← Chapters

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း (၃၂၂) ရွှမ်ဝူတိုက်၏ စည်းမျဉ်းများ

​လူအုပ်ထဲရှိ သာမန်ပုံပေါက်သော လူငယ်တစ်ဦးအပေါ် သူ၏အကြည့်များ ကျရောက်သွားချိန်တွင် ထိုသူ၏ ရင်ဘတ်ရှိ အလှဆင်ထားရုံသက်သက်ဟု ထင်ရလောက်အောင် အလွန်သတိထားမိခဲသော သတ္တုရင်ထိုးလေးတစ်ခုပေါ်တွင် သူ၏ အကြည့်များက မနေနိုင်ဘဲ ခေတ္တမျှ ရပ်တန့်သွားရသည်။

​ထိုရိုးရှင်းပြီး အနက်အဓိပ္ပာယ်ပါသော ပုံကြမ်းလေးက အချိန်ကာလရေဝဲတစ်ခုနှင့် နဂါးပုံစံတံဆိပ်တစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။

​ကျန်းယဲ့ သူ့ကို မှတ်မိသွားလေသည်။

​အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုအတွင်းရှိ ဝန်ထမ်းများ၏ အမှတ်အသားများထဲမှ တစ်ခုဖြစ်ကြောင်း လင်ရှောင်က သူ့ကို အရင်က ပြောပြထားခဲ့ဖူးသည်။

​ရှားရှားပါးပါးပဲ...

​ကျန်းယဲ့မှာ စိတ်သက်သာရာရသွားသလို အနည်းငယ် ခံစားလိုက်ရ၏။

​နောက်ဆုံးတော့ အထူးဗျူရိုက လူတစ်ယောက် နေရာတစ်ခု ရသွားခဲ့ပြီပဲ။

​ကမ္ဘာတစ်ဝန်းရှိ သန်းရာချီသော လူများကြားမှ ထိုးထွက်လာနိုင်ခဲ့ခြင်းမှာ တကယ်ကို ထူးခြားလွန်းလှသည်။

​ရှင်းလင်းသော အစိုးရနောက်ခံရှိသည့် လူခုနစ်ဦးမှလွဲ၍ ကျန်သော ခရီးသည်လေးဆယ့်သုံးဦးမှာ လူတန်းစားပေါင်းစုံ ပါဝင်နေကြလေသည်။

​သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ဉာဏ်နီဉာဏ်နက်များကာ စိတ်လှုပ်ရှားနေသော မျက်ဝန်းများပိုင်ရှင် လူလတ်ပိုင်းများ၊ တက္ကသိုလ်ကျောင်းသားများနှင့်တူသော လူငယ်အမျိုးသားနှင့် အမျိုးသမီးများ... ထို့အပြင် အသက်ဆယ်နှစ်ထက်မပိုသေးပုံရသော ကလေးလေးတစ်ယောက်ပင် ပါဝင်သေး၏။

​ဟုတ်လေသည်... ကလေးလေးတစ်ယောက်ပင်။

​သူက သပ်ရပ်သော အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး အသိသာဆုံးမှာ သူ၏ခေါင်းတွင် အမိုက်စား အဖြူရောင်ခေါင်းပေါင်းကို ပေါင်းထားခြင်းပင် ဖြစ်၏။

​ယခုအချိန်တွင် သူက မျက်လုံးလေးပြူးကာ ပတ်ဝန်းကျင်ကို အလွန် သိချင်စိတ်ဖြင့် လိုက်ကြည့်နေပြီး သူ၏ မျက်နှာပေါ်တွင် အကြောက်တရား မရှိဘဲ စိတ်လှုပ်ရှားမှုများသာ ရှိနေလေသည်။

​ကားခန်းအတွင်းတွင် ကံထူးရှင် ခရီးသည် လေးဆယ့်သုံးဦးမှာ ပုံစံအမျိုးမျိုးဖြင့် အာမေဍိတ်သံများ ပြုနေခဲ့ကြသည်။

​"ဝါး... ဒါက အချိန်ဥမင်လိုဏ်ခေါင်းကြီးလား... အရမ်း အံ့သြစရာကောင်းတာပဲ..."

