အခန်း ၁၅၆
Vol. 16 Ch. 156
အခန်း - ၁၅၆
လီခွန်းနင်၏ ကမ်းလှမ်းမှုကို ရင်ဆိုင်ရင်း လီချိုင်သည် ချက်ချင်း ဆုံးဖြတ်ချက် မချနိုင်ဘဲ လေးနက်စွာဖြင့် စဉ်းစားခန်း ဝင်နေခဲ့သည်။
လီချိုင် ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ လီခွန်းနင်က နောက်ထပ် ဆွဲဆောင်မှုရှိသော အခြေအနေတစ်ရပ်ကို ထပ်မံ ထုတ်ဖော်ပြောကြားလိုက်သည်။
“ရှောင်လီ... အကယ်၍ မင်း စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနကို ပြောင်းမယ်ဆိုရင် တို့ဌာနရဲ့ ဓာတ်ခွဲခန်းတွေ အားလုံးကို မင်းအတွက် ဖွင့်လှစ်ပေးထားမယ်... ဒါတင်မကသေးဘူး... မင်းရဲ့ လောင်စာဆီသုံး အဝေးထိန်း ရဟတ်ယာဉ်အတွက် သုတေသန ပရောဂျက်တစ်ခု သီးသန့် တည်ထောင်ပေးပြီး အဲဒီ ပရောဂျက်ကို မင်းကိုယ်တိုင်ဦးဆောင်ခွင့်ပေးမယ်”
လီချိုင်၏ အသက်ရှူသံများ မြန်ဆန်လာခဲ့သည်။ ဤအခြေအနေမျိုးကိုမူ သူ ဘယ်လိုမှ ငြင်းပယ်နိုင်ခြင်း မရှိတော့ချေ။
“ပရော်ဖက်ဆာလီ... ဒါက အတည်လား”
လီခွန်းနင်က ခေါင်းညိတ်ပြပြီး
“ဒါပေမဲ့ ရှောင်လီ... မင်းရဲ့ လမ်းညွှန်ဆရာအနေနဲ့ကတော့ ငါတစ်ယောက်တည်းပဲ ဖြစ်ရမယ်နော်”
မနက်ခင်းတစ်ခုလုံး ဆွေးနွေးပြီးနောက် လီချိုင်သည် လီခွန်းနင်၏ အရည်အချင်းကို အသိအမှတ်ပြုထားပြီးဖြစ်ရာ သူ ခေါင်းညိတ်လိုက်ပြီး
“ပရော်ဖက်ဆာလီ... ကျွန်တော် ဌာနပြောင်းဖို့ သဘောတူပါတယ်” ဟု ဆိုလိုက်တော့သည်။
လီကွန်နင်းက တဟားဟား အော်ဟစ်ရယ်မောလိုက်ပြီး -
“ကောင်းတယ် အရမ်းကောင်းတယ် တို့တွေ ဒီနေ့ပဲ ဌာနပြောင်းတဲ့ လုပ်ထုံးလုပ်နည်းတွေကို သွားလုပ်ကြစို့ ဩော်... ဒါနဲ့ ငါ့သမီးက မင်းရဲ့ အတန်းပိုင်ဆရာမ မဟုတ်လား ဒါဆိုရင် စာရွက်စာတမ်း ကိစ္စတွေက ပိုပြီးတော့တောင် ရိုးရှင်းသွားပြီ”
ရှီလဲ့လည်း စိတ်ထဲတွင် လီချိုင်အတွက် သက်ပြင်းချကာ ဝမ်းမြောက်မိသွားသည်။ ဒါက လီချိုင်အတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပြီး လီချိုင်၏ အရည်အချင်းနှင့်ဆိုလျှင် သူ၏ အနာဂတ် အောင်မြင်မှုများက အမှန်ပင် သေးငယ်လိမ့်မည် မဟုတ်ပေ။
ညစာစားပြီးနောက် လီကျစ်ယွဲ့သည် ဖခင်ဖြစ်သူ လီခွန်းနင်၏ ခေါ်ယူခြင်းကို ခံရကာ လုပ်ထုံးလုပ်နည်း အမျိုးမျိုးကို သွားရောက်လုပ်ဆောင်ခဲ့ရပြီး လီချိုင်ကိုပါ ခေါ်ဆောင်သွားခဲ့ကြသည်။ ထို့ကြောင့် ရှီလဲ့တစ်ယောက်တည်း မကျေမနပ်ဖြစ်လျက် ဂျင်းယာဥယျာဉ်သို့ ပြန်လာခဲ့ရတော့သည်။
