← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း - ၁၅၁

ရှီလဲ့သည် ကင်မရာကို ထပ်မံကောက်ကိုင်လိုက်ပြီး ရှင်းပြသည်မှာ

“ကျွန်တော်တို့က လူသားတွေရဲ့ ပင်ကိုယ် အမူအရာလှုပ်ရှားမှုဆိုင်ရာဝိသေသလက္ခဏာတွေကို နှိုင်းယှဉ်ဖို့အတွက် အခင်းဖြစ်ပွားရာနေရာ ပြန်လည်သရုပ်ပြမှုကို အသုံးပြုနေတာပါ လူတိုင်းရဲ့ လှုပ်ရှားမှုတွေက တူညီနေသလို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ကြီးမားတဲ့ ကွဲပြားမှုတွေ ရှိနေတယ် ကျွန်တော်တို့ လူသားတွေရဲ့ မျက်လုံးက ဒီကွဲပြားမှုတွေကို မခွဲခြားနိုင်ပေမဲ့ ကွန်ပျူတာတွေကတော့ ဒါကို နှိုင်းယှဉ်တွက်ချက်နိုင်တယ်”

ပိုင်ချန်၏ မျက်ဝန်းများ တောက်ပသွားပြီး

“ညီလေးရှီ... မင်းပြောတာ တကယ်ပဲလား”

“အစ်ကိုကြီးပိုင်... သေချာတာပေါ့ ကျွန်တော် ဒီပရိုဂရမ်ကို ‘အမူအရာလှုပ်ရှားမှု ဖမ်းယူရေးစနစ်' လို့ အမည်ပေးထားပြီး အခုပဲ စမ်းသပ်ကြည့်လို့ ရပါတယ်” ရှီလဲ့က ခေါင်းလှည့်ကာ

“ဦးလေးကျန်း... ဦးလေးရဲ့ လက်အောက်ငယ်သားတွေကို အဲဒီသူခိုးရဲ့ လှုပ်ရှားမှုတွေကို အမြန်လေ့လာခိုင်းပြီး အခင်းဖြစ်ပွားရာနေရာကို ပြန်လည်သရုပ်ပြခိုင်းလိုက်ပါ” ဟု ဆိုသည်။

ရှီလဲ့အပေါ် မကျေမနပ်ဖြစ်နေကြသော နည်းပညာဌာနခွဲမှ ဝန်ထမ်းလေးဦးသည် စတင်လေ့လာကြတော့သည်။ နာရီဝက်ခန့် ကြာပြီးနောက် သူတို့သည် ထိုင်ခုံတစ်လုံးကို အထောက်အကူပြုပစ္စည်းအဖြစ် အသုံးပြုကာ အခင်းဖြစ်ပွားရာနေရာကို ပြန်လည်သရုပ်ပြခဲ့ကြသည်။ ရှီလဲ့က အဆင့်မြင့် ကင်မရာကို ကိုင်ဆောင်ကာ သူတို့ကို မှတ်တမ်းတင်လိုက်သည်။

ကွန်ပျူတာစခရင်ပေါ်တွင်တော့ အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်သည် နည်းပညာရဲအရာရှိများ၏ ပြန်လည်သရုပ်ပြ လှုပ်ရှားမှုများကို ဖမ်းယူနေပြီး ၎င်းတို့ကို 3D ပုံစံငယ် ကာတွန်းနှင့် အချိန်နှင့်တပြေးညီ တိုက်ဆိုင်စစ်ဆေးနေခဲ့သည်။

ထိုအရာရှိလေးဦး၏ အမြင့်ဆုံး တိုက်ဆိုင်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် သူတို့သည် ထိုသူခိုး ဖြစ်ရန် လုံးဝ မဖြစ်နိုင်ချေ။

“အစ်ကိုကြီးပိုင်... အခု အဲဒီ လျူလုံ ကို ဖမ်းခေါ်လာခဲ့လို့ ရပြီ၊ သူ့ကို စမ်းကြည့်ခိုင်းချင်တယ်” ရှီလဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