​"ငါတို့ တကယ်ကြီး ကူးပြောင်းခြင်းဟင်းလင်းပြင်ထဲ ရောက်နေတာလား... ဒီကားက ဘယ်လို ရွေ့နေတာလဲ..."

​"အပြင်ဘက်က အလင်းတန်းတွေ... ဘယ်လောက်တောင် ထူးဆန်းတဲ့ ခံစားချက်ကြီးလဲ..."

​"အမေရေ... သားတော့ ကြီးပွားပြီဗျ။ အချိန်ခရီးသွား ဘတ်စ်ကားပေါ် တကယ် ရောက်နေပြီဗျို့..."

​သူတို့က အနာဂတ်ဆန်သော်လည်း ရိုးရှင်းသော ဘတ်စ်ကားအတွင်းပိုင်း ဒီဇိုင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြပြီး ပြတင်းပေါက် အပြင်ဘက်ရှိ ကျယ်ဝန်းပြီး လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းကြောင့် ပို၍ပင် ဖမ်းစားခံထားရသည်။ လူတိုင်းက အိပ်မက်ဆန်ဆန် စိတ်လှုပ်ရှားမှုထဲတွင် နစ်မြောနေကြ၏။

​"အဟမ်း..."

​ကျန်းယဲ့က ဖွဖွလေး ချောင်းဟန့်လိုက်သည်။ အသံက မကျယ်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားပြီး လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်၏။

​ကားခန်းလေးမှာ လျင်မြန်စွာ တိတ်ဆိတ်သွားပြီး မျက်လုံးများအားလုံးက လျှို့ဝှက်ဆန်းကြယ်သော ဒါရိုက်တာကျန်းထံသို့ စူးစိုက်သွားကြသည်။

​ကျန်းယဲ့က သူ၏ ပုံမှန် နူးညံ့သော အပြုံးလေးဖြင့် စကားစလိုက်၏။

​"မင်္ဂလာပါ အားလုံးပဲ... အချိန်ခရီးသွား ဘတ်စ်ကားပေါ်ကနေ ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ ရွှမ်ဝူတိုက်ကြီးကို သွားမယ့် ဒီခုနစ်ရက်တာ အင်မော်တယ် ကျင့်ကြံရေးခရီးစဉ်ရဲ့ ဧည့်လမ်းညွှန်ကျန်းယဲ့ပဲ ဖြစ်ပါတယ်။ လာမယ့် ခုနစ်ရက်အတွင်းမှာ အဲဒီ မှော်ဆန်တဲ့ ကျင့်ကြံခြင်းကမ္ဘာကြီးကို စူးစမ်းလေ့လာဖို့ ခင်ဗျားတို့ကို ကျွန်တော် ဦးဆောင်ပေးသွားမှာပါ..."

​အတိုချုံး မိတ်ဆက်ပြီးနောက် သူက ဆက်ပြောသည်။

​"ထုံးစံအတိုင်းပဲ... ငါတို့ ခရီးမထွက်ခင် တစ်ယောက်နဲ့တစ်ယောက် သိအောင် လုပ်ကြတာပေါ့။ ရိုးရှင်းတဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခြင်းနဲ့ ဒီကနေ စလိုက်ရအောင်... နာမည်လေး ပြောပြပေးရင် ရပါပြီ..."

​သူ စကားပြောပြီးသွားသောအခါ ကားခန်းအတွင်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ရှေ့ဆုံးတန်းတွင် ထိုင်နေသော သပ်သပ်ရပ်ရပ်နှင့် ကြည့်ကောင်းသော လူငယ်အမျိုးသမီးတစ်ဦးက ပထမဆုံး မတ်တတ်ရပ်ကာ ပွင့်လင်းစွာ ပြောလိုက်၏။

​"မင်္ဂလာပါ အားလုံးပဲ... ကျွန်မနာမည်က လင်းဝမ်ပါ။"

​အသံက ကြည်လင်ပြတ်သားပြီး တက်ကြွသော စိတ်ဓာတ်လေး အနည်းငယ် ပါဝင်နေချေသည်။

​သူမက ဦးဆောင်လိုက်သဖြင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လာကြသည်။