ဂျင်းယာဥယျာဉ်၊ အခန်း ၂၀၀၃ သို့ ရောက်သောအခါ ရှီလဲ့သည် ပထမဦးစွာ ဆာဗာနံပါတ်တစ်တွင် အလုပ်လုပ်နေသော အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်ကို ပိတ်လိုက်ပြီး၊ ရွှမ်ချင်းတက္ကသိုလ်၏ အများသုံးဆာဗာသို့ ချိတ်ဆက်ကာ ကျောင်း၏ အတွင်းပိုင်း ဖိုရမ်ထဲသို့ ဝင်ရောက်၍ ကျောင်းတွင်း အတင်းအဖျင်း သတင်းများကို စစ်ဆေးကြည့်ရှုလိုက်သည်။
တက္ကသိုလ်ကျောင်းသားဘဝမှာ အလွန် ပျင်းစရာကောင်းလှသဖြင့် ဖိုရမ်ထဲတွင် အချိန်ပိုလျှံနေသော ကျောင်းသားများ ပြောဆိုထားကြသည့် အတင်းအဖျင်း ကိစ္စရပ်မျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။
ရှီလဲ့ အတွင်းပိုင်း ဖိုရမ်ကို ခဏမျှ လှန်လှောကြည့်ရှုလိုက်သည်။ အချိန်အတန်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် သူ၏ ဂန္ထဝင်မြောက် ဖြစ်ရပ်များက ဖိုရမ်ထဲတွင် မရှိတော့ဘဲ ‘လောကကြီး’ က သူ့ကို မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။
မကြာသေးမီက အတွင်းပိုင်း ဖိုရမ်တွင် ရေပန်းအစားဆုံး အကြောင်းအရာမှာ ‘ကျောင်းတွင်း နေ့လယ်ခင်း ရေဒီယိုအစီအစဉ်’ ဖြစ်သည်။ သတင်းစာပညာနှင့် အသံလွှင့်ဌာနမှ ကျူးဒန်သည် ဤအစီအစဉ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး မျှော်လင့်မထားသော အောင်မြင်မှုများကို ရရှိခဲ့ခြင်း ဖြစ်သည်။
ကျောင်းတွင်း နေ့လယ်ခင်း ရေဒီယိုအစီအစဉ်သည် အပိုင်းတစ်ခုစီတိုင်းတွင် ကျောင်း၌ အတန်ငယ် လူသိများကျော်ကြားသော လူတစ်ဦးကို ဖိတ်ကြားလေ့ရှိသည်။ ၎င်းမှာ ကျောင်းသားများတင်မကဘဲ ဆရာ၊ ဆရာမများလည်း ပါဝင်သည်။ ဥပမာအားဖြင့် ကွန်ပျူတာသိပ္ပံဌာန၏ မဟာဌာနမှူး ကျိမင်ယဲ့ပင်လျှင် ဤနေ့လယ်ခင်း ရေဒီယိုအစီအစဉ်တွင် ပါဝင်ခဲ့ဖူးသည်။
အတွင်းပိုင်း ဖိုရမ်ကို ခဏမျှ ကြည့်ရှုပြီးနောက် စိတ်ဝင်စားစရာ ဘာမှမတွေ့သဖြင့် ရှီလဲ့သည် ရွှမ်ချင်းတက္ကသိုလ်၏ အများသုံးဆာဗာကို အသုံးပြုကာ ‘ဟက်ကာမဟာမိတ်’၏ ပင်မစာမျက်နှာကို ဖွင့်လှစ်ပြီး သူတို့၏ နောက်ဆုံးရသတင်းများကို စစ်ဆေးလိုက်သည်။
ဟက်ကာမဟာမိတ်သည် ရှနိုင်ငံဟက်ကာလောက၏ မိုးလေဝသညွှန်းကိန်းတစ်ခု ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများသည် အတိုင်းအတာတစ်ခုအထိ ရှနိုင်ငံ ဟက်ကာလောက၏ ဦးတည်ချက်ကို ကိုယ်စားပြုနေခြင်း ဖြစ်၏။
