အခန်း ၃၂၃
Vol. 33 Ch. 323
အခန်း (၃၂၃) သူဌေးသားလေး ဟမ်ဒန်
"ဒုတိယအချက်... ခင်ဗျားတို့ နေမကောင်းဖြစ်တာပဲဖြစ်ဖြစ်၊ ခရီးစဉ်ကို အဆုံးသတ်ချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သက်ရှိတွေမဟုတ်တဲ့ တခြားအန္တရာယ်မျိုးနဲ့ ကြုံတွေ့ရရင်... ကိုကိုကျန်း... ကယ်ပါဦး ဒါမှမဟုတ် ကျန်းယဲ့... ကယ်ပါဦးလို့ အော်ဟစ်လိုက်တာပဲဖြစ်ဖြစ်၊ စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်ပါ။ အဲဒီအခါကျရင် ခင်ဗျားတို့ကို ကျွန်တော်တို့ရဲ့ ထွက်ခွာရာနဲ့ စုရပ်ဖြစ်တဲ့ အချိန်ဥမင်လိုဏ်ခေါင်းထဲက ဒီဘတ်စ်ကားပေါ်ကို ချက်ချင်း ပြန်ပို့ပေးပါလိမ့်မယ်။"
(NT- ခင်ဗျားဆိုပြီးသုံးလိုက်တာ ရိုင်းသလိုဖြစ်နေပေမဲ့ အားရလို့ သုံးလိုက်ပါတယ်...)
"ဒါပေမယ့်... ဒီအခွင့်အရေးကို ခရီးစဉ်တစ်ခုလုံးမှာ ခရီးသည်တစ်ယောက်အတွက် တစ်ကြိမ်ပဲ သုံးခွင့်ရှိတယ်။ တစ်ကြိမ် သုံးလိုက်တာနဲ့ နောက်ကျန်နေတဲ့ ခရီးစဉ်တွေအားလုံးကို အလိုအလျောက် စွန့်လွှတ်လိုက်တယ်လို့ သတ်မှတ်ပြီး အဲဒီခရီးသည်ကို ချက်ချင်း ပြန်ပို့ပေးမှာဖြစ်သလို ရွှမ်ဝူတိုက်ကိုလည်း နောက်တစ်ကြိမ် ဝင်ရောက်ခွင့် ရတော့မှာ မဟုတ်ဘူး..."
"နောက်ပြီးတော့..." ကျန်းယဲ့၏ အကြည့်များက အလွန် လေးနက်သွားရသည်။ "ခရီးသွားအေဂျင်စီက ပေးထားတဲ့ ကာကွယ်ရေးယန္တရားတွေကို အလွဲသုံးစား မလုပ်ပါနဲ့။ ပြီးတော့ ဟာကွက်တွေကို အသုံးချဖို့လည်း မကြိုးစားကြပါနဲ့..."
"ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေက ခရီးသွားခြင်းဆိုတဲ့ မူလရည်ရွယ်ချက်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေမယ်ဆိုရင် ကျွန်တော်တို့ ခရီးသွားအေဂျင်စီက ကာကွယ်ရေးယန္တရားကို ရုပ်သိမ်းသွားပါလိမ့်မယ်..."
သူတို့ မေ့သွားမည်ကို စိုးရိမ်သဖြင့် ကျန်းယဲ့က ထပ်မံ၍ လေးလေးနက်နက် သတိပေးလိုက်၏။ "မှတ်ထားပါ... စည်းမျဉ်းတွေကို မသမာတဲ့ ရည်ရွယ်ချက်နဲ့ အသုံးချတာတွေ.... အဆုံးအစမရှိတဲ့ လောဘတွေအတွက်ဆိုရင် ခရီးသွားအေဂျင်စီက ကာကွယ်ရေးစည်းမျဉ်းတွေကို ပယ်ဖျက်ခွင့် ရှိတယ်..."
