အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း - ၁၅၅
ရှီလဲ့သည် ရှားပူခရိုင်တွင် ကျောက်စိမ်းဗုဒ္ဓကို ဝယ်ယူစဉ် ဂီဗန်ချီ ဝတ်စုံတစ်စုံကိုပါ ဝယ်ယူခဲ့သည်။ ၎င်းမှာ အပြာနုရောင် ပရင့်ရှပ်အင်္ကျီ၊ အပြာရင့်ရောင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်သော စမတ်ဘောင်းဘီနှင့် အနက်ရောင် သားရေဖိနပ်တစ်ရံ တို့ ဖြစ်ကြသည်။
လီချိုင်သည် လမ်းဘေးမှ ဈေးပေါသော အဝတ်အစားများကိုသာ ဝတ်ဆင်လေ့ရှိပြီး ဖရိုဖရဲ ဖြစ်နေတတ်သော ရှီလဲ့၏ ပုံစံကို မြင်တွေ့နေကျ ဖြစ်သည်။ သို့ဖြစ်ရာ ရှီလဲ့အနေဖြင့် အနာဂတ်အလားအလာရှိသော လူငယ်တစ်ဦးကဲ့သို့ စမတ်ကျကျ ဝတ်ဆင်လိုက်သောအခါ လီချိုင်မှာ အတော်ပင် အံ့အားသင့်သွားခဲ့ရသည်။
“ဘာကို ငေးကြည့်နေတာလဲ ကားပေါ်တက်လေ” ရှီလဲ့က လှမ်းတိုက်တွန်းလိုက်သည်။
လီချိုင်သည် ဒီဇိုင်းပုံစံကြမ်းများကို ပွေ့ပိုက်လျက် ခရီးသည်ဘက်ခြမ်း ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် လူလည်ကျသော အပြုံးဖြင့်
“အစ်ကိုကြီးရှီ... ခင်ဗျား တကယ်ပဲ အော်ဒီကား ဝယ်လိုက်တာပေါ့ ချမ်းသာလာတော့ တကယ်ကို ကွဲပြားသွားတာပဲနော်” ဟု ဆိုသည်။
ရှီလဲ့က နှာခေါင်းရှုံ့ကာ -
“ ရှောင်လီ... ငါ့ကို လာနောက်မနေနဲ့”
“အစ်ကိုကြီးရှီ... ဒီကားကို ပတ်မောင်းဖို့ ကျွန်တော့်ကို ဘယ်တော့လောက် ငှားပေးနိုင်မလဲ” လီချိုင်က အရှက်မရှိဘဲ မေးလိုက်သည်။
“ဘာလုပ်ဖို့လဲ” ရှီလဲ့ ပြန်မေးလိုက်သည်။ ရှီလဲ့အနေဖြင့် ကားကို နှမြောနေ၍ မဟုတ်ပါ သူလိုချင်လျှင် ဤကားကို လီချိုင်ကိုပင် ပေးပစ်နိုင်ပါသည်။ အတိတ်ဘဝတုန်းက လီချိုင်သည် ရှီလဲ့ကို အလွန်အမင်း ကူညီပေးခဲ့ဖူးသည် မဟုတ်ပါလား။
လီချိုင်သည် စက်မှုဒီဇိုင်း ပုံစံကြမ်းများကို သူ၏ ပေါင်ပေါ်တွင် တင်လိုက်ပြီး ခေါင်းကို ကုတ်ရင်း
“ကျွန်တော် လန်လန်ကို ကားပေါ်တင်ပြီး ရွှမ်ချင်းမြို့ တစ်မြို့လုံးကို လျှောက်လည်ချင်လို့ပါ”
“တုလန်လား” ရှီလဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ “မင်း သူမရဲ့ နောက်ကြောင်းကို သေသေချာချာ စုံစမ်းပြီးပြီလား”
လီချိုင်၏ မျက်နှာ အနည်းငယ် နီမြန်းသွားပြီး
