အခန်း ၃၂၄
Vol. 33 Ch. 324
အခန်း (၃၂၄) နေရာပြောင်းရွှေ့ခြင်းအစီအရင်
ကျန်းယဲ့က မည်သည့်စကားမှ မပြောသလို ဝင်ရောက်စွက်ဖက်ခြင်းလည်း မပြုဘဲ ဘေးမှနေ၍သာ စောင့်ကြည့်နေခဲ့သည်။
ခရီးသည်များအနေဖြင့် အခြားသူများထံမှ လက်ဆောင်များ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ၎င်းမှာ သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုနှင့် လွတ်လပ်ခွင့်သာ ဖြစ်ပြီး ဧည့်လမ်းညွှန်တစ်ယောက်ဖြစ်သော သူက ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။
သို့သော်လည်း ဟမ်ဒန်၏ ရက်ရောမှုက ဒီလောက်နဲ့တင် ရပ်မသွားခဲ့ချေ။
သူက စနစ်ဈေးဝယ်စင်တာတွင် မျက်တောင်တစ်ချက် မခတ်ဘဲ ဈေးဝယ်နေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဈေးကြီးလှသော အဆင်တန်ဆာ ပစ္စည်းအမြောက်အမြားကို ဝယ်ယူလိုက်သည်။
ကျောက်စိမ်း ခါးပတ်များ၊ ဖုန်စုပ်ပုတီးစေ့များ၊ မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်နေသော အသေးစိတ် ပြုလုပ်ထားသည့် ဆံထိုးများ...
ငွေအမြောက်အမြား ရှင်းပြီးနောက်တွင် မျက်စိကျိန်းစရာ ကောင်းလှသော အဆင်တန်ဆာ ပစ္စည်းပုံကြီးက ကျန်းယဲ့၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။
"ဒါရိုက်တာကျန်း..." ကလေးလေးက တောက်ပသော မျက်လုံးလေးများဖြင့် ကျန်းယဲ့ကို မော့ကြည့်ကာ သူ၏ လက်မောင်းထဲရှိ တန်ဖိုးကြီး အဆင်တန်ဆာများကို ကမ်းပေးလိုက်၏။ "ဒါတွေ အကုန်လုံးက အကို့အတွက်ပါ..."
ဧည့်လမ်းညွှန်ကို လာဘ်ထိုးရန် ကြိုးစားနေသော သူဌေးပေါက်စလေးကို ကြည့်ကာ ကျန်းယဲ့က တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
ဒီကောင်လေးက အသက်သာ ငယ်တာ... လူမှုဆက်ဆံရေးကို တော်တော် ကျွမ်းကျင်တာပဲ။
သူက ပြုံးကာ ခေါင်းခါပြလိုက်လေသည်။ "မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် ဟမ်ဒန်။ အကို ဒါတွေ မလိုပါဘူး။ မင်းအတွက်ပဲ ထားလိုက်ပါ..."
ငြင်းပယ်ခံလိုက်ရသဖြင့် ဟမ်ဒန်က မတရားခံရသလို နှုတ်ခမ်းဆူသွားကာ တီးတိုး ရေရွတ်လိုက်၏။
"တစ်ခုမှ မယူဘူးလား... ဒါတွေ အကုန်လုံးက အကြည့်မခံလို့လား... ရပါတယ်... အကိုကြိုက်တာဆိုရင် ဘာဖြစ်ဖြစ် ကျွန်တော် ဝယ်ပေးမယ်လေ..."
