အခန်း ၃၁၈
Vol. 32 Ch. 318
အခန်း (၃၁၈) ပုံသေ ခရီးသွားနယ်မြေ
အများပြည်သူ၏ အာရုံစိုက်မှုများအောက်တွင် လေစီက သူ၏ ဘာသာစကားစွမ်းရည်နှင့် သရုပ်ဆောင်မှု ပညာရပ်များကို အပြည့်အဝ ထုတ်ဖော်ပြသခဲ့လေသည်။
အစီအစဉ်အမျိုးမျိုးတွင် မျှော်လင့်ချက်မဲ့နေသော်လည်း ကြီးကျယ်ခမ်းနားလှသော ထိုကမ္ဘာကို ပုံဖော်ရန်အတွက် သူက အနည်းငယ် ကြောက်လန့်နေဆဲဖြစ်သော်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည့် စကားလုံးများကို အသုံးပြုခဲ့၏။
"ခင်ဗျားတို့ စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး... အဲဒီ ဘီလူးကြီးတွေက လှုပ်ရှားနေတဲ့ တောင်တန်းကြီးတွေနဲ့ တူတယ်။ သူတို့ရဲ့ မျက်လုံးတွေက ကားတွေထက်တောင် ပိုကြီးသေးတယ်..."
"မီတာသုံးရာ အမြင့်ရှိတဲ့ မြို့ရိုးကြီး... ကျွန်တော်တို့ ခိုင်ခံ့တယ်လို့ ထင်ထားတဲ့ ခံတပ်ကြီးတွေက သူတို့ရှေ့မှာတော့ အရမ်းကို ပျက်စီးလွယ်နေသလိုပဲ..."
"ပြီးတော့ အဲဒီ အစောင့်စစ်သည်တွေ... သူတို့က အပြာရောင်မီးတောက်တွေ ထွက်နေတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်။ သူတို့ရဲ့ နောက်ကျောက ပြည်သူတွေအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့ကြတယ်..."
သူ၏ ဇာတ်လမ်းက ကမ္ဘာပျက်ကပ် အကျပ်အတည်း၏ ဖိနှိပ်မှု ခံစားချက်များနှင့် လူသားများ၏ ကြေကွဲဖွယ် သူရဲကောင်းဆန်ဆန် ကြိုးပမ်းအားထုတ်မှုများဖြင့် ပြည့်နှက်နေပြီး ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များနှင့် ကြည့်ရှုသူများကို အသက်ရှူမှားသွားစေကာ နက်ရှိုင်းစွာ ခံစားသွားရစေလေသည်။
အစီအစဉ်အတွင်းတွင် သူက ဘီလူးကြီးများ၏ ကြောက်မက်ဖွယ်ရာ အရွယ်အစားနှင့် တိုက်ပွဲ၏ ပြင်းထန်မှုတို့ကို အကောင်းဆုံး ဖော်ပြနိုင်သည့် အကြမ်းမဖက်သော ဗီဒီယိုအတိုအချို့ကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။
ဥပမာအားဖြင့် ဘီလူးများက ခံတပ်များကို ဖျက်ဆီးပစ်ပုံ၊ စွမ်းအင်လက်နက်များဖြင့် တိုက်ခိုက်ပုံ၊ နောက်ဆုံးတွင် တားဆီး၍မရလောက်အောင် များပြားလှသော ဧရာမဘီလူးအုပ်ကြီးက လိုက်လံတိုက်ခိုက်ပုံတို့က အရင်က မကြုံဖူးလောက်အောင် လှုပ်ခတ်မှုကြီးကို ဖြစ်ပေါ်စေခဲ့သည်။