နောက်ထပ် နာရီဝက်ခန့် ကုန်လွန်သွားသည်။ လျူလုံကို ရဲစခန်းသို့ ခေါ်ဆောင်လာပြီး နည်းပညာဌာနခွဲသို့ ခေါ်လာခဲ့သည်။ ရှီလဲ့က -

“မစ္စတာလျူ... မင်္ဂလာပါ၊ ကျွန်တော်ကတော့ ရဲတပ်ဖွဲ့ရဲ့ အထူးနည်းပညာရှင် ရှီလဲ့ ဖြစ်ပါတယ်” ဟု မိတ်ဆက်လိုက်သည်။

လျူလုံသည် မျက်မှန်တပ်ထားပြီး ထူးခြားသော ပညာတတ်အရှိန်အဝါ ရှိသူတစ်ဦး ဖြစ်သည်။ သူက တည်ငြိမ်စွာဖြင့်

“မနေ့ကတုန်းက ကျွန်တော် ခင်ဗျားတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို တစ်ကြိမ် ပူးပေါင်းပါဝင်ပေးခဲ့ပြီးပြီပဲ အကယ်၍ ခင်ဗျားတို့မှာ သက်သေမရှိရင် ကျွန်တော့်ရဲ့ လူမှုဘဝနဲ့ အလုပ်ကို လာမနှောင့်ယှက်ပါနဲ့” ဟု ဆိုသည်။

ရှီလဲ့ စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်မိသည်။ လျူလုံ၏ စိတ်ဓာတ်ကြံ့ခိုင်မှုက တော်တော်လေး ကောင်းမွန်လှသည်၊ သို့သော် ဤအချက်ကပင် ထိုလူသည် လျူလုံဖြစ်ကြောင်း ရှီလဲ့ကို ပိုမိုသေချာစေခဲ့သည်။

“မစ္စတာလျူ... ကျွန်တော်တို့ ရဲတပ်ဖွဲ့က နည်းပညာအသစ်တစ်ခုကို ရရှိထားပါတယ် ခင်ဗျားအပေါ် သံသယကို အတည်ပြုဖို့အတွက် အခင်းဖြစ်ပွားရာနေရာကို ပြန်လည်သရုပ်ပြဖို့ပဲ လိုအပ်ပါတယ် ကဲ... အခု ဒီမှာ ကြည့်လိုက်ပါ၊ ဒါက လျှို့ဝှက်ကင်မရာကနေ ရိုက်ကူးထားတဲ့ အခင်းဖြစ်ပွားရာနေရာရဲ့ ဗီဒီယိုမှတ်တမ်းပါ ခင်ဗျားအနေနဲ့ ဗီဒီယိုထဲက သူခိုးရဲ့ လှုပ်ရှားမှုတွေကို လေ့လာပြီး ကျွန်တော်တို့အတွက် ပြန်လည်သရုပ်ပြပေးဖို့ မျှော်လင့်ပါတယ်” ရှီလဲ့၏ လေသံက တည်ငြိမ်နေသော်လည်း ငြင်းဆန်၍မရသော ဖိအားများ ပါဝင်နေသည်။

လျူလုံသည် ‘လျှို့ဝှက်ကင်မရာ’ နှင့် ‘ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်း’ ဟူသော စကားလုံးများကို ကြားလိုက်ရသောအခါ သူ၏ သူငယ်အိမ်မှာ သိသိသာသာ ကျုံ့ဝင်သွားခဲ့သည်။ ၎င်းက ပုံမှန်အခြေအနေသို့ အလျင်အမြန် ပြန်လည်ရောက်ရှိသွားခဲ့သော်လည်း ရှီလဲ့ကတော့ သတိပြုမိသွားခဲ့ပြီဖြစ်သည်။