ရှီလဲ့သည် သူ၏ ‘ကျောက်တုံးနက်’ ဟူသော အမည်ဝှက်ကို အသုံးပြု၍ ဟက်ကာမဟာမိတ် ဖိုရမ်သို့ ဝင်ရောက်လိုက်သည်။ သူ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် သတိပေးချက်အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ရှီလဲ့ စာတိုစနစ်ကို ဖွင့်ကြည့်လိုက်ရာ သူသည် အဆင့်မြင့် တရားဝင်အဖွဲ့ဝင်အဆင့်မှသည် ‘အတွင်းပိုင်းအဖွဲ့ဝင်’ အဆင့်သို့ တိုးမြှင့်ခြင်း ခံလိုက်ရကြောင်း ရှာတွေ့ခဲ့သည်။ ၎င်းမှာ သူသည် ဟက်ကာမဟာမိတ်၏ အတွင်းစည်းထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး မဟာမိတ်အတွင်း၌ သေးငယ်သော ပြောရေးဆိုခွင့် အာဏာအချို့ကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ဟက်ကာမဟာမိတ်၏ မှတ်ပုံတင်ထားသော အဖွဲ့ဝင်ဦးရေမှာ မူလက တစ်သိန်းငါးသောင်းကျော် ရှိခဲ့သည်။ ပြီးခဲ့သည့် တိုကျိုမြို့၌ ဖြစ်ပွားခဲ့သော အဓိကဖြစ်စဉ်ကြီးပြီးနောက် မှတ်ပုံတင်ထားသော အဖွဲ့ဝင်ဦးရေမှာ နှစ်ဆနီးပါး တိုးတက်လာခဲ့ပြီး သုံးသိန်းအထိ ရောက်ရှိသွားခဲ့သည်။ တရားဝင်အဖွဲ့ဝင် အရေအတွက်မှာမူ သိပ်မတိုးပွားခဲ့ဘဲ သုံးသောင်းသုံးထောင်ဝန်းကျင်တွင်သာ ရှိနေသေးသည်။ အတွင်းပိုင်းအဖွဲ့ဝင်ကမူ တစ်ဦး တိုးလာခဲ့ပြီး ၎င်းမှာ ရှီလဲ့ပင် ဖြစ်သည်။
ဟက်ကာမဟာမိတ်တွင် မှတ်ပုံတင်ထားသော အဖွဲ့ဝင်များနှင့် တရားဝင်အဖွဲ့ဝင်များမှာ နွားအုပ်များကဲ့သို့ များပြားလှသော်လည်း၊ သူတို့၏ အတွင်းပိုင်းအဖွဲ့ဝင် အရေအတွက်မှာမူ ရှီလဲ့၏ ကျောက်တုံးနက် အမည်ဝှက် အပါအဝင် ‘၄၆၁’ ဦးသာ ရှိသေးသည်။
အတွင်းပိုင်းအဖွဲ့ဝင် အရေအတွက်ကို ကြည့်ခြင်းအားဖြင့် အတွင်းပိုင်းအဖွဲ့ဝင်များသည် တရားဝင်အဖွဲ့ဝင်များထက် ပိုမိုမြင့်မားသော လုပ်ပိုင်ခွင့်အာဏာများ ရှိကြောင်း ထင်ရှားလှပေသည်။
အတွင်းပိုင်းအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ရာ ရှီလဲ့သည် ယခင်ကကဲ့သို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရန် မလိုတော့ဘဲ ဟက်ကာမဟာမိတ်၏ အတွင်းပိုင်း ဖိုရမ်ထဲသို့ ပွင့်လင်းစွာ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
အတွင်းပိုင်း ဖိုရမ်တွင် အွန်လိုင်းအဖွဲ့ဝင်များ ဆက်သွယ်ပြောဆိုရေး နယ်ပယ်တစ်ခု ရှိနေသည်။ ရှီလဲ့ အတွင်းပိုင်း ဖိုရမ်ထဲသို့ ဝင်လိုက်သည်နှင့် အွန်လိုင်းတွင် ရှိနေသော အတွင်းပိုင်းအဖွဲ့ဝင် အချို့က အဖွဲ့ဝင်သစ်ဖြစ်သော သူ့ကို ကြိုဆိုသည့်စာတိုများကို တစ်ပြိုင်နက်တည်း ပေးပို့လာကြသည်။