အချိန်ခရီးသွားခြင်း နှင့် အန္တရာယ်များသော ဟင်းလင်းပြင်ကမ္ဘာများဟူသော အကြောင်းအရာများက လူကြိုက်များလာချေသည်။
အစိုးရအသီးသီး၏ အသိအမှတ်ပြုမှုကြောင့် အစောပိုင်းကတည်းက မြင့်တက်နေခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ဥရောပတွင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ ပထမဆုံးလူအဖြစ် လေစီ၏ ကိုယ်တွေ့ အတွေ့အကြုံများကြောင့် တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားကာ တစ်ကျော့ပြန် ခေတ်စားလာခဲ့သည်။
လူများက အချိန်ခရီးသွားခြင်းအကြောင်းကိုသာ ဆွေးနွေးနေကြခြင်း မဟုတ်တော့ဘဲ ထိုအမည်မသိ ကမ္ဘာများ၏ ကြီးမားသော အန္တရာယ်များနှင့် ထိုကမ္ဘာများအတွင်း ပါဝင်နေသော လူသားများ၏ တောက်ပမှုများကိုပါ အပြင်းအထန် ဆွေးနွေး ငြင်းခုံလာကြ၏။
လေစီ၏ အင်တာဗျူး အပိုင်းအစများနှင့် ဗီဒီယိုများကို နိုင်ငံတကာသုံး Tiktok၊ တွစ်တာ၊ ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ်ကဲ့သို့သော အဓိက ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် နေရာအနှံ့ တွေ့မြင်နေရလေသည်။
#ဥရောပတွင်ပထမဆုံးအချိန်ခရီးသွားသူ၊ #လေစီ၏ဘီလူးကမ္ဘာ #ကမ္ဘာပျက်ကပ်တွင်အသက်ရှင်ကျန်ရစ်ခြင်းစသည့် ဟက်ရှ်တက်များက ခေတ်စားနေသော အကြောင်းအရာများ စာရင်း၏ ထိပ်ဆုံးတွင် အမြဲလိုလို နေရာယူထားပြီး ကျယ်ကျယ်ပြန့်ပြန့် မျှဝေခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခံခဲ့ရသည်။
ဒီကံကောင်းသောကောင် လေစီမှာ ညတွင်းချင်းပင် ကမ္ဘာလုံးဆိုင်ရာ စူပါစတားတစ်ဦး ဖြစ်လာခဲ့ပြီး ရီယဲ့ခရီးသွားအေဂျင်စီ.... အချိန်ခရီးသွားခြင်းနှင့် အထူးသဖြင့် ဥရောပနှင့် အနောက်ကမ္ဘာရှိ အန္တရာယ်များသော ဟင်းလင်းပြင်ကမ္ဘာ စူးစမ်းရှာဖွေခြင်းတို့အတွက် မျက်စိအဖမ်းစားနိုင်ဆုံးသော သက်ရှိကြော်ငြာတစ်ခုလည်း ဖြစ်လာခဲ့တော့သည်။
ဟန်ကျိုး....
