← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း - ၁၅၂

ပေယွီခရိုင် ရွှမ်ချင်းမြို့ရဲစခန်း၏ နည်းပညာဌာနခွဲအတွင်း၌ ရှီလဲ့သည် လျူလုံ၏ အနားသို့ လျှောက်သွားကာ သူ၏ နှာခေါင်းပေါ်မှ မျက်မှန်ကို ချွတ်ယူလိုက်ပြီး မိမိကိုယ်တိုင် တပ်ဆင်ကြည့်လိုက်သည်။ ၎င်းမှာ အမှန်စင်စစ် ပါဝါအလွန်ပြင်းသော အဝေးမှုန်မျက်မှန် ဖြစ်နေခဲ့သည်။

“လျူလုံ... မင်း မျက်မှန်မပါရင် ဘာကိုမှ သေသေချာချာ မြင်ရမှာ မဟုတ်ဘူး မဟုတ်လား” ဟု ရှီလဲ့က မေးလိုက်သည်။

လျူလုံ ခေါင်းညိတ်ပြလိုက်ရာ သူ၏ မျက်နှာအမူအရာမှာ တော်တော်လေး ပျက်ယွင်းနေခဲ့ပြီ ဖြစ်သည်။

“အစ်ကိုကြီးပိုင်... ခင်ဗျားရဲ့ လူတွေကို ကျွန်တော် အခုပဲ ချရေးပေးခဲ့တဲ့ မျက်မှန်ဆိုင်တွေကို ဖုန်းဆက်ခိုင်းလိုက်ပါဦး၊ ပြီးတော့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ပါဝါ ခုနစ်ရာရှိတဲ့ မျက်ကပ်မှန်တွေကို လာဝယ်တဲ့သူ ရှိလားဆိုတာ မေးခိုင်းလိုက်ပါ” ရှီလဲ့က ခပ်ပြုံးပြုံးဖြင့် ဆက်လက်၍

“ဒီလောက် ပါဝါကြီးတဲ့ မျက်ကပ်မှန်ကို လာဝယ်တဲ့သူကိုတော့ ဆိုင်ဝန်ထမ်းတွေ သေချာပေါက် မှတ်မိနေကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟု ဆိုလိုက်သည်။

ပိုင်ချန်သည် နည်းပညာဌာနခွဲမှ ရဲအရာရှိများကို ချက်ချင်း ဖုန်းဆက်စုံစမ်းရန် ညွှန်ကြားလိုက်တော့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ရဲအရာရှိငယ်တစ်ဦးက လှမ်းပြောသည်မှာ

“ညွှန်ကြားရေးမှူးပိုင်... ဌာနမှူးကျန်း၊ ကျွန်တော်တို့ တစ်ခုခု ရှာတွေ့ပါပြီ ‘ပိုင်ယဲ့မျက်မှန်ဆိုင်’ ရဲ့ ပြောပြချက်အရ အောက်တိုဘာလ ၂၀ ရက်နေ့တုန်းက အသက် နှစ်ဆယ်ကျော် သုံးဆယ်အရွယ် အမျိုးသားတစ်ယောက်ဟာ ပါဝါ ခုနစ်ရာရှိတဲ့ မျက်ကပ်မှန်တစ်စုံကို လာဝယ်ယူခဲ့ဖူးတယ်လို့ သိရပါတယ်”

လျူလုံက မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့်

“မျက်ကပ်မှန်တစ်စုံတည်းနဲ့ ဘာကို သက်သေပြနိုင်မှာလဲ”

ရှီလဲ့သည် လျူလုံ၏ ဘေးတွင် ရပ်လိုက်ပြီး ညာဘက်လက်ဖြင့် လျူလုံ၏ ပခုံးကို ဖက်လျက် ပြုံး၍ ပြောလိုက်သည်။