"အဲဒီအချိန်ရောက်ရင်... ခင်ဗျားတို့ အသံကုန်ဟစ်ပြီး အော်ရင်တောင် ကျွန်တော်မပြောနဲ့ ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး..."
စည်းမျဉ်းက နှစ်ခုတည်းသာ ရှိသော်လည်း နောက်ဆုံးအချက်က ကားခန်းအတွင်းရှိ အနည်းငယ် စိတ်လှုပ်ရှားကာ ဂဏာမငြိမ်ဖြစ်နေသော လေထုကို ချက်ချင်း အေးခဲသွားစေခဲ့သည်။
ဤခရီးစဉ်က အဆုံးအစမရှိသော အခွင့်အရေးများကို ပေးစွမ်းနိုင်သော်လည်း ပေါ့ပေါ့ဆဆကစားရမည့်နေရာ လုံးဝမဟုတ်ကြောင်း လူတိုင်း သဘောပေါက်သွားကြရသည်။ ဘေးကင်းလုံခြုံရေးဆိုသည်မှာ စည်းမျဉ်းများအတွင်းတွင်သာ ရှိပြီး ကိုယ်ပိုင် စည်းကမ်းရှိမှုနှင့် အမည်မသိအရာများအပေါ် ရိုသေလေးစားမှုရှိရန်လည်း မရှိမဖြစ် လိုအပ်လှသည်။
အရမ်းကြီး မောက်မာနေလို့တော့ မရချေ။
လူတိုင်း၏ မျက်နှာပေါ်ရှိ လေးနက်သော အမူအရာများကို မြင်သောအခါ ကျန်းယဲ့က သူတို့က သူ၏ အကြံပေးချက်များကို ရင်ထဲရောက်သွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် လေသံကို အနည်းငယ် ပျော့ပျောင်းလိုက်၏။ "ကောင်းပြီ... ဒါတွေက စည်းမျဉ်းတွေပါပဲ။ မှတ်ထားပါ.... လိုက်နာပါ။ အဲဒါတွေက ခင်ဗျားတို့ရဲ့ အခိုင်မာဆုံး အကာအကွယ်တွေ ဖြစ်လာပါလိမ့်မယ်..."
ဒါတွေက ခရီးသည်တွေရဲ့ အခွင့်အရေးတွေပင်။ သို့သော် ဧည့်လမ်းညွှန်တစ်ယောက်အနေဖြင့် အထက်ပါ အခွင့်အရေး နှစ်ခုအပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပိုမိုလွှမ်းမိုးနိုင်စွမ်းရှိသော နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးလေသည်။ ၎င်းမှာ သတ်ဖြတ်မှုကင်းစင်ခြင်းနယ်မြေပင်။
၎င်းက သူ့ကို ဗဟိုပြု၍ မီတာ ၅၀၀ အချင်းဝက်အတွင်း သတ်ဖြတ်မှု ကင်းစင်ခြင်းနယ်မြေတစ်ခုက အလိုအလျောက် ဖွဲ့စည်းတည်ရှိနေမည် ဖြစ်သည်။
ဤနယ်မြေအတွင်းတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက် နှင့် တိုက်ရိုက် တိုက်ခိုက်မှုအပြုအမူအားလုံးကို အတင်းအကျပ် ဖိနှိပ်တားဆီးပစ်မည် ဖြစ်၏။
ဆိုလိုသည်မှာ... တစ်ဝက်တစ်ပျက် လုပ်ဆောင်နေသော တိုက်ခိုက်ရေး မန္တန်များမှာ အာနိသင် ပျက်ပြယ်သွားမည်ဖြစ်ပြီး သူတို့ဆီသို့ ဦးတည်လာသော မှော်လက်နက်များမှာလည်း စွမ်းအင်မဲ့သွားမည် ဖြစ်သည်။