သူ၏ ရူးကြောင်ကြောင် အမူအရာလေးကို ကြည့်ကာ ကျန်းယဲ့မှာ ရယ်ချင်သလို၊ ဘာလုပ်ရမှန်း မသိသလို ဖြစ်သွားရသည်။ ကလေးလေး၏ စိတ်အားထက်သန်မှုကိုလည်း အရမ်းကြီး မရိုက်ချိုးချင်သလို သူ့ကို ဆက်ပြီး ပိုက်ဆံ မဖြုန်းစေချင်တော့ချေ။
ထို့ကြောင့် သူ၏ အကြည့်များက အဆင်တန်ဆာပုံကြီးပေါ်သို့ ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူက လက်လှမ်းကာ ရိုးရှင်းသော တိမ်တိုက်ပုံစံများ ထွင်းထုထားသည့် နွေးထွေးပြီး ချောမွေ့သော အပြာရောင် ကျောက်စိမ်းဆွဲကြိုးတစ်ခုနှင့် သာမန်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော်လည်း ရိုးရှင်းကာ ကျက်သရေရှိသော ပုံစံရှိသည့် ဆံထိုးတစ်ခုကို ကောက်ယူလိုက်၏။
"ကောင်းပြီလေ... ဒီနှစ်ခုကိုပဲ အကို လက်ခံလိုက်မယ်။ လက်ဆောင်အတွက် ကျေးဇူးပဲ ဟမ်ဒန်..."
ကျန်းယဲ့က ကျောက်စိမ်းဆွဲကြိုးကို သူ၏ ခါးတွင် ချည်လိုက်ပြီး ကျောက်စိမ်းဆံထိုးကိုမူ ဆံထုံးတွင် သာမန်ကာလျှံကာ ထိုးလိုက်ကာ ကလေးလေး၏ ခေါင်းကို ပွတ်သပ်ရင်း ပြုံးလျက် ပြောလိုက်သည်။
"ကျန်တာတွေကို မင်းအတွက်ပဲ ထားလိုက်တော့နော်... ဒါမှမဟုတ် မင်းရဲ့ တခြား သူငယ်ချင်းတွေကို လက်ဆောင်ပေးလိုက်ပေါ့... ဟုတ်ပြီလား..."
ကျန်းယဲ့က လက်ဆောင်ကို နောက်ဆုံးတွင် လက်ခံလိုက်သည်ကို မြင်သောအခါ ဟမ်ဒန်မှာ ကျေနပ်သွားပြီး သူ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပြန်လည် ထွက်ပေါ်လာလေသည်။ သူက ခေါင်းတဆတ်ဆတ် ညိတ်ကာ ပြောလိုက်၏။ "အိုကေ..."
ထို့နောက် ကျန်းယဲ့က အတည်ပြုသည်ကို နှိပ်လိုက်ပြီးနောက် မှိန်ပျပျ အလင်းရောင်တစ်ချက် လင်းလက်သွားပြီး ခရီးသည်များ၏ ခေတ်မီအဝတ်အစားများမှာ ရှေးဟောင်းပုံစံ အင်မော်တယ်ကျင့်ကြံရေးလောကဝတ်စုံများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကားခန်းတစ်ခုလုံးက လွင့်မျောနေသော လက်ကျယ်ကြီးများနှင့် တဖျပ်ဖျပ်လွင့်နေသော ဝတ်ရုံများ၏ ကျက်သရေရှိလှသည့် လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။ ခေတ်မီခရီးသည်များမှာ ပြောင်းလဲသွားကြပြီး အင်မော်တယ် ကျင့်ကြံသူများ၏ အငွေ့အသက်ကို အမှန်တကယ် ပိုင်ဆိုင်သွားကြချေပြီ။
အသင့်ဖြစ်နေသော အဖွဲ့ကို ကြည့်ကာ ကျန်းယဲ့က ပြောလိုက်၏။ "ကျွန်တော်တို့ ရွှမ်ဝူတိုက်ကို ရောက်တော့မယ်။ အားလုံးပဲ လက်ရန်းတွေကို သေချာကိုင်ပြီး ထိုင်ခုံတွေမှာ သေချာ ထိုင်ကြပါ..."
