← Chapters

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း (၃၁၆) ခရစ်စတယ်စွမ်းအင်တုံးနှင့် သိုင်းပညာအောင်မြင်မှု

​သူက ခန္ဓာကိုယ်၏ အလေးချိန်ကို ညီညာစွာ ခွဲဝေနိုင်ရန် သူ၏အတွင်းအားများကို လျင်မြန်စွာ ချိန်ညှိလိုက်ပြီး မြင်ရခက်သော ကြွတင်အားတစ်ခုကို ဖန်တီးရန် ခြေဖဝါးမှနေ၍ အတွင်းအား အနည်းငယ်ကို ထုတ်လွှတ်လိုက်လေသည်။

​တစ်လှမ်း... နှစ်လှမ်း... သုံးလှမ်း...

​သူက တကယ်ပဲ မြစ်ပြင်ပေါ်မှာ လမ်းလျှောက်နေခဲ့ပြီ။

​ထို့အပြင် ယင်းက ပိုမို၍ချောမွေ့လာပြီး အမြန်နှုန်းမှာလည်း တဖြည်းဖြည်း တိုးလာခဲ့သည်။ သူက မမြင်ရသော ခိုင်မာသည့် ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေသည့်အလား ဖြစ်နေပြီး ဖိနပ်အောက်ခြေတွင် အလွန်သေးငယ်သော ရေလှိုင်းဂယက်လေးများသာ ပြန့်ထွက်နေလေသည်။

​ညလေပြေက သူ၏ အဝတ်စများကို တဖျပ်ဖျပ် လွင့်နေစေပြီး သူက မြစ်နှင့် ကောင်းကင် တစ်သားတည်းကျနေသော ညမြင်ကွင်းထဲတွင် လုံးလုံးလျားလျား ပေါင်းစပ်သွားသကဲ့သို့ ပေါ့ပါးကာ လူ့လောကမှ မဟုတ်သည့်အလား ထင်မှတ်ရ၏။

​ထိုအချိန်တွင် မြစ်၏ တစ်ဖက်ကမ်းရှိ ချိန်းတွေ့နေကြသော စုံတွဲတစ်တွဲက ဤယုံကြည်နိုင်ဖွယ်ရာ မရှိသော မြင်ကွင်းကို မြင်တွေ့သွားကြသည်။

​ကောင်မလေးက သူ၏ ချစ်သူကောင်လေး၏ အနမ်းကို စောင့်မျှော်ရင်း မျက်လုံးများကို အနည်းငယ် မှိတ်ထားသော်လည်း မျက်လုံးထောင့်မှနေ၍ မြစ်ထဲတွင် ရွေ့လျားနေသော အရာတစ်ခုကို သတိထားမိသွားခဲ့သည်။

​သူမက အလိုအလျောက်ပင် ချစ်သူကောင်လေးကို တွန်းဖယ်လိုက်ပြီး မြစ်ပြင်ဆီသို့ အံ့သြတကြီး လက်ညှိုးထိုးပြလိုက်၏။ "ဟေ့... ဟိုမှာ ကြည့်လိုက်ဦး... မြစ်ထဲမှာ လူတစ်ယောက် ရှိနေတာလား..."

​ကောင်လေးမှာ သူ့အလုပ်ကို အနှောင့်အယှက်ပေးခံရသဖြင့် အနည်းငယ် စိတ်တိုသွားသော်လည်း သူမ လက်ညှိုးထိုးပြရာဆီသို့ လှမ်းကြည့်လိုက်၏။

​ကျယ်ဝန်းသော မြစ်ပြင်ကြီးက ခြားထားသဖြင့် အစပိုင်းတွင် သိပ်မသေချာလှချေ။ ရွေ့လျားနေသော လူပုံစံ အရိပ်မည်းမည်းတစ်ခုကိုသာ ဝေဝါးဝါး မြင်နေခဲ့ရသည်။

​"လူတစ်ယောက် ကယက်လှေ ဒါမှမဟုတ် လှော်တက်အပြားကို စီးနေတာနဲ့ တူတယ်... ဒီလောက် ညနက်နေတာတောင် သူတို့က တကယ်ကို ကြိုးစားနေကြတာပဲ..."