ယင်းက သူ၏နယ်မြေအတွင်းရှိ ခရီးသည်အဖွဲ့ ဘေးကင်းလုံခြုံရေးကို အမြင့်ဆုံး အတိုင်းအတာအထိ သေချာစေနိုင်ချေသည်။
သေချာတာပေါ့... သတ်ဖြတ်မှု ကင်းစင်ခြင်းနယ်မြေတွင် အခြားသော အသုံးဝင်မှုများစွာ ရှိသေးပေသည်။ ၎င်းတို့က လိုအပ်လာချိန်တွင် အသုံးဝင်နိုင်သလို ဤဟင်းလင်းပြင်ကမ္ဘာအပြင်ဘက်တွင်မူ အသုံးမဝင်တာမျိုးလည်း ဖြစ်နိုင်လေသည်။
ကျန်းယဲ့က အသက်ရှင်သန်ရေး စည်းမျဉ်းများကို ရှင်းပြပြီးနောက် ခေတ်မီအဝတ်အစားများကိုသာ ဝတ်ဆင်ထားဆဲဖြစ်သော ကားခန်းအတွင်းရှိ ခရီးသည်များကို ကြည့်ကာ ထပ်ပြောလိုက်၏။
"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ကျွန်တော်တို့က သူ့ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့ ဝတ်စားဆင်ယင်မှု စနစ်ရှိတဲ့ ကျင့်ကြံခြင်းကမ္ဘာတစ်ခုထဲကို ဝင်ရောက်တော့မှာပါ။ ဒါကြောင့် ခင်ဗျားတို့ရဲ့ တီရှပ်တွေ၊ ဂျင်းဘောင်းဘီတွေ၊ စနီကာတွေက အရမ်းကို မျက်စိနောက်စရာ ဖြစ်နေလိမ့်မယ်။ ခင်ဗျားတို့ ဝင်သွားတာနဲ့ လူတွေရဲ့ အာရုံစိုက်မှုကို ခံရတော့မှာ.... အဲဒါက ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားနိုင်သလို မလိုအပ်တဲ့ ပြဿနာတွေကိုလည်း အလွယ်တကူ ဆွဲဆောင်နိုင်တယ်"
"ဒါကြောင့် မဝင်ခင်မှာ... လူတိုင်းက ရွှမ်ဝူတိုက်ရဲ့ ပင်မ ရသနဲ့ စတိုင်လ်နဲ့ ကိုက်ညီတဲ့ ဝတ်စုံတစ်စုံကို ဝယ်ယူဖို့ လိုအပ်ပါတယ်။ အဲဒီအထဲမှာ ဆံပင်တု၊ အဝတ်အစား၊ ဖိနပ်နဲ့ အခြေခံ အဆင်တန်ဆာတချို့ ပါဝင်ပါမယ်"
ကျန်းယဲ့က အစပိုင်းတွင် ဤငွေပမာဏ အနည်းငယ်ကို ယခင်က ဦးထုပ်များ သို့မဟုတ် ခရီးဆောင်အိတ်များ လက်ဆောင်ပေးခဲ့သကဲ့သို့ ခရီးသွားအေဂျင်စီမှ ပေးသော အခွင့်အရေးတစ်ခုအဖြစ် ယူဆနိုင်သည်ဟု ထင်ထားခဲ့သည်။
သို့သော် [ရွှမ်ဝူတိုက် : ခရီးသည်အခြေခံ ဝတ်စုံတွဲ] ၏ ဈေးနှုန်းတံဆိပ်ကို မြင်လိုက်ရသောအခါ သူက ထိုအကြံကို ချက်ချင်းပင် တိတ်တဆိတ် စွန့်လွှတ်လိုက်လေသည်။
"....."
တွက်တာ လွဲသွားလိုက်တာကွာ...
ဒီဈေးနှုန်းက အရင်ကနဲ့ ယှဉ်ရင် လုံးဝ တစ်ခြားစီပဲ...
