အခန်း ၃၁၇
Vol. 32 Ch. 317
အခန်း (၃၁၇) လေစီ၏ သက်ရှိကြော်ငြာ
ဒုတိယ ညွှန်ကြားရေးမှူးကျိုးက ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်... အခုပဲ အကြောင်းကြားလိုက်မယ်..."
သူ စကားမဆုံးခင်မှာပင် ညွှန်ကြားရေးမှူးချုပ်ကျန်းက ပြုံး၍ လက်ကာပြကာ သူ၏ စကားကို ဖြတ်ပြောလိုက်သည်။
"သူ့ကို ခရစ်စတယ်စွမ်းအင်တုံးရဲ့ တိုးတက်မှု အကြောင်းပဲ ပြောလိုက်ပါ။ သိုင်းပညာနဲ့ ပတ်သက်လို့ကတော့..."
ညွှန်ကြားရေးမှူးချုပ်ကျန်းက ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး...
"သူ့ရှေ့သွားပြီး အရှက်မကွဲစေနဲ့..."
"ဟင်..." ဒုတိယ ညွှန်ကြားရေးမှူးကျိုးမှာ အံ့သြသွားပြီး သူ၏ အထက်လူကြီး ဆိုလိုသည့် အဓိပ္ပာယ်ကို နားမလည်နိုင်ဖြစ်သွားရသည်။
"အရှက်ကွဲတာ... ဘာအရှက်ကွဲရမှာလဲ... ငါတို့ရဲ့ တိုးတက်မှုက သိပ်မနှေးပါဘူးနော်..."
ညွှန်ကြားရေးမှူးချုပ်ကျန်းက ဘာမှဆက်မပြောဘဲ သူ၏ အိတ်ကပ်ထဲမှ ဖုန်းကို ဖြည်းညင်းစွာ ထုတ်ယူလိုက်ကာ ဗီဒီယိုတစ်ခုကို ဖွင့်ပြီး ဒုတိယ ညွှန်ကြားရေးမှူးကျိုးထံသို့ ကမ်းပေးလိုက်၏။
ဗီဒီယိုကို ညအချိန်တွင် ရိုက်ကူးထားပုံရသဖြင့် ရုပ်ထွက်မှာ သိပ်မရှင်းလင်းဘဲ အနည်းငယ် တုန်ခါနေသော်လည်း ၎င်းက ကျယ်ဝန်းသော ရေပြင်တစ်ခုဖြစ်ကြောင်း သိသာနိုင်လေသည်။
ရေပြင်ပေါ်တွင် ဝေဝါးဝါးပုံရိပ်တစ်ခုက ရူပဗေဒ နိယာမများကို ဆန့်ကျင်လျက် လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။ သူ၏ ခြေထောက်များက မြေပြင်ပေါ်တွင် လမ်းလျှောက်နေသည့်အလား ရေပြင်ပေါ်တွင် ပေါ့ပါးစွာ ထိတွေ့နေပြီး သူ၏ အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ ဖော်ပြ၍မရနိုင်သော ကျက်သရေရှိမှုနှင့် နူးညံ့မှုတို့ကို ထုတ်ဖော်ပြသနေလေသည်။ ၎င်းက ဒဏ္ဍာရီလာကိုယ်ဖော့ပညာရပ်မှလွဲ၍ အခြားမဖြစ်နိုင်ချေ။
ဒုတိယ ညွှန်ကြားရေးမှူးကျိုးက ဗီဒီယိုကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် အံ့သြမှုနှင့် အတည်ပြုလိုမှုများ ပြည့်နှက်နေလေသည်။
"ဒါက ကျန်းယဲ့လား..."