​ကောင်လေးက သာမန်ကာလျှံကာ မှန်းဆလိုက်၏။

​သို့သော်လည်း ထိုပုံရိပ်က ပိုမိုနီးကပ်လာပြီး ပုံမှန်မဟုတ်သော အမြန်နှုန်းဖြင့် တည်ငြိမ်စွာ ရွေ့လျားလာသောအခါ သူတို့နှစ်ဦးစလုံး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။

​ဒီမှာ ကယက်လှေ ဒါမှမဟုတ် လှော်တက်အပြားရဲ့ ပုံစံ ဘယ်မှာရှိလို့လဲ...

​ပုံရိပ်က ပိုမိုနီးကပ်လာသောအခါ တစ်ဖက်ကမ်းရှိ လမ်းမီးရောင်နှင့် လရောင် ပေါင်းစပ်နေမှုအောက်တွင် နောက်ဆုံး၌ သေချာစွာ မြင်လိုက်ရလေသည်။

​မည်သည့် ကိရိယာမှ လုံးဝ မပါဝင်ချေ။ ၎င်းက မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ခြေနှစ်ဖက်ဖြင့် ရေပြင်ပေါ်တွင် လမ်းလျှောက်နေသော အသက်ရှင်လျက်ရှိသည့် လူတစ်ယောက်ပင်။

​"ယီး... ဘာကြီးလဲဟ..."

​ကောင်လေး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး သူ အမြင်မှားနေတာလားဟု တွေးကာ ဆဲဆိုလိုက်မိသည်။

​"ဘုရားရေ... သူ ရေပေါ်မှာ မတ်တတ်ရပ်နေတယ်... သူ ရေပေါ်မှာ လမ်းလျှောက်နေတယ်..."

​ကောင်မလေးမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ပါးစပ်ကို အုပ်ထားကာ သူမ၏ အသံမှာပင် ပြောင်းလဲသွားရသည်။

​သူတို့ကြားရှိ ရိုမန်းတစ်ဆန်သော အငွေ့အသက်လေးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားရတော့သည်။

"NT- ဝဋ်လည်တတ်တယ်နော် ကျန်းကြီး...)

​ခေတ္တမျှ မှင်တက်သွားပြီးနောက် ကောင်လေးက ချက်ချင်းပင် ဖုန်းကို ထုတ်လိုက်၏။

​"မြန်မြန်... ဓာတ်ပုံရိုက်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

​"ဗီဒီယိုရိုက်... အခုချက်ချင်း ဗီဒီယိုရိုက်လိုက်..."

​ဖုန်းကင်မရာက ရူပဗေဒ နိယာမများကို ဆန့်ကျင်လျက် မြစ်ပြင်ပေါ်ရှိ ပုံရိပ်ဆီသို့ လျင်မြန်စွာ အာရုံစိုက်သွားပြီး အနီးကပ် ဆွဲယူလိုက်ကာ ရေပြင်ပေါ်တွင် လမ်းလျှောက်နေစဉ် လွင့်ခါနေသော အဝတ်အစားများဖြင့် အံ့မခန်းမြင်ကွင်းကို ရှင်းလင်းစွာ ရိုက်ကူးလိုက်သည်။

​ကျန်းယဲ့မှာ မြစ်ပြင်ပေါ်တွင် ကိုယ်ဖော့သိုင်းပညာ သဘောတရားများကို လေ့လာခံစားနေခြင်းအပေါ် အာရုံစိုက်ထားသော်လည်း တစ်ဖက်ကမ်းရှိ မှိန်ပျပျ အလင်းရောင်နှစ်ခုနှင့် ဝေဝါးဝါး ပုံရိပ်များကို သဘာဝကျကျပင် သတိထားမိခဲ့သည်။ သို့သော်လည်း သူက ဂရုမစိုက်သလို သူ၏ အမြန်နှုန်းကိုလည်း မလျှော့ချခဲ့ချေ။

​အင်မော်တယ်ရာချီမြို့မှ ရရှိခဲ့သော လျှို့ဝှက်သိုင်းစာအုပ်များကို လက်တွေ့ကမ္ဘာတွင် အောင်မြင်စွာ ကျင့်ကြံနိုင်ပြီး သဘာဝလွန် စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်သောကြောင့်...