အရင်တုန်းက ရှေးဟောင်းကမ္ဘာကို သွားတုန်းက ကြမ်းတမ်းတဲ့ လျှော်တေအဝတ်တစ်စုံနဲ့ ဆံပင်တုတစ်ခု ရခဲ့တယ်။ အဲဒီတုန်းက စနစ်ရဲ့ အမြင့်ဆုံးကောက်ခံငွေက ဒေါ်လာတစ်ရာ ဝန်းကျင်လောက်ပဲ ရှိတာလေ....
ဒါပေမယ့် အခုကျတော့ ရွှမ်ဝူတိုက်ရဲ့ အပေါဆုံး၊ အရောင်အရင့်ဆုံးနဲ့ အစေခံတွေဝတ်တဲ့ ပုံပေါက်နေတဲ့ အခြေခံဝတ်စုံကတောင် ယွမ် ၅၀,၀၀၀တဲ့ လခွီး....
နည်းနည်းလေး ကြည့်ကောင်းပြီး ကျင့်ကြံသူတွေရဲ့ ကျက်သရေရှိတဲ့ အငွေ့အသက်လေးပါတဲ့ ဝတ်စုံတွေဆိုရင် ယွမ် ၁ သိန်း၊ ၂ သိန်းအထိကို တိုက်ရိုက် ထိုးတက်သွားတာနော်....
တစ်ခုတည်းသော အားသာချက်ကတော့ စနစ်က ဖော်ပြထားသည့် အချက်ပင်။ [ဤဝတ်စုံသည် ရုပ်ဝတ္ထုပစ္စည်း လဲလှယ်ခြင်းဖြစ်ပါသည်။ ခရီးစဉ်ပြီးဆုံးပြီးနောက်တွင် ခရီးသည်၏ ပိုင်ဆိုင်မှု ဖြစ်သွားမည်ဖြစ်ပြီး စနစ်မှ ပြန်လည် သိမ်းဆည်းမည် မဟုတ်ပါ]
ကျန်းယဲ့က ဖွဖွလေး ချောင်းဟန့်လိုက်၏။ "အဟမ်း... အင်း... လူတိုင်းရဲ့ မတူညီတဲ့ အလှအပ ခံစားမှုနဲ့ ကိုယ်ပိုင်အကြိုက်တွေကို ထည့်သွင်းစဉ်းစားပြီး ဒီခရီးစဉ်အတွက် ဒေသခံ ဝတ်စုံတွေကိုတော့ လူတိုင်း ကိုယ့်ဘာသာကိုယ် ဝယ်ယူရပါမယ်။ ရွေးချယ်စရာ စတိုင်လ်အမျိုးမျိုးကို ကျွန်တော် ပြင်ဆင်ပေးထားလို့ လူတိုင်းအတွက် တစ်ခုခုတော့ ရှိမှာပါ..."
ထို့နောက် သူက စကားအကြောင်းအရာကို ပြောင်းလိုက်ပြီး အကြံပြုလိုက်ပြန်သည်။ "ဒါပေမယ့် လူတိုင်းက အဝတ်အစားရဲ့ စတိုင်လ်နဲ့ အရောင်ကို အတတ်နိုင်ဆုံး တစ်သမတ်တည်း ဖြစ်အောင် ရွေးချယ်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။ ဒါမှသာ အပြင်ဘက်မှာ လူကွဲသွားတာပဲဖြစ်ဖြစ်၊ အခြေအနေတစ်ခုခုနဲ့ ကြုံရတာပဲဖြစ်ဖြစ်... ခင်ဗျားတို့က အဖွဲ့တစ်ဖွဲ့တည်းဆိုတာကို တခြားသူတွေ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်မှာပါ။ အဲဒါက ခြောက်လှန့်နိုင်တဲ့ အာနိသင်ရှိပြီး ခင်ဗျားတို့ကို ပိုပြီး ဘေးကင်းစေပါလိမ့်မယ်..."