‘ဟင်း... မင်းပဲကိုး’ ရှီလဲ့က လျူလုံကို အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် လျူလုံ လေ့လာနိုင်ရန် ဘေးသို့ ဖယ်ပေးလိုက်သည်။

“မစ္စတာလျူ... ခင်ဗျားမှာ လေ့လာဖို့အတွက် ၁၅ မိနစ် အချိန်ရှိပါတယ် အကယ်၍ ခင်ဗျား မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော် ခင်ဗျားကို စစ်ဆေးမေးမြန်းရေးအခန်းထဲ ခေါ်သွားပြီး အဲဒီမှာ ၂၄ နာရီကြာ ထိန်းသိမ်းထားရလိမ့်မယ် ကျွန်တော့်ကို ဥပဒေအကြောင်း လာမပြောပါနဲ့၊ ကျွန်တော်က ခင်ဗျားထက် ဥပဒေအကြောင်း ပိုနားလည်ပြီး ဒါက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့လည်း ညီညွတ်ပါတယ်” ရှီလဲ့က လျူလုံ၏ ထွက်ပြေးမည့်လမ်းကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

လျူလုံ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ စခရင်ကို ကြည့်ကာ လှုပ်ရှားမှုများကို တောင့်တောင့်တင်းတင်းဖြင့် စတင်သင်ယူတော့သည်။

၁၅ မိနစ် ကြာပြီးနောက် ပိုင်ချန်နှင့် အခြားသူများသည် လျူလုံက သူ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း နှိမ့်ချကာ အခင်းဖြစ်ပွားရာနေရာကို ပြန်လည်သရုပ်ပြသည်ကို စောင့်ကြည့်နေကြသည်။ ပထမအကြိမ် သရုပ်ပြမှုအတွင်း လျူလုံ၏ ခန္ဓာကိုယ် လှုပ်ရှားမှုများသည် တောင့်တင်းနေပြီး မလိုအပ်သော လှုပ်ရှားမှုအချို့ကိုပါ တမင်တကာ ထည့်သွင်းလုပ်ဆောင်ခဲ့သဖြင့် ပိုင်ချန် မျက်မှောင်ကုတ်သွားခဲ့သည်။

ရှီလဲ့က အဆင့်မြင့် ကင်မရာကို ကိုင်ထားသည်။ လျူလုံ၏ လှုပ်ရှားမှုများကို 3D ပုံစံငယ် ကာတွန်းနှင့် အချိန်နှင့်တပြေးညီ နှိုင်းယှဉ်မှတ်တမ်းတင်နေခဲ့သည်။ လျူလုံ၏ လှုပ်ရှားမှုများသည် အလွန်အကျွံ ဖြစ်နေခဲ့သော်လည်း အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်ကတော့ သူသည် ဗီဒီယိုထဲက သူခိုးနှင့် တူညီသော လှုပ်ရှားမှု ဝိသေသလက္ခဏာများ ရှိနေကြောင်း ဆုံးဖြတ်ပေးခဲ့သည်။

ပထမအကြိမ် အမူအရာလှုပ်ရှားမှု ဝိသေသလက္ခဏာ တိုက်ဆိုင်စစ်ဆေးမှု ရလဒ်မှာ ၇၈ ရာခိုင်နှုန်းအထိ ရှိနေခဲ့သည်။

ပိုင်ချန်၏ မျက်ခုံးများ လှုပ်ခတ်သွားပြီး ကွန်ပျူတာပေါ်ရှိ ဒေတာများကို ကြည့်လိုက်သော်လည်း ရှီလဲ့က လက်ဝှေ့ယမ်းပြကာ တိုးတိုးလေး ပြောလိုက်သည်။

“အစ်ကိုကြီးပိုင်... နောက်တစ်ကြိမ် ထပ်ပြီး အတည်ပြုရအောင်”

ပိုင်ချန် ခေါင်းညိတ်လိုက်ပြီး အော်ပြောလိုက်သည်။

“လျူလုံ... မင်းရဲ့ လှုပ်ရှားမှုတွေကို စံနှုန်းအတိုင်း လုပ်စမ်း၊ နောက်တစ်ခါ ပြန်လုပ်”