“အစ်ကိုကြီးရှီ... ကျွန်တော် ဖျောင်းဖျလိုက်လို့ လန်လန်က ဘားမှာ အချိန်ပိုင်းအလုပ် မလုပ်တော့ပါဘူး... အခုဆို သူမ ကျောင်းစာကြည့်တိုက်မှာပဲ နေ့တိုင်း အချိန်ပိုင်းအလုပ် လုပ်နေတာပါ”
ရှီလဲ့ အတွင်းစိတ်ထဲ၌ လျှို့ဝှက်စွာ အံ့အားသင့်သွားခဲ့သည်။ သူ ခန့်မှန်းချက် မှားသွားခဲ့ခြင်း ဖြစ်နိုင်မလား။ ထိုတုလန်ဆိုသော မိန်းကလေးမှာ ထိုကဲ့သို့သော မိန်းကလေးမျိုး မဟုတ်ဘဲ ဘားတွင် အချိန်ပိုင်းအလုပ် လုပ်နေခဲ့ရုံသက်သက်ပဲလား။ ‘တောက်... အဲဒီလို ထူးဆန်းတဲ့သူမျိုး တကယ်ပဲ ရှိနေတာပဲ’
“ကားလိုတဲ့အချိန်ဆို ငါ့ဆီ ဖုန်းသာ လှမ်းဆက်လိုက် ငါ အလုပ်မရှုပ်နေသရွေ့တော့ မင်း စိတ်ကြိုက် သုံးနိုင်ပါတယ်” ရှီလဲ့က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
လီချိုင် ဝမ်းသာအားရဖြစ်သွားပြီး
“အစ်ကိုကြီးရှီက အကောင်းဆုံးပဲ”
အဖြူရောင် အော်ဒီ ကားလေးသည် ကျောင်းဝန်းအတွင်း ဖြတ်မောင်းလာခဲ့ပြီးနောက် မကြာမီမှာပင် ဆရာ၊ ဆရာမများ နေထိုင်ရာ ရပ်ကွက်သို့ ရောက်ရှိလာခဲ့ကာ လီကျစ်ယွဲ့တို့ အိမ်၏ အောက်ထပ်တွင် ကားရပ်လိုက်သည်။
ရှီလဲ့သည် လီချိုင်ကို ခေါ်ဆောင်လျက် တတိယထပ်သို့ တက်လာခဲ့ပြီးနောက် တံခါးကို ခေါက်လိုက်သည်။
အတွင်းမှ လီခွန်းနင်၏ အသံ ထွက်ပေါ်လာခဲ့သည်။
“ဘယ်သူလဲ”
“ပရော်ဖက်ဆာလီ... ကျွန်တော် ရှီလဲ့ပါ” ရှီလဲ့၏ လေသံမှာ ဖြောင့်မတ်မှန်ကန်နေပြီး သူ၏ သမီးကို လာရောက်ပိုးပန်းမည့် လူရှုပ်လူပွေတစ်ဦးနှင့် လုံးဝမတူဘဲ ပညာရပ်ဆိုင်ရာ လာရောက်ဆွေးနွေးမည့် ပရော်ဖက်ဆာတစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။
လီခွန်းနင် တံခါးဖွင့်ပေးလိုက်သော်လည်း ရှီလဲ့ကို မျက်နှာကောင်းမပြဘဲ တင်းမာသော မျက်နှာထားဖြင့်ပင်
“ရှီလဲ့... မင်း ဘာကိစ္စ ရှိလို့လဲ” ဟု မေးလိုက်သည်။
ရှီလဲ့သည် လီခွန်းနင်၏ အမူအရာကို ဂရုမစိုက်ဘဲ မိတ်ဆက်ပေးလိုက်သည်။
“ပရော်ဖက်ဆာလီ... ဒါက ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း ‘လီချိုင်’ ပါ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက ခင်ဗျားတို့ နှစ်ယောက်က မိသားစုတစ်ခုတည်း ဖြစ်ခဲ့ဖူးတာလည်း ဖြစ်နိုင်ပါတယ်” ရှီလဲ့က စနောက်လိုက်သည်။
လီချိုင်သည် ဒီဇိုင်းပုံစံကြမ်း အမြောက်အမြားကို ပွေ့ပိုက်လျက် အနည်းငယ် ဦးညွှတ်ကာ