သူက စကားပြောရင်း ကားခန်းအရှေ့ဘက်တွင် စနစ်ဈေးဝယ်စင်တာကို ပုံရိပ်ယောင် ထင်ဟပ်ပြသရန် စနစ်ကို လုပ်ဆောင်လိုက်ရာ ခရီးသည်အားလုံး ရှင်းလင်းစွာ မြင်နိုင်သော ကြီးမားသည့် ဖောက်ထွင်းမြင်ရသော အလင်းရောင်မျက်နှာပြင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အလင်းရောင်မျက်နှာပြင်ပေါ်တွင် မျက်စိကျိန်းမတတ် များပြားလှသော ကုန်ပစ္စည်းများ ချက်ချင်း ပေါ်လာချေသည်။
ပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်ထားသော ဆံပင်တုများ၊ ရိုးရှင်းသော သစ်သားဆံထိုးများမှစ၍ အသေးစိတ် ပြုလုပ်ထားသော ကျောက်စိမ်း သရဖူများနှင့် မြင့်မားသော ဆံထုံးများအထိ အားလုံး ရရှိနိုင်၏။
အဝတ်အစားများမှာ ကြမ်းတမ်းသော အဝတ်တိုများ၊ ကိုယ်ကျပ်ဝတ်စုံများမှစ၍ ပိုးသားဝတ်ရုံရှည်များအထိ စတိုင်လ်အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အချို့က နတ်သားနတ်သမီးများကဲ့သို့ ကျက်သရေရှိလှပြီး အချို့ကမူ မှိုင်းညို့ကာ ထူးခြားမှုမရှိလှချေ။
အဆင်တန်ဆာအပိုင်းက ပို၍ပင် မျက်စိကျိန်းစရာ ကောင်းနေသေးသည်။ ကျောက်စိမ်းဆွဲကြိုးများ၊ နံ့သာအိတ်များ၊ ယင်မောင်းများ နှင့် အသွားမသွေးရသေးသော အလှဆင် ဓားရှည်များပင် ပါဝင်သေးလေသည်။
ခရီးသည်များမှာ မကြာခဏဆိုသလို သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရောက်ရှိနေသော ဈေးနှုန်းများကို မြင်ပြီး တိတ်တဆိတ် အံ့သြသွားကြသော်လည်း တကယ့် ကျင့်ကြံခြင်းကမ္ဘာကို သွားရမည်ဟု တွေးလိုက်မိသောအခါ ထိုလက်မှတ်ခက လက်ခံနိုင်စရာ ဖြစ်နေပုံရသည်။
အချိန်တိုအတွင်း ဆွေးနွေးတိုင်ပင်ပြီးနောက် ခရီးသည် ငါးဆယ်မှာ နောက်ဆုံးတွင် သဘောတူညီမှုတစ်ခု ရရှိသွားခဲ့ကြသည်။
အထွေထွေ ပုံရိပ်နှင့် ဘေးကင်းလုံခြုံရေးအတွက် အမျိုးသားနှင့် အမျိုးသမီးများက အရွယ်အစား ကွဲပြားသော လွင့်မျောနေသောတိမ်တိုက်နှင့် လိမ့်ဆင်းနေသော နှင်းပွင့်ဝတ်စုံတွဲ တူညီသော စီးရီးကို အသီးသီး ရွေးချယ်လိုက်ကြ၏။
အမျိုးသားများအတွက် ဝတ်စုံမှာ လရောင်အဖြူရောင် အဓိကဖြစ်ပြီး အပြာနုရောင်တိမ်တိုက်ပုံစံများပါသော လည်ပင်းကြက်ခြေခတ် လက်ကျယ်ဝတ်ရုံနှင့် တွဲဖက်ထားခဲ့သည်။