​"ဝမ်ဟွာချမ်းပါ..." တည်ငြိမ်သော လူငယ်တစ်ဦး။

​"လင်းချင်း..." မျက်မှန်နှင့် ဆံပင်တို ကောင်မလေးတစ်ဦး။

​"စုနျန်..." နူးညံ့သော အပြုံးပိုင်ရှင် ကောင်မလေး။

​"မော့ဟွာ..." အသားမည်းမည်းနှင့် အရပ်ရှည်ရှည်၊ တောင့်တောင့်တင်းတင်း အမျိုးသားတစ်ဦး။

​"ထန်ချီချီ..." အလွန်ငယ်ရွယ်ပုံရပြီး နူးညံ့ချိုသာသော အသံပိုင်ရှင် ကောင်မလေးတစ်ဦး။

​ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခြင်းများက လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတစ်ခုလို ဆက်လက် ဖြစ်ပေါ်နေလေသည်။

​ရှန်ကျီအန်း၊ ကျောက်ကျားဒယ်၊ လျိုကျင်ယင်း၊ မော့ကျဲ၊ ရှုံးရှောင်ရှီ၊ လီထင်၊ ကျင်းရှင်း၊ လီတောက်ချင်း၊ ကျီပေါ်ချန်၊ ကောမင်၊ ရှားလင်းယွမ်၊ ဝူထျန်ချင်း...

​မကြာမီမှာပင် လူအများ စိတ်ဝင်စားနေကြသော ကလေးလေးအလှည့်သို့ ရောက်ရှိလာခဲ့သည်။

​သူက လုံးဝ ကြောက်ရွံ့ခြင်း မရှိချေ။ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ၏ ခေါင်းလေးကို မော့ကာ လေယူလေသိမ်း အလွန်ဝဲပြီး သိပ်မချောမွေ့သော တရုတ်ဘာသာစကားဖြင့် ပြောလိုက်၏။

​"ဟေး အားလုံးပဲ... ကျွန်တော့်နာမည် ဟမ်ဒန်ပါ..."

​သူက စကားအများကြီး မပြောသော်လည်း သူ၏ ခေါင်းပေါ်ရှိ ထူးခြားသော ဒေသခံခေါင်းပေါင်းနှင့် လက်ကောက်ဝတ်ရှိ ပက်တက်ဖိလစ်နာရီတို့က ကားခန်းတွင်း မီးရောင်အောက်တွင် အဆင့်အတန်းမြင့်မားစွာ တောက်ပနေပြီး စကားလုံးပေါင်းများစွာကို ကိုယ်စားပြု ပြောပြနေချေသည်။

​ခရီးသည် အများအပြားမှာ တိတ်တဆိတ် အံ့သြသွားကြရသည်။ ဒီကောင်လေး၏ နောက်ခံက သာမန် မဟုတ်ဘူးပဲ။

​ဟမ်ဒန် မိတ်ဆက်ပြီးနောက် လိမ္မာရေးခြားရှိစွာ ပြန်ထိုင်လိုက်လေသည်။

​နောက်ထပ် မတ်တတ်ရပ်လာသူမှာ အနည်းငယ် ဝဖြိုးပြီး ဆံပင်ပါးပါးနှင့် လူလတ်ပိုင်းအမျိုးသားတစ်ဦးပင်။ သူ၏ မျက်ဝန်းများက ဉာဏ်များပုံရသော်လည်း အနည်းငယ် ဂဏာမငြိမ် ဖြစ်နေခဲ့သည်။

​သူက အနည်းငယ် မျက်နှာချိုသွေးကာ ဖားတတ်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ဦးစွာ ကျန်းယဲ့ရှိရာဘက်သို့ အနည်းငယ် ဦးညွှတ်လိုက်ကာ ထို့နောက် ကားခန်းအတွင်းရှိ လူတိုင်းကို ခေါင်းညိတ်၍ ဦးညွှတ်လိုက်၏။

​"လေးစားအပ်ပါသော လူကြီးမင်းများ ခင်ဗျာ... ကောင်းသော နေ့လယ်ခင်းပါ။ ကျွန်တော်ကတော့ ဂျပန်နိုင်ငံက ခါမဲဒါအီချီရိုပါ။ ဒီလို အံ့သြစရာကောင်းတဲ့ ခရီးစဉ်မှာ ခင်ဗျားတို့အားလုံးနဲ့အတူ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ကို ကောင်းကောင်း ဂရုစိုက်ပေးကြဖို့ မျှော်လင့်ပါတယ်..."