ညွှန်ကြားရေးမှူးချုပ်ကျန်းက ဖုန်းကို ပြန်သိမ်းလိုက်ပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
ဒုတိယ ညွှန်ကြားရေးမှူးကျိုး၏ အံ့သြမှုက ခေတ္တမျှသာ ကြာရှည်လိုက်ပြီး ချက်ချင်းပင် အရာအားလုံးကို နားလည်သွားသည့်အလား သက်ပြင်းချကာ မချိပြုံး ပြုံးလိုက်လေသည်။
သူက ရယ်မောလိုက်၏။ "သြော်... သူဖြစ်နေတာကိုး။ ဒါဆိုလည်း မဆန်းပါဘူးလေ... ငါတို့ဆီမှာ ချီစွမ်းအင်ခံစားမှုကို အခုမှ စပြီး လေ့လာနိုင်ရုံလေးပဲ ရှိသေးတာ။ သူကတော့ ရေလှိုင်းတွေပေါ်မှာ လမ်းတောင် လျှောက်နေပြီကိုး... အင်း... ငါတို့ရဲ့ သိုင်းပညာတိုးတက်မှုကို သူ့ကို သွားကြွားပြစရာတော့ မလိုတော့ပါဘူးလေ။ ဒါက ငါးကို ရေကူးသင်ပေးသလို ဖြစ်နေမှာပေါ့..."
သူတို့နှစ်ဦးက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အလိုအလျောက် ပြိုင်တူ ရယ်မောလိုက်ကြတော့သည်။
နောက်တစ်နေ့နံနက်... နေရောင်ခြည်က ဧည့်ခန်းထဲသို့ ဖြာကျလာသည်နှင့်တပြိုင်နက် ကော်ဖီစားပွဲပေါ်ရှိ ကျန်းယဲ့၏ ဖုန်းက မြည်လာလေသည်။
သူက ဖုန်းကို ကောက်ကိုင်လိုက်ရာ ချန်ချင်းထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"ဟေး... အစ်ကိုချန်.. ကောင်းသောနံနက်ခင်းပါ..."
"ကောင်းသောနံနက်ခင်းပါ... ကျန်းယဲ့..."
ဖုန်း၏ တစ်ဖက်စွန်းမှ ချန်ချင်း၏ အသံတွင် သက်တောင့်သက်သာရှိမှုနှင့် ရွှင်မြူးမှု အရိပ်အယောင်များ ပါဝင်နေချေသည်။
"ငါ မင်းကို သတင်းကောင်း နှစ်ခု ပြောစရာရှိတယ်။ မင်း ပြန်ယူလာတဲ့ ခရစ်စတယ်စွမ်းအင်တုံးကို ဓာတ်ခွဲခန်းမှာ အောင်မြင်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပြီ။ သူတို့က အတွင်းထဲက စွမ်းအင်တွေကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပြီး အဲဒါက အရမ်းကို တည်ငြိမ်တယ်။ ဒါက စွမ်းအင်သစ် သုတေသနအတွက် တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်တာပဲ..."
"သြော်... ကောင်းတာပေါ့..."
ကျန်းယဲ့က ပြုံးလိုက်၏။ ၎င်းက တကယ်ကို သတင်းကောင်းပင်။
"ပြီးတော့ နောက်တစ်ချက်က..."
ချန်ချင်းက အကြောင်းအရာကို ပြောင်းလိုက်ပြီး သူ၏ အပြုံးတွင် အနည်းငယ် နောက်ပြောင်ချင်သည့်ဟန်ပါနေ၏။
"မင်း ငါ့ကိုပေးခဲ့တဲ့ နက်နဲသော ယင်စွမ်းအင် စစ်မှန်သောကျမ်းစာ စာအုပ်အပေါ်မှာ သိုင်းပညာ သုတေသနအဖွဲ့က တိုးတက်မှုတွေ ရရှိခဲ့တယ်။ အဖွဲ့ဝင်တချို့က ချီစွမ်းအင်ကိုတောင် အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ကြပြီ။ ဒါပေမယ့်လေ..."
သူက တမင်သက်သက် စကားကို ဆွဲဆန့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"မနေ့ညက မြစ်ပြင်ပေါ်မှာ မင်းလုပ်ခဲ့တဲ့ အုတ်အော်သောင်းနင်းဖြစ်မှုနဲ့ ယှဉ်လိုက်ရင်တော့ ငါတို့ရဲ့ တိုးတက်မှုက ဘာမှမဟုတ်တော့ပါဘူးကွာ... မင်း ရေလှိုင်းတွေပေါ်မှာ လမ်းလျှောက်နေတဲ့ ဗီဒီယိုက အွန်လိုင်းမှာ အရမ်း နာမည်ကြီးနေပြီ။ ရုပ်ထွက်က နည်းနည်း ဝေဝါးနေပေမယ့် လူတွေက မင်းကို မှတ်မိနေကြပြီ..."