​အပြောင်းအလဲအချို့က တိတ်တဆိတ် ဖြစ်ပေါ်နေပြီ.. သို့မဟုတ် ကမ္ဘာကြီးက ဤထူးခြားသော သတ္တဝါများကို လက်ခံရန် အဆင်သင့် ဖြစ်နေပြီဟု ဆိုလိုခြင်းပင်။

​ယခု သူတို့ မြင်တွေ့နေရသည်မှာ အစပိုင်းမျှသာ ဖြစ်နိုင်ပြီး ပိုမိုကြီးမားကာ ကမ္ဘာမြေကို တုန်လှုပ်စေမည့် အပြောင်းအလဲများက ဆက်လက် ဖြစ်ပေါ်လာဦးမည် ဖြစ်၏။

​သူ၏ စိတ်က ရေကဲ့သို့ တည်ငြိမ်နေလေသည်။ သူ၏ ပုံရိပ်က မြစ်ပြင်ပေါ်တွင် အနည်းငယ်မျှသော ခြေရာကိုသာ ချန်ထားခဲ့ပြီး မြစ်အောက်ပိုင်း ညအမှောင်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေရာ တစ်ဖက်ကမ်းတွင် ဘဝ၏ အဓိပ္ပာယ်ကို မေးခွန်းထုတ်လျက် ဖုန်းကိုင်ထားသော စုံတွဲကိုသာ ချန်ရစ်ခဲ့တော့သည်။

........

​အလွန်လျှို့ဝှက်ထားသော သိပ္ပံဓာတ်ခွဲခန်းတစ်ခုအတွင်းတွင် လေထုက လေးလံကာ အာရုံစိုက်မှုများ ပြည့်နှက်နေခဲ့သည်။

​နိုင်ငံ၏ ထိပ်တန်းအာဏာပိုင် သိပ္ပံပညာရှင်အများအပြားက ရှုပ်ထွေးပြီး ခေတ်မီဆန်းပြားသော စက်ကိရိယာတစ်ခု၏ ဘေးတွင် စုဝေးနေကြလေသည်။ စက်ကိရိယာ၏ အလယ်ဗဟိုရှိ အထူး စွမ်းအားစက်ကွင်း ထိန်းချုပ်ရေးကိရိယာအတွင်းတွင်တော့ ဖုတ်ကောင်ကမ္ဘာမှ ရရှိခဲ့သော ထူးဆန်းသည့် ခရစ်စတယ်စွမ်းအင်တုံးကို တိတ်တဆိတ် ရှိနေလေသည်။

​"စွမ်းအင်ထုတ်လွှတ်မှုက တည်ငြိမ်နေတယ်... ကြိမ်နှုန်းက တစ်ပြေးညီဖြစ်နေတယ်... အခုပဲ..."

​သုတေသီချုပ်တစ်ဦးက လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်၏။

​လက်ထောက်ဖြစ်သူက ထိန်းချုပ်ခလုတ်ခုံပေါ်တွင် နောက်ဆုံး အမိန့်ပေးချက်ကို ဂရုတစိုက် ရိုက်ထည့်လိုက်လေသည်။