ရှီလဲ့က ယဉ်ကျေးစွာဖြင့် ပြန်လည်တုံ့ပြန်လိုက်ပြီး မိမိက လူသစ်ဖြစ်သဖြင့် စီနီယာများထံမှ လမ်းညွှန်မှုများကို မျှော်လင့်ကြောင်း နှိမ့်ချစွာ ပြောကြားလိုက်သည်။
ထိုစဉ် ‘ကြက်နက်’ ဟု အမည်ရသော အတွင်းပိုင်းအဖွဲ့ဝင်တစ်ဦးက အများသုံးစကားပြောခန်းထဲတွင် ဟက်ကာမဟာမိတ်၏ ဝက်ဆိုက်လင့်ခ်တစ်ခုကို တင်လိုက်ပြီး
“ငါတို့ မဟာမိတ်က ဂျပန်နိုင်ငံကို နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်တော့မယ်။ မင်းတို့ ညီအစ်ကိုတွေထဲက ဘယ်သူတွေ အားကြလဲ” ဟု မေးလိုက်သည်။
ဟက်ကာမဟာမိတ်သည် ပြီးခဲ့သည့်အကြိမ် ကျူးကျော်မှုတွင် ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့ပြီး နာမည်ကျော်ကြားလာခဲ့ရုံတင်မကဘဲ မှတ်ပုံတင်ထားသော အဖွဲ့ဝင်ဦးရေကိုလည်း နှစ်ဆတိုးပွားစေခဲ့ရာ ၎င်းမှာ လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်တစ်ခု ဖြစ်သည်။ ဟက်ကာမဟာမိတ်သည် အကျိုးအမြတ်မယူသော မဟာမိတ်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အဓိကကျသော အတွင်းပိုင်းအဖွဲ့ဝင် ဆယ်ဦးက ထိန်းချုပ်ထားသော်လည်း၊ သူတို့တွင် အကျိုးအမြတ် လုံးဝမရှိဟု ပြော၍မရပါ။
အမှန်တကယ်တော့ ဟက်ကာမဟာမိတ်တွင် ဝင်ငွေအမြောက်အမြား ရှိနေခဲ့သည်။
ဥပမာအားဖြင့် ဝင်ရောက်ကြည့်ရှုသူ အရေအတွက်ကြောင့် ရရှိလာသော လူသိများမှုက အချို့သော ကြော်ငြာရှင်များကို ဟက်ကာမဟာမိတ်ထံ ချဉ်းကပ်လာစေပြီး သူတို့၏ ဝက်ဆိုက်ပေါ်တွင် ကြော်ငြာများ လာရောက်ထည့်သွင်းစေသည်။
အချို့သော ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီများသည် ဟက်ကာမဟာမိတ်ကို သူတို့၏ ထုတ်ကုန်အသစ်များ သို့မဟုတ် စနစ်အားနည်းချက်များကို စမ်းသပ်ပေးရန် ဖိတ်ခေါ်လေ့ရှိပြီး ၎င်းအတွက်လည်း အတန်အသင့်များပြားသော အခကြေးငွေကို ပေးဆောင်ရသည်။ ထို့အပြင် ဟက်ကာမဟာမိတ်၏ အဓိကအဖွဲ့ဝင် ဆယ်ဦးကို ငွေအမြောက်အမြား ရရှိစေနိုင်သော အခြားသော လျှို့ဝှက် ဝင်ငွေလမ်းကြောင်းများလည်း ရှိသေးသည်။
ဤကဲ့သို့သော အကျိုးအမြတ် ရည်မှန်းချက်များကြောင့်လည်းကောင်း၊ ပြီးခဲ့သည့်အကြိမ် ဂျပန်နိုင်ငံကို ကျူးကျော်စဉ်အတွင်း ထိုနိုင်ငံ၏ ဟက်ကာများသည် အကြောင်းရင်းမရှိဘဲ ကနဦးတွင် မည်သည့်ခုခံမှုမျှ မပြုလုပ်ခဲ့ဘဲ နောက်ပိုင်းတွင်လည်း ခုခံမှု အလွန်အားနည်းခဲ့ခြင်းကြောင့်လည်းကောင်း ဟက်ကာမဟာမိတ်၏ အဓိက