“ဒါကတော့ ဘာမှမပြနိုင်ပါဘူး၊ ဒါပေမဲ့ မင်းရဲ့ မျက်ကြည်လွှာက ရောင်ရမ်းနေတယ် မဟုတ်လား... မင်းက မျက်ကပ်မှန်နဲ့ ဓာတ်မတည့်တာဖြစ်မယ် ထင်တယ်နော်... ဓာတ်မတည့်တဲ့သူတစ်ယောက်က ဒါကို လာဝယ်တယ်ဆိုတာ အတော်လေး ထူးဆန်းမနေဘူးလား အကြောင်းအရင်းတစ်ခုက သူ့ကို မျက်မှန်ချွတ်ပြီး မျက်ကပ်မှန် တပ်ဆင်ဖို့ တွန်းအားမပေးခဲ့ရင်ပေါ့ဗျာ... ဥပမာ ပြတိုက်ထဲက ပစ္စည်းတွေကို ခိုးယူဖို့ ပီကင်းအော်ပရာ မျက်နှာဖုံးကို ဝတ်ဆင်ရမယ်ဆိုတဲ့ အကြောင်းပြချက်မျိုးလေ”

လျူလုံ ရုန်းကန်လိုက်ပြီး ရှီလဲ့၏ လက်မောင်းအတွင်းမှ ရုန်းထွက်လိုက်ကာ -

“ခင်ဗျား လျှောက်ပြောနေတာပဲ ဒါတွေအားလုံးက ခင်ဗျားရဲ့ စိတ်ကူးယဉ် ထင်မြင်ချက်တွေပဲ”

“ပီကင်းအော်ပရာ မျက်နှာဖုံးတွေကို ရွှမ်ချင်းမြို့မှာ ရောင်းချတဲ့နေရာ သိပ်အများကြီး ရှိမှာမဟုတ်ပါဘူး မင်းရဲ့ ဓာတ်ပုံကို ယူပြီးတော့ စုံစမ်းစစ်ဆေးဖို့ အနည်းငယ် အားထုတ်လိုက်တာနဲ့တင် သဲလွန်စတွေကို ရှာတွေ့နိုင်ပါတယ်” ရှီလဲ့က ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ပိုက်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ဆက်ပြောသည်မှာ

“မင်းရဲ့ မျက်ဝန်းထဲက လှောင်ပြောင်ချင်တဲ့ အရိပ်အယောင်ကို တွေ့လိုက်တယ်နော်... အဲဒီ ပီကင်းအော်ပရာ မျက်နှာဖုံးကို ရွှမ်ချင်းမြို့မှာ ဝယ်ခဲ့တာ မဟုတ်လို့လား ဒါပေမဲ့ အရေးမကြီးပါဘူးလေ အခုရှိနေတဲ့ သက်သေကွင်းဆက်တွေနဲ့တင် မင်းရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေဖို့ လုံလောက်နေပါပြီ ပြတိုက်ကနေ ပျောက်ဆုံးသွားတဲ့ အဖိုးတန်ပစ္စည်း နှစ်ခုက အခုထိ မင်းရဲ့ အိမ်ထဲမှာပဲ ဝှက်ထားတုန်း မဟုတ်လား”

လျူလုံသည် တစ်စုံတစ်ရာ ပြန်လည်မပြောဘဲ တိတ်ဆိတ်စွာဖြင့်သာ ဆက်လက် ငြင်းဆန်နေခဲ့သည်။

“ရဲတပ်ဖွဲ့က ရှေးဟောင်းပစ္စည်း စုဆောင်းရေး ဈေးကွက်ကို သေချာစောင့်ကြည့်နေတာ မင်းမှာ ဒါတွေကို ထုတ်ရောင်းဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး၊ ဒါကြောင့် သေချာပေါက် ဝှက်ထားရမယ် ငါတို့ အဲဒီပစ္စည်းတွေကို ချက်ချင်း ရှာဖွေတွေ့ရှိနိုင်မယ်လို့ မင်းယုံလား” ဟု ရှီလဲ့က ပြုံးလျက် မေးလိုက်သည်။

လျူလုံသည် ရှီလဲ့၏ စကားထောင်ချောက်အတွင်းသို့ မကျဆင်းစေရန် ဘာမှ ထပ်မံမပြောဘဲ နေမြဲတိုင်း နေနေခဲ့သည်။

