← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း (၃၂၁) မိုးထိအောင် မြင့်မားနေသော ဈေးနှုန်းဖြင့် ဝယ်ယူခြင်း

​မကြာမီမှာပင် ထိပ်တန်းဘီလျံနာသူဌေးကြီးများ၏ ကြီးမားလှသော ဩဇာလွှမ်းမိုးမှုများကြောင့် ကျင့်ကြံခြင်းကမ္ဘာမှ ရတနာများကို အဆမတန် ဈေးပေး၍ ဝယ်ယူမည်ဟူသော သတင်းက ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ပေါ်တွင် တောမီးလောင်သကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အင်မော်တယ်ကျင့်ကြံရေး ခရီးစဉ်ထက်ပင် ပိုမို၍ အပြင်းအထန် ဆွေးနွေးငြင်းခုံရသည့် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။

​တရုတ်အင်တာနက် မှတ်ချက်ပေးသည့် နေရာများတွင်...

​[အင်တာနက်အသုံးပြုသူ ၁ - မြန်မြန်... သတင်းကို သွားကြည့်ကြ။ XX အုပ်စုရဲ့ ဥက္ကဋ္ဌကြီးက ကျင့်ကြံခြင်းကမ္ဘာကနေ ရလာမယ့် အရာဝတ္ထုတွေ... အထူးသဖြင့် အသက်ရှည်စေနိုင်မယ့် ဘယ်အရာကိုမဆို ဒေါ်လာသန်းရာချီပေးပြီး ဝယ်မယ်လို့ လူသိရှင်ကြား ကြေညာထားတယ်ဟေ့...]

​[အင်တာနက်အသုံးပြုသူ ၂ - ဘုရားရေ... ငါသာ ရွှမ်ဝူတိုက်ကို တကယ်သွားရရင် မြက်ပင်တစ်ပင် နုတ်လာတာပဲဖြစ်ဖြစ်.... ကျောက်ခဲတစ်လုံး ကောက်လာတာပဲဖြစ်ဖြစ် ချက်ချင်းကို ငွေကြေးလွတ်လပ်မှု ရသွားနိုင်တာပဲ။ ငါက ဘာလို့ အလုပ်လုပ်နေဖို့ လိုတော့မှာလဲ...]

(NT-အလုပ်လုပ်စရာမလိုတော့ဘူလို့ ဆိုလိုတာပါ)

​[အင်တာနက်အသုံးပြုသူ ၃ - အပေါ်ကလူက အရမ်းကို တိမ်လွန်းတယ်။ မင်းတို့ တွေးနေတာက ပိုက်ဆံရှာဖို့ပဲလား။ ဘာလို့ ကျင့်ကြံခြင်းကျမ်းစာ တစ်အုပ်လောက် ရှာပြီး ကိုယ်တိုင် မကျင့်ကြံရတာလဲ။ အဲဒါမှ တကယ့် တန်ဖိုးဖြတ်မရတဲ့ ရတနာစစ်စစ်ကွ။ အဲဒီကျရင် မင်းက သန်းကြွယ်သူဌေး ဖြစ်နေပြီပေါ့...]

​[အင်တာနက်အသုံးပြုသူ ၄ - ပြည်တွင်းက ချမ်းသာတဲ့ မိသားစုတွေတင် မကဘူး.... အရှေ့အလယ်ပိုင်းက သူဌေးသားတွေကပါ ဈေးကြီးကြီးပေးပြီး ဝယ်ဖို့ ဆန္ဒရှိတယ်လို့ ပြောနေကြတာ ကြားတယ်။ ကမ္ဘာ့အချမ်းသာဆုံးလူတွေကပါ ဒီခရီးစဉ်ကို စောင့်ကြည့်နေကြတာပဲ။]