ခေါင်းဆောင်ပိုင်းက ဂျပန်နိုင်ငံအပေါ် ဒုတိယအကြိမ်မြောက် ဆိုက်ဘာစစ်ပွဲကို ဆင်နွှဲရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ရှီလဲ့ ဝက်ဘ်စာမျက်နှာကို ဖွင့်ကြည့်လိုက်ရာ ၎င်းမှာ အမှန်တကယ်ပင် ‘စစ်ပြင်ဆင်မှု သတိပေးချက်’ ဖြစ်နေခဲ့သည်။ ဤသတိပေးချက်ကို အတွင်းပိုင်းအဖွဲ့ဝင်များသာ မြင်တွေ့နိုင်ပြီး တရားဝင်အဖွဲ့ဝင်များနှင့် မှတ်ပုံတင်ထားသော အဖွဲ့ဝင်များမှာမူ ကြည့်ရှုခွင့် မရှိကြချေ။ မှတ်ပုံတင်ထားသောအဖွဲ့ဝင်များမှာ အခြေခံအားဖြင့် ‘အမြှောက်စာ’ များသာ ဖြစ်ကြသည်၊ စစ်ပွဲမစတင်မီ မဟာမိတ်အဖွဲ့က တိုက်ခိုက်ရေးကိရိယာများကို တစ်ပြေးညီ ထုတ်ပေးမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လူအင်အားအသာစီးဖြင့် အနိုင်ယူရန် ထိုကိရိယာများကို အသုံးပြုကြရုံသာ ဖြစ်၏။
တရားဝင်အဖွဲ့ဝင်များမှာမူ သီးခြား တိုက်ခိုက်နိုင်စွမ်း ရှိကြသော်လည်း သူတို့၏ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်မှာ မညီမညာ ဖြစ်နေတတ်သည်။ မဟာမိတ်အဖွဲ့က ထိုအချိန်တွင် ကာကွယ်ရေးဆာဗာများကို ထောက်ပံ့ပေးမည်ဖြစ်ပြီး သူတို့ စိတ်ကြိုက် ပြဿနာရှာနိုင်ရန် ခွင့်ပြုပေးလိမ့်မည်။
ဟက်ကာမဟာမိတ်၏ အစစ်အမှန် ကျောရိုးဒေါက်တိုင်များမှာမူ သူတို့၏ အတွင်းပိုင်းအဖွဲ့ဝင်များသာ ဖြစ်ကြသည်။
စာတိုကို ဖတ်ပြီးနောက် ရှီလဲ့ စိတ်ထဲတွင် လျှို့ဝှက်စွာ တွေးမိသည်မှာ ဟက်ကာမဟာမိတ်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူတို့က နိုင်ငံနှစ်ခုကြားမှာ ဆိုက်ဘာစစ်ပွဲကို တမင် လှုံ့ဆော်ချင်နေတာလား။
အမှန်တကယ်တော့ ဟက်ကာမဟာမိတ်၏ ဤလုပ်ရပ်အတွက် အဓိက တရားခံမှာ ရှီလဲ့ပင် ဖြစ်နေသေးသည်။
ရှီလဲ့သည် ‘လူစီဖာ’ ဟူသော အမည်ဝှက်ကို အသုံးပြု၍ ဂျပန်နိုင်ငံရှိ NHK ရုပ်သံလိုင်းကို ထပ်ခါတလဲလဲ ပစ်မှတ်ထားခဲ့ပြီး ဂျပန်နိုင်ငံ၏ မြင့်မြတ်သော ယာဆူကူနီနတ်ကွန်းကို စိတ်ကြိုက် စော်ကားခဲ့သဖြင့် NHK ရုပ်သံလိုင်းကို အလွန် ဒေါသထွက်စေခဲ့သည်။ ထို့နောက် သူတို့က နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုထံ ချဉ်းကပ်ခဲ့ကြပြီး၊ ထိုဗျူရိုက ရှီလဲ့ကို ဖမ်းဆီးရန်အတွက် လိုက်လံခြေရာခံခဲ့ကြသည်။
သို့သော် ရှီလဲ့သည် အလွန် လိမ္မာပါးနပ်ပြီး နည်းပညာပိုင်းတွင် အစွမ်းထက်လှပေသည်။ သူသည် ခြေရာခံ ကျွမ်းကျင်သူများကို လှည့်ပတ်ဦးဆောင်ခဲ့ပြီး နောက်ဆုံးတွင် ဟက်ကာမဟာမိတ်အပေါ်သို့ အပြစ်ပုံချခဲ့သည်။