သူ၏ အကြည့်က ပြတင်းပေါက်ဆီသို့ ပြောင်းသွားလေသည်။ အချိန်ဥမင်လိုဏ်ခေါင်း၏ အရှေ့ဘက်တွင် ပြန့်ကျဲနေသော ကြယ်ပွင့်လေးများကဲ့သို့ သေးငယ်သော အဖြူရောင်အလင်းတန်းလေးများက တဖြည်းဖြည်း ကြီးမားလာနေခဲ့သည်။
အဖြူရောင် အလင်းတန်း မှေးမှိန်သွားသည်နှင့်အမျှ ကျန်းယဲ့နှင့် ခရီးသည်ငါးဆယ့်တစ်ဦး၏ ပုံရိပ်များက ကြီးမားကျယ်ဝန်းပြီး အမည်မသိ ကျောက်စိမ်းတစ်မျိုးဖြင့် ခင်းကျင်းထားသော ရှေးဟောင်း စင်မြင့်တစ်ခုပေါ်တွင် ထွက်ပေါ်လာကြသည်။
စင်မြင့်၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများကို မရေမတွက်နိုင်အောင် ထွင်းထုထားလေသည်။ ယခုအချိန်တွင် ထိုသင်္ကေတများက အတွင်းပိုင်းမှ အပြင်ပိုင်းသို့ တစ်ခုပြီးတစ်ခု လင်းလက်လာကြပြီး ပြင်းထန်သော ဟင်းလင်းပြင် အပြောင်းအလဲ အလင်းတန်းများကို ထုတ်လွှတ်နေချေသည်။
သူတို့က အခုလေးတင် အသက်သွင်းလိုက်သော ကြီးမားသည့် နေရာပြောင်းရွှေ့ခြင်းအစီအရင်ကြီး၏ အလယ်ဗဟိုတည့်တည့်သို့ ဆင်းသက်လာခဲ့ခြင်းပင်။
နေရာပြောင်းရွှေ့ခြင်း အစီအရင်၏ အပြင်ဘက်တွင် ကွဲပြားသော ဝတ်စုံများ ဝတ်ဆင်ထားသော်လည်း အားကောင်းသော ဝိညာဉ်ဖိအားများကို ထုတ်လွှတ်နေသည့် ကျင့်ကြံသူ ခုနစ်ဦးမှာ အစီအရင်၏ အဓိက အချက်အချာနေရာများတွင် ထိုင်နေကြပြီး သူတို့၏ လက်များက လက်သင်္ကေတများကို ပြုလုပ်ကာ အစီအရင်အတွင်းသို့ ဝိညာဉ်စွမ်းအင်များ သွန်းလောင်းပေးနေကြသည်။
သို့သော်လည်း အစီအရင်မှာ အတောက်ပဆုံးဖြစ်နေပြီး အပြည့်အဝ အသက်ဝင်လာကာ နောက်ဆုံး နေရာပြောင်းရွှေ့ခြင်းကို အပြီးသတ်တော့မည့် အချိန်လေးမှာပင် သူစိမ်း ငါးဆယ့်တစ်ဦးမှာ အစီအရင်အတွင်းသို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့လေသည်။ သူတို့က တူညီပြီး ဆင်တူသော စတိုင်လ်များကို ဝတ်ဆင်ထားကြသော်လည်း ၎င်းမှာ လူသိများသော မည်သည့် ဂိုဏ်း၏ ဝတ်စုံနှင့်မျှ မသက်ဆိုင်ကြောင်း ရှင်းလင်းစွာ သိနိုင်ချေသည်။
ဤရုတ်တရက် ဖြစ်ရပ်ကြောင့် အတွေ့အကြုံရင့် ရွှေအမြုတေအဆင့် အစောင့်အရှောက်ခုနစ်ဦးမှာ လုံးဝ အံ့သြမှင်တက်သွားကြပြီး ဝိညာဉ်စွမ်းအင်များကို ထိန်းသိမ်းရာတွင် အနည်းငယ် တုံ့ဆိုင်းသွားကြသဖြင့် အစီအရင်ကိုပင် မတည်မငြိမ် ဖြစ်သွားလုနီးပါး ဖြစ်စေလေသည်။
"ဘယ်သူတွေလဲ..."
"သူတို့က ဘယ်လိုလုပ်ပြီး အစီအရင်ထဲကို ရုတ်တရက် ရောက်လာကြတာလဲ..."