​[အင်တာနက်အသုံးပြုသူ ၅ - ငါက ပိုက်ဆံကို စိတ်မဝင်စားဘူး (ခွေးလေးမျက်နှာ အီမိုဂျီ)... ငါက အင်မော်တယ် ကျင့်ကြံဖို့ကိုပဲ စိတ်ဝင်စားတယ်။ ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေ ရှိလာရင် အဆင့်အတန်းနဲ့ စည်းစိမ်ဥစ္စာဆိုတာတွေက အလွယ်လေး ရလာမှာမဟုတ်ဘူးလား။ ငါ့ရဲ့ ပန်းတိုင်က ကြယ်တာရာတွေနဲ့ သမုဒ္ဒရာပြင်ကြီးပဲ... ငါ အင်မော်တယ် ကျင့်ကြံချင်တယ်ကွာ...]

​[အင်တာနက်အသုံးပြုသူ ၆ - ဟားဟားဟား... သဘောပေါက်ပြီ။ အချမ်းသာဆုံး လူတွေတောင် ဒါရိုက်တာကျန်းရဲ့ စည်းမျဉ်းတွေကို လိမ္မာရေးခြားရှိရှိ နာခံပြီး လက်မှတ်ဝယ်ဖို့ တန်းစီရတာပဲလေ။ သူတို့ရဲ့ ငွေကြေးအာဏာ အခွင့်ထူးတွေကို သုံးလို့ မရတော့ဘူးပေါ့။ ဘာလို့ ငါက ထူးဆန်းတဲ့ ကျေနပ်မှုမျိုးကို ခံစားနေရတာပါလိမ့်။ ဒါရိုက်တာကျန်းက တကယ် မိုက်တယ်။ တရားမျှတတယ်ဟေ့...]

​ပြည်ပ အင်တာနက် အသုံးပြုသူများ၏ မှတ်ချက်များတွင်....

​[အမေရိက - ကမ္ဘာလုံးဆိုင်ရာဘီလျံနာတွေက ဆုငွေတွေ ထုတ်ထားကြပြီဟေ့။ ရွှမ်ဝူတိုက်ကနေ ပြန်ယူလာတဲ့ ဘယ်အရာမဆို တန်ဖိုးဖြတ်လို့ မရလောက်အောင် ဈေးကြီးနိုင်တယ်။ ဒါက ခရီးသွားရုံသက်သက် မဟုတ်တော့ဘူး။ ဘဝကိုပါ ပြောင်းလဲသွားစေနိုင်မယ့် ရတနာရှာဖွေရေး ခရီးစဉ်ကြီးပဲ...]

​[ပြင်သစ် - အသက်ရှည်စေတဲ့ နတ်ဆေးလုံးအတွက် ယူရို သန်း ၁၀၀ ဈေးခေါ်ထားတယ်တဲ့... ရှေးဟောင်း ရော့သချိုင်းမိသားစုကြီးတောင် လှုပ်ရှားလာပြီဟေ့။ ဘယ်သူက ကံထူးရှင်ဖြစ်လာမလဲ။ ဒါက ထီပေါက်တာထက် အဆပေါင်း သန်းချီပြီး ပိုစိတ်လှုပ်ရှားဖို့ ကောင်းတယ်...]

​[ဂရိတ်ဗြိတိန် - ငါတို့ရဲ့ ဘုရင်မကြီးက အိုမင်းရင့်ရော်မှုကို နောက်ပြန်လှည့်ပေးနိုင်တဲ့ နတ်ဆေးလုံးကို ဝယ်ယူချင်တယ်လို့ လူသိရှင်ကြား ထုတ်ပြောထားတယ်။ ဘုရားရေ... အဲဒီလိုမျိုးက တကယ်ရော ရှိလို့လား...]

​[ဂျပန် - ငါတို့သာ ဝိညာဉ်ဓားတစ်လက် ဒါမှမဟုတ် ကျင့်ကြံခြင်းကျမ်းစာတစ်အုပ် ပြန်ယူလာနိုင်ရင် တန်ဖိုးဖြတ်လို့ရမှာ မဟုတ်တော့ဘူး။ ကမ္ဘာ့အာဏာ ချိန်ခွင်လျှာက အဲဒါကြောင့် လုံးဝ ပြောင်းလဲသွားနိုင်တယ်...]