​တစ်ခဏအတွင်းမှာပင် စက်ကိရိယာကြီးက တောက်ပစွာ လင်းလက်သွားပြီး ခရစ်စတယ်စွမ်းအင်တုံးကို အသက်သွင်းလိုက်ပုံရသည်။ ၎င်းအတွင်းတွင် ပါဝင်သော ထူးဆန်းသော စွမ်းအင်များကို တဖြည်းဖြည်း လမ်းကြောင်းပြ ဆွဲထုတ်လိုက်ပြီး သတ်မှတ်ထားသော ပြောင်းလဲရေးကိရိယာတစ်ခုမှတစ်ဆင့် တည်ငြိမ်ကာ ယခင်က မကြုံဖူးလောက်အောင် သန့်စင်သော စွမ်းအင်စီးကြောင်းအဖြစ်သို့ ထုတ်လွှတ်လိုက်လေသည်။

​စောင့်ကြည့်ရေး မျက်နှာပြင်ပေါ်ရှိ အချက်အလက်များမှာ ရူးသွပ်စွာ အတက်အကျ ဖြစ်နေပြီး နောက်ဆုံးတွင် လူတိုင်းကို အသက်ရှူမှားသွားစေသည့် ရလဒ်တစ်ခုတွင် ရပ်တန့်သွား၏။

​"ငါတို့ လုပ်နိုင်ခဲ့ပြီ... ငါတို့ လုပ်နိုင်ခဲ့ပြီကွ..." လူငယ် သုတေသီတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် တီးတိုး အော်ဟစ်လိုက်မိသည်။

​"စွမ်းအင် ပြောင်းလဲမှု စွမ်းဆောင်ရည်က ၁၇ ရာခိုင်နှုန်းအထိ ရောက်တယ်ဟေ့။ ပြီးတော့ ဂုဏ်သတ္တိတွေကလည်း အရမ်း တည်ငြိမ်တယ်..."

​နောက်ထပ် ပါမောက္ခအိုကြီးတစ်ဦးက သူ၏ မျက်မှန်ကို ပင့်တင်ရင်း တုန်ရီသော အသံဖြင့် ပြောလိုက်၏။

​ဓာတ်ခွဲခန်းတစ်ခုလုံးရှိ သုတေသီများမှာ ထိန်းချုပ်ရခက်သော စိတ်လှုပ်ရှားမှုနှင့် ရွှင်မြူးမှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့၏ ကြိုးပမ်းအားထုတ်မှုများက နောက်ဆုံးတွင် ကြီးမားသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီ ဖြစ်၏။

​ထိုအချိန်တွင် ဓာတ်ခွဲခန်း၏ လုံခြုံရေး ဆက်သွယ်ရေးလိုင်း လင်းလာလေသည်။ ယင်းက အထူးဗျူရိုမှ ဒုတိယ ညွှန်ကြားရေးမှူးကျိုး၏ သီးသန့်လိုင်းပင်။

​စီမံကိန်းကို တာဝန်ယူထားသော သိပ္ပံပညာရှင်ချုပ်က ဖုန်းကို ချက်ချင်းကိုင်လိုက်ပြီး ဤကြီးမားသော အောင်မြင်မှုကို စိတ်လှုပ်ရှားစွာဖြင့် အစီရင်ခံလိုက်၏။

​အစီရင်ခံစာကို နားထောင်ပြီးနောက် ဖုန်း၏ တစ်ဖက်စွန်းမှ ဒုတိယညွှန်ကြားရေးမှူးကျိုးမှာ ဝမ်းသာရွှင်မြူးမှုများ ပြည့်နှက်သွားရသည်။

​"အရမ်းကောင်းတယ်... အရမ်းကောင်းတယ်... အားလုံး ကြိုးစားလိုက်ကြတာကို ကျေးဇူးတင်ပါတယ်။ ဒါက ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ... ဒီစွမ်းအင်ရဲ့ အသုံးချနိုင်စွမ်းတွေကို နားလည်ဖို့အတွက် ငါတို့ ဆက်ပြီး နက်နက်ရှိုင်းရှိုင်း သုတေသန လုပ်ရမယ်..."