“လျူလုံ... မင်း ငါ့စကားကို မယုံဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ မင်း ယုံကြည်လာအောင် လုပ်ပြမယ် မင်းတို့နှစ်ယောက်... သူ့ကို ချုပ်ထားလိုက်” ရှီလဲ့က နည်းပညာဌာနခွဲမှ ရဲအရာရှိနှစ်ဦးကို အမိန့်ပေးလိုက်သည်။

ထိုရဲအရာရှိနှစ်ဦးသည် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သော်လည်း နောက်ဆုံးတွင် လျူလုံ၏ လက်ကို အနောက်သို့ ပစ်ကာ လက်ထိပ်ခတ်လိုက်ကြတော့သည်။

ရှီလဲ့သည် လျူလုံ၏ ဘောင်းဘီအိတ်ကပ်အတွင်းမှ ဖုန်းကို နှိုက်ယူလိုက်ပြီး -

“လျူလုံ... မင်း အခု ဝန်ခံမယ်ဆိုရင် ပြစ်ဒဏ်လျှော့ပေါ့မှုကို ရရှိနိုင်ပါသေးတယ် အကယ်၍ ငါတို့ စုံစမ်းစစ်ဆေးလို့ ခိုးယူသွားတဲ့ ပမာဏက လေးသန်း ကျော်သွားပြီဆိုရင်တော့ မင်း တစ်သက်လုံး ထောင်ထဲမှာပဲ နေရလိမ့်မယ်” ဟု ဆိုသည်။

လျူလုံက နှာခေါင်းရှုံ့ကာ

“ကျွန်တော် ပြစ်မှုမကျူးလွန်ထားဘူး၊ ဘာအတွက် ဝန်ခံရမှာလဲ”

“ခေါင်းမာလိုက်တာ” ရှီလဲ့သည် ရဲစခန်း၏ လုပ်ငန်းသုံး ဆာဗာရှေ့တွင် ပြန်လည်ထိုင်လိုက်ပြီး ဟက်ကာမဟာမိတ်အဖွဲ့၏ တရားဝင် ဝက်ဆိုက်ကို ဖွင့်ကာ ထိုနေရာမှ အီလက်ထရွန်းနစ် အသံပြောင်းလဲခြင်း ဆော့ဖ်ဝဲလ်တစ်ခုကို ဒေါင်းလုဒ် ဆွဲလိုက်ပြီးနောက် ၎င်း၏ ဆက်တင်များကို အလျင်အမြန် ချိန်ညှိလိုက်တော့သည်။

“ဦးလေးကျန်း... ဒီဖုန်းနဲ့ ချိတ်ဆက်ဖို့ USB ကြိုးတစ်ချောင်း၊ ပြီးတော့ ကွန်ပျူတာ မိုက်ခရိုဖုန်းနဲ့ စပီကာတစ်လုံးစီလောက် ရှာပေးပါဦး မိုက်ခရိုဖုန်းကြိုးက နည်းနည်း ရှည်ဖို့ လိုမယ်နော်” ရှီလဲ့က စခရင်ကို ကြည့်လျက်ပင် လှမ်း၍ ညွှန်ကြားလိုက်သည်။

ကျန်းဟုန်သည် ရဲအရာရှိငယ်များကို ထိုပစ္စည်းများ သွားရောက်ယူခိုင်းရန် အလျင်အမြန် စေခိုင်းလိုက်ပြီး၊ မိမိကိုယ်တိုင်ကတော့ ရှီလဲ့တစ်ယောက် ဟက်ကာမဟာမိတ်အဖွဲ့နှင့် မည်သို့ ပတ်သက်နေသလဲဟူသည်ကို စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်နေခဲ့သည်။ ရှီလဲ့သည် ဟက်ကာမဟာမိတ်အဖွဲ့နှင့် မိမိ၏ ဆက်နွှယ်မှုကို တမင်တကာ ထုတ်ပြနေခြင်းဖြစ်သည်ကို သူ မသိရှိခဲ့ချေ။