“ပရော်ဖက်ဆာလီ... မင်္ဂလာပါ ကျွန်တော်က လီချိုင် ပါ အခုလို အသိမပေးဘဲ ရုတ်တရက် ရောက်လာခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်” ဟု ဆိုလိုက်သည်။
ဟွမ်းဖန်ထွက်လာခဲ့ပြီး ရှီလဲ့ကို ကြည့်သည့် အကြည့်များမှာ ယောက္ခမက သမက်ကို ကြည့်သည့်အတိုင်း ကြည့်လေ ပို၍ သဘောကျလေ ဖြစ်နေခဲ့သည်။
“ရှောင်လဲ့... ဝင်ခဲ့လေ အဖိုးကြီး... ရှင်က တံခါးဝမှာ ဘာလို့ ပိတ်ရပ်နေတာလဲ”
လီခွန်းနင် နှုတ်ခမ်းကို မဲ့လိုက်ပြီး ဘေးသို့ ဖယ်ပေးကာ အေးစက်စွာဖြင့်
“ဝင်ခဲ့ကြ” ဟု ဆိုလိုက်သည်။
ရှီလဲ့နှင့် လီချိုင်တို့ ဝင်လာပြီးနောက် ရှီလဲ့သည် လီကျစ်ယွဲ့ကို ချက်ချင်း သွားမရှာခဲ့ချေ။ ထို့အစား သူ လီခွန်းနင်၏ အနားသို့ ကပ်ကာ
“ပရော်ဖက်ဆာလီ... ဒါက ကျွန်တော် ပြီးခဲ့တဲ့အကြိမ်က ပြောခဲ့တဲ့ သူငယ်ချင်းပါ”
ထိုသို့ပြောရင်း ရှီလဲ့က လီချိုင်၏ ပုခုံးကို ပုတ်လိုက်ကာ
“လီချိုင်... မင်းရဲ့ အဲဒီရဟတ်ယာဉ်အကြောင်း ပရော်ဖက်ဆာလီကို ပြပြီး လမ်းညွှန်မှု တောင်းခံလိုက်ဦးလေ ပရော်ဖက်ဆာလီက ငါတို့ကျောင်းရဲ့ ထိပ်တန်း စက်မှုပညာရှင်ကြီးပဲ”
လီခွန်းနင်သည် ရှီလဲ့ကို သံသယစိတ်နှင့် သတိကြီးစွာ ထားနေခဲ့သော်လည်း ရှီလဲ့၏ မြှောက်ပင့် စကားများကြောင့် အနည်းငယ်တော့ စိတ်ထဲ မြောက်ကြွသွားခဲ့ရသည်။
“ကျောင်းသား လီချိုင်... မင်း လောင်စာဆီသုံး အဝေးထိန်း ရဟတ်ယာဉ်တစ်စီး ဒီဇိုင်းဆွဲထားတယ်လို့ ငါ ကြားမိတယ် အခု ဘယ်အဆင့်ထိ ရောက်နေပြီလဲ”
လီချိုင်သည် သူ ကိုင်ဆောင်လာသော ပုံကြမ်းများကို ဧည့်ခန်းရှိ စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်ပြီး အသေးစိတ် စတင်ရှင်းပြတော့သည်။
“ပရော်ဖက်ဆာလီ... ကျေးဇူးပြုပြီး ကြည့်ပေးပါ ဒါတွေက ကျွန်တော့်ရဲ့ စက်မှုဒီဇိုင်း ပုံကြမ်းတွေပါ... ကျွန်တော့်ရဲ့ လောင်စာဆီသုံး အဝေးထိန်း ရဟတ်ယာဉ်က ပြည်တွင်းဖြစ် အဆင့်မြင့်ဆုံး လေးဆလင်ဒါ၊ လေးချက်ခုတ် အသေးစား ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားတာပါ... ကားကိုယ်ထည်တစ်ခုလုံးကို ပေါ့ပါးတဲ့ အလူမီနီယံသတ္တုစပ်နဲ့ ပြုလုပ်ထားတာကြောင့် ခိုင်ခံ့ရုံတင်မကဘဲ ပေါ့ပါးပါတယ် အထူးဒီဇိုင်းထုတ်ထားတဲ့ ပန်ကာဒိုင်း ခြောက်ခုက ပျံသန်းစဉ်အတွင်း ထွက်ပေါ်လာတဲ့ အသံကို လျှော့ချပေးနိုင်ပါတယ် လက်ရှိမှာတော့ ကျွန်တော် လေဝင်လေထွက်လမ်းကြောင်းကို ဒီဇိုင်းဆွဲနေတာ”