​သူ၏ နာမည်နှင့် မည်သည့်နိုင်ငံသားဆိုသည်ကို ကြေညာလိုက်သည့် အခိုက်အတန့်တွင် ကားခန်းအတွင်းရှိ လေထုမှာ အနည်းငယ် အေးခဲသွားသကဲ့သို့ ဖြစ်သွားချေသည်။

​ကျန်းယဲ့၏ ပုံမှန် နူးညံ့သော အပြုံးလေးက အနည်းငယ် မှေးမှိန်သွားပြီး သူ၏ မျက်လုံးများက တည်ငြိမ်ကာ ခံစားချက် ကင်းမဲ့နေသော်လည်း ရှင်းပြ၍မရသော အကွာအဝေးတစ်ခု ခြားထားသည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

​၁၉၃၇ ခုနှစ်က ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကြီးကို ဖြတ်သန်းကြုံတွေ့ခဲ့ဖူးသော နဂါးပြာ၏ မျက်မှောင်များမှာ ချက်ချင်း တွန့်ချိုးသွားပြီး ခါမဲဒါအီချီရိုအပေါ်သို့ ကျရောက်သွားသော သူ၏ အကြည့်များမှာ ဓားတစ်လက်လို စူးရှကာ ဖုံးကွယ်မထားသော စိစစ်မှုနှင့် အေးစက်မှုများဖြင့် ပြည့်နှက်နေလေသည်။

​သူ၏ ဘေးရှိ ထပ်တူပင် ကြမ်းတမ်းသော သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ အကြည့်များမှာလည်း အတိုင်းအတာ တစ်ခုအထိ အေးစက်သွားကြ၏။

​ခါမဲဒါအီချီရိုက ရုတ်တရက် မဖော်ရွေတော့သော လေထုကို ရှင်းလင်းစွာ ခံစားမိသွားသည်။ ထို့ကြောင့် သူ၏ အပြုံးက အနည်းငယ် တောင့်တင်းသွားပြီး မသိစိတ်မှနေ၍ လည်ပင်းကို ကျုံ့လိုက်ကာ အသံကို နှိမ့်၍ မိတ်ဆက်ခြင်းကို အမြန်အဆုံးသတ်လိုက်ပြီးနောက် သူ၏ တည်ရှိမှုကို အတတ်နိုင်ဆုံး မသိသာစေရန် ကြိုးစားရင်း ပြန်ထိုင်လိုက်လေသည်။

​အနည်းငယ် အဆင်မပြေသော လေထုကြားတွင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခြင်းများက ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။

​"စုန့်ဇီဟန်..." ချိုသာသော ရုပ်ရည်နှင့် ချိုသာသော အသံပိုင်ရှင် ကောင်မလေးတစ်ဦး။

​"ရွှယ်ရို့..." ထပ်တူပင် လှပသော်လည်း အေးစက်ပြီး ခပ်တည်တည်ဟန်ရှိသော အခြားကောင်မလေး တစ်ဦး။

...

​နောက်ဆုံးတွင် ရင်ဘတ်၌ အထူးဗျူရို ရင်ထိုးကို တပ်ဆင်ထားသော လူငယ်လေးက မတ်တတ်ရပ်ကာ တိုတိုတုတ်တုတ် ပြောလိုက်၏။

(NT-ရှည်လွန်းနေလို့ အထူးဗျူရိုလို့ ရေးပါမယ်)

​"လုကျောက်ပါ..."

​ဒီနေရာတွင် ကားခန်းအတွင်းရှိ ခရီးသည် ငါးဆယ်စလုံး မိတ်ဆက်ပြီးသွားလေပြီ။

(NT- နာမည်၅၀မပြည့်ဘူးထင်တယ် ပြည့်ပြီတာပြောတာ.....)