မိနစ်အနည်းငယ် ကြာပြီးနောက် ရဲအရာရှိငယ်များက ရှီလဲ့ လိုအပ်သော ပစ္စည်းများကို ယူဆောင်လာခဲ့ကြသည်။ ရှီလဲ့သည် ကွန်ပျူတာ မိုက်ခရိုဖုန်းကို ချိတ်ဆက်လိုက်ပြီးနောက်

“လျူလုံကို ဒီဘက် ခေါ်လာခဲ့ လူတိုင်း ဘာမှမပြောပါနဲ့၊ ကျွန်တော် သူ့ကို အရေးကြီးတဲ့ မေးခွန်းအချို့ မေးရမယ်” ဟု ညွှန်ကြားလိုက်သည်။

ရဲအရာရှိနှစ်ဦးက လျူလုံကို ရှီလဲ့၏ ဘေးနားသို့ ခေါ်ဆောင်လာခဲ့သည်။ ရှီလဲ့သည် လျူလုံနှင့်အတူ သာမန်နေ့စဉ်ကိစ္စရပ်များမှစ၍ အကြောင်းအရာအစုံကို လျှောက်ပြောကာ စကားစမြည် ပြောဆိုနေခဲ့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် ရှီလဲ့က ရုတ်တရက်

“ကဲ... ရပါပြီ မင်းကတော့ ‘နှုတ်ဆိတ်ခြင်းက ရွှေ’ ဆိုတဲ့ ကစားနည်းကို ဆက်ကစားချင်နေပုံရပေမဲ့၊ မင်း အခုလေးတင် ပြောလိုက်တဲ့ စကားလုံးတွေကတင် လုံလောက်နေပါပြီ” ဟု ဆိုသည်။

လျူလုံက ရှီလဲ့ကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ

“မင်း ဘာကို ဆိုလိုတာလဲ”

“ကျွန်တော် ဆိုလိုတာကတော့ ပြပွဲကောင်းတစ်ခုအတွက် ပြင်ဆင်ထားလိုက်တော့လို့ ပြောတာပါ မင်းတို့နှစ်ယောက်... သူ့ရဲ့ ပါးစပ်ကို ပိတ်ထားလိုက်စမ်း၊ ဘာအသံမှ ထွက်မလာစေနဲ့ အဟမ်း... ဒါက သံသယရှိသူကို နှိပ်စက်တာမျိုး မဟုတ်ပါဘူး၊ စိတ်ချပါ... ကျွန်တော်ကိုယ်တိုင်လည်း ဒါကို အပြင်မှာ လျှောက်ပြောမှာ မဟုတ်ပါဘူး” ရှီလဲ့က ပိုင်ချန်ကို ကြည့်လိုက်ရာ ပိုင်ချန်ကလည်း ရဲအရာရှိနှစ်ဦးကို ခေါင်းညိတ်ပြလိုက်သည်။

လျူလုံ၏ ပါးစပ်ကို ပိတ်လိုက်သောအခါ သူ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှု အမူအရာများ နောက်ဆုံးတွင် ပေါ်ပေါက်လာခဲ့တော့သည်။

လုပ်ငန်းသုံး ဆာဗာပေါ်တွင် ရှီလဲ့သည် အီလက်ထရွန်းနစ် အသံပြောင်းလဲခြင်း ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ လျူလုံ၏ အသံလှိုင်းနှင့် အသံနေအထားတို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက မိုက်ခရိုဖုန်းကို ကိုင်ကာ -

“ကျွန်တော်က လျူလုံပါ” ဟု ပြောလိုက်ရာ စပီကာမှ ထွက်ပေါ်လာသောအသံမှာ လျူလုံ၏ အသံနှင့် သိသိသာသာ တူညီနေခဲ့သည်။ အကယ်၍ သေသေချာချာ အာရုံစိုက် နားမထောင်ပါက မည်သူမျှ ခွဲခြားနိုင်မည် မဟုတ်ချေ။

ပိုင်ချန်၊ ကျန်းဟုန်၊ အိုးရန်ရှန်းနှင့် လျူလုံတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားကြသည်။

