အခန်း ၃၂၆
Vol. 33 Ch. 326
အခန်း (၃၂၆) ကျောက်စိမ်းမှတ်တမ်းများ ရောင်းချခြင်း
ခရီးသည်အချို့က လျှို့ဝှက်နယ်မြေ၏ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကြောင့် ရရှိလာသော သက်တောင့်သက်သာရှိမှုနှင့် သူတို့ပတ်လည်ရှိ ခမ်းနားလှသော သဘာဝ ရှုခင်းများကို ခံစားနေကြဆဲအချိန်တွင် ရှန်ကျီအန်းက သူ၏ နှာခေါင်းပေါ်ရှိ မျက်မှန်ကို မသိစိတ်မှနေ၍ ပင့်တင်လိုက်သည်။
သို့သော် သူ၏ မျက်မှန်များ ပျောက်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရမှသာ သူ မျက်ကပ်မှန်တပ်ထားခဲ့ကြောင်းကို နောက်ကျစွာ သတိရသွားတော့သည်။
သူက အခြားသူများကို သတိပေးလိုက်၏။ "အရမ်းကြီး စိတ်မလှုပ်ရှားကြနဲ့ဦး။ ငါတို့ ဒီကို ဘယ်လိုရောက်လာလဲဆိုတာ မမေ့ကြနဲ့။ ငါတို့က တခြားဂိုဏ်းတစ်ခုခုက သူတို့ရဲ့ တပည့်တွေကို စမ်းသပ်ဖို့ သုံးတဲ့ လျှို့ဝှက်နယ်မြေတစ်ခုထဲကို မတော်တဆ ဝင်လာမိတာ ဖြစ်နိုင်တယ်။ ဒီလိုနေရာမျိုးတွေက ထင်သလောက် အေးချမ်းပြီး တိတ်ဆိတ်နေမှာ မဟုတ်ဘူး..."
သူ၏ စကားက စိတ်လှုပ်ရှားနေသော လူအများအပြားကို တည်ငြိမ်သွားစေသည်။
အနီးတွင် ရပ်နေသော ကောမင်ကလည်း မျက်မှောင်ကြုတ်ကာ သဘောတူညီကြောင်း ခေါင်းညိတ်လိုက်၏။
"အစ်ကိုရှန် ပြောတာမှန်တယ်။ ဒါက စမ်းသပ်ကွင်းဆိုတော့ စိန်ခေါ်မှုတွေ... အန္တရာယ်တွေ အများကြီး ပြည့်နှက်နေမှာ သေချာတယ်။ ဟိုဂိုဏ်းက တပည့်တွေက ပြင်ဆင်ပြီးမှ လာကြတာ။ ငါတို့က ဘာပြင်ဆင်မှုမှ မရှိဘဲနဲ့ ဇွတ်ဝင်လာမိတာ..."
ဝူထျန်ချင်းက အဆုံးအစမရှိသကဲ့သို့ နက်ရှိုင်းသော သူတို့ပတ်လည်ရှိ သစ်တောကြီးကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
"ဒါ့အပြင်... နေရာပြောင်းရွှေ့ခြင်းအစီအရင်ရဲ့ အပြင်ဘက်က ဟိုလူကြီးတွေက သိပ်ပြီး ပျော်နေတဲ့ပုံ မပေါ်ဘူး။ စမ်းသပ်မှု ပြီးသွားရင် ငါတို့ သူတို့ကို ရင်ဆိုင်ရဦးမှာ..."
လီတောက်ချင်းကလည်း စိုးရိမ်နေချေသည်။ "ငါတို့က ဟိုဂိုဏ်းတွေရဲ့ ဘုံရန်သူများ ဖြစ်သွားမလား မသိဘူးနော်..."
လူတိုင်း၏ စိုးရိမ်နေသော အမူအရာများကို မြင်သောအခါ ဝမ်ဟွာချန်က သူ၏ လရောင်အဖြူရောင် ဝတ်ရုံလက်ကို သပ်တင်ရင်း အတော်လေး တည်ငြိမ်စွာဖြင့် တဟင်းဟင်း ရယ်မောလိုက်၏။
"လူကြီးမင်းတို့... ဘာလို့ အဲဒီလောက် အဆိုးမြင်နေကြတာလဲ။ ကံကြမ္မာက အဆိုးထဲက အကောင်းဖြစ်နိုင်သလို အကောင်းထဲက အဆိုးလည်း ဖြစ်နိုင်တာပဲ။ သူများရဲ့ စမ်းသပ်မှု လျှို့ဝှက်နယ်မြေထဲကို မှားပြီး ဝင်လာမိတာ မှန်ပေမယ့်... လုံးဝ ဆိုးရွားနေတာတော့ မဟုတ်နိုင်ပါဘူး..."