ဤတစ်ကြိမ်တွင်မူ လျူလုံ၏ လှုပ်ရှားမှုများသည် စံနှုန်းနှင့် မကိုက်ညီသည့်အပြင် ပိုမိုဆိုးရွားသွားခဲ့သည်။ သို့သော်လည်း အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်၏ ဝိသေသလက္ခဏာ နှိုင်းယှဉ်မှုနှုန်းမှာ ၇၂ ရာခိုင်နှုန်းသို့ ထပ်မံ ရောက်ရှိသွားခဲ့ပြန်သည်။

ရှီလဲ့က နှာခေါင်းရှုံ့ကာ

“မစ္စတာ လျူလုံ... ခင်ဗျားကို နောက်ဆုံးတစ်ကြိမ် အခွင့်အရေး ထပ်ပေးမယ် အကယ်၍ ခင်ဗျား သေသေချာချာ မလုပ်ဘူးဆိုရင်တော့ စစ်ဆေးမေးမြန်းရေးအခန်းထဲမှာ ၂၄ နာရီ နေရလိမ့်မယ်”

လျူလုံ၏ ရင်ထဲ တင်းကျပ်သွားပြီး သူ၏ လှုပ်ရှားမှုများသည် မသိစိတ်အရ ပိုမို၍ စံနှုန်းကိုက်ညီလာခဲ့သည်။ အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်၏ တိုက်ဆိုင်မှုနှုန်းမှာ ချက်ချင်းဆိုသလို ၈၉ ရာခိုင်နှုန်းသို့ ရောက်ရှိသွားတော့သည်။

ပိုင်ချန် မအောင့်နိုင်တော့ဘဲ ဟိန်းဟောက်လိုက်တော့သည်။

“သူ့ကို ဖမ်းဆီးလိုက်စမ်း”

လျူလုံ ကြောင်အသွားပြီး ပိုင်ချန်၏ အဓိပ္ပာယ်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ နည်းပညာဌာနခွဲမှ ရဲအရာရှိနှစ်ဦးက ချက်ချင်း ရှေ့သို့ပြေးဝင်ကာ လျူလုံကို ချုပ်ကိုင်လိုက်ရာ သူက အော်ဟစ်တော့သည်။

“ခင်ဗျားတို့ ဘာလုပ်တာလဲ ဒါက ကျွန်တော် လုပ်တာဆိုတဲ့ တိုက်ရိုက်သက်သေ ခင်ဗျားတို့မှာ မရှိဘူး”

ပိုင်ချန်က ကွန်ပျူတာစခရင်ကို လက်ညှိုးထိုးပြကာ

“အခုတော့ ရှိသွားပြီ လျူလုံ... ငြိမ်ငြိမ်နေစမ်း အရင်ဆုံး သူ့ကို စစ်ဆေးမေးမြန်းရေးအခန်းထဲ ခေါ်သွား၊ ပြီးတော့ စစ်ဆေးရေးဌာနကို သေသေချာချာ စစ်မေးခိုင်းလိုက်” ဟု အမိန့်ပေးလိုက်သည်။

ပိုင်ချန်က အတည်ပေါက် လုပ်နေသည်ကို မြင်သောအခါ လျူလုံက အလျင်အမြန် ပြောလိုက်သည် -

“နေပါဦး ကျွန်တော့်မှာ အခင်းဖြစ်ပွားချိန်က အခြားနေရာမှာ ရှိနေခဲ့တယ်ဆိုတဲ့ သက်သေရှိပါတယ်”

ရှီလဲ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး လျူလုံကို သေသေချာချာ စိုက်ကြည့်ကာ

“ခင်ဗျားမှာ ဘယ်လို သက်သေရှိလို့လဲ ပထမအကြိမ် စုံစမ်းစစ်ဆေးတုန်းက ဘာလို့ ထည့်မပြောခဲ့တာလဲ” ဟု မေးလိုက်သည်။

