဘဲ အာမေဍိတ်သံပြုလိုက်၏။

​"ဘုရားရေ... ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ် ဒီလောက်လှတဲ့ နေရာတစ်ခု ရှိနေနိုင်ရတာလဲ..."

​ဒီလီနာဇာမှာလည်း အံ့သြမှင်တက်သွားရသည်။ ထိုမျှ သွေးထွက်သံယိုမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကို ကြုံတွေ့ခဲ့ရပြီးနောက် ဤတိုက်ကြီး၏ ထောင့်တစ်နေရာတွင် ဤကဲ့သို့ ငြိမ်းချမ်းပြီး လှပသော မြင်ကွင်းမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။

​ဤနေရာတွင် ဘီလူးများ မရှိ၊ သတ်ဖြတ်မှုများ မရှိ၊ အပျက်အစီးများလည်း မရှိပေ။

​ထိုနေရာက တိတ်ဆိတ်ငြိမ်သက်နေပြီး အပြာရောင်အလင်းတန်းများ ဖြာထွက်နေသော ဤမြက်ခင်းပြင်နှင့် အထက်မှ အပြစ်ကင်းစင်ကာ ကြီးမားကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံကြီးသာ ရှိ၏။

​ကျန်းယဲ့က စွမ်းအင်သံကြိုးများကို ဖြေလျှော့ပေးလိုက်ပြီး လူတိုင်း၏ စက်လုံးများကို ဤအပြာရောင် မြက်ခင်းပင်လယ်ပြင်အထက်တွင် လွတ်လပ်စွာ လွင့်မျောစေလိုက်သည်။

​မည်သူမျှ စကားမဆိုကြဘဲ အားလုံးက တိတ်ဆိတ်စွာ လွင့်မျောနေကြပြီး သူတို့ ယခုလေးတင် ကြုံတွေ့ခဲ့ရသည့် သွေးထွက်သံယိုမှုနှင့် ကြောက်ရွံ့မှုတို့ကို ဤအပြာရောင်အလင်းဖြင့် သန့်စင်ပစ်ရန် ကြိုးစားနေသည့်အလား ဤရုတ်တရက်ဆန်လှသော ငြိမ်းချမ်းမှုနှင့် အလှတရားထဲတွင် နစ်မြောနေကြရသည်။

​ကျန်းယဲ့ကလည်း စိတ်အေးလက်အေးဖြင့် စက်လုံး၏ အနေအထားကို ပြင်ဆင်လိုက်ကာ သူ၏လက်များကို ခေါင်းနောက်တွင် ပိုက်လိုက်ပြီး တည်ငြိမ်အေးချမ်းစွာ လှဲလျောင်းရင်း ဤဂြိုဟ်၏ ကြယ်တာရာ ကောင်းကင်ကြီးကို မော့ကြည့်နေလိုက်လေသည်။

​ဤနေရာရှိ ညကောင်းကင်ယံက အလွန်ကြည်လင်နေပြီး လေထုအထက်ပိုင်းတွင် မည်သည့် ညစ်ညမ်းမှုမျှ မရှိသည့်အလား ဖြစ်နေချေသည်။ နက်ရှိုင်းသော အပြာရင့်ရောင် ကောင်းကင်ကြီးထဲတွင် မရေမတွက်နိုင်သော တောက်ပသည့် ကြယ်များဖြင့် ပြည့်နှက်နေပြီး ကမ္ဘာမြေပေါ်တွင် မြင်ရသည်ထက် အဆပေါင်းများစွာ ပိုမိုများပြားကာ ပိုမိုတောက်ပနေခဲ့သည်။

လက်လှမ်းမီနိုင်သော နေရာတွင် တကယ့် နဂါးငွေ့တန်းကြီးတစ်ခု စီးဆင်းနေသည့်အလားပင်။

ထိုသို့နှင့် ​အချိန်များက ဤတိတ်ဆိတ်ငြိမ်သက်မှုထဲတွင် တိတ်တဆိတ် ကုန်ဆုံးသွား၏။ နာရီလက်တံက သတ်မှတ်ထားသော နယ်နိမိတ်တစ်ခုကို ဖြတ်ကျော်သွားချိန်တွင် ညသန်းခေါင်ယံ အချိန်သို့ ရောက်ရှိလာလေသည်။

​နောက်ခဏ၌ မည်သည့် ကြိုတင်သတိပေးမှုမှ မရှိဘဲ အပြာရောင် မြက်ခင်းပင်လယ်ကြီးအထက်တွင် လွင့်မျောနေကြသော စက်လုံးသုံးဆယ့်တစ်လုံးမှာ အတွင်းရှိ ခရီးသည်များနှင့် ကျန်းယဲ့ အပါအဝင်၊ နူးညံ့သော အဖြူရောင်အလင်းတန်းများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် စက်လုံးများအားလုံး ပျောက်ကွယ်သွားခဲ့၏။

​...