လီချိုင်သည် အချက်ကျကျဖြင့် အားတက်သရော ပြောဆိုနေခဲ့ရာ လီခွန်းနင်လည်း ခေါင်းကို တဆက်ဆက် ညိတ်နေခဲ့သည်။ သူတို့နှစ်ဦးသည် မကြာမီမှာပင် လေးနက်သော ဆွေးနွေးမှုတစ်ခုအတွင်းသို့ ရောက်ရှိသွားကြပြီး ရှီလဲ့ ထွက်ခွာသွားသည်ကိုပင် သတိမပြုမိကြချေ။
ဟွမ်းဖန်သည် ပန်းသီးတစ်လုံးကို အခွံနွှာကာ ရှစ်စိတ် စိတ်လိုက်ပြီးနောက် သွားကြားထိုးတံများဖြင့် သစ်သီးပန်းကန်ထဲတွင် ထည့်လိုက်သည်။
“ရှောင်လဲ့... သစ်သီး လာစားဦးလေ”
ရှီလဲ့က ပြုံးလျက် မေးလိုက်သည်။
“အန်တီ... ဆရာမလီရော”
“သူမ အခန်းထဲမှာ သင်ခန်းစာ ပြင်ဆင်နေတယ်လေ” ဟွမ်းဖန်၏ မျက်ဝန်းများထဲတွင် ဖော်မပြတတ်သော စနောက်လိုသည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး “ရှောင်လဲ့... မင်း ကျစ်ယွဲ့နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့လား”
ရှီလဲ့ အူကြောင်ကြောင်ဖြင့် ခေါင်းကို ကုတ်လိုက်ပြီး သူ၏ ဘောင်းဘီအိတ်ကပ်ထဲမှ သပ်ရပ်လှပသော အနီရောင်သေတ္တာလေးကို ထုတ်ကာ ဆိုဖာဘေးရှိ စားပွဲငယ်ပေါ်တွင် တင်လိုက်သည်။
“အန်တီ... ကျွန်တော် အလျင်စလို လာခဲ့ရလို့ လက်ဆောင်အသေးစားလေးပဲ ယူလာနိုင်ခဲ့တယ်၊ အန်တီ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်” ရှီလဲ့က နှိမ့်ချစွာ ပြောလိုက်သည်။
ဟွမ်းဖန်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူမ စားပွဲပေါ်မှ သေတ္တာလေးကို ကောက်ကိုင်ကာ ဖွင့်ကြည့်လိုက်ရာ အလွန် သပ်ရပ်လှပသော ကျောက်စိမ်းဗုဒ္ဓတစ်ဆူကို ရှာတွေ့ခဲ့သဖြင့် သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။
“အိုရှောင်လဲ့ရယ် မင်းကလည်း အားနာစရာကြီး ဒီကျောက်စိမ်းက ဈေးမနည်းဘူး မဟုတ်လား”
ရှီလဲ့က ရယ်မောလိုက်ပြီး -
“ေဈးမကြီးပါဘူး စျေးမကြီးပါဘူး... ကျွန်တော့်ရဲ့ စေတနာနည်းနည်းပါပဲ” သူ တိုက်ရိုက် တန်ဖိုးကို မပြောဘဲ သွယ်ဝိုက်၍ အရိပ်အမြွက် ပြောလိုက်သည်။ “ဒါနဲ့ အန်တီ... အကယ်၍ ဒီကျောက်စိမ်းမှာ ပြဿနာတစ်ခုခု ရှိခဲ့ရင် ပြေစာအတိုင်း ဝမ်ဖူကျင်း ကုန်တိုက်မှာ သွားရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်”