လျူလုံ၏ မျက်နှာ ရဲတက်သွားပြီး တိုးတိုးလေး ရေရွတ်သည်မှာ

“ဒီလိုမျိုး သက်သေကို ကျွန်တော် ဘယ်လိုလုပ်ပြီး ထည့်ပြောလို့ ရမှာလဲ”

“ခင်ဗျားရဲ့ သက်သေက အတိအကျ ဘာလဲ အမြန်ပြောပါ ကျွန်တော်တို့ ချက်ချင်း သွားရောက် စစ်ဆေးမယ်” ပိုင်ချန်က တောင်းဆိုလိုက်သည်။

နည်းပညာဌာနခွဲမှ ရဲအရာရှိနှစ်ဦးသည် လျူလုံအပေါ် ချုပ်ကိုင်မှုကို အနည်းငယ် လျှော့ပေးလိုက်ကြသည်။

“ခင်ဗျားတို့ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ ကျန်းလီ နဲ့ကျွန်တော်တို့ရဲ့အခင်းဖြစ်ချိန်က အခြားနေရာမှာ ရှိနေတဲ့ သက်သေမရှိဘူး မဟုတ်လား အမှန်တော့ ကျွန်တော်တို့ နှစ်ယောက်လုံးမှာ ရှိပါတယ် ပထမအကြိမ် ခိုးမှုပဲ ဖြစ်ဖြစ်၊ ဒုတိယအကြိမ်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ သက်သေက ခိုင်လုံပါတယ်” လျူလုံက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်မှာ

“ကျွန်တော်တို့ရဲ့ သက်သေက ယာယွီဟိုတယ်မှာပါ ခင်ဗျားတို့ ယာယွီဟိုတယ်ရဲ့ မှတ်တမ်းတွေကို သွားစစ်လို့ ရပါတယ် ခိုးမှုနှစ်ကြိမ်လုံး ဖြစ်ပွားခဲ့တဲ့ အချိန်အတောအတွင်းမှာ ကျန်းလီနဲ့ ကျွန်တော်ဟာ ယာယွီဟိုတယ်မှာ ရှိနေခဲ့တာပါ”

ပိုင်ချန် အနည်းငယ် အံ့အားသင့်သွားသည်။ အကယ်၍ ဤအရာက အမှန်ဖြစ်ပါက လျူလုံနှင့် ကျန်းလီတို့၏ သက်သေက ခိုင်လုံသွားမည်ဖြစ်ပြီး သူတို့အပေါ် သံသယမှာ ချက်ချင်း သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။ ပိုင်ချန်က ရှီလဲ့ဘက်သို့ လှည့်ကာ

“ညီလေးရှီ... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ” ဟု မေးသည်။

ရှီလဲ့က လျူလုံကို အေးစက်စွာ ပြုံးလျက် ကြည့်ကာ -

“ဟိုတယ်ရဲ့ အခန်းဝင်မှတ်တမ်းလေးတစ်ခုက ဘာကို သက်သေပြနိုင်မှာလဲ ဒါက သူတို့ ယာယွီဟိုတယ်မှာ အခန်း လာယူခဲ့ဖူးတယ်ဆိုတာကိုပဲ သက်သေပြနိုင်တာ၊ တစ်ချိန်လုံး အဲဒီမှာ ရှိနေခဲ့တယ်လို့ သက်သေမပြနိုင်ပါဘူး” ဟု ဆိုသည်။

ပိုင်ချန် ခေတ္တ စဉ်းစားလိုက်ပြီး -

“ညီလေးရှီ... ငါတို့ ယာယွီဟိုတယ်ကို သွားစစ်သင့်လား”