မကြာသေးမီက ကျန်းယဲ့မှာ အကျင့်တစ်ခု ရနေခဲ့သည်။ သူ နိုးလာသည့်အချိန်တွင် ပထမဆုံး လုပ်သည့်အရာနှင့် မအိပ်မီ နောက်ဆုံး လုပ်သည့်အရာက သူတစ်ယောက်တည်းသာ မြင်နိုင်သော စနစ်မျက်နှာပြင်ကို Refresh လုပ်ကာ သူ၏ ကျော်ကြားမှုအမှတ်များ မြင့်တက်လာမှုကို အနီးကပ် စောင့်ကြည့်ခြင်းပင်။
ပထမရက်အနည်းငယ်တွင် တိုးတက်မှုက တည်ငြိမ်သော်လည်း နှေးကွေးနေလေသည်။
သို့သော်လည်း ဥရောပ၏ သက်ရှိကြော်ငြာ လေစီမှာ နာမည်ကြီးလာသည်နှင့်အမျှ အဓိက ဥရောပမီဒီယာများမှ အဆက်မပြတ် ဖော်ပြမှုများနှင့် ကမ္ဘာတစ်ဝန်းမှ ရူးသွပ်စွာ ပြန်လည်မျှဝေမှု၊ ဆွေးနွေးမှုများကြောင့် သူ၏ ကျော်ကြားမှုအမှတ်က ရော့ကတ်တစ်ခုလို ဒုံးပျံသကဲ့သို့ ထိုးတက်သွားခဲ့သည်။
အချိန်ခရီးသွားခြင်းအကြောင်းအရာနှင့် ပတ်သက်၍ အတော်လေး နောက်ကျနေသေးသော အာဖရိကတိုက်တွင်ပင် လေစီ၏ ဒဏ္ဍာရီဆန်သော အတွေ့အကြုံများနှင့် ထိုရင်သပ်ရှုမောဖွယ် ဗီဒီယိုများက ဆွေးနွေးမှုများကို တိုးပွားလာစေခဲ့သည်။
မရေမတွက်နိုင်သော လူငယ်များက အွန်လိုင်းတွင် သူတို့၏ အကြံဉာဏ်များကို စိတ်လှုပ်ရှားစွာ ဖလှယ်နေကြပြီး ပိုမိုများပြားလာသော လူများက ထိုစိတ်ကူးနှင့်ပင် မမှန်းဆနိုင်သော ကမ္ဘာကို အမှန်တကယ် ယုံကြည်ကာ တောင့်တလာကြလေသည်။
ကျန်းယဲ့အနေဖြင့် မူလက ဤနှုန်းထားအတိုင်းဆိုလျှင် တတိယနေ့တွင် ခရီးစဉ်ဦးဆောင်ရန် မစ်ရှင်အသစ်တစ်ခုကို ရရှိနိုင်မည်ဟု ခန့်မှန်းထားခဲ့သည်။
သို့သော်လည်း စနစ်မျက်နှာပြင်မှာ လုံးဝ တုံ့ပြန်မှု မရှိသေးချေ။
ထို့ကြောင့် သူက မိမိ၏ စိတ်မရှည်မှုကို ဖိနှိပ်ထားကာ နေ့စဉ် ဆက်လက် စောင့်ဆိုင်းနေရုံသာ ရှိတော့၏။
ပြက္ခဒိန်စာမျက်နှာများကို လှန်လိုက်သည်နှင့်အမျှ ခြောက်ရက်မြောက်နေ့ ကုန်လွန်သွားပြီး ခုနစ်ရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် ကျော်ကြားမှု အမှတ်များမှာ ၅၀,၀၀၀ အမှတ်သို့ နီးကပ်လာလျက် အလွန် မြင့်တက်လာချေသည်။
သူ၏ ကျော်ကြားမှုအမှတ်မှာ အရေးပါသော အဆင့်သို့ ရောက်ခါနီးနေသည်ကို မြင်သောအခါ ကျန်းယဲ့က မနေနိုင်တော့ဘဲ စိတ်ထဲတွင် ဆုတောင်းနေမိ၏။
'မစ်ရှင်အသစ်တွေ မပေးခင် အမှတ် ၅၀,၀၀၀ ပြည့်ပြီး တတိယအဆင့်ကို ဖွင့်နိုင်တဲ့အထိ သေချာပေါက် စောင့်ပေးပါ...'