သူ၏ အကြည့်များက လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး မျက်ဝန်းများတွင် ဉာဏ်နီဉာဏ်နက်များ တောက်ပသွားလေသည်။
"စဉ်းစားကြည့်လေ... ဘယ်လို လျှို့ဝှက်နယ်မြေမျိုးမဆို အထူးသဖြင့် ဂိုဏ်းကြီးခုနစ်ဂိုဏ်းက အထက်တန်းစားတပည့်တွေကို စမ်းသပ်ဖို့ သုံးတဲ့ ဒီလိုနေရာမျိုးမှာ ကောင်းကင်နဲ့မြေကြီး ရတနာတွေ... ဝိညာဉ်ဆေးပင်တွေ.... အင်မော်တယ်သတ္တုရိုင်းတွေ မပါဘဲ နေပါ့မလား။ မရေမတွက်နိုင်အောင် အကြိမ်ကြိမ် အလုယက်ခံထားရတဲ့ ဟိုတောင်တန်းတွေ၊ တောရိုင်းတွေထက်စာရင်... အခုလို အသုံးမချရသေးတဲ့ နေရာမျိုးမှာ ပစ္စည်းကောင်းတွေ တွေ့နိုင်ချေက အများကြီး ပိုများတယ်လေ..."
ထိုစကားများက မီးပွားလေးတစ်ခုကဲ့သို့ လူတိုင်း၏ မျက်လုံးများထဲရှိ အလင်းရောင်ကို ချက်ချင်း လင်းလက်သွားစေခဲ့သည်။
ဟုတ်သားပဲ။
လျှို့ဝှက်နယ်မြေ = အန္တရာယ်.... ဒါပေမယ့် လျှို့ဝှက်နယ်မြေ = အခွင့်အရေးနဲ့ ရတနာသိုက် လည်း ဖြစ်နိုင်တာပဲ။
အခုလေးတင် ခံစားနေရသော စိုးရိမ်ပူပန်မှုများမှာ ကြီးမားလှသော ဆွဲဆောင်မှုကြောင့် လျင်မြန်စွာ ဖုံးကွယ်သွားခဲ့ချေပြီ။
"အစ်ကိုဟွာချန် ပြောတာ မှန်တယ်..." မော့ကျဲက သူ၏ လက်များကို ပွတ်သပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပထမဆုံး တုံ့ပြန်လိုက်သည်။ "ငါတို့က နှစ်တစ်ထောင် သက်တမ်းရှိတဲ့ လင်ဇီးမှိုတွေ ဒါမှမဟုတ် နှစ်တစ်သောင်း သက်တမ်းရှိတဲ့ ပေါ်လီဂိုနမ်တွေများ တွေ့နိုင်မလား မသိဘူး..."
(NT- တရုတ်ဆေးဖက်ဝင် အပင်တစ်မျိုး)
"ပြီးတော့ မှော်လက်နက် သွန်းလုပ်ရေးတဲ့ ပစ္စည်းတွေရောပဲ..." ကျင်းရှင်းက ထပ်ဖြည့်ပြောလိုက်ပြန်သည်။ သူက ဒီကိစ္စကို အရမ်း စိတ်ဝင်စားနေပုံရလေသည်။
ထိုအချိန်တွင် ထန်ချီချီက သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး တောင့်တမှုနှင့် နှမြောမှုများ ရောယှက်နေသော လေသံဖြင့် ပြောလိုက်၏။
"ကောင်းကင်နဲ့မြေကြီး ရတနာတွေလည်း ကောင်းပါတယ်။ ဒါပေမယ့် ငါက တကယ့်ကျင့်ကြံခြင်းကမ္ဘာက ပုံမှန်ဈေးတန်းတွေကို သွားကြည့်ချင်တာ... အဲဒီမှာ မှော်ဆန်တဲ့ နတ်ဆေးလုံး အမျိုးမျိုး ရှိတယ်လို့ ကြားဖူးတယ်။ အသားအရေကို ပိုကောင်းစေပြီး အမြဲတမ်း လှနေစေမယ့် ဆေးမျိုးတွေရော ရှိမလားမသိဘူးနော်... ငါ တကယ် ဝယ်ပြီး စမ်းကြည့်ချင်တယ်..."