“မလိုပါဘူး ယာယွီဟိုတယ်မှာ သူတို့ရဲ့ အခန်းဝင်မှတ်တမ်းက သေချာပေါက် ရှိနေမှာပဲ၊ သွားစစ်လည်း အပိုပါပဲ အစ်ကိုကြီးပိုင်... ခင်ဗျားတို့ရဲ့ ရဲကွန်ရက် အကောင့် ကျွန်တော့်ကို ပေးသုံး” ရှီလဲ့က ပြောလိုက်သည်။

ပိုင်ချန် တုံ့ဆိုင်းသွားပြီး

“ညီလေးရှီ... မင်း ဘာလုပ်မလို့လဲ”

“လူမှုလုံခြုံရေးကြီးကြပ်မှုဌာနရဲ့ ‘လူမှုပြည်သူ့လုံခြုံရေး စောင့်ကြည့်မှုစနစ်’ နဲ့ ယာဉ်ထိန်းရဲဗျူရိုရဲ့ ‘လမ်းပြစောင့်ကြည့်မှုစနစ်’ တွေကို စစ်ဆေးမလို့ပါ ကျွန်တော် စိတ်ဝင်စားတဲ့ အရာအချို့ကို ရှာဖွေချင်လို့” ရှီလဲ့က ရှင်းပြသည်။

ပိုင်ချန် အံ့အားသင့်စွာဖြင့် ရေရွတ်မိသည်။

“မင်းက ဒါတွေကိုပါ သိနေတာလား”

ရှီလဲ့ ခပ်တိုးတိုး ရယ်မောလိုက်ပြီး -

“အစ်ကိုကြီးပိုင်... ဒါတွေက လျှို့ဝှက်ချက်တွေလို့ ထင်နေတာလား အကောင့်ကိုသာ အမြန်ပေးပါ၊ ဒီလောက်ရက်တွေ အများကြီး ကြာသွားပြီးတဲ့နောက် အဲဒီမှတ်တမ်းတွေ ရှိနေသေးရဲ့လားဆိုတာ ကျွန်တော် မသိဘူး”

ဆာဗာမှတစ်ဆင့် ပိုင်ချန်သည် ရဲကွန်ရက်အတွင်းသို့ လော့ဂ်အင်ဝင်လိုက်သည်။ ရှီလဲ့သည် စနစ်ကို ကျွမ်းကျင်စွာ အသုံးပြု၍ ရဲကွန်ရက်အတွင်းရှိ လူမှုပြည်သူ့လုံခြုံရေး စောင့်ကြည့်မှုစနစ် ပရိုဂရမ်ကို ရှာဖွေလိုက်ပြီးနောက်၊ ယာယွီဟိုတယ် အနီးနားရှိ ပြည်သူ့လုံခြုံရေး ကင်မရာများ၏ တည်နေရာများကို ရှာဖွေလိုက်တော့သည်။

ယာယွီဟိုတယ်၏ အနောက်ဘက် တည့်တည့်တွင် ပြည်သူ့လုံခြုံရေး ကင်မရာတစ်လုံး ရှိနေခဲ့သည်။ ရှီလဲ့သည် အောက်တိုဘာလ ၃၀ ရက်နှင့် နိုဝင်ဘာလ ၈ ရက်နေ့က ထိုကင်မရာ၏ ဗီဒီယိုမှတ်တမ်းများကို ချက်ချင်း ရှာဖွေလိုက်သည်။

ရှီလဲ့သည် လျူလုံကို မော့ကြည့်ကာ -

“ခင်ဗျား ယာယွီဟိုတယ်က အခန်းကို ဘယ်အချိန်မှာ ဝင်ခဲ့တာလဲ” ဟု မေးလိုက်သည်။

လျူလုံသည် ရှီလဲ့ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ အနည်းငယ် ရှောင်လွှဲနေခဲ့ပြီးနောက်