ကောင်းကင်ဘုံက သူ့စိတ်ထဲမှ ဆန္ဒကို အမှန်တကယ် ကြားသွားလေသလား မသိ..... အရာရာက သူ မျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်လာခဲ့လေသည်။
ခုနစ်ရက်မြောက်နေ့ ညနေခင်းအချိန်သို့ ရောက်ရှိလာချိန်တွင် မရေမတွက်နိုင်သော လူများ၏ အပြင်းအထန် ဆွေးနွေးမှုများနှင့် မျှော်လင့်ချက်များကြားတွင် ကျော်ကြားမှုအမှတ်များမှာ နောက်ဆုံးတွင် ခုန်တက်သွားကာ အရေးပါသော အဆင့်ကို ကျော်ဖြတ်သွားတော့သည်။
[လက်ရှိ ကျော်ကြားမှု အမှတ် - ၅၀၀၀၁]
ဂဏန်းများ ပြောင်းလဲသွားသည့် အခိုက်အတန့်တွင်ပင် ရင်းနှီးနေသော အေးစက်စက် စက်ရုပ်သံက ကျန်းယဲ့၏ စိတ်ထဲတွင် မြည်ဟည်းလာ၏။
[ဒင်... အိမ်ရှင်၏ ကျော်ကြားမှုအမှတ် ၅၀,၀၀၁ သို့ ရောက်ရှိသွားသည့်အတွက် ဂုဏ်ယူပါသည်။ တတိယအဆင့်ဖြစ်သော - ကမ္ဘာကျော် (အမှတ် ၅၀,၀၀၁ - ၂၀၀,၀၀၀) အဆင့်ကို အောင်မြင်စွာ ဖွင့်လိုက်ပါပြီ]
[ဝင်ရောက်နိုင်မည့် ဟင်းလင်းပြင်ကမ္ဘာအဆင့်ကို အဆင့်မြှင့်တင်လိုက်ပါပြီ။ - ထူးခြားဆန်းကြယ်သော ကမ္ဘာများ]
[ထိုအထဲတွင် ကျင့်ကြံခြင်း ယဉ်ကျေးမှုများ၊ သိုင်းပညာမြင့်မားသော ကမ္ဘာများ၊ ကြယ်တာရာ ကိုလိုနီခေတ်များနှင့် မှော်ပညာကမ္ဘာများကဲ့သို့သော ထူးခြားဆန်းကြယ်သည့် စွမ်းအားစနစ်များ ပါဝင်သော ကမ္ဘာများသာမက အခြားကမ္ဘာများလည်း ပါဝင်ပါသည်]
[စနစ်၏ မက်ဆေ့ချ် - မရေမတွက်နိုင်သော ကမ္ဘာများကို ဖြတ်သန်းခဲ့ပြီးနောက် သင်သည် ထူးခြားဆန်းကြယ်မှု၏ နယ်နိမိတ်ကို ထိတွေ့နိုင်ခဲ့ပြီ ဖြစ်သည်။ ရှေ့ဆက်ရမည့်လမ်းက ကျယ်ဝန်းလှပါသည်.... ကျေးဇူးပြု၍ စွမ်းနိုင်သမျှ စူးစမ်းလေ့လာပါ။]
ဤများပြားလှသော သတင်းအချက်အလက်များကို ကျန်းယဲ့ အပြည့်အဝ နားလည်သဘောပေါက်ရန် အချိန်မရလိုက်မီမှာပင် စနစ်၏ အသိပေးသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
[ဒင်... အိမ်ရှင်အနေဖြင့် ကမ္ဘာကျော်အဆင့်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည်ကို တွေ့ရှိရသောကြောင့် အဆင့်ဖွင့်လှစ်မှု အထူးဆုကို ချီးမြှင့်ပါမည်။ - [ထူးခြားဆန်းကြယ်သော ကမ္ဘာများ] အမျိုးအစားအောက်ရှိ မည်သည့် ဟင်းလင်းပြင်ကမ္ဘာကိုမဆို ပထမဆုံး ပုံသေ ထူးခြားဆန်းကြယ်သော ခရီးသွားနယ်မြေအဖြစ် သတ်မှတ်နိုင်သည့် အခွင့်အရေး]
ဒီမထင်မှတ်ထားသော ဝမ်းသာမှုက ကျန်းယဲ့၏ စိတ်ဓာတ်ကို အကြီးအကျယ် မြင့်တက်သွားစေခဲ့သည်။
ယင်းက သူသည် ပိုမိုနက်ရှိုင်းစွာ စူးစမ်းလေ့လာရန်အတွက် အန္တရာယ်များပြီး အကျိုးအမြတ်များသော မရေမတွက်နိုင်သည့် ကမ္ဘာများထဲမှ မိမိသွားရောက်လိုသည့် ကမ္ဘာကို ဦးစားပေး ရွေးချယ်နိုင်သည့် အခွင့်အရေး ရှိသည်ဟု ဆိုလိုခြင်းပင်။
သူက စနစ်မှ ပေးထားသော ဝင်ရောက်နိုင်သည့် ကမ္ဘာများ၏ စာရင်းကို ဆွဲဖွင့်လိုက်ပြီး ထူးဆန်းသော ကမ္ဘာအမည်များနှင့် ရှင်းလင်းချက်များပေါ်တွင် သူ၏ အကြည့်များကို လျင်မြန်စွာ ဝေ့ဝဲကြည့်လိုက်၏။
ဓားချီစွမ်းအင်များ လွင့်မျောနေသည့် သိုင်းပညာမြင့်မားသောတိုက်ကြီး...