သူမ၏ စကားက ထိုနေရာရှိ အမျိုးသမီးအားလုံးနီးပါး၏ စိတ်ထဲကို ချက်ချင်း ရိုက်ခတ်သွားချေသည်။
"ဟုတ်တယ်... ဟုတ်တယ်... ဆံပင်တွေ ထူလာစေမယ့် ဆံပင်ပေါက်ဆေးလုံးလေးရှိရင် အကောင်းဆုံးပဲ..." လီထင်က သူမ၏ စိုးရိမ်စရာကောင်းလှသော ဆံစပ်ကို ကိုင်ရင်း ညှိုးငယ်စွာ ပြောလိုက်၏။
"သေချာတာပေါ့... အင်မော်တယ်လောကရဲ့ ဆေးတွေက ငါတို့ဆီက အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေထက် ပြုပြင်ထိန်းသိမ်းမှု ပိုကောင်းမှာ သေချာတယ်..."
"ဟူး... နှမြောစရာပဲ။ ဒါက လျှို့ဝှက်နယ်မြေ ဖြစ်နေတယ်။ ဈေးတန်း မဟုတ်ဘူး..."
ကောင်မလေးများက ချက်ချင်းပင် စကားတွေ များလာကြပြီး သန်းချီပြီး အရှုံးပေါ်သွားသည့်အလား ကျင့်ကြံခြင်းဈေးတန်းတွင် ဈေးမဝယ်နိုင်သည့်အတွက် နှမြောတသ ဖြစ်နေသွားကြရသည်။
ကျန်းယဲ့မှာ သူ၏ အဖွဲ့ဝင်များ၏ စိတ်ခံစားမှုများက စိုးရိမ်ပူပန်မှုမှ စိတ်လှုပ်ရှားမှုသို့ ပြောင်းလဲသွားပြီး ထို့နောက် ဈေးမဝယ်နိုင်သဖြင့် နှမြောတသ ဖြစ်နေကြသည်ကို ကြည့်ကာ အနည်းငယ် ရယ်ချင်စိတ်ကို မထိန်းနိုင်ဖြစ်သွားရသည်။
ကောင်မလေးတွေက နတ်ဆေးလုံးတွေကို လိုချင်သလို သူလည်း လိုချင်တာပဲလေ။ သူက မိုးကြိုးကို ကုသဖို့အတွက် အံ့ဖွယ် ဝိညာဉ်ဆေးလုံးကို ဝယ်ချင်နေတာ။
ခြုံပြောရလျှင် လျှို့ဝှက်နယ်မြေကလည်း သူ့ရဲ့ အားသာချက်နဲ့သူ ရှိသလို ဈေးတန်းကလည်း သူ့ရဲ့ အားသာချက်နဲ့သူ ရှိ၏။
သူက ဖွဖွလေး ချောင်းဟန့်လိုက်ရာ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။
"ကောင်းပြီ... ငါတို့ ဒီကို ရောက်နေပြီဆိုတော့ အေးအေးဆေးဆေး စူးစမ်းလေ့လာကြတာပေါ့။ ရတနာတွေက ဆွဲဆောင်မှုရှိပေမယ့် ဘေးကင်းရေးက ပထမပဲ။ ငါတို့ရဲ့ စည်းမျဉ်းတွေကို မမေ့ကြနဲ့။ အခု ဒီသစ်တောထဲကနေ ထွက်ပြီး နည်းနည်း ရှင်းလင်းပြီး ဘေးကင်းတဲ့ နေရာတစ်ခုကို ရှာကြရအောင်..."
လူတိုင်းက ကောင်းကင်နှင့်မြေကြီး ရတနာများကို ရှာဖွေရန် စိတ်အားထက်သန်နေကြသော်လည်း သူတို့ကိုယ်တိုင်က ဝိညာဉ်ဆေးပင်များအကြောင်း နားမလည်သူများဖြစ်နေကြမည်ကို စိုးရိမ်နေကြစဉ်မှာပင် အလွန် လက်တွေ့ကျသော မေးခွန်းတစ်ခု ထွက်ပေါ်လာချေသည်။
"ဒါပေမယ့် ငါတို့အားလုံးက လုံးဝ အတွေ့အကြုံမရှိတဲ့ လူသစ်တွေချည်းပဲလေ..." အထူးဗျူရိုမှ ကံထူးရှင်လုကျောက်က အဓိက အချက်ကို ထောက်ပြလိုက်၏။ "ငါတို့ရှေ့မှာ ဝိညာဉ်ဆေးပင် တစ်ပင် တကယ်ရှိနေရင်တောင် ငါတို့သိမှာ မဟုတ်ဘူး။ ငါတို့က ကြည့်ကောင်းတဲ့ မြက်ပင်တိုင်းကို လိုက်နှုတ်ရမှာလား... အဲဒါက ပတ်ဝန်းကျင်ကို အရမ်း ပျက်စီးစေရာ ကျသလို အဆိပ်ရှိတဲ့ အပင်ကို နှုတ်မိရင်ကော ဘယ်လိုလုပ်မလဲ..."