ဟက်ကာမဟာမိတ်သည် မမျှော်လင့်ဘဲ ဘေးဆိုးနှင့် ရင်ဆိုင်ခဲ့ရပြီး JFS ကျွမ်းကျင်သူများနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရကာ သူတို့ကို ကပ်သီးကပ်သတ် ပြန်လည်မောင်းထုတ်နိုင်ခဲ့သည်။ သို့မဟုတ်ပါက ကျွမ်းကျင်သူများက သူတို့ ရှီလဲ့၏ လှည့်စားခြင်းကို ခံလိုက်ရကြောင်း သဘောပေါက်သွားသဖြင့် အလိုအလျောက် ဆုတ်ခွာသွားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ကျွမ်းကျင်သူများ၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ဟက်ကာမဟာမိတ်၏ ဆရာကြီးများမှာ အလွန် မကျေမနပ် ဖြစ်သွားခဲ့ကြသဖြင့် ဂျပန်နိုင်ငံက ကောင်တွေကို သင်ခန်းစာပေးရန် ဒုတိယအကြိမ်မြောက် စစ်ပွဲကို ဆင်နွှဲရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ဟက်ကာမဟာမိတ်သည် တစ်ယောက်တည်း တိုက်ခိုက်ရန် စီစဉ်နေခြင်း မဟုတ်ပါ။ စုစုပေါင်း ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း သုံးခု ရှိသည့်အနက် ဟက်ကာမဟာမိတ်သည် အတက်ကြွဆုံးဖြစ်ပြီး ရှနိုင်ငံ၏ ဟက်ကာလောကကို ကိုယ်စားပြုသည်။ ကျန်နှစ်ခုမှာ ‘ညနက်အင်ပါယာ’ နှင့် ‘မဟာရှမဟာမိတ်’ တို့ ဖြစ်ကြသည်။
ဤဟက်ကာအဖွဲ့အစည်းနှစ်ခုမှာ ပထမမျိုးဆက် ဟက်ကာအဖွဲ့အစည်းများကို အတုယူရန် စိတ်အားထက်သန်ကြပြီး မိမိကိုယ်ကို ဖုံးကွယ်ထားကာ လူထုရှေ့တွင် ပေါ်ထွက်လာလေ့ မရှိကြချေ။ ဤဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းနှစ်ခုမှာ ထွက်ပေါ်လာခဲသော်လည်း သူတို့၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ဟက်ကာမဟာမိတ်ထက် အနည်းငယ်သာ နိမ့်ကျကြသည်။
ယခုတစ်ကြိမ်တွင် ဟက်ကာမဟာမိတ်သည် ဝိုဆန်းနိုင်ငံ၏ ဟက်ကာလောကကို ပူးပေါင်းရင်ဆိုင်ရန် ညနက်အင်ပါယာနှင့် မဟာရှာမဟာမိတ်တို့ထံ ဖိတ်ခေါ်ချက်များ ပေးပို့ခဲ့သည်။
ရှနိုင်ငံရှိ ဟက်ကာများ၏ တစ်ဦးချင်း အရည်အသွေးမှာ ဂျပန်နိုင်ငံထက် နိမ့်ကျသော်လည်း၊ ခြုံငုံသုံးသပ်ရလျှင် စွမ်းအားနှင့် လူအင်အားမှာ ပိုမိုများပြားသည်။ ရှနိုင်ငံ၏ လူဦးရေအသာစီးရမှုမှာ ဤနေရာတွင် ငြင်းပယ်၍မရသော အချက်ဖြစ်ပြီး ဂျပန်နိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိချေ။