ကြီးမားမြင့်မားသော စစ်သင်္ဘောကြီးများ ပါဝင်သည့် ကြယ်တာရာ အင်ပါယာ.....
မှော်လှိုင်းများ ရိုက်ခတ်နေသည့် မှော်ဆရာများ၏ နိုင်ငံ...
နောက်ဆုံးတွင် သူ၏ အကြည့်က ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော ကမ္ဘာတစ်ခုတွင် ရပ်တန့်သွား၏။
[ရွှမ်ဝူတိုက်]
ရှင်းလင်းချက်အရ ဤတိုက်ကြီးတွင် ဂိုဏ်းများစွာဖြင့် စည်ပင်ဝပြောသော ကျင့်ကြံခြင်း ယဉ်ကျေးမှုတစ်ခု ရှိသည်ဟု ဖော်ပြထားချေသည်။ ၎င်းတွင် အင်မော်တယ်များ နေထိုင်ရာ လှိုဏ်ဂူများ နှင့် အန္တရာယ်များသော လျှို့ဝှက်နယ်မြေများ နှစ်မျိုးလုံး ရှိလေသည်။ အရင်းအမြစ်များ ပေါများပြီး အခွင့်အရေးများနှင့် အန္တရာယ်များက ဒွန်တွဲတည်ရှိနေ၏။
"ဒါပဲကွ..."
ကျန်းယဲ့က ပြတ်သားစွာ ရွေးချယ်လိုက်လေသည်။
[ဒင်... ရွှမ်ဝူတိုက်ကို ပထမဆုံး အမြဲတမ်း ထူးခြားဆန်းကြယ်သော ဟင်းလင်ပြင်ခရီးသွားနယ်မြေအဖြစ် အတည်ပြုလိုက်ပါပြီ။ သက်ဆိုင်ရာ ဧည့်လမ်းညွှန်မစ်ရှင်များကို ဖန်တီးနေပါသည်...]