သို့သော် ဟွမ်းဖန်သည် အနီရောင်သေတ္တာထဲရှိ ပြေစာကို ချက်ချင်း ရှာဖွေလိုသော စိတ်ကို ထိန်းချုပ်လိုက်ပြီး
“ရှောင်လဲ့... မင်း ကျစ်ယွဲ့နဲ့ ပြောစရာ ရှိတယ်မဟုတ်လား... အဲဒီကလေးမကတော့ ဧည့်သည် လာတာကို ထွက်ပြီး နှုတ်မဆက်ရကောင်းလား”
ပြောပြီးနောက် ဟွမ်းဖန်သည် ရှီလဲ့ကို ခေါ်၍ လီကျစ်ယွဲ့၏ အခန်းဆီသို့ ဦးတည်လျှောက်လှမ်းခဲ့သည်။
ရှီလဲ့ စိတ်ထဲတွင် လျှို့ဝှက်စွာ ရယ်မောလိုက်မိသည်။ ဟွမ်းဖန်၏ စိတ်နေသဘောထားက လီခွန်းနင်ထံမှ လာမည့် ဖိအားများကို အမှန်တကယ်ပင် လျှော့ချပေးနိုင်မည် မဟုတ်ပါလား။
လီကျစ်ယွဲ့၏ အခန်းထဲတွင် သူမသည် သင်ခန်းစာ ပြင်ဆင်ခြင်း၌ အာရုံစိုက်နေခဲ့သည်။ အလွန် တာဝန်သိတတ်သော တက္ကသိုလ်ဆရာမတစ်ဦးအနေဖြင့် လီကျစ်ယွဲ့သည် မိမိကိုယ်ကို တင်းကြပ်စွာ ထိန်းကျောင်းလေ့ရှိပြီး ပိတ်ရက်များတွင်ပင် အနားမယူတတ်ချေ။
ဟွမ်းဖန် တံခါးဖွင့်ပေးပြီး ရှီလဲ့ကို အတွင်းသို့ ဝင်ခိုင်းကာ သူမကမူ နှစ်ဦးသား စကားပြောနိုင်ရန် သီးသန့်နေရာ ဖန်တီးပေးသည့်အနေဖြင့် ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။
လီကျစ်ယွဲ့ မျက်ခုံးကို အနည်းငယ် တွန့်လိုက်မိသည်။ ၎င်းမှာ လှပလွန်းသဖြင့် ရှီလဲ့၏ နှလုံးသားကို ညှို့ယူဖမ်းစားသွားခဲ့သည်။
“ရှီလဲ့... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ” လီကျစ်ယွဲ့၏ လေသံမှာ တည်ငြိမ်နေပြီး မည်သည့် စိတ်လှုပ်ရှားမှုမျှ မရှိချေ။
ရှီလဲ့က ပြုံးလိုက်ပြီး
“ကျစ်ယွဲ့... ငါ မင်းကို လွမ်းလို့ လာခဲ့တာ”
လီကျစ်ယွဲ့ မျက်ခုံးကို ပြန်လည်ဖြေလျှော့လိုက်ပြီး သိမ်မွေ့လှပသော အပြုံးလေးဖြင့်
“ဒါဆိုရင် မင်းက ဘာလို့ နေ့တိုင်း အတန်းလစ်နေရတာလဲ”
“အာ” ရှီလဲ့ အနေရခက်စွာဖြင့် ခေါင်းကို ကုတ်လိုက်ရင်း “ကျစ်ယွဲ့... ငါ့မှာ ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိနေလို့ပါ”
“ရှီလဲ့... မင်း ကျောင်းရဲ့ ဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ပထမဆု ရခဲ့တယ်ဆိုပေမဲ့ နေ့တိုင်း အတန်းလစ်နေရင် နောက်ဆုံးစာမေးပွဲ ကျပြီး လာမယ့်နှစ်မှာ ဂျူနီယာပြန်ဖြစ်သွားမယ်နော်” လီကျစ်ယွဲ့က သူ့ကို စနောက်လိုက်သည်။
ရှီလဲ့က ယုံကြည်မှုအပြည့်ဖြင့်
“စိတ်မပူပါနဲ့ ကျစ်ယွဲ့ရာ... ငါက ဘယ်လိုလုပ် စာမေးပွဲကျမှာလဲ”