ဤစကားက လူအုပ်ကြီး၏ စိတ်အားထက်သန်မှုကို ချက်ချင်း ကျဆင်းသွားစေခဲ့သည်။
ဟုတ်ချေသည်။ ရတနာသိုက်ကြီး ရှိနေပြီး အဲဒါကို မသိဘူးဆိုတာ တကယ်ကို စိတ်ပျက်စရာ ကောင်းလှသည်။
လင်ဝမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေသော ကျန်းယဲ့ထံသို့ မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်၏။ "ဒါရိုက်တာကျန်း... အကြံဉာဏ်များ ရှိလား။ ဥပမာ - လမ်းညွှန်စာအုပ်တွေ၊ ပုံပြစာအုပ်တွေများ ရှိမလား..."
ကျန်းယဲ့က စနစ် ဈေးဝယ်စင်တာရှိ လူသစ်များအတွက် လက်ဆောင်တွဲကို ဘယ်လို သဘာဝကျကျ အရောင်းမြှင့်တင်ရမလဲဟု စဉ်းစားနေစဉ်မှာပင် မမျှော်လင့်ဘဲ ဖောက်သည်များက သူ့ဆီ တိုက်ရိုက် လာမေးနေကြလေပြီ။
သူက စံပြ အရောင်းသမားတစ်ဦး၏ အပြုံးကို ချက်ချင်း ပြုံးလိုက်၏။ "သေချာတာပေါ့... နည်းလမ်း ရှိပါတယ်..."
လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်ရုံဖြင့် မျက်လှည့်ပြသကဲ့သို့ ကျောက်စိမ်းမှတ်တမ်းသုံးခုက သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။ ၎င်းတို့၏ အသားက နွေးထွေးချောမွေ့နေပြီး မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်နေသည်။
ကျောက်စိမ်းမှတ်တမ်း တစ်ခုချင်းစီ၏ မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများကို ထွင်းထုထားပြီး ဆေးပင် တစ်ရာ၊ သတ္တုရိုင်း တစ်သောင်း နှင့် သားရဲ တစ်ရာဟူသော စာလုံးများကို ဝေဝါးဝါး မြင်တွေ့နေရသည်။
"ဒီမှာ လျှို့ဝှက်နယ်မြေအတွက် အထူးထုတ်လုပ်ထားတဲ့ ဆေးပင်စွယ်စုံကျမ်း ကျောက်စိမ်းမှတ်တမ်း၊ သတ္တုရိုင်း ပုံပြ ကျောက်စိမ်းမှတ်တမ်း နဲ့ မိစ္ဆာသားရဲ စွယ်စုံကျမ်း ကျောက်စိမ်းမှတ်တမ်းတွေ ရှိပါတယ်..."
ကျန်းယဲ့က တာဝန်ကျေပွန်စွာဖြင့် အသေးစိတ် မိတ်ဆက်ပေးလိုက်ပြန်သည်။ "အဲဒီအထဲမှာ ဒီလျှို့ဝှက်နယ်မြေမှာ လူသိများတဲ့ အပင်တွေ၊ သတ္တုရိုင်းတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ ပုံသဏ္ဌာန်တွေ၊ လက္ခဏာတွေ၊ တန်ဖိုးတွေနဲ့ အန္တရာယ်ရှိတဲ့ အဆင့်တွေကို အသေးစိတ် မှတ်တမ်းတင်ထားတယ်။ ဒါတွေရှိရင် မင်းတို့က ဒီလျှို့ဝှက်နယ်မြေရဲ့ ရွေ့လျား စွယ်စုံကျမ်းတွေ ဖြစ်သွားပြီလို့ ပြောလို့ရတယ်..."
ထို့နောက် သူက စကားအကြောင်းအရာကို ပြောင်းလိုက်ပြီး ကြိုတင်ကာကွယ်သည့် အနေဖြင့် ပြောလိုက်၏။ "ဒါပေမယ့် ဒီကျောက်စိမ်းမှတ်တမ်းတွေက... ဈေးမပေါဘူးဆိုတာကိုတော့ ကြိုပြောပါရစေ..."