“ည ၈ နာရီ” ဟု ပြောလိုက်သည်။

“ခိုးမှုက ည ၁၁:၂၀ မှာ ဖြစ်ပွားခဲ့တာ ယာယွီဟိုတယ်ကနေ မြို့တော်ပြတိုက်ကို သွားဖို့ မိနစ်ငါးဆယ်လောက် ကြာတယ်၊ ဆိုလိုတာက ခင်ဗျား ယာယွီဟိုတယ်ကနေ ည ၁၀:၃၀ မတိုင်ခင် ထွက်ခွာသွားရမယ်” ရှီလဲ့သည် ပြည်သူ့လုံခြုံရေး ကင်မရာ၏ မှတ်တမ်းကို ဖွင့်လိုက်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့ ည ၈ နာရီ အချိန်ကာလကို တိုက်ရိုက်ရွေးချယ်ကာ ဗီဒီယိုကို အမြန်နှုန်းမြှင့်၍ ပြသလိုက်တော့သည်။

လျူလုံ၏ နဖူးတွင် ချွေးစများ ထွက်လာခဲ့ပြီး သူ၏ အသက်ရှူသံမှာလည်း အနည်းငယ် ပြင်းထန်လာခဲ့သည်။ သူသည် မိမိကိုယ်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေရှာသည်။

ဗီဒီယိုမှတ်တမ်းသည် ည ၁၀:၁၀ အချိန်ကာလသို့ ရောက်ရှိသွားသောအခါ ဒုတိယထပ်ရှိ ပြတင်းပေါက်တစ်ခုမှ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ကြိုးလှေကားနှင့် တူသော အရာတစ်ခုကို အောက်သို့ ပစ်ချကာ ဒုတိယထပ်မှနေ၍ အောက်သို့ ဆင်းလာခဲ့သည်။

ရှီလဲ့ ဗီဒီယိုကို ခေတ္တရပ်ဆိုင်းလိုက်ပြီး လျူလုံကို ကြည့်ကာ -

“အခုရော ခင်ဗျား ဘာပြောချင်သေးလဲ” ဟု မေးလိုက်သည်။

လျူလုံက ဇွတ်ငြင်းဆန်ဆဲဖြစ်ပြီး -

“ဒါက ဘာကို သက်သေပြနိုင်မှာလဲ ပုံရိပ်က အဲဒီလောက် မှောင်ပြီး မှုန်ဝါးနေတာကို၊ ဒါက ကျွန်တော်ပါလို့ ဘယ်လိုလုပ်ပြီး သက်သေပြနိုင်မှာလဲ”

“မျက်ရည်မကျရင် ‌နောင်တမရဘူးကိုး” ရှီလဲ့သည် အဆင့်မြင့် ကင်မရာကို ကောက်ကိုင်ကာ စခရင်ဆီသို့ ချိန်ရွယ်လိုက်ပြီး ပုံရိပ်ထဲက လူ၏ လမ်းလျှောက်သည့် ပုံစံကို ဖမ်းယူမှတ်တမ်းတင်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူသည် ပုံရိပ်ပြုပြင်ရေး ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ အခြား 3D ပုံစံငယ် ကာတွန်းတစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြန်သည်။

“ကဲ... ပုံမှန်အတိုင်း လမ်းနှစ်လှမ်းလောက် လျှောက်ပြစမ်းပါဦး”

လျူလုံသည် သဘာဝမကျစွာဖြင့် လမ်းနှစ်လှမ်း လျှောက်လိုက်သည်။ အဆင့်မြင့် ကင်မရာက ၎င်းကို မှတ်တမ်းတင်လိုက်ပြီး အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်က အမူအရာလှုပ်ရှားမှုဆိုင်ရာ ဝိသေသလက္ခဏာများကို ခွဲခြမ်းစိတ်ဖြာကာ တူညီမှုနှုန်းကို နှိုင်းယှဉ်လိုက်သည်။ လမ်းလျှောက်ခြင်းကဲ့သို့သော ရိုးရှင်းသည့် လှုပ်ရှားမှု၏ အမူအရာ ဝိသေသလက္ခဏာကတော့ အလွန်ပင် သိသာထင်ရှားလှပေသည်။ လျူလုံနှင့် ဗီဒီယိုထဲက လူ၏ လမ်းလျှောက်မှုပုံစံ အမူအရာ ဝိသေသလက္ခဏာ တိုက်ဆိုင်မှုနှုန်းမှာ ၉၅ ရာခိုင်နှုန်းအထိ မြင့်မားနေခဲ့သည်။