သူတို့နှစ်ဦး စကားစမြည် ပြောဆိုနေကြရာ လေထုမှာ တောင်ကြားထဲရှိ သစ်ခွပန်းလေးတစ်ပွင့်ကဲ့သို့ပင် သိမ်မွေ့ပြီး မွှေးကြိုင်လှကာ စိတ်ကို လန်းဆန်းစေခဲ့သည်။
ဧည့်ခန်းထဲတွင်မူ လီချိုင်နှင့် လီခွန်းနင်တို့သည် ပြင်းထန်စွာ ငြင်းခုံဆွေးနွေးနေကြသည်။ သူတို့၏ မျက်နှာများမှာ နီမြန်းနေပြီး ရန်ဖြစ်နေကြသကဲ့သို့ပင် ရှိနေခဲ့သည်။
လီကျစ်ယွဲ့၏ အခန်းထဲရှိ ရှီလဲ့နှင့် လီကျစ်ယွဲ့တို့သည် လီချိုင်နှင့် လီခွန်းနင်တို့၏ အသံများကို ကြားရသဖြင့် အခန်းပြင်သို့ ထွက်လာခဲ့ကြသည်။ မူလက သူတို့ လီချိုင်နှင့် လီခွန်းနင်တို့အကြား တစ်ခုခု ဖြစ်ပွားခဲ့သည်ဟု ထင်မှတ်ခဲ့ကြသော်လည်း သူတို့ အော်ဟစ်ငြင်းခုံနေကြရုံသက်သက်သာ ဖြစ်သည်ကို မြင်တွေ့ရသောအခါမှ ပညာရပ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနေကြခြင်း ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကြသည်။
ရှီလဲ့ ခေါင်းကို ကုတ်လိုက်ပြီး
“ကျစ်ယွဲ့... မင်းအဖေက အမြဲတမ်း ဒီလိုပဲလား”
ဆိုဖာပေါ်တွင် ထိုင်နေသော ဟွမ်းဖန်သည် ရှီလဲ့၏ ခေါ်ဝေါ်မှုကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် လျှို့ဝှက်စွာ ဝမ်းသာသွားခဲ့သည်။ ‘ရှီလဲ့နဲ့ ဒီကလေးမ ကျစ်ယွဲ့တို့က တကယ်ပဲ ဆရာ၊ တပည့် အချစ်ဇာတ်လမ်း ဖြစ်နေကြတာလား ဟုတ်တယ်... ဟုတ်ရမယ် မဟုတ်ရင် ရှီလဲ့လို လူငယ်လေးက ငါ့ကို ဘာလို့ ဒီလောက် အဖိုးတန်တဲ့ လက်ဆောင်မျိုး ပေးမှာလဲ’
လီကျစ်ယွဲ့ ရှီလဲ့ကို တစ်ချက် ကြည့်လိုက်ပြီး -
“ကျောင်းသား ရှီလဲ့... ငါ့ကို ဆရာမလီ လို့ ခေါ်ပါ”
ရှီလဲ့ နှာခေါင်းပေါ်ရှိ မျက်မှန်ကို ပင့်တင်လိုက်ပြီး ပျာယာခတ်ခြင်း မရှိဘဲ -
“နားလည်ပါပြီ ဆရာမလီ” ဟု ဆိုလိုက်သည်။
မနက်ခင်းအချိန်လေးမှာ ရေစီးကြောင်းကဲ့သို့ ညင်သာစွာ ကုန်လွန်သွားခဲ့သည်။ မည်သည့် ထူးခြားမှုမျှ မရှိခဲ့သော်လည်း ရှီလဲ့အနေဖြင့် အလွန် စိတ်ကျေနပ်မှု ရှိခဲ့သည်။ အကြောင်းမှာ သူ အတိတ်ဘဝတုန်းက လီကျစ်ယွဲ့နှင့် အတူရှိခဲ့ဖူးသော ခံစားချက်မျိုးကို ပြန်လည် ရရှိခဲ့သောကြောင့် ဖြစ်၏။
လီချိုင်နှင့် လီခွန်းနင်တို့သည် မနက်ခင်းတစ်ခုလုံး ငြင်းခုံခဲ့ကြသည်။ ဤစက်မှုဝါသနာအိုး နှစ်ဦးသည် စက်မှုလောကထဲတွင် နစ်မြောနေခဲ့ကြသဖြင့် ပတ်ဝန်းကျင်ကိုပင် လုံးဝ သတိမပြုမိကြချေ။