​လုပ်ငန်းစဉ်အတွင်း အနည်းငယ် ထစ်ငေါ့မှုလေးများ ရှိခဲ့သော်လည်း အနည်းဆုံးတော့ တစ်ယောက်နှင့်တစ်ယောက် ကနဦးသိကျွမ်းသွားစေရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

​ကျန်းယဲ့၏ နူးညံ့သော အပြုံးလေးမှာ အနည်းငယ် မှေးမှိန်သွားရသည်။ သူက တက်ရောက်လာသူ အားလုံးကို ဝေ့ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

​"အားလုံးပဲ... အခု ကျွန်တော်တို့ မိတ်ဆက်ပြီးသွားပြီဆိုတော့ တစ်ယောက်ကိုတစ်ယောက် သိသွားကြပြီပေါ့။ ကျွန်တော်တို့ ရွှမ်ဝူတိုက်ကို မရောက်ခင်မှာ ခင်ဗျားတို့ကို ကြိုတင် အသိပေးရမယ့် အရမ်း အရေးကြီးတဲ့ စည်းမျဉ်းအနည်းငယ် ရှိပါတယ်..."

​"ဒီစည်းမျဉ်းတွေက ဒီခရီးစဉ်အတွင်းမှာ ခင်ဗျားတို့ရဲ့ ဘေးကင်းလုံခြုံမှုကို သေချာစေဖို့အတွက် အခြေခံအကျဆုံး အရာတွေပါ။ ဒါကြောင့် သေချာ မှတ်သားထားပြီး ဘယ်တော့မှ စည်းမကျော်ကြပါနဲ့..."

​"ပထမအချက်... ကျွန်တော်တို့ သွားမယ့်နေရာကို ရောက်တာနဲ့ ခရီးသွားအေဂျင်စီက ခရီးသည်တစ်ယောက်ချင်းစီအတွက် ကိုယ်ပျောက် ဝါးခမောက်တစ်ခုကို အလိုအလျောက် ဖန်တီးပေးပါလိမ့်မယ်။"

​"ဒီခမောက်က ပုံသဏ္ဌာန်မရှိသလို ထိတွေ့လို့လည်း မရဘူး။ ဒါပေမယ့် သူ့ရဲ့ အာနိသင်ကတော့ အရမ်း ထူးခြားတယ်။ သူက ရွှမ်ဝူတိုက်က ဌာနေသတ္တဝါတွေရဲ့ ပထမဆုံး စတင်တိုက်ခိုက်မှုအားလုံးကို လမ်းကြောင်းလွှဲပြီး ကာကွယ်ပေးနိုင်တယ်။ မှတ်ထားပါ... ပထမဆုံး စတင်တိုက်ခိုက်မှုကို ပြောတာပါ။ အဓိပ္ပာယ်က ခင်ဗျားတို့က စပြီး ရန်စတာမျိုး၊ တိုက်ခိုက်တာမျိုး မလုပ်သရွေ့ ဘယ်သတ္တဝါဆီကမဆို လာတဲ့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်မှုတိုင်းကို ဒီခမောက်ကနေ အလိုအလျောက် နောက်ကို ပြန်ကန်ထွက်သွားစေမယ်..."

​"ဒါပေမယ့်..."

​ကျန်းယဲ့က အလေးပေး ပြောလိုက်သည်။

​"ခင်ဗျားတို့ကသာ ကိုယ့်သဘောနဲ့ကိုယ် စပြီး ရန်စမယ်၊ တိုက်ခိုက်မယ် ဒါမှမဟုတ် ရှင်းလင်းတဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေမယ်ဆိုရင်တော့... အဲဒီ ဝါးခမောက်က ချက်ချင်း အာနိသင် ပျက်ပြယ်သွားပြီး ဘာအကာအကွယ်မှ ထပ်ပေးတော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ဘာပဲဖြစ်ဖြစ်... နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကိုယ့်ဘာသာ တာဝန်ယူရလိမ့်မယ်..."

အခန်း ၃၂၂ပြီး၏။

All Chapters