​[ရုရှား - ငါတို့ရဲ့ အိုလီဂါ့ခ်သူဌေးကြီးတွေလည်း ဈေးပြိုင်ပေးနေကြပြီ။ ဒါပေမယ့် ရှင်းနေတာပဲလေ... ငွေကြေးထက် ခွန်အားအာဏာက ပိုပြီး လိုက်လံရှာဖွေသင့်တဲ့ အရာပဲ။ ပိုပြီး သန်မာလာမယ့် နည်းလမ်းကို ပြန်ယူလာခဲ့ကြ..]

​[အိန္ဒိယ - အင်မော်တယ်ကျင့်ကြံခြင်းလား... မဟုတ်ဘူး... ဒါက ငါတို့ရဲ့ နတ်ဘုရားတွေ ဆုံးရှုံးသွားခဲ့တဲ့ ရှေးဟောင်းလျှို့ဝှက်သိုင်းပညာရပ်တွေဆိုတာ ရှင်းရှင်းကြီးပဲ။ ဒီကျင့်ကြံခြင်းကျမ်းစာတွေက သူ့ရဲ့ မူလပိုင်ရှင်တွေဆီကို ပြန်ပေးရမယ်ဆိုတာ နိုင်ငံတိုင်းက နားလည်ထားသင့်တယ်။ ဒီမွန်မြတ်လှတဲ့ အမွေအနှစ်ကို ငါတို့ အတူတကွ ကာကွယ်ကြစို့...]

​ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လောကကြီးမှာ သူဌေးကြီးများ၏ မိုးထိအောင် မြင့်မားလှသော ဆုကြေးငွေများကြောင့် ရူးသွပ်မတတ် ဖြစ်နေကြပြီး တနင်္ဂနွေနေ့ နေ့လယ်၏ အလုအယက်ဝယ်ယူမှုကြီးက ယခင်က မကြုံဖူးလောက်အောင် ပြင်းထန်လာမည်မှာ သေချာနေတော့သည်။

​မရေမတွက်နိုင်သော လူများ၏ စိုးရိမ်တကြီး စောင့်မျှော်မှုများကြားတွင် နောက်ဆုံး၌ တနင်္ဂနွေနေ့သို့ ရောက်ရှိလာ၏။

​နေ့လယ်ခင်းအချိန်သို့ နီးကပ်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းလုံးတွင် မမြင်နိုင်သော တင်းမာမှုများ စတင် ပျံ့နှံ့လာတော့သည်။

​တရုတ်နိုင်ငံ... အလုပ်များလှသော လမ်းဆုံတစ်ခုတွင် -

​မီးပွိုင့်စိမ်းသွားသော်လည်း ရှေ့ဆုံးမှ ကားများမှာ လက်တစ်သစ်မျှပင် မရွေ့လျားကြချေ။

​နောက်ဘက်မှ ကားဆရာများက စိတ်မရှည်စွာဖြင့် ဟွန်းများကို တီးလိုက်ကြရာ ရှေ့ကား၏ ပြတင်းပေါက် မှန်ချလာသည်ကိုသာ တွေ့လိုက်ရသည်။ ကားမောင်းသူက ခေါင်းပြူထွက်လာပြီး သူ၏ဖုန်းကို ရူးသွပ်စွာ ဝှေ့ယမ်းပြရင်း အော်ဟစ်လိုက်လေသည်။

​"ခဏလေး... တစ်မိနစ်လေးပဲ... ငါ လုဝယ်စရာလေး ရှိလို့..."