အကယ်၍ ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း သုံးခုစလုံး ပူးပေါင်းလိုက်မည်ဆိုပါက သူတို့အနေဖြင့် ဂျပန်နိုင်ငံ၏ အရပ်ဘက် အင်တာနက်ကွန်ရက်ကို ပြင်းထန်စွာ ပျက်စီးစေနိုင်ပြီး ကြီးမားသော ပြဿနာများကို ဖန်တီးနိုင်မည်မှာ သေချာသည်။
ကံမကောင်းစွာဖြင့် ညနက်အင်ပါယာနှင့် မဟာရှမဟာမိတ်တို့သည် ပထမမျိုးဆက် ဟက်ကာအဖွဲ့အစည်းများ၏ လမ်းစဉ်အတိုင်း မိမိကိုယ်ကို ဖုံးကွယ်ထားရန်နှင့် လေ့ကျင့်ရန်သာ အာရုံစိုက်နေကြပုံရပြီး ဟက်ကာမဟာမိတ်၏ ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ကြချေ။
ဟက်ကာမဟာမိတ်အနေဖြင့်မူ ယခုကဲ့သို့ အလွယ်တကူ လက်လျှော့မည်မဟုတ်ပါ။ ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများ ပါဝင်ခြင်းမရှိသဖြင့် သူတို့သည် အတက်ကြွဆုံးဖြစ်သော တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများကို ဖိတ်ခေါ်နိုင်သည်မဟုတ်ပါလား။ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများ၏ နည်းပညာပိုင်းမှာ အနည်းငယ် အားနည်းသော်လည်း သူတို့တွင် အဖွဲ့ဝင်ဦးရေ အမြောက်အမြား ရှိကြပြီး နည်းပညာပိုင်း ထူးချွန်သော လူငယ်များစွာလည်း ပါဝင်နေသည်။
ဟက်ကာမဟာမိတ်သည် အစွမ်းထက်ဆုံး တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း လေးခုကို ဆက်သွယ်ခဲ့သည်။ ဤတတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း လေးခုသည် ဟက်ကာမဟာမိတ်၏ ဖိတ်ခေါ်ချက်ကို ရရှိသောအခါ မဆိုင်းမတွဘဲ စစ်ဆင်ရေးတွင် ပါဝင်ရန် သဘောတူခဲ့ကြသည်။
ပြီးခဲ့သည့် ဆိုက်ဘာစစ်ပွဲ၏ ကနဦးအဆင့်တွင် သူတို့သည်လည်း စစ်ပွဲ၏ ဇာတ်လိုက်များ ဖြစ်ခဲ့ကြပြီး အကျိုးအမြတ်အချို့ကို ရရှိခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင် ဟက်ကာမဟာမိတ်ကိုယ်တိုင် ဦးဆောင်လာခဲ့ပြီဖြစ်ရာ သူတို့အနေဖြင့် နောက်ကွယ်မှ လိုက်လံ၍ အမြတ်ထုတ်ရန် ဘာကြောင့် ငြင်းပယ်ရမည်နည်း။
တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း လေးခုမှ ကိုယ်စားလှယ်များသည် တိုက်ခိုက်မှုသတင်းကို သူတို့၏ တရားဝင် ဝက်ဆိုက်အတွင်းပိုင်း ဖိုရမ်များတွင် တရားဝင်အဆင့်ရှိသော အဖွဲ့ဝင်များထံ ကြေညာခဲ့ကြသည်။ ဒါတင်မကသေးဘဲ ဤတတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း လေးခုသည် သူတို့နှင့် ပုံမှန် ဆက်ဆံရေးကောင်းမွန်သော ဟက်ကာကျွမ်းကျင်သူများအပြင် အခြားသော အသေးစားနှင့် အလတ်စား တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများကိုပါ ခေါ်ဆောင်လာခဲ့ကြသဖြင့် ကြီးမားလှသော ဟက်ကာတပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။ ဤအကြောင်းကြောင့်ပင် ဟက်ကာမဟာမိတ်အနေဖြင့် ဒုတိယအကြိမ်မြောက် ဆိုက်ဘာစစ်ပွဲအတွက် ပြင်ဆင်နေသည်ဟူသော သတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ရခြင်း ဖြစ်သည်။