​သိပ္ပံပညာရှင်ချုပ်က နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များကို သတိထား၍ အကြံပြုလိုက်၏။

​"ညွှန်ကြားရေးမှူးကျိုး... လက်ရှိ တိုးတက်မှုတွေအရ ကျွန်တော်တို့က စေတနာ့ဝန်ထမ်း အနည်းငယ်ကို ခေါ်ယူပြီး လူသားတွေနဲ့ လိုက်လျောညီထွေဖြစ်မှု စမ်းသပ်ခြင်း ပထမအဆင့်ကို စတင်ပြင်ဆင်ဖို့ အကြံပြုချင်ပါတယ်..."

​ထိုစကားကို ကြားသောအခါ ဒုတိယညွှန်ကြားရေးမှူးကျိုးက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။

​"အဖိုးကြီးချန်... မလောပါနဲ့ဦး။ ဒီစွမ်းအင်အပေါ် ငါတို့ရဲ့ နားလည်မှုက အရမ်းအခြေခံကျတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်။ သူ့ရဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေနဲ့ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို ငါတို့ မသိသေးဘူး။ ဘေးကင်းစေဖို့အတွက် ငါတို့ ထပ်ပြီး သုတေသနတွေ လုပ်ကြတာပေါ့... လူသားတွေနဲ့ စမ်းသပ်ဖို့ မစဉ်းစားခင် အရာအားလုံးက အမှားအယွင်းကင်းတယ်ဆိုတာကို သေချာအောင် လုပ်ကြရအောင်။ ဘေးကင်းရေးက ပထမပဲ..."

​"ဟုတ်ကဲ့ပါ ညွှန်ကြားရေးမှူးကျိုး... ကျွန်တော်တို့ နားလည်ပါပြီ..."

​ဓာတ်ခွဲခန်းနှင့် ဖုန်းပြောပြီးပြီးချင်းပင် ဒုတိယညွှန်ကြားရေးမှူးကျိုး၏ ရုံးခန်းရှိ ကြိုးဖုန်းက ထပ်မံ မြည်လာပြန်သည်။

​သူ ဖုန်းကိုင်လိုက်ရာ သိုင်းပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနကို တာဝန်ယူထားသော အကြီးအကဲဖြစ်နေခဲ့သည်။ တစ်ဖက်လူ၏ အသံမှာလည်း ထိန်းချုပ်ရခက်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

​"ညွှန်ကြားရေးမှူးကျိုး... သတင်းကောင်းပဲ။ ရဲဘော် ကျန်းယဲ့ ပေးထားတဲ့ နက်နဲသော ယင်စွမ်းအင် စစ်မှန်သောကျမ်းစာကို အခြေခံပြီး အကြိမ်ကြိမ် သုတေသနနဲ့ စမ်းသပ်မှုတွေ လုပ်ပြီးတဲ့နောက်မှာ... ကျွန်တော်တို့ရဲ့ အကောင်းဆုံး အရည်အချင်းရှိတဲ့ အဖွဲ့ဝင်သုံးယောက်က သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအင်လေး နည်းနည်းကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီ။ အဲဒါက အရမ်း အားနည်းနေသေးပေမယ့် ခံစားချက်ကတော့ အရမ်းကို ရှင်းလင်းနေတယ်..."

​ဒုတိယညွှန်ကြားရေးမှူးကျိုးမှာ ပို၍ပင် တက်ကြွသွားရသည်။ "အရမ်းကောင်းတာပေါ့... ရလဒ်က ဘယ်လိုနေလဲ..."

​"လောလောဆယ်တော့ ချီစွမ်းအင်ခံစားမှုကို အခုမှ စတင် ဖန်တီးနိုင်တာပါ။ လျှို့ဝှက်ကျမ်းစာအုပ်အရဆိုရင်... ဆက်တိုက်ကျင့်ကြံပြီး သွေးကြောတွေကို ပိုပြီး ဖွင့်ပေးဖို့ လိုအပ်သေးတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ချီစွမ်းအင် လည်ပတ်နိုင်မှသာ အမျိုးမျိုးသော အံ့ဖွယ်အကျိုးသက်ရောက်မှုတွေက တဖြည်းဖြည်း ပေါ်လာမှာ။ ဒါပေမယ့် ဒါက လျှို့ဝှက်ကျမ်းစာအုပ်ရဲ့ စစ်မှန်မှုနဲ့ ဖြစ်နိုင်ချေကို သက်သေပြနေပြီလေ..."