နေ့လယ်စာကို ဟွမ်းဖန်နှင့် လီကျစ်ယွဲ့တို့ အတူတူ ပြင်ဆင်ခဲ့ကြသည်။ ရှီလဲ့ မူလက သူ၏ ဟင်းချက်လက်ရာကို ပြသချင်ခဲ့သော်လည်း သူ၏ သာမန်လက်ရာကြောင့် နောက်ဆုံးတွင် အရှက်မကွဲစေရန် အောင့်ထားခဲ့လိုက်ရသည်။
ထမင်းစားပွဲပေါ်တွင်လည်း ထိုစက်မှုဝါသနာအိုး နှစ်ဦးမှာ ဆက်လက် ငြင်းခုံဆွေးနွေးနေခဲ့ကြသည်။ လီချိုင်၏ အရည်အချင်းက ဤမျှအထိ မြင့်မားလိမ့်မည်ဟု လီခွန်းနင် မျှော်လင့်မထားခဲ့မိပါ၊ ၎င်းမှာ ရွှမ်ချင်းတက္ကသိုလ် စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနရှိ ဘွဲ့လွန်ကျောင်းသားများ၏ အဆင့်ထက်ပင် ကျော်လွန်နေခဲ့သည် မဟုတ်ပါလား။
“ရှောင်လီ... မင်း ငါတို့ စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနကို ပြောင်းဖို့ စိတ်ဝင်စားလား” မနက်ခင်းတစ်ခုလုံး ဆွေးနွေးပြီးနောက် လီခွန်းနင်သည် လီချိုင်ကို အသိအမှတ်ပြုသွားခဲ့ပြီး သူ၏ ခေါ်ဝေါ်မှုမှာလည်း ‘ကျောင်းသား လီချိုင်’ မှ ပိုမို ရင်းနှီးသော ‘ေရှာင်လီ’ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လီချိုင်၏ အမူအရာ တုန်လှုပ်သွားခဲ့သည်။ သူသည် စက်မှုကုန်ထုတ်လုပ်မှုကို အလွန်အမင်း ဝါသနာပါသူဖြစ်ပြီး သူ၏ မိသားစုနောက်ခံမှာလည်း စက်မှုလုပ်ငန်းနှင့်သာ သက်ဆိုင်သည်။ သို့သော် သူ၏ ဖခင်ကို အရွဲ့တိုက်သည့်အနေဖြင့် စက်မှုလုပ်ငန်းနှင့် သက်ဆိုင်သော ကွန်ပျူတာမေဂျာကိုသာ ပေါ့ပေါ့ပါးပါး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ စက်မှုနှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာဌာနသို့ ပြောင်းရွှေ့ရန် အခွင့်အရေး ရရှိလာခဲ့ပြီ ဖြစ်ရာ၊ လီချိုင်အနေဖြင့် စိတ်မလှုပ်ရှားဘူးဟု ပြောပါက ၎င်းမှာ လိမ်ညာခြင်းသာ ဖြစ်ပေလိမ့်မည်။
အတိတ်ဘဝတုန်းက လီချိုင်နှင့် ရှီလဲ့တို့သည် တက္ကသိုလ်တွင် လေးနှစ်ကြာ အတူတူ ပညာသင်ကြားခဲ့ကြသည်။ ထို့နောက် ဘွဲ့ရပြီးနောက် ရှီလဲ့က အပြင်ထွက်၍ စီးပွားရေးလုပ်ကိုင်ခဲ့ပြီး၊ လီချိုင်ကမူ မိမိ၏ အရည်အချင်းကို အခြေခံကာ ကွန်ပျူတာသိပ္ပံဌာနမှ စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနသို့ ဘွဲ့လွန်ကျောင်းသားအဖြစ် တိုက်ရိုက် ဝင်ရောက်နိုင်ခဲ့သည်။