ရှီလဲ့သည် မတူညီသော အမည်ဝှက်များကို အသုံးပြု၍ ဟက်ကာအဖွဲ့အစည်းအမျိုးမျိုး၏ တရားဝင် ဝက်ဆိုက် အတွင်းပိုင်း စာမျက်နှာများထဲသို့ ခိုးဝင်ကာ ဂျပန်နိုင်ငံ၏ ကွန်ရက်ကို ဒုတိယအကြိမ် ကျူးကျော်မည့် အစီအစဉ်များကို လိုက်လံကြည့်ရှုခဲ့သည်။
အကယ်၍ ဤအစီအစဉ်ကို အမှန်တကယ် လုပ်ဆောင်ခဲ့မည်ဆိုပါက ဂျပန်နိုင်ငံမှာ ပြဿနာအကြီးအကျယ် တက်ပေလိမ့်မည်။
သေချာသည်မှာ ဤအစီအစဉ်သည် ဂျပန်နိုင်ငံ၏ ဟက်ကာများအနေဖြင့် ပြီးခဲ့သည့်အကြိမ်ကဲ့သို့ ကနဦးတွင် ခုခံမှုမရှိဘဲ နောက်ပိုင်းမှသာ အားနည်းစွာ ခုခံလိမ့်မည်ဟူသော အချက်ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ အကယ်၍ သူတို့က အစကတည်းက အင်အားအပြည့်ဖြင့် ပြန်လည်ခုခံလာခဲ့မည်ဆိုပါက နှစ်ဖက်စလုံး၏ အင်တာနက်ကွန်ရက်မှာ မတူညီသော ပျက်စီးဆုံးရှုံးမှု ဘေးဒုက္ခများနှင့် ရင်ဆိုင်ရဖွယ် ရှိပေသည်။
ရှီလဲ့သည် ဘေးဒုက္ခဖြစ်ပွားမည့်အရေးကို စိတ်မဝင်စားပါ၊ ထို့အစား ဤစစ်ပွဲအတွင်းမှ သူ မည်သည့် အကျိုးအမြတ်များကို လုယူနိုင်မလဲဆိုသည်ကိုသာ စဉ်းစားနေခဲ့သည်။
ဟက်ကာမဟာမိတ်နှင့် ကြီးမားသော တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း လေးခုမှာမူ ဤစစ်ပွဲမှတစ်ဆင့် သူတို့၏ အဖွဲ့အစည်းကို ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်နိုင်ရန် လုံလောက်သော နာမည်ကျော်ကြားမှုကို ရရှိနိုင်မည်ဖြစ်ပြီး ၎င်းမှာ သူတို့ စစ်ပွဲဆင်နွှဲရသည့် အဓိက တွန်းအား ဖြစ်သည်။
အချို့သော တစ်ကိုယ်တော် ကျွမ်းကျင်သူများသည်လည်း နာမည်ကြီးချင်၍သော်လည်းကောင်း၊ မိမိတို့၏ ဖျက်ဆီးလိုစိတ်ကို ဖြည့်ဆည်းချင်၍သော်လည်းကောင်း သို့မဟုတ် ဒေတာအချို့ကို ခိုးယူချင်၍သော်လည်းကောင်း ဤစစ်ပွဲတွင် ပါဝင်လာကြလိမ့်မည် ဖြစ်သည်။
ရှီလဲ့သည် ရေနောက်တွင် ငါးမျှားနိုင်မည့် ဤကဲ့သို့သော အခွင့်ကောင်းကြီးမှတစ်ဆင့် မိမိအနေဖြင့် မည်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မလဲဆိုသည်ကို လျှို့ဝှက်စွာ တွေးတောနေမိတော့သည်။