​အံ့သြစရာကောင်းသည်မှာ နောက်ဘက်မှ ကားဆရာများက ဆက်လက်၍ မအော်ဟစ်ကြတော့ခြင်းပင်။ ထို့အစား သတိပေးခံလိုက်ရသည့်အလား ဘာဖြစ်နေသလဲဆိုတာကို ရုတ်တရက် သဘောပေါက်သွားကြပြီး သူတို့၏ ဖုန်းများကို ကိုယ်စီ ထုတ်လိုက်ကြ၏။

​ကားများဖြင့် စည်ကားနေရမည့် လမ်းဆုံကြီးမှာ ခေတ္တမျှ ကြက်သီးထဖွယ်ရာ ရပ်တန့်သွားပြီး မီးစိမ်းနေဆဲဖြစ်သော်လည်း ကားများအားလုံးနီးပါး ရပ်တန့်သွားကြသည်။

​ပို၍ဆိုးသည်မှာ အချို့လူများက လမ်းဘေးသို့ ကားကို ရပ်လိုက်ကြပြီး သူတို့၏ ဖုန်းမျက်နှာပြင်များပေါ်တွင် လုံးလုံးလျားလျား အာရုံနစ်မြောသွားကြခြင်းပင်။

​လူသွားလမ်းများပေါ်တွင် အရှိန်ပြင်းပြင်း မောင်းနှင်နေသော ပို့ဆောင်ရေးသမားများ၏ ဖုန်းနှိုးစက်များက အချိန်ကိုက် မြည်ဟည်းလာခဲ့ကြသည်။

​သူတို့က စုပေါင်း၍ ရပ်တန့်ခလုတ် နှိပ်လိုက်သည့်အလား ဘရိတ်ကို ရုတ်တရက် အုပ်လိုက်ကြရာ လျှပ်စစ်စက်ဘီးများမှာ လမ်းဘေးတွင် ယိမ်းယိုင်စွာ ရပ်တန့်သွားကြလေသည်။

​သူတို့၏ အော်ဒါမှာယူမှု အချိန်ကုန်ဆုံးတော့မည့် သတိပေးချက်ကို လျစ်လျူရှုကာ အော်ဒါတင်သည့် မျက်နှာပြင်မှ ချက်ချင်း ထွက်လိုက်ပြီး တိုရင်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်ကြသည်။ ထို့နောက် Refresh ကို ရူးသွပ်စွာ နှိပ်ရင်း ရီယဲ့ခရီးသွားအေဂျင်စီ အကောင့်၏ လင်းမလာသေးသော အထူးလျှော့ဈေး လင့်ခ်လေးကို စူးစိုက်ကြည့်နေကြတော့သည်။

​ရုံးခန်း အဆောက်အအုံများ၊ စာသင်ခန်းများ၊ စက်ရုံ နားနေခန်းများနှင့် အိမ်ရှိ ဆိုဖာများပေါ်တွင်...

​မရေမတွက်နိုင်သော လူများက တူညီသော အပြုအမူကို လုပ်ဆောင်နေခဲ့ကြသည်။ ဖုန်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ အသက်ရှူအောင့်ထားပြီး မျက်လုံးများကို မျက်နှာပြင်ပေါ်တွင် စူးစိုက်ထားလျက် သူတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် နေရာလေးပေါ်တွင် လက်ချောင်းများကို ရွယ်ထားကြလေသည်။

​အချိန်က ၁၂:၀၀:၀၀ တိတိသို့ ခုန်ကူးသွား၏။

​မီးခိုးရောင် လင့်ခ်လေးက ချက်ချင်းပင် တောက်ပလာပြီး ဝယ်ယူနိုင်သော လင့်ခ်တစ်ခုအဖြစ် ပြောင်းလဲသွားချေသည်။

​"ဝယ်ကြဟေ့..."

​"လုကြ..."