​မှိန်ပျပျ အလင်းရောင်ရှိသော အချိန်ဥမင်လိုဏ်ခေါင်းထဲတွင် ငွေရောင်နှင့် အဖြူရောင်ရောစပ်နေသည့် ဘတ်စ်ကားတစ်စီးက ညင်သာစွာ မောင်းနှင်နေလေသည်။

နောက်ခဏ၌ ကားခန်းအတွင်း၌ အဖြူရောင်အလင်းတန်း ၃၁ ခု တစ်ခုပြီးတစ်ခု လင်းလက်လာပြီး ထွက်ခွာသွားခဲ့သော ခရီးသည် ၃၀လုံး သူတို့၏ ထိုင်ခုံများဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။

​"ဟင်... ငါတို့ ပြန်ရောက်လာပြီလား..."

​"ငါက အဲ့ဒီအပြာရောင် မြက်ခင်းပြင်ကြီးကို ကြည့်လို့တောင် မဝသေးဘူးဟ..."

​"စောစောက ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးက အရမ်းလှတာပဲနော်..."

​"အိမ်မက်တစ်ခုမက်နေသလိုပဲ..."

​လူတိုင်းက သူတို့နှင့် ရင်းနှီးပြီးသား ကားခန်းအတွင်းသို့ ပြန်ရောက်လာကြပြီး သူတို့၏ မျက်နှာများတွင် မက်မောမှု ခံစားချက်များက ပြည့်နှက်နေဆဲပင်။

ကျန်းယဲ့က ကားရှေ့တွင် ရပ်ကာ တက်ကြွနေဆဲဖြစ်သော ခရီးသည်များကို ကြည့်လိုက်ပြီး သူ၏ မျက်နှာထက်တွင် ရင်းနှီးနေကျ နူးညံ့သည့် အပြုံးတစ်ခု ပေါ်လာခဲ့ရသည်။

​"အချိန်စေ့သွားပါပြီ အားလုံးပဲ... ကောင်းသောညပါ..."

​သူစကားပြောအပြီးတွင် နူးညံ့ပြီး ဖြူစင်သော အလင်းတန်းသုံးဆယ်က ကားခန်းအတွင်း၌ ထပ်မံလင်းလက်လာပြီး ခရီးသည်တစ်ဦးချင်းစီကို တိကျစွာ ရစ်ပတ်ဖုံးလွှမ်းသွား​ခဲ့သည်။

​"ကောင်းသောညပါ... ဒါရိုက်တာကျန်း..."

​"တာ့တာပါ ဒါရိုက်တာကျန်း..."

​တစ်ပြိုင်နက် ထွက်ပေါ်လာသည့် နှုတ်ဆက်သံများကြားတွင် အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ကားခန်းအတွင်းရှိ ခရီးသည်သုံးဆယ်ကိုပါ ခေါ်ဆောင်သွားလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆူညံနေခဲ့သည့် ကားခန်းမှာ အလွတ်ဖြစ်သွားကာ ပြန်လည် တိတ်ဆိတ်သွားပြန်၏။

​ကျန်းယဲ့က သူ၏ အကြောများကို ဆန့်ထုတ်လိုက်ကာ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

​"ငါလည်း ပြန်သင့်ပြီပဲ..."

​သူ၏ ဆန္ဒအရ စူးရှတောက်ပပြီး နွေးထွေးသော ရွှေရောင်အလင်းတန်းက သူ၏ခြေအောက်မှနေ၍ ရေလှိုင်းများကဲ့သို့ အထက်သို့ လျင်မြန်စွာ ပြန့်နှံ့လာကာ ခန္ဓာကိုယ်တစ်ခုလုံးကို ညင်သာစွာ ဖုံးလွှမ်းသွားလေသည်။

နောက်တစ်စက္ကန့်တွင် ရွှေရောင်အလင်းတန်းမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ကျန်းယဲ့သည်လည်း လွတ်နေသော ကားခန်းအတွင်းမှ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

​...

​ရင်းနှီးနေသော ရွှေရောင်အလင်းတန်းက ဒီရေကဲ့သို့ ဆုတ်ခွာသွားပြီး သူ၏ မျက်စိရှေ့မှ မြင်ကွင်းက သူ၏ ဧည့်ခန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

​ပြတင်းပေါက်အပြင်ဘက်တွင် ငြိမ်းချမ်းပြီး အေးချမ်းလှသော ရင်းနှီးနေသည့် ဟန်ကျိုးမြို့၏ လမ်းမမြင်ကွင်းများ ရှိနေ၏။

​ကျန်းယဲ့က နောက်သို့ မှီချလိုက်ပြီး နူးညံ့သက်သာသော ဆိုဖာပေါ်သို့ လေးလံစွာ ထိုင်လိုက်ကာ ကျေနပ်မှုနှင့် ပင်ပန်းမှုတို့ ရောယှက်နေသည့် သက်ပြင်းတစ်ချက်ကို ချလိုက်သည်။

​"ဟူး... နောက်ဆုံးတော့ ပြန်ရောက်ပြီပေါ့..."

အခန်း ၃၁၃ပြီး၏။

All Chapters