​ဒုတိယညွှန်ကြားရေးမှူးကျိုး၏ အပြုံးက ပိုမို ကျယ်ပြန့်သွားလေသည်။ "ငါ နားလည်ပါပြီ။ အရာရာတိုင်းကို တစ်ဆင့်ချင်းစီ သွားရမှာပေါ့။ ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ဒီလို ရလဒ်မျိုး ရခဲ့တာက မျှော်လင့်ထားတာထက် အများကြီး သာလွန်နေပါပြီ။ ရဲဘော်တွေကို ဆက်ကြိုးစားဖို့ ပြောလိုက်ပါ။ ဒါပေမယ့် ဘေးကင်းရေးကို သေချာ ဂရုစိုက်ဖို့နဲ့ နေမကောင်းဖြစ်သလို ခံစားရရင် ချက်ချင်း ရပ်တန့်ဖို့ သတိပေးလိုက်ပါဦး..."

​သတင်းကောင်းနှစ်ခုကို ဆက်တိုက် လက်ခံရရှိပြီးနောက် ဒုတိယညွှန်ကြားရေးမှူးကျိုးမှာ စိတ်ဓာတ်များ တက်ကြွနေလေသည်။ သူက မသိစိတ်မှနေ၍ သံစဉ်မကျသော သီချင်းတစ်ပုဒ်ကို တီးတိုးညည်းတွားရင်း လက်ဖက်ရည်တစ်ခွက် ငှဲ့ရန် မတ်တတ်ထရပ်လိုက်၏။

​ရုံးခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် အပြင်ဘက်မှ ပြန်လာသော အထူးဗျူရို၏ အကြီးအကဲ ညွှန်ကြားရေးမှူးချုပ်ကျန်းနှင့် တိုက်ဆိုင်စွာ ဆုံမိလေသည်။

​သူ၏ ဝမ်းသာရွှင်မြူးနေသော မျက်နှာကို မြင်သောအခါ ညွှန်ကြားရေးမှူးချုပ်ကျန်းက မနေနိုင်ဘဲ ပြုံးကာ မေးလိုက်၏။ "ဟေး... အဖိုးကြီးကျိုး... ဘာသတင်းကောင်းတွေ ရထားလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲဟ..."

​ဒုတိယ ညွှန်ကြားရေးမှူးကျိုးက သူ၏ ဂုဏ်ယူမှုကို ဖုံးကွယ်မထားနိုင်ဘဲ အားပါးတရ ရယ်မောလိုက်ကာ စွမ်းအင်သစ် ဖော်ထုတ်နိုင်မှုနှင့် သိုင်းပညာကျင့်ကြံခြင်းမှ ချီစွမ်းအင်ရရှိမှု သတင်းကောင်း နှစ်ခုကို အကျဉ်းချုံး ပြောပြလိုက်လေသည်။

​ယင်းကို ကြားပြီးနောက် ညွှန်ကြားရေးမှူးချုပ်ကျန်းက လက်ခုပ်တီးကာ ရယ်မောလိုက်၏။ "ဟားးဟားး.... ဒါက တကယ်ကို သတင်းကောင်းပဲ။ ဒါတွေက ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေပဲ။ ဒါနဲ့... ငါတို့ ဒီအကြောင်းကို ကျန်းယဲ့ဆီ အမြန်ဆုံး အကြောင်းကြားသင့်တယ်။ သူလည်း သေချာပေါက် အရမ်း ဝမ်းသာသွားမှာ..."

အခန်း ၃၁၆ပြီး၏။

All Chapters