ပိုင်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

“လျူလုံ... မင်း အခုထိ ဝန်မခံသေးဘူးလား”

လျူလုံက ခေါင်းမာစွာဖြင့်

“ခင်ဗျားတို့မှာ တိုက်ရိုက်သက်သေ မရှိပါဘူး” ဟု ဆိုသည်။

ရှီလဲ့က ရုတ်တရက် မေးလိုက်သည်။

“ခင်ဗျားရဲ့ မျက်မှန်ပါဝါက ဘယ်လောက်လဲ”

“ဒါက ပုဂ္ဂလိက ကိစ္စပါ၊ ကျွန်တော် မဖြေနိုင်ဘူး” လျူလုံက မပူးပေါင်းလိုသည့် အမူအရာဖြင့် ပြန်ဖြေသည်။

“ခင်ဗျား ဒီမေးခွန်းကို သေချာပေါက် ဖြေရမယ်၊ မဟုတ်ရင် အခုရှိနေတဲ့ သက်သေတွေနဲ့တင် ခင်ဗျားကို စုံစမ်းစစ်ဆေးမှုကို ကူညီဖို့ ရဲစခန်းမှာ ထိန်းသိမ်းထားဖို့ လုံလောက်တယ်” ရှီလဲ့၏ လေသံမှာ တည်ငြိမ်နေပြီး ခြိမ်းခြောက်သည့် အရိပ်အယောင်ပင် မရှိချေ။

လျူလုံ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးတွင် သူက

“မျက်လုံးနှစ်ဖက်စလုံးက ပါဝါ ခုနစ်ရာ ရှိတယ်” ဟု ပြောလိုက်သည်။

“ဟဟ... အဝေးမှုန်တာ အတော်လေး ပြင်းထန်တာပဲ၊ ဒါက တကယ့်ကို သတင်းကောင်းပဲဗျာ” ရှီလဲ့သည် သူ၏ ဖုန်းကို တိုက်ရိုက်ကောက်ကိုင်ကာ ‘114’ သို့ ခေါ်ဆိုလိုက်ပြီးနောက်

“ဟယ်လို... ကျွန်တော် မေးမြန်းချင်လို့ပါခင်ဗျာ၊ မြို့တော်ပြတိုက်ရဲ့ အနီးနားမှာ ဘယ်လို မျက်မှန်ဆိုင်တွေ ရှိလဲ” ဟု မေးလိုက်သည်။

မေးမြန်းနေစဉ် အတောအတွင်းမှာပင် ရှီလဲ့သည် မြို့တော်ပြတိုက် အနီးနားရှိ မျက်မှန်ဆိုင်များနှင့် ပတ်သက်သော အချက်အလက်များကို ရှာဖွေလိုက်သည်။

114 ဖုန်းဝန်ဆောင်မှု အော်ပရေတာက မြို့ပြပြတိုက် အနီးနားရှိ မှတ်ပုံတင်ထားသော မျက်မှန်ဆိုင်များအားလုံးကို ရှီလဲ့အတွက် ပြောပြပေးခဲ့ပြီး သူက ထိုဆိုင်များ၏ ဖုန်းနံပါတ်များကို ချရေးလိုက်သည်။

ပိုင်ချန် ဇဝေဇဝါဖြစ်သွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ညီလေးရှီ... မင်း ဘာလို့ မျက်မှန်ဆိုင်တွေအကြောင်း မေးနေတာလဲ”

လျူလုံ၏ မျက်နှာကတော့ ပိုမို၍ ဖြူဖျော့ကာ ကြည့်ရဆိုးလာခဲ့တော့သည်။

All Chapters