ကျန်းယဲ့က ဒီကိစ္စကို သဘာဝကျကျပင် သိထားပြီးသား ဖြစ်၏။
ဗီဒီယိုက အွန်လိုင်းပေါ် ရောက်ရောက်ချင်းမှာပင် သတင်းအမြန်ဆုံးရတတ်သော ကျန်းထောင်က ချက်ချင်း မျက်နှာပြင်ပုံရိပ် ဖမ်းယူကာ သူ့ထံသို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။
အင်မော်တယ်ရာချီမြို့သို့ ခရီးသည် အများအပြား သွားရောက်ခဲ့ကြပြီး သူက လျှို့ဝှက်သိုင်းစာအုပ် ပြန်လည် ယူဆောင်လာခဲ့သည်ဟူသော အချက်မှာ အချို့သော အသိုင်းအဝိုင်းများအတွင်းတွင် လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။
ယခု သူက ဤထူးကဲသောစွမ်းရည်ကို ရုတ်တရက် ထုတ်ဖော်ပြသလိုက်သောအခါ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားရန်မှာ အချိန်ပြဿနာတစ်ခုမျှသာ ဖြစ်ပေမည်။
လူတွေ မှတ်မိသွားမှာကို ကြောက်သလားဆိုတော့...
ကျန်းယဲ့က လုံးဝ မကြောက်သည့်အပြင် ထိုသို့ ဖြစ်လာသည်ကိုပင် ဝမ်းသာနေသေး၏။ ဤသို့ဖြင့်သာ သဘာဝလွန်စွမ်းအားများနှင့် အချိန်ခရီးသွားခြင်း၏ စစ်မှန်မှုအပေါ် ဆွေးနွေးငြင်းခုံမှုများက ပိုမို ကျယ်ပြန့်ကာ နက်ရှိုင်းလာမည် ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အချိန်ခရီးသွားခြင်းနှင့် အခြားကမ္ဘာများမှ အကျိုးအမြတ်များကို ယုံကြည်သူ အများစုမှာ လူငယ်များသာ ဖြစ်ကြသေးလေသည်။ သက်ကြီးပိုင်းအများစုမှာ ဤအကြောင်းကို သိရှိပါကလည်း အများစုက သံသယဝင်ကြသေး၏။ အကြောင်းကို သိရှိခြင်း နှင့် လုံးလုံးလျားလျား ယုံကြည်ခြင်းတို့မှာ လုံးဝ ကွဲပြားသော အရာနှစ်ခုပင်။
သူတို့ ပတ်ဝန်းကျင်ရှိ လူအများအပြားက အခြား ဟင်းလင်းပြင်ကမ္ဘာများမှ စွမ်းအားများ၊ ဗဟုသုတများ သို့မဟုတ် ပစ္စည်းများကို အမှန်တကယ် ရရှိလာပြီး ဤအကျိုးအမြတ်များက လက်တွေ့ကမ္ဘာကို အမှန်တကယ် စတင်ပြောင်းလဲလာသည့် အခါမှသာ ကမ္ဘာပေါ်ရှိ လူတိုင်းက ၎င်းကို အပြည့်အဝ ယုံကြည်လာနိုင်မည် ဖြစ်သည်။
ထိုအချိန်ကျမှသာ ဤကမ္ဘာအတွက် ကျော်ကြားမှုမှာ အမြင့်ဆုံးအမှတ်သို့ အမှန်တကယ် ရောက်ရှိနိုင်မည် ဖြစ်သည်။
ကျန်းယဲ့က ပြုံးလိုက်ပြီး ချန်ချင်းကို ပြန်ဖြေလိုက်လေသည်။
"လူတွေ သိသွားဖို့က အချိန်ပြဿနာ တစ်ခုပါပဲဗျာ... ဘာမှမဖြစ်ပါဘူး..."
ဖုန်း၏ တစ်ဖက်စွန်းမှ ချန်ချင်းက ရယ်မောလိုက်လေသည်။
"ငါတို့ နားလည်ပါတယ်ကွာ..."