ဤအချက်ကို ကြည့်ခြင်းဖြင့် လီချိုင်၏ စက်မှုပိုင်းဆိုင်ရာ အရည်အချင်းမှာ မည်မျှအထိ စွမ်းအားကြီးမားကြောင်း သိသာထင်ရှားလှပေသည်။
လီခွန်းနင်သည် လီချိုင် စိတ်ဒွိဟဖြစ်ကာ ဝေခွဲမရဖြစ်နေသည်ကို ရိပ်မိလိုက်သည်။ လီခွန်းနင် ချက်ချင်းပင် ဝမ်းသာသွားခဲ့ရသည်။ လီချိုင် ဝေခွဲမရဖြစ်နေခြင်းက ကောင်းသောအချက်ပင် ဖြစ်သည်။ ဝေခွဲမရဖြစ်နေခြင်းက သူ စိတ်ဝင်စားနေပြီး အခွင့်အရေး ရှိနေသေးသည်ကို ပြသနေခြင်း မဟုတ်ပါလား။
“ေရှာင်လီ... အကယ်၍ မင်း စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနကို ပြောင်းချင်တယ်ဆိုရင်၊ ငါ စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနရဲ့ ဒုတိယမဟာဌာနမှူး ရာထူးနဲ့ မင်း ဘွဲ့ရပြီးတာနဲ့ ဘွဲ့လွန်သင်တန်းကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ အာမခံပေးမယ် အကယ်၍ မင်း မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့အထိ ဆက်တက်ချင်တယ်ဆိုရင်လည်း ငါ မင်းကို ကတိပေးနိုင်ပါတယ်” လီခွန်းနင် အခွင့်အရေးများကို ထပ်မံ တိုးမြှင့်ပေးလိုက်သည်။
လီခွန်းနင်တွင် အိပ်မက်တစ်ခု ရှိသည်၊ ၎င်းမှာ နိုဘယ်လ်ဆုရှင် တစ်ဦးကို မွေးထုတ်ပေးရန် ဖြစ်သည်။ စက်မှုလုပ်ငန်းနယ်ပယ်တွင် နိုဘယ်လ်ဆု ရရှိရန်မှာ အလွန် ခက်ခဲလှသဖြင့် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကိုသာ ရည်မှန်းနိုင်မည် ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်တုန်းက ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုတစ်ခုကို ပေါင်းစပ်ပတ်လမ်းကဏ္ဍတွင် အကျိုးပြုခဲ့မှုအတွက် ချီးမြှင့်ခဲ့ဖူးသည်။ လီခွန်းနင်သည် လီချိုင်အနေဖြင့် နောက်ဆုံးတွင် ထိုအဆင့်သို့ ရောက်ရှိသွားပြီး ခေတ်ရှေ့ပြေး နည်းပညာများတွင် တီထွင်ဖန်တီးမှုများ ပြုလုပ်ကာ နောက်ဆုံး၌ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ဆွတ်ခူးနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။
“ကဲ... ရှောင်လီ၊ မင်း ငါတို့ စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနကို ပြောင်းမှာလား၊ မပြောင်းဘူးလား” လီခွန်းနင်က ထပ်မံ မေးမြန်းလိုက်တော့သည်။