ရှီလဲ့ မတ်တပ်ရပ်လိုက်ပြီး လျူလုံ၏ ဖုန်းကို အသုံးပြု၍ ကျန်းလီထံသို့ ဖုန်းခေါ်ဆိုလိုက်ကာ စပီကာဖွင့်ပြီးနောက် မိုက်ခရိုဖုန်းကို ကိုင်လျက် အနည်းငယ် ဝေးရာသို့ လှမ်းဆုတ်လိုက်သည်။

‘ဝူး... ဝူး... ဝူး...’ စက္ကန့်အနည်းငယ်ကြာ ဖုန်းခေါ်ဆိုသံ မြည်ပြီးနောက် ဖုန်းလိုင်း ချိတ်ဆက်သွားခဲ့ပြီး တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။

“လျူလုံ... မင်းကို ရဲတွေ ထပ်ဖမ်းသွားပြန်ပြီလို့ ငါ ကြားတယ်၊ အခြေအနေ ဘယ်လိုလဲ”

ရှီလဲ့က ဖုန်းကို ကိုင်ကာ ပြောလိုက်သည်။

“ကျန်းလီ... အခြေအနေက မကောင်းဘူးဟ ငါ အခု ရဲစခန်းရဲ့ သန့်စင်ခန်းထဲမှာ ပုန်းပြီး မင်းဆီ ဖုန်းဆက်နေတာ အဲဒီပစ္စည်း နှစ်ခုကို အမြန် သွားဝှက်လိုက်တော့၊ ရဲတွေက နေအိမ်ဝင်ရောက်ရှာဖွေခွင့် ဝရမ်း လျှောက်နေကြပြီ”

အီလက်ထရွန်းနစ် အသံပြောင်းလဲခြင်း ဆော့ဖ်ဝဲလ်သည် ရှီလဲ့၏ အသံကို လျူလုံ၏ အသံအဖြစ်သို့ ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။

“ဘာ...” ကျန်းလီ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ပြီး

“လျူလုံ... မင်း ဘာမှ ထုတ်မပြောခဲ့ဘူး မဟုတ်လား”

ရှီလဲ့ ပိုင်ချန်ကို ကြည့်ကာ လူလည်ကျသော အမူအရာဖြင့်

“စိတ်မပူပါနဲ့ မင်း အခုပဲ အလုပ်ကနေ ခွင့်တိုင်ပြီး အဲဒီပစ္စည်း နှစ်ခုကို သွားဝှက်ဖို့ အိမ်ကို အမြန်ပြန်တော့”

ကျန်းလီသည် အမျိုးသမီးတစ်ဦး ဖြစ်သည့်အားလျော်စွာ ပျာပျာသလဲ ဖြစ်သွားပြီး

“ငါ ဒါတွေကို ဘယ်မှာ သွားဝှက်ရမလဲ” ဟု မေးရှာသည်။

“ပြတိုက်ရဲ့ တစ်ဖက်မျက်နှာစာမှာ ရှိတဲ့ စူပါမားကတ်ရဲ့ ပစ္စည်းအပ်တဲ့ သေတ္တာထဲမှာ သွားဝှက်ထားလိုက် ညမှ ငါတို့ သွားပြန်ယူကြမယ် မြန်မြန်လုပ်တော့... ကြားလား” ရှီလဲ့သည် ကျန်းလီကို ထောင်ချောက်အတွင်းသို့ လမ်းညွှန်ခေါ်ဆောင်သွားခဲ့သည်။

လျူလုံသည် ရှီလဲ့ ဖုန်းခေါ်ဆိုနေသည်ကို နားထောင်ရင်း မူလကတော့ ရုန်းကန်နေခဲ့သော်လည်း၊ ကျန်းလီက ပစ္စည်းများကို ဘယ်မှာ ဝှက်ရမလဲဟု မေးလိုက်သောအခါတွင်မူ သူသည် ရုန်းကန်ခြင်းကို ချက်ချင်း ရပ်တန့်လိုက်တော့သည်။ အကြောင်းမှာ အရာအားလုံးက အတည်ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

“ကဲ... ကျန်းလီ၊ ငါ ဖုန်းချလိုက်ပြီနော်” ရှီလဲ့ ဖုန်းချလိုက်ပြီးနောက် တဟားဟား ရယ်မောလိုက်ကာ