ထို့ကြောင့် အထက်လူကြီးများက ယင်းကို တားဆီးရန်ပင် မစဉ်းစားခဲ့ကြချေ။ ထို့အပြင် ဤသတင်းအချက်အလက်များကို ဖုံးကွယ်မထားသည့်အပြင် လူအများ ပိုမိုသိရှိလာပြီး ဆွေးနွေးငြင်းခုံမှုများ ပိုမို ပြင်းထန်လာစေရန်ပင် မျှော်လင့်နေမိကြသည်။
ထို့နောက် ချန်ချင်းက အဓိက အကြောင်းအရာဆီသို့ ပြန်သွားကာ ခရစ်စတယ်စွမ်းအင်တုံး အကြောင်းကို ပြောလိုက်သည်။
"ဒါပေမယ့် ခရစ်စတယ်စွမ်းအင်တုံးရဲ့ စွမ်းအင်တွေကို ထုတ်ယူနိုင်ခဲ့ပြီ ဆိုပေမယ့် အဲဒါကို လူတွေဆီမှာတော့ အသုံးမချရဲသေးဘူး။ ဘာပဲဖြစ်ဖြစ်... ငါတို့ကမ္ဘာက လူတွေရဲ့ ခန္ဓာကိုယ်နဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဖုတ်ကောင်ကမ္ဘာက လူသားတွေရဲ့ ခန္ဓာကိုယ်ကတော့ သေချာပေါက် ကွာခြားမှာပဲလေ..."
"ဒီစွမ်းအင်ကို ခံနိုင်ရည်ရှိဖို့ ဒါမှမဟုတ် အသုံးချနိုင်ဖို့အတွက် သူတို့ရဲ့ ခန္ဓာကိုယ်တွေက တစ်နည်းနည်းနဲ့ အပြောင်းအလဲတွေ ဖြစ်သွားခဲ့ပုံရတယ်။ ဒီစွမ်းအင်က တခြားနယ်ပယ်တွေမှာ ဘယ်လို အလုပ်လုပ်လဲဆိုတာကို သိနိုင်ဖို့နဲ့ လုပ်ငန်းစဉ်တွေ မစတင်ခင် လုံးဝ ဘေးကင်းတယ်ဆိုတာ သေချာစေဖို့အတွက် ငါတို့ အခြေခံသုတေသနတွေ အများကြီး လုပ်ဖို့ လိုအပ်သေးတယ်..."
ကျန်းယဲ့က နားလည်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်... သတိထားတာ ကောင်းပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့တွေ ကျင့်ကြံခြင်းကမ္ဘာ ဒါမှမဟုတ် မှော်ပညာကမ္ဘာလိုမျိုး ပိုမြင့်တဲ့ အဆင့်တွေကို ဝင်ရောက်နိုင်ခဲ့ရင်... စွမ်းအင်ကို အသုံးချဖို့ ပိုဘေးကင်းတဲ့ နည်းလမ်းတွေ ဒါမှမဟုတ် ခန္ဓာကိုယ်ကို သန်စွမ်းစေမယ့် ဆေးလုံးတွေ၊ သိုင်းကျင့်စဉ်တွေ ရလာခဲ့ရင် ပြန်လေ့လာလို့ ရတာပေါ့..."
ချန်ချင်းက ပြုံးကာ ပြောလေသည်။
"အထက်က အကြံဉာဏ်ကလည်း အဲဒီအတိုင်းပဲ။ သတိထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်ဖို့ပေါ့။ လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ထားလိုက်ကြတာပေါ့... သတင်းကောင်းတစ်ခုခုရှိရင် ငါ မင်းကို လှမ်းပြောလိုက်မယ်..."
"အိုကေ... ကျေးဇူးပဲ အစ်ကိုချန်..."