မီးတောက်ပုံစံများ ထိုးထားသည့် ခမ်းနားသော အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အင်မော်တယ် အငွေ့အသက်များ ထွက်ပေါ်နေကာ မျက်နှာပေါ်တွင် အံ့သြမှုနှင့် ဒေါသတို့ကြောင့် ပုံပျက်နေသော ဖန်ထျန်တောင်ကြားမှ ရွှေအမြုတေအဆင့် အမျိုးသား ကျင့်ကြံသူက ကျန်ခြောက်ဦးကို လျှပ်စီးကဲ့သို့ ဝေ့ကြည့်ကာ ပထမဆုံး စကားစလိုက်၏။
"ဒါတွေက ဘယ်သူ့လူတွေလဲ..."
ကျန်ရစ်သော ရွှေအမြုတေအဆင့် ကျင့်ကြံသူ ခြောက်ဦးမှာလည်း အံ့သြသွားကြပြီး အစီအရင်အတွင်းရှိ စပ်စုချင်ဟန်ရှိနေကြသော သူစိမ်းငါးဆယ့်တစ်ဦးကို သေချာစွာ စိုက်ကြည့်ပြီးနောက်တွင် မဟုတ်ကြောင်း ငြင်းဆိုရန် ခေါင်းခါပြလိုက်ကြသည်။
အသွားမပါသော ဧရာမဓားကြီးကို ကျောတွင်လွယ်ထားပြီး ခန္ဓာကိုယ်တောင့်တင်းခိုင်မာသည့် မြင့်မြတ်ဓားဂိုဏ်းမှ ရွှေအမြုတေအဆင့် အမျိုးသားကြီးက ကျယ်လောင်စွာ ပြောလိုက်၏။ "ငါတို့ မြင့်မြတ်ဓားဂိုဏ်းက တပည့်တွေ မဟုတ်ဘူး။ အရင်က တစ်ခါမှကို မမြင်ဖူးတာ..."
အစီအရင်ထောင်ချီဂိုဏ်း၏ ဝတ်ရုံကို ဝတ်ဆင်ထားသော ရွှေအမြုတေအဆင့် ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်လေသည်။ "ငါတို့ အစီအရင်ထောင်ချီဂိုဏ်းက လူတွေလည်း မဟုတ်ဘူး..."
လင်ရှကျောင်းတော်မှ တာအိုဘုန်းကြီးအိုကြီးကလည်း သူ၏ ယင်မောင်းစွတ်တံကို ရမ်းကာ ခေါင်းခါပြလိုက်သည်။ "ငါ့ကျောင်းတော်က တပည့်တွေ မဟုတ်ပါဘူး..."
(NT-သိုင်းကားတွေထဲပါတဲ့ တုတ်ချောင်းပေါ် အမွေးမွမွတပ်ထားတာလေ အဲ့တာကို ဘာခေါ်မှန်းမသိလို့ စျေးထဲ ယင်မောင်းတဲ့ တုတ်တံလို့ ရေးထားတယ် ဟီး...)
လင်ရှောင်ဓားဂိုဏ်းမှ ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူက အေးစက်စွာ ပြန်ဖြေလိုက်သည်။ "ငါ့ဂိုဏ်းက လူတွေလည်း မဟုတ်ဘူး..."
မုရှီးတောင်ကြားမှ ရွှေအမြုတေအဆင့် အမျိုးသမီးကျင့်ကြံသူက ညင်သာစွာ ခေါင်းခါပြလိုက်၏။ "ငါ့တောင်ကြားနဲ့လည် ဘာမှမဆိုင်ဘူး..."
အပြာနုရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မှိန်ပျပျ မြူခိုးများဖြင့် ဝိုင်းရံထားသကဲ့သို့ ရှိနေသော ရေနက်စံအိမ်မှ ရွှေအမြုတေအဆင့် အမျိုးသမီး ကျင့်ကြံသူက ကျန်းယဲ့နှင့် အခြားသူများ ဝတ်ဆင်ထားသည့် အင်မော်တယ် အငွေ့အသက်အပြည့် ပါဝင်နေသော လွင့်မျောနေသောတိမ်တိုက်နှင့် လိမ့်ဆင်းနေသော နှင်းပွင့်ဝတ်စုံတွဲများအပေါ်တွင် ခေတ္တမျှ အကြည့်ရပ်သွားခဲ့သည်။
သူမက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ "သူတို့ရဲ့ ဝတ်စားဆင်ယင်မှု စတိုင်လ်ကို ကြည့်ရတာ လင်ရှကျောင်းတော်က တာအိုမိတ်ဆွေတွေရဲ့ လွတ်လပ်တဲ့ စတိုင်လ်နဲ့ နည်းနည်း ဆင်နေသလိုပဲ..."
ယင်းကို ကြားသောအခါ လင်ရှကျောင်းတော်မှ တာအိုဘုန်းကြီးအိုကြီးမှာ အမြီးနင်းခံရသော ကြောင်တစ်ကောင်လို ခုန်ထွက်လုမတတ် ဖြစ်သွားပြီး ရေနက်စံအိမ်မှ အမျိုးသမီးကျင့်ကြံသူအား ဒေါသတကြီး လက်ညှိုးထိုးကာ ပြောလိုက်၏။ "ရွှေယွဲ့နတ်သမီး... အခြေအမြစ်မရှိ စွပ်စွဲချက်တွေ မလုပ်ပါနဲ့။ ငါ့ရဲ့ လင်ရှကျောင်းတော်က တပည့်တွေက ဒီလို ခိုးကြောင်ခိုးဝှက် ကိစ္စမျိုး လုပ်မလား... သူတို့ရဲ့ အပြာနုရောင် အရောင်ကို ကြည့်ရတာ ရေနက်စံအိမ်က လူတွေ ရုပ်ဖျက်ထားတာ ရှင်းနေတာပဲလေ..."
"ရှင်... ချင်းရွှီဘုန်းကြီးအိုကြီး... ရှင် ကျွန်မကို ရှင်းရှင်းကြီး အသရေဖျက်နေတာပဲ..." ရေနက်စံအိမ်မှ ရွှေယွဲ့နတ်သမီးမှာလည်း ဒေါသထွက်သွားပြီး သူမ၏ ပတ်လည်တွင် ရေငွေ့များ ထွက်ပေါ်လာလေသည်။
သူတို့နှစ်ဦး စကားများရန် ပြင်နေစဉ်မှာပင် လင်ရှောင်ဓားဂိုဏ်းမှ ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။ "ပါးစပ်ပိတ်ထားကြ... အခုက စကားများရန်ဖြစ်နေရမယ့် အချိန်မဟုတ်ဘူး။ အစီအရင်ကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ကြ..."
အစီအရင် စတင်ပြီးသွားသည်နှင့် လမ်းတစ်ဝက်တွင် ရပ်တန့်၍ မရနိုင်တော့ချေ။
အကယ်၍ ယခုအချိန်တွင် အစီအရင်ကို အတင်းအကျပ် ရပ်တန့်လိုက်မည်ဆိုပါက အစီအရင်အတွင်းရှိ ကျင့်ကြံသူများအားလုံး ချက်ချင်း သေဆုံးသွားမည် ဖြစ်၏။
သူတို့ ခုနစ်ဦးပင်လျှင် တန်ပြန်သက်ရောက်မှုကို ခံရမည်ဖြစ်ပြီး ကုသရန် ခက်ခဲသော ပြင်းထန်သည့် ဒဏ်ရာများ ရရှိသွားမည် ဖြစ်သည်။
သူ၏ စကားက လူတိုင်းကို သတိဝင်သွားစေပြီး သူတို့ရှေ့ရှိ ကြောက်မက်ဖွယ်အခြေအနေကို သိမြင်သွားစေခဲ့သည်။
နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသက်သွင်းလိုက်သည်နှင့် လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ နောက်ကြောင်းပြန်လှည့်၍ မရတော့ချေ။
ယင်းကို ကြားသောအခါ မြင့်မြတ်ဓားဂိုဏ်းမှ ခန္ဓာကိုယ်တောင့်တင်းခိုင်မာသည့် ရွှေအမြုတေအဆင့် အမျိုးသားကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူက အစီအရင်ထဲသို့ ရောက်ရှိနေသော ကျန်းယဲ့နှင့် အခြားသူများကို လက်ညှိုးထိုးကာ ဆဲဆိုလိုက်လေသည်။ "ချီးလိုမှပဲ... အလကားနေရင်း ပါးစပ် ငါးဆယ့်တစ်ပေါက် ပိုလာပြန်ပြီ။ ဒီနေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲမှာ လူတစ်ယောက် ပိုလာတိုင်း သုံးစွဲရမယ့် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတွေက နှစ်ဆတက်သွားတာကွ။ ဒီအပိုကုန်သွားတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သောင်းချီကို ငါတို့ကပဲ အလကား စိုက်ပေးရမယ်လို့ သူတို့က ထင်နေတာလား..."