“လျူလုံ... မင်း အခု ဘာပြောချင်သေးလဲ”

ရဲအရာရှိနှစ်ဦးက လျူလုံကို လွှတ်ပေးလိုက်သည်။ လျူလုံ၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး သက်ပြင်းချလျက်

“အဲဒီ ဦးနှောက်မရှိတဲ့ မိန်းမကတော့... တကယ်ကို လှည့်စားရလွယ်တာပဲ” ဟု ရေရွတ်လိုက်တော့သည်။

ပိုင်ချန်က အလျင်အမြန် မေးမြန်းသည်မှာ -

“လျူလုံ... မင်းက ဖန်ပြသေတ္တာရဲ့ သော့နဲ့ လျှို့ဝှက်နံပါတ်ကို ဘယ်လိုမျိုး ရခဲ့တာလဲ ပြီးတော့ ဒုတိယမြောက် လျှို့ဝှက်စောင့်ကြည့်ကင်မရာ ရှိနေတာကိုရော မင်း ဘယ်လို သိတာလဲ”

“ကျန်းလီက စီမံခန့်ခွဲရေးစာရေးလေဗျာ ပြတိုက်မှူး ခရီးထွက်သွားတဲ့ အချိန်တုန်းက သူမက ပြတိုက်မှူးရဲ့ ရုံးခန်းကို သန့်ရှင်းရေးလုပ်ရင်းနဲ့ ဒုတိယမြောက် စောင့်ကြည့်ကင်မရာတွေရဲ့ တည်နေရာပြမြေပုံ၊ တတိယမြောက် ကင်မရာရဲ့ အချက်အလက်တွေနဲ့ ပြတိုက်မှူးရဲ့ ကိုယ်ပိုင်လျှို့ဝှက်နံပါတ်ကို ခိုးကြည့်ခဲ့တာ... သော့ကတော့... လုံခြုံရေးအဖွဲ့ခေါင်းဆောင်နဲ့ ကျန်းလီတို့... အလုပ်ရှုပ်နေကြတဲ့ အချိန်မှာ၊ ကျွန်တော်က ရွှံ့စေးကို သုံးပြီး ပုံစံတူယူခဲ့တာ၊ ပြီးတော့ သော့ပြင်ဆရာတစ်ယောက်ဆီမှာ သော့အပို သွားလုပ်ခိုင်းလိုက်တာပေါ့ ဒါက ဘာခက်လို့လဲ” လျူလုံ၏ လေသံမှာ အနည်းငယ် ပြင်းထန်လျက် ရှိပေသည်။ သူက ရှီလဲ့ဘက်သို့ လှည့်ကာ -

“ဒါနဲ့... ခင်ဗျားက ကျွန်တော်တို့အပေါ် ဘာလို့ သံသယဝင်ခဲ့တာလဲ ကျွန်တော်တို့က အခင်းဖြစ်ချိန်က အခြားနေရာမှာ ရှိနေတဲ့ သက်သေမရှိတဲ့ ပုံစံမျိုးကို တမင်တကာ ဖန်တီးခဲ့တာတောင်မှ၊ ကျွန်တော်တို့ရဲ့ သက်သေကို တင်ပြတဲ့အခါ ခင်ဗျား ဘာလို့ သံသယ ရှိနေသေးတာလဲ”

ရှီလဲ့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး

“အကြောင်းကတော့ မင်းတို့က သံသယဝင်စရာ ကောင်းနေလို့ပဲပေါ့ဗျာ ကဲ... သူ့ကို ထပ်မံစစ်ဆေးဖို့ ခေါ်သွားလိုက်ကြပါဦး အစ်ကိုကြီးပိုင်... ကျန်းလီကို ဖမ်းဆီးဖို့နဲ့ ပျောက်ဆုံးနေတဲ့ ပစ္စည်းနှစ်ခုကို ပြန်လည်သိမ်းဆည်းဖို့ လူအမြန်လွှတ်လိုက်ပါဦး”