ဖုန်းပြောဆိုမှု ပြီးဆုံးသွားလေသည်။
တစ်ချိန်တည်းမှာပင် ပြင်သစ်နိုင်ငံမှ လေစီမှာ သူ၏ ခရီးစဉ်မှ အိမ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် သတင်းရရှိထားသည့် အစိုးရအာဏာပိုင်များက ဖော်ရွေစွာ စကားပြောဆိုရန်အတွက် သူကို ဖိတ်ကြားခဲ့ကြသည်။
ယခင်က အမေရိကန်တွင် ဖြစ်ပွားခဲ့သော ကယ်ဗင်၏ ဖြစ်ရပ်မှ သင်ခန်းစာယူထားသဖြင့် ပြင်သစ်အစိုးရ၏ သဘောထားမှာ အထူး နူးညံ့ကာ လေးစားမှု ရှိပုံရလေသည်။
သူတို့က မည်သည့် အတင်းအကျပ် ခိုင်းစေမှုမျိုးမှ မပြုလုပ်ဘဲ သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တစ်ခုတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ကြားသည့် ပုံစံဖြင့်သာ မေးမြန်းမှုများကို ပြုလုပ်ခဲ့ကြသည်။
လေစီမှာ ပွင့်လင်းသော ကိုယ်ရည်ကိုယ်သွေးရှိပြီး ဤထူးကဲသော အတွေ့အကြုံအတွက် အလွန်ဂုဏ်ယူနေသူဖြစ်ရာ ယင်းကို ဖုံးကွယ်ထားရန် မကြိုးစားခဲ့ချေ။
သူက ဘီလူးကြီးများ၏ ကမ္ဘာရှိ အတွေ့အကြုံများကို အသင့်ပင် မျှဝေခဲ့ပြီး သူ၏ မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသော မြောက်မြားစွာသော တန်ဖိုးရှိသည့် ဗီဒီယိုများနှင့် ဓာတ်ပုံများ၏ မိတ္တူတစ်ခုကိုပင် အစိုးရထံသို့ သူ၏ သဘောဆန္ဒအလျောက် ပေးအပ်ခဲ့လေသည်။
ဖြစ်စဉ်တစ်ခုလုံးက နှစ်ဖက်စလုံးအတွက် အလွန် သာယာဖွယ်ကောင်းခဲ့သည်။ အစိုးရက လေစီ၏ ပူးပေါင်းပါဝင်မှုကို အထူးတန်ဖိုးထားပြီး နိုင်ငံ၏ အချိန်ကာလရေးရာ သုတေသနတွင် ပါဝင်ကူညီမှုအတွက် ကျေးဇူးတင်သည့်အနေဖြင့် သူကို အလွန်ရက်ရောသော ဆုကြေးငွေများ ချက်ချင်း ပေးအပ်ခဲ့လေသည်။
ငွေပေးချေမှုကို လက်ခံရရှိပြီးနောက် လေစီမှာ သတင်းကောင်း မျှဝေရန် ကျန်းယဲ့ထံသို့ စိတ်လှုပ်ရှားစွာ စာတိုပေးပို့ခဲ့ပြီး သူ၏ စကားလုံးများတွင် ကျန်းယဲ့အပေါ် ကျေးဇူးတင်မှုများ အပြည့်အဝ ပါဝင်နေ၏။
လေစီမှာ အောင်မြင်စွာ ပါဝင်နိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ဥရောပတိုက်မှ ပထမဆုံး အချိန်ကာလ ခရီးသွားတစ်ဦး ဖြစ်သောကြောင့် သူ၏ အတွေ့အကြုံများကို အနံ့ခံကောင်းသော ဥရောပ မီဒီယာများက လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့ကြသည်။
အချိန်အတန်ကြာသည်အထိ လေစီမှာ ဥရောပနှင့် အနောက်ကမ္ဘာတွင် လူပြောအများဆုံး သတင်းပုဂ္ဂိုလ် ဖြစ်လာချေသည်။
သူက နိုင်ငံအသီးသီးရှိ အဓိက သတင်းမီဒီယာများနှင့် အင်တာဗျူးအစီအစဉ်များမှ ဖိတ်ကြားမှုများကို လက်ခံရရှိခဲ့ပြီး သူ၏ အချိန်ဇယားများမှာ ပြည့်နှက်ကာ အလွန် အလုပ်များနေခဲ့တော့သည်။
ဤအစီအစဉ်များမှ သူ ရရှိသော အနုပညာကြေးများမှာ အစိုးရထံမှ ရရှိသော ဆုကြေးငွေများထက်ပင် များစွာသာလွန်ကာ သူကို ကြီးမားသော ဓနဥစ္စာများ ရရှိစေခဲ့လေသည်။
အခန်း ၃၁၇ပြီး၏။