​ကွဲပြားခြားနားသော နေရာထောင့်စုံမှနေ၍ မရေမတွက်နိုင်သော အော်ဟစ်သံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ဘီလီယံချီသော လက်ချောင်းများက လျှပ်စီးလက်သည့် အမြန်နှုန်းဖြင့် ဖိချလိုက်ကြသည်။

​သို့သော်လည်း ကံကြမ္မာနတ်သမီးက အမြဲတမ်း ခြွင်းချက်မရှိ ကပ်စေးနှဲတတ်ပေသည်။

​လင့်ခ်လေး လင်းလာသည့် အခိုက်အတန့်တွင်ပင် လူအများအပြားမှာ စာမျက်နှာကို အပြည့်အဝ ပွင့်လာသည်အထိပင် ကြည့်ရန် အချိန်မရလိုက်ဘဲ မျှော်လင့်ချက်ကို ကိုယ်စားပြုသော ခလုတ်လေးမှာ မျှော်လင့်ချက်မဲ့ဖွယ် မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

​[ဤကုန်ပစ္စည်းမှာ ရောင်းကုန်သွားပါပြီ]

​ဤရိုးရှင်းသော စာသားလေးက လူများ၏ ခေါင်းပေါ်သို့ ရေခဲရေ လောင်းချလိုက်သည့်အလား လူအများစု၏ ရင်ထဲရှိ မီးတောက်များကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်သည်။

​"ဟာ... ဘာကြီးလဲ... ကုန်သွားပြီလားဟ..."

​"ချီး... မဖြစ်နိုင်တာ... ငါ အခုလေးတင် နှိပ်လိုက်တာလေ..."

​"တစ်စက္ကန့်တဲ့လား... တကယ်ရော တစ်စက္ကန့် ကြာလို့လား... ပြီးသွားပြီလား..."

​"အား... ဘယ်သူတွေလဲကွာ... လက်တွေက အရမ်း မြန်လွန်းနေကြပြီ..."

​စိတ်ပျက်လက်ပျက် အော်ဟစ်သံများ၊ မျှော်လင့်ချက်မဲ့သော သက်ပြင်းချသံများနှင့် ဒေါသတကြီး ဆဲဆိုသံများက ကမ္ဘာကြီး၏ ထောင့်စုံတွင် ပဲ့တင်ထပ်သွားရသည်။

​အချို့လူများက စတီယာရင်ကို လက်သီးဖြင့် ထုနှက်နေကြပြီး အချို့က သူတို့၏ ထိုင်ခုံများပေါ်တွင် စိတ်ပျက်လက်ပျက် မှီကျသွားကြကာ အချို့ကတော့ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်ရင်း အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်ဖြစ်နေခဲ့ကြသည်။

​နေရာ ၅၀ သာ ရနိုင်သော်လည်း ကမ္ဘာကြီးက သန်းရာချီသော အကြိမ်ရေ နှိပ်ခြင်းကို ရင်ဆိုင်နေရသည်။ ဤသည်က မည်သည့် အကန့်အသတ်ထွက် ဖိနပ်များ သို့မဟုတ် ဖျော်ဖြေပွဲ လက်မှတ်များ လုဝယ်ရသည်ထက်မဆို အဆပေါင်းများစွာ ပို၍ ရက်စက်လွန်းလှသည်။

​အလွန်နည်းပါးသော ကံထူးရှင်ဖောက်သည် အနည်းငယ်သာ သူတို့၏ ဖုန်းမျက်နှာပြင်ပေါ်တွင် [မှာယူမှု အောင်မြင်ပါသည်]ဟူသော စာသား ပေါ်လာသည်ကို မြင်တွေ့ခွင့် ရခဲ့ကြသည်။

​သူတို့က အစပိုင်းတွင် မှင်တက်သွားကြသော်လည်း ထို့နောက်တွင် ယုံကြည်နိုင်စရာ မရှိလောက်အောင် ဝမ်းသာရွှင်မြူးသွားကြကာ ပျော်ရွှင်စွာ ကခုန်ပြီး ဝမ်းသာမျက်ရည်များပင် ကျလာကြရတော့သည်။