လျူလုံကို ခေါ်ဆောင်သွားပြီးနောက် ပိုင်ချန်က စတင်၍ လက်ခုပ်တီးလိုက်ပြီး -

“ညီလေးရှီ... မင်းကတော့ တကယ်ကို အံ့ဩစရာကောင်းတာပဲမင်း ဘွဲ့ရပြီးရင် ငါတို့ ရဲစခန်းမှာ လာအလုပ်လုပ်ရင်ကောဘယ်လိုလဲ မင်းအတွက် ရာထူးတိုးဖို့နဲ့ ချမ်းသာဖို့က အေးဆေးပဲလို့ ငါ အာမခံပါတယ်”

ရှီလဲ့ အလျင်အမြန် ခေါင်းခါပြလိုက်ပြီး -

“အစ်ကိုကြီးပိုင်... ဘာတွေ လျှောက်ပြောနေတာလဲ ကျွန်တော် ရဲအရာရှိ မလုပ်ချင်ပါဘူး အိုးရန်... အားလုံး ပြီးသွားပြီဆိုတော့ ငါတို့ ပြန်ကြမလား”

“နေပါဦး” ပိုင်ချန်က တားလိုက်ပြီး -

“ညီလေးရှီ... မင်း အခုလေးတင် သုံးခဲ့တဲ့ ‘ဖမ်းယူရေး ပရိုဂရမ်’ကို ငါတို့ ဗျူရိုအတွက် ကူးပေးလို့ ရမလား”

ရှီလဲ့က ငြင်းပယ်လိုက်ပြီး

“အစ်ကိုကြီးပိုင်... ဒါကတော့ မဖြစ်နိုင်ဘူး ဒါကို ခင်ဗျားတို့ဆီ အလကား မပေးနိုင်ပါဘူး”

“ငါတို့ ဝယ်မယ်လေ... ဒါဆို အဆင်ပြေတယ် မဟုတ်လား” ပိုင်ချန်က မတတ်သာသည့် အမူအရာဖြင့် -

“ညီလေးရှီရာ... မင်းက တကယ်ကို ကပ်စေးနည်းတာပဲ၊ ဆော့ဖ်ဝဲလ်လေး တစ်ခုတောင် ငါတို့ ရဲတပ်ဖွဲ့အတွက် မလှူဒါန်းချင်ဘူးလား”

“အစ်ကိုကြီးပိုင်... ကျွန်တော့်ကို ချမ်းသာပေးပါ ကျွန်တော် အခုလောလောဆယ် ဒီပရိုဂရမ်အတွက် ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်လျှောက်ထားနေတာ ဒါက ကျွန်တော် မကြာခင် တည်ထောင်တော့မယ့် ကုမ္ပဏီရဲ့ အဓိက နည်းပညာပိုင်းဆိုင်ရာ အင်အားပဲ ခင်ဗျားတို့ ဗျူရိုအနေနဲ့ ကျွန်တော် သတ်မှတ်မယ့် ဈေးနှုန်းကို ပေးချင်မှာ မဟုတ်ပါဘူး” ရှီလဲ့က ရှင်းပြသည်။

“ညီလေးရှီ... ငါတို့ ဗျူရိုကို လျှော့မတွက်ပါနဲ့ဦး ငါတို့ ဗျူရိုရဲ့ ပစ္စည်းကိရိယာ ဝယ်ယူရေး ရန်ပုံငွေက တော်တော်လေး လုံလောက်ပါတယ်” ပိုင်ချန်က ဂုဏ်ယူစွာ ပြောလိုက်သည်။

ရှီလဲ့က ပေါ့ပေါ့ပါးပါးနှင့် အေးဆေးစွာဖြင့် -

“အသုံးပြုခွင့် သီးသန့်အတွက် ‘ဆယ်သန်း’ ပါ တစ်ချိန်တည်းမှာပဲ ခင်ဗျားတို့က နိုင်ငံတော်အဆင့် ဌာနတစ်ခု ဖြစ်တာကြောင့် ဒီဈေးနှုန်းက အခွန်ဆောင်ပြီးသားဈေးနှုန်း ဖြစ်ရပါမယ်” နိုင်ငံတော်အဆင့် ဌာနများသည် နိုင်ငံခြား အခွန်လွတ်ကုမ္ပဏီများမှတစ်ဆင့် အခွန်ရှောင်၍မရသဖြင့် ကြီးမားသော အခွန်နှုန်းထားများကို ပေးဆောင်ရမည် ဖြစ်၏။