ဤသည်က ကြီးမားလှသော ကုန်ကျစရိတ်တစ်ခုဖြစ်ပြီး မည်သည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူကိုမဆို နှလုံးကွဲကြေသွားစေနိုင်လောက်ပေသည်။
အားလုံးထဲတွင် အတည်ငြိမ်ဆုံးဖြစ်သော အစီအရင်ထောင်ချီဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူက လျင်မြန်စွာ တွက်ချက်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။ "အခုအချိန်မှာ အများကြီး ပြောနေလို့လည်း အပိုပဲ။ လူတိုင်းကို လျှို့ဝှက်နယ်မြေဆီ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ဖို့အတွက် ဝိညာဉ်ကျောက်တုံး ကွာဟချက်ကို ဖြည့်ဖို့ လိုအပ်တယ်။ ကုန်ကျစရိတ်ကို ငါတို့ ခုနစ်ယောက် ခွဲထုတ်ပြီး ငါတို့ရဲ့ တပည့်တွေကို သူတို့ရဲ့ ခရီးစဉ်ဆီ အရင်ဆုံး ဘေးကင်းကင်း ရောက်အောင် ပို့လိုက်ကြတာပေါ့..."
မုရှီးတောင်ကြားမှ အမျိုးသမီး ကျင့်ကြံသူက သက်ပြင်းချကာ ညင်သာစွာ အကြံပြုလိုက်လေသည်။ "တာအိုမိတ်ဆွေ ဝမ်ကျန်းဇီပြောတာ လုံးဝ မှန်တယ်။ ဒီဖိတ်ခေါ်မထားတဲ့ ဧည့်သည်တွေနဲ့ ပတ်သက်ပြီးတော့... လျှို့ဝှက်နယ်မြေကိစ္စ ပြီးသွားရင် သူတို့ နောက်ဆုံးတော့ အပြင်ကို ထွက်လာမှာပဲလေ။ အဲဒီအချိန်ကျမှ သူတို့နဲ့ သူတို့ရဲ့ နောက်ကွယ်က အင်အားစုတွေနဲ့ စာရင်းရှင်းလည်း မနောက်ကျသေးပါဘူး..."
ရွှေအမြုတေအဆင့် ကျင့်ကြံသူခုနစ်ဦးမှာ အလွန် စိတ်ပျက်နေကြသော်လည်း ဤသည်က လောလောဆယ် တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်ကြောင်း သိနေခဲ့ကြသည်။
သူတို့က နာကျင်စွာဖြင့် သူတို့၏ သိုလှောင်အိတ်များကို နောက်တစ်ကြိမ် ပုတ်လိုက်ရပြီး ဝိညာဉ်စွမ်းအင်များ ပြည့်နှက်ကာ တောက်ပနေသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများက အစီအရင် ပတ်လည်ရှိ အပေါက်ငယ်များထဲသို့ တစ်ခုပြီးတစ်ခု စီးဆင်းသွားလေတော့သည်။
အခန်း ၃၂၄ပြီး၏။