(NT- ဒီနေရာမှာ သိပ်နားမလည်မှာဆိုလို့နော်... အရင်ခရီးစဥ်တွေတုန်းက ကျပန်းဖြစ်ပေမဲ့ ခုက အမြဲတမ်းသွားလို့ရမဲ့ နေရာအဖြစ် ပြောင်းလဲသွားတာပါ)
[ဧည့်လမ်းညွှန် မစ်ရှင်အသစ်တစ်ခုကို ထုတ်ပြန်လိုက်ပါပြီ - ကျေးဇူးပြု၍ ခရီးသည် ၅၀ကို ရွှမ်ဝူတိုက်သို့ ၇ ရက်ကြာ နက်ရှိုင်းစွာ စူးစမ်းလေ့လာရေး ခရီးစဉ်အဖြစ် ဦးဆောင်ပေးပါ။]
[ခရီးစဉ် ဈေးနှုန်း - တစ်ဦးလျှင် ယွမ် ၁၀၀,၀၀၀]
[ဖောက်သည် ခေါ်ယူမည့် နည်းလမ်း - အွန်လိုင်း ကြိုတင်မှာယူခြင်း (ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်အကောင့်)]
[ရောင်းချမည့် ကာလ - ဤရက်သတ္တပတ် တနင်္ဂနွေနေ့ နေ့လယ် ၁၂:၀၀ နာရီတိတိတွင်၊ မိနစ် ၃၀ ကြာ အချိန်အကန့်အသတ်ဖြင့် အထူးလျှော့ဈေး ရောင်းချမှုကို စတင်ပါမည်]
[မစ်ရှင် ပြီးမြောက်မှု ဆုကြေး - သက်တမ်း +၁၈၀ ရက်၊ အပိုဆုကြေး ယွမ် +၁,၀၀၀,၀၀၀။]
ကျန်းယဲ့က မစ်ရှင် ဆုကြေးကို မြင်သောအခါ အနည်းငယ် အံ့သြသွားရသည်။
သက်တမ်း ၁၈၀ ရက်နှင့် ယွမ် တစ်သန်း အပိုဆုကြေး နှစ်ခုစလုံးမှာ ယခင် ရရှိခဲ့သော အကျိုးခံစားခွင့်များထက် များစွာ သာလွန်နေချေသည်။
ဤသည်က ထူးခြားဆန်းကြယ်သောကမ္ဘာများ၏ အန္တရာယ်များပြီး အကျိုးအမြတ်များသည့် သဘာဝကို သေချာပေါက် မီးမောင်းထိုးပြနေပြီး ရွှမ်ဝူတိုက်သို့ သွားမည့် သူ၏ လာမည့်ခရီးစဉ်အတွက် ယခင်က မရှိခဲ့ဖူးသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားစေခဲ့သည်။
သူ၏ နောက်ခရီးစဉ်မှာ ရွှမ်ဝူတိုက်၏ ကျင့်ကြံခြင်းကမ္ဘာဖြစ်မည်ဟု အတည်ပြုပြီးနောက် ကျန်းယဲ့က လင်ရှောင်၏ ဖုန်းနံပါတ်ကို ချက်ချင်း ခေါ်လိုက်၏။
"လင်ရှောင်... နောက်တစ်ခေါက် ခရီးစဉ်အတွက် နေ့ရက် သတ်မှတ်ပြီးပြီ..."
ကျန်းယဲ့က လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။
"ဟင်... ဒီတစ်ခေါက်ရော ဘယ်သွားမှာလဲ။ ဘီလူးကမ္ဘာလိုမျိုး နောက်ထပ် ကမ္ဘာပျက်ကပ်တစ်ခုပဲလား..."
လင်ရှောင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"မဟုတ်ဘူး..." ကျန်းယဲ့၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး စကားလုံး လေးခွန်းကိုသာ ဆိုလိုက်၏။
"ကျင့်ကြံခြင်းကမ္ဘာပဲ..."
ဖုန်း၏ တစ်ဖက်စွန်းတွင် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် လင်ရှောင်က အသက်ရှူမှားသွားသကဲ့သို့ ယုံကြည်နိုင်စရာ မရှိသည့်ဟန်ဖြင့် အော်ဟစ်လိုက်လေသည်။
"အင်မော်တယ် ကျင့်ကြံခြင်းလား... တကယ်ကြီးလား... ကျန်းယဲ့... မင်း နောက်နေတာ မဟုတ်ဘူးမလား..."
သူ၏ အသံထဲမှ စိတ်လှုပ်ရှားမှုများက မိုက်ခရိုဖုန်းမှတစ်ဆင့် လျှံကျလာမတတ်ပင်။
အခန်း ၃၁၈ပြီး၏။