လူတိုင်း၏ မျက်နှာပေါ်ရှိ စူးစမ်းလိုစိတ်နှင့် တုံ့ဆိုင်းနေသော အမူအရာများကို မြင်သောအခါ ကျန်းယဲ့က ကျောက်စိမ်းမှတ်တမ်းများ၏ အံ့ဖွယ်များကို အသေးစိတ် ရှင်းပြလိုက်သည်။
"ဒါတွေက ဈေးကြီးတယ်။ ဒါပေမယ့် သူ့အကြောင်းပြချက်နဲ့သူ ရှိပါတယ်။ ဒါတွေက မင်းတို့ ထင်နေသလို စာမျက်နှာ တစ်ရွက်ချင်းစီ လှန်ဖတ်ရမယ့် စာရွက်စာအုပ်တွေ မဟုတ်ပါဘူး..."
"ဒါက ကျောက်စိမ်းမှတ်တမ်းလေ... သုံးရတာ အရမ်းလွယ်တယ်။ ဝယ်ပြီးတာနဲ့ နဖူးပေါ်ကို ဖွဖွလေး တင်လိုက်၊ အာရုံစူးစိုက်လိုက်... အဲဒီအခါကျရင် သူ့ထဲမှာ ပါတဲ့ ဗဟုသုတတွေအားလုံးက မင်းတို့စိတ်ထဲကို တိုက်ရိုက် ရိုက်သွင်းပေးသွားလိမ့်မယ်။ လုပ်ငန်းစဉ် တစ်ခုလုံးက အရမ်းကို အဆင်ပြေတယ်.... မြန်ဆန်တယ်... ထိရောက်တယ်။ ပြီးတော့ မင်းတို့ လုံးဝ အလွတ်ကျက်စရာ မလိုဘူး..."
"ဘယ်လိုလဲ..." ကျန်းယဲ့က ပြုံးကာ လူတိုင်းကို ကြည့်လိုက်၏။ "လူတိုင်း တစ်ခုစီ လိုချင်ကြလား။ ဒါက လျှို့ဝှက်နယ်မြေကို စူးစမ်းလေ့လာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေပဲ..."
(NT- မားကတ်တင်းအားကောင်းချက် အကိုကြီးကျန်းက....)
ဈေးနှုန်းကို မကြေညာရသေးသော်လည်း ၎င်း၏ အံ့မခန်း လုပ်ဆောင်ချက်များကပင် လူတိုင်းကို စိတ်လှုပ်ရှားသွားစေခဲ့ပြီဖြစ်သည်။
ထင်သည့်အတိုင်းပင် အခြားသူများ တစ်ခွန်းမှ မပြောရသေးခင်မှာပင် သူတို့၏ သူဌေးပေါက်စလေးဟမ်ဒန်က ထပ်မံ မတ်တတ်ရပ်လာပြီး သူ၏ လက်ကလေးကို ရက်ရက်ရောရော ဝှေ့ယမ်းပြလိုက်၏။ "ဝယ်မယ်... အကုန်ဝယ်မယ်... အစုံအလင် သုံးခုစလုံး... ကျွန်တော် ရှင်းမယ်..."
သူ့၏ အပြုအမူက ဈေးကြီးပြီး လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းမှတ်တမ်းကို ဝယ်နေသည်နှင့် မတူဘဲ လမ်းဘေးက သကြားလုံးအချို့ကို ဝယ်နေသကဲ့သို့ ဖြစ်နေချေသည်။
ကျန်းယဲ့က ပြုံးလိုက်ပြီး မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ စနစ်ကို တိုက်ရိုက် စတင် လုပ်ဆောင်လိုက်သည်။
မကြာမီမှာပင် မှိန်ပျပျ အလင်းရောင်တစ်ချက် လင်းလက်သွားပြီး ခရီးသည်တစ်ဦးချင်းစီ၏ လက်ထဲတွင် ချောမွေ့သော ကျောက်စိမ်းမှတ်တမ်း သုံးခုစီ ထွက်ပေါ်လာလေသည်။
လူတိုင်းက ကျောက်စိမ်းမှတ်တမ်းကို စူးစမ်းလိုစိတ်ဖြင့် ကိုင်တွယ်ကြည့်လိုက်ကြပြီး ၎င်း၏ နွေးထွေးမှုနှင့် ၎င်းအတွင်းရှိ ထူးဆန်းသော စွမ်းအင်စီးဆင်းမှုကို ခံစားနေလိုက်ကြရသည်။
အခန်း ၃၂၆ပြီး၏။