အမျိုးသမီးများအတွက် ဝတ်စုံမှာ အပြာနုရောင် အဓိကဖြစ်ပြီး ရင်ဖုံးအင်္ကျီနှင့် အောက်ခံဝတ်ရုံရှည်သို့မဟုတ် ရှည်လျားသော ဝတ်ရုံအပြည့်ပေါ်တွင် ငွေရောင်အပ်ချည်ဖြင့် ထိုးထားသော ပုံစံများ ပါဝင်သည်။ ၎င်းက အဖွဲ့အတွင်း တညီတညွတ်တည်း ဖြစ်မှုကို ထိန်းသိမ်းထားရင်း အလွန် ကျက်သရေရှိကာ နူးညံ့နေပုံရလေသည်။
ဆံပင်ပုံစံများကိုမူ ကိုယ်ပိုင်အကြိုက်နှင့် မျက်နှာပုံစံအလိုက် လွတ်လပ်စွာ ရွေးချယ်နိုင်၏။ တူညီရမည်ဟူသော ကန့်သတ်ချက် မရှိချေ။
အဆင်တန်ဆာများနှင့် ပတ်သက်၍မူ ကိုယ်ပိုင် ငွေကြေးအင်အားနှင့် အကြိုက်ပေါ်တွင်သာ လုံးလုံးလျားလျား မူတည်လေသည်။ ပိုက်ဆံရှိသူများက မိမိကိုယ်ကို အလှဆင်ရန် ကျောက်စိမ်းဆွဲကြိုးများ၊ ဆံထိုးများနှင့် အခြားပစ္စည်းများကို ဝယ်ယူနိုင်ပြီး ဘတ်ဂျက်အကန့်အသတ်ရှိသူများကတော့ အခြေခံဝတ်စုံတွဲများကိုသာ ရွေးချယ်နိုင်ကြသည်။
လူတိုင်း ငွေရှင်းတော့မည့်အချိန်မှာပင် ခေါင်းတွင် အဝတ်ပေါင်းထားသော ကလေးလေးဟမ်ဒန်က ရုတ်တရက် သူ၏ လက်ကို မြင့်မြင့်မြှောက်လိုက်၏။
"ခဏလေး နေကြပါဦး... လူတိုင်းရဲ့ အဝတ်အစားတွေနဲ့ ဆံထုံးတွေအတွက် ကျွန်တော် ရှင်းပေးပါ့မယ်။ အစ်ကိုကြီး၊ အစ်မကြီး၊ ဦးလေးနဲ့ အဒေါ်တွေ အားလုံးကို ကျွန်တော်က လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်ပါ..."
ယင်းကို ကြားသောအခါ ကားခန်းအတွင်းတွင် အသက်ရှူမှားသွားသံများနှင့် တိုးတိုး တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာချေသည်။
အစက ငွေကြေး မလောက်မငှဖြစ်နေသော ခရီးသည်များမှာ ချက်ချင်းပင် အံ့သြဝမ်းသာကာ ကျေးဇူးတင်သည့် အမူအရာများ ထွက်ပေါ်လာပြီး သူတို့အားလုံးက ဟမ်ဒန်ထံသို့ ကျေးဇူးတင်စကားများနှင့် အကြည့်များဖြင့် လှည့်လာခဲ့ကြသည်။
"တကယ်လား... ကလေးလေး... မင်းက အရမ်း ရက်ရောတာပဲ..."
"ကျေးဇူးပါပဲ ညီလေး ဟမ်ဒန်ရေ..."
"ဒါကို ငါ လက်မခံနိုင်ပါဘူး... အရမ်း ဖြုန်းတီးရာကျလွန်းတယ်..."
ဟမ်ဒန်က လူတိုင်း၏ ကျေးဇူးတင်မှုကို ခံရသည်ကို အလွန် သဘောကျနေပုံရသည်။ သူက ခေါင်းလေးကို မော့ကာ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးလေးများ ဝေဆာနေပြီး သူ၏ လက်ကလေးကို ဝှေ့ယမ်းပြလိုက်၏။ ဒါက ပိုက်ဆံ နည်းနည်းလေးပါဆိုသည့် ဟန်ပန်မျိုးကို ပြသနေလေသည်.....
အခန်း ၃၂၃ပြီး၏။