“အဟွတ်... အဟွတ်...” ပိုင်ချန် ပြင်းထန်စွာ ချောင်းဆိုးသွားပြီး

“မင်း ဘယ်လောက်လို့ ပြောလိုက်တာလဲ”

“အခွန်ဆောင်ပြီးသား ဆယ်သန်းပါ” ရှီလဲ့က ထပ်မံ ထည့်ပြောလိုက်သည်။

ပိုင်ချန် အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်ပြီး -

“ညီလေးရှီ... မင်းကတော့ တကယ်ကို ရက်စက်တာပဲ ငါက မကြာခင် နောက်လထဲမှာ ကျင်းပမယ့် စာလုံးအလှနဲ့ ပန်းချီပြပွဲမှာ သုံးဖို့အတွက် မင်းရဲ့စနစ်ကို ဝယ်ဖို့ စဉ်းစားနေတာဟ”

“ဘာ စာလုံးအလှနဲ့ ပန်းချီပြပွဲလဲ” ရှီလဲ့က စိတ်ဝင်တစား မေးမြန်းလိုက်သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရွှမ်ချင်းမြို့၌ ပြည်တွင်းပြည်ပမှ ကျော်ကြားသော စာလုံးအလှများနှင့် ပန်းချီကားများ၏ ကြီးကျယ်ခမ်းနားသော ပြပွဲတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။ ထိုအချိန်တွင် ကျော်ကြားသော မူရင်းစာလုံးအလှများနှင့် တန်ဖိုးကြီး ပန်းချီကားများစွာကို ရွှမ်ချင်းမြို့သူ မြို့သားများ အနီးကပ် လေ့လာနိုင်ရန် ပြသသွားမည် ဖြစ်သည်။ ဤပြပွဲသည် သုံးရက်တိုင်တိုင် ကြာမြင့်မည် ဖြစ်သည်။ ဤသုံးရက်တာ ကာလသည် ပြပွဲ၏ လုံခြုံရေး လုပ်ငန်းစဉ်များအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုအထဲတွင် အရေးအကြီးဆုံး ပြဿနာမှာ ခိုးယူမှု ကာကွယ်ရေးပင် ဖြစ်၏။

ပြပွဲတွင် ပါဝင်ပြသမည့် စာလုံးအလှနှင့် ပန်းချီလက်ရာပေါင်း ၅၀ ကျော် ရှိနေပြီး၊ တန်ဖိုးအကြီးဆုံး ပန်းချီကားမှာ ယွမ်သန်းတစ်ရာကျော် တန်ဖိုးရှိနေသဖြင့် မကောင်းသောအကြံ ရှိသူအချို့က ၎င်းကို လောဘတက်လာကြမည်မှာ မလွဲဧကန်ပင်။

ရှီလဲ့သည် ယနေ့တွင် လျူလုံ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်အတွက် အသုံးပြုခဲ့သည်ကို မြင်ပြီးနောက်၊ ပိုင်ချန်သည် မှုခင်းများကို ဖြေရှင်းရန် နည်းလမ်းတစ်ခုအဖြစ် ထိုပရိုဂရမ်ကို အလွန် ရယူလိုနေခဲ့သည်။ စာလုံးအလှနှင့် ပန်းချီပြပွဲတွင် မည်သည့်ပြဿနာမှ မပေါ်ပေါက်စေရန် ကာကွယ်ရန်အတွက် သဲလွန်စအချို့ကို ရရှိရန် ၎င်းပရိုဂရမ်ကို အသုံးပြုနိုင်မည် မဟုတ်ပါလား။

ပိုင်ချန်၏ မိတ်ဆက်စကားကို ကြားပြီးနောက် ရှီလဲ့၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ ဤအရာက JSSL အတွက် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်တော့သည်။

All Chapters