​ကျန်းယဲ့က အချိန်ခရီးသွားဘတ်စ်ကား၏ ကျယ်ဝန်းသော အရှေ့ဘက်တွင် ရပ်ကာ ပြတင်းပေါက် အပြင်ဘက်ရှိ ရင်းနှီးနေသော အဆုံးအစမရှိသည့် နက်ရှိုင်းမှုနှင့် အမှောင်ထုကြီးကို ကြည့်နေလိုက်၏။ ပုံပျက်နေသော အလင်းတန်းများက ဥမင်လိုဏ်ခေါင်း နံရံများတစ်လျှောက်တွင် မြစ်တစ်စင်းလို ဖြည်းညင်းစွာ စီးဆင်းနေချေသည်။

​သူက အနည်းငယ် တောင့်တင်းနေသော ကြွက်သားများကို ပြေလျော့စေရန် လည်ပင်းကို ဆန့်ထုတ်လိုက်ချိန်မှာပင် နောက်တစ်စက္ကန့်တွင် နူးညံ့ပြီး ဖြူစင်သော အလင်းတန်း ၅၀က အလွတ်ဖြစ်နေသော ကားခန်းအတွင်းသို့ လင်းလက်လာကြသည်။

​အလင်းတန်းများ လျင်မြန်စွာ မှေးမှိန်သွားပြီးနောက် သက်ဆိုင်ရာ ထိုင်ခုံများတွင် လူ ၅၀ ၏ ပုံရိပ်များ ရှင်းလင်းစွာ ထွက်ပေါ်လာတော့သည်။

​ကျန်းယဲ့၏ အကြည့်များက ခရီးသည်အုပ်စုသစ်လေးအပေါ် လျင်မြန်စွာ ဝေ့ဝဲကြည့်လိုက်၏။ မျက်နှာ ၄၉ ခုမှာ လူသစ်များ၏ တွေဝေမှုနှင့် အံ့သြမှုများ ပါဝင်နေသော်လည်း မျက်နှာတစ်ခုကမူ သူ့အတွက် ရင်းနှီးနေခဲ့လေသည်။

​ထိုသူက သန်မာတောင့်တင်းပြီး ထင်းရူးပင်တစ်ပင်လို မတ်မတ်ရပ်နေကာ တည်ငြိမ်သော အပြုံးလေးတစ်ခုကို သယ်ဆောင်ထားသည့် စူးရှသော မျက်ဝန်းများ ပိုင်ရှင် နဂါးပြာပင်။

​သူတို့၏ အကြည့်များ လေထဲတွင် ဆုံတွေ့သွားကြပြီး နှုတ်ဆက်သည့်အနေဖြင့် အဓိပ္ပာယ်ပါသော အပြုံးလေးတစ်ခုကို အပြန်အလှန် ဖလှယ်လိုက်ကြ၏။

​ကျန်းယဲ့၏ အကြည့်များက ဆက်လက် ရွေ့လျားသွားပြီးနောက် ခရီးသည်များထဲမှ ငါးဦးမှာ နဂါးပြာနှင့် အလွန်ဆင်တူသော စိတ်နေသဘောထားနှင့် ကိုယ်ဟန်အနေအထားများ ရှိနေကြောင်းကို မကြာမီ သတိထားမိလိုက်သည်။ သူတို့က သာမန်အဝတ်အစားများကို ဝတ်ဆင်ထားလျှင်ပင် စစ်သားများ၏ ထူးခြားသော အမှတ်အသားကို လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ချေ။

​နဂါးပြာအပါအဝင်ဆိုလျှင် ဤတစ်ကြိမ်တွင် J ဌာနမှ လူစုစုပေါင်းခြောက်ယောက်က နေရာများကို အောင်မြင်စွာ ရယူနိုင်ခဲ့ခြင်းပင်။

အခန်း ၃၂၁ပြီး၏။

All Chapters