အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း -၁၅၇
ဂျပန်နိုင်ငံ တိုကျိုမြို့၊ ဆူမီဒါရပ်ကွက်၏ ရဲတပ်ဖွဲ့ ကွန်ရက်စနစ်အတွင်း၌ ရှီလဲ့သည် အိန်ဂျယ်ကောင်စီ၏ ထိပ်သီးကြီးလေးဦးအနက် တစ်ဦးဖြစ်သော ရာေဖးလ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ဖူးသည်။
ထိုစဉ်က နှစ်ဦးနှစ်ဖက် အကြိတ်အနယ် ရှိခဲ့ကြပြီးနောက် မိမိ၏ ပြန်လည်မွေးဖွားလာမှု အားသာချက်နှင့် စူပါကွန်ပျူတာ ‘ယန်’ ၏ ပံ့ပိုးမှုအပေါ် အခြေခံကာ ရှီလဲ့သည် ရာဖေးလ်ကို အသာစီးရယူနိုင်ခဲ့ပြီး သူ့ကို အဆက်မပြတ် ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့သည်။ ထိုသို့ဖြင့် ရှီလဲ့သည် ဆူမီဒါရဲတပ်ဖွဲ့ ကွန်ရက်စနစ်အတွင်းမှ သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး မျှော်လင့်မထားဘဲ ပလန် R နှင့် သက်ဆိုင်သော USB တစ်ခုနှင့် စွမ်းအင်ဒေတာအချို့ကို ရရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရှီလဲ့အနေဖြင့် ထိုယူအက်စ်ဘီထဲမှ ဒေတာများကို မဖွင့်နိုင်သေးသော်လည်း၊ ယခင်ဘဝတုန်းက ရာေဖးလ်ပင်လျှင် ယင်းကို ဟက်ကာဖွင့်နိုင်ခဲ့ဖူးသဖြင့် ယခုဘဝတွင် ရှီလဲ့အနေဖြင့် မဖွင့်နိုင်စရာ အကြောင်းမရှိပေ။
ပလန် R သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုနှင့် ဆက်နွယ်နေသည်။ ဟက်ကာမဟာမိတ်သည် ဂျပန်နိုင်ငံအပေါ် ဒုတိယအကြိမ်မြောက် ဆိုက်ဘာစစ်ပွဲ ဆင်နွှဲရန် တက်ကြွစွာ ပြင်ဆင်နေချိန်ဖြစ်ရာ၊ ရှီလဲ့အနေဖြင့် ဤဆိုက်ဘာစစ်ပွဲကို အခွင့်ကောင်းယူ၍ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်မ်းရေးဗျူရိုထဲသို့ လျှို့ဝှက်စွာ ခိုးဝင်ပြီး စီမံကိန်း R နှင့်ပတ်သက်သော ဒေတာများကို သွားရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုသည် အစွမ်းထက်လှသော်လည်း၊ ဟက်ကာမဟာမိတ်နှင့် မြောက်မြားစွာသော တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများက ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်ပြီး ရှီလဲ့က နောက်ကွယ်မှ မီးထိုးပေးနေမည်ဆိုလျှင် ထိုဗျူရို၏ အင်အားအမြောက်အမြားမှာ ကာကွယ်ရေးအတွက် လုံးပန်းနေရပေလိမ့်မည်။ ထိုအချိန်ကျမှ ရှီလဲ့အနေဖြင့် မည်သူမျှ မသိအောင် လျှို့ဝှက်စွာ ခိုးဝင်ကာ ဒေတာများကို ရှာဖွေနိုင်မည် ဖြစ်သည်။
ရှီလဲ့၏ မျက်နှာထက်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဟက်ကာမဟာမိတ်အဖွဲ့ဝင်များသည် အမှန်ပင် လူကောင်းများ ဖြစ်ကြသည်။ ပြီးခဲ့သည့်အကြိမ်က သူတို့အပေါ် အပြစ်ပုံချခဲ့ပြီးဖြစ်ကာ ယခုတစ်ကြိမ်တွင်လည်း သူ့ကို ကူညီရန် ထပ်မံပြင်ဆင်ပေးနေကြပြန်ပြီ။
ဟက်ကာမဟာမိတ်၏ အတွင်းပိုင်း ဖိုရမ်ရှိ အတွင်းပိုင်းအဖွဲ့ဝင်များ၏ အွန်လိုင်းစကားပြောခန်းထဲတွင် ရှီလဲ့က အများသုံးစာမျက်နှာပေါ်သို့ စာတိုတစ်စောင် ပေးပို့လိုက်သည်။
“ကျွန်တော်လည်း ပါဝင်မယ်လို့ ကြေညာပါတယ် ပြီးခဲ့တဲ့အကြိမ်က တိုက်ပွဲက အဝမစားခဲ့ရဘူး ဒီတစ်ကြိမ်တော့ အဲဒီဂျပန်ငပုတွေကို နောင်တရစေရမယ်”
‘ကြက်နက်’ ဟု အမည်ရသော အဖွဲ့ဝင်တစ်ဦးက အများသုံးစာမျက်နှာပေါ်တွင် ရှီလဲ့ကို ပြန်လည်တုံ့ပြန်ခဲ့သည်။
“အစ်ကို ကျောက်တုံးနက်... မင်းရဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်နေမယ်နော်”
အတွင်းပိုင်းအဖွဲ့ဝင်များ၏ အွန်လိုင်းစကားပြောခန်းထဲတွင် အကြောင်းအရာအချို့ကို ပေါ့ပေါ့ပါးပါး ပြောဆိုပြီးနောက် ရှီလဲ့သည် ဟက်ကာမဟာမိတ်မှ ထွက်ခွာလိုက်သည်။ ‘ကျောက်တုံးနက်’ ဆိုသည်မှာ ဟက်ကာမဟာမိတ်အတွင်းရှိ ရှီလဲ့၏ အမည်ဝှက်များထဲမှ တစ်ခုသာဖြစ်ပြီး၊ အားနည်းချက်တစ်စုံတစ်ရာ မကျန်ရှိစေရန်အတွက် သူသည် အခြားသူများနှင့် အလွန်အကျွံ ထိတွေ့ဆက်ဆံလိုခြင်း မရှိချေ။
သူသည် ဆာဗာနံပါတ်တစ်ကို ထိန်းချုပ်ကာ ရွှမ်ချင်းတက္ကသိုလ် အများသုံးဆာဗာမှတစ်ဆင့် ကျင်းချန်မြို့ရှိ ပက်ထရီးေရာ့ကုမ္ပဏီ၏ ဒီဂျစ်တယ်ကင်မရာနှင့် အလင်းဆိုင်ရာ နည်းပညာဌာနခွဲတွင် ရှိနေသော ကျုံးမုယွမ်၏ ကွန်ပျူတာသို့ ချိတ်ဆက်လိုက်သည်။
ကျုံးမုယွမ်သည် ကျူကျူထဲတွင် စကားပြောနေစဉ် ရှီလဲ့က သူ၏ ကွန်ပျူတာကို ထိန်းချုပ်လိုက်သဖြင့် စကားပြောကွက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ကျုံးမုယွမ်... ငါက မစ္စတာအမ်ပါ”
ကျုံးမုယွမ်က စကားပြောကွက်ထဲတွင် ပျာပျာသလဲ ပြန်စာရိုက်လိုက်သည်။
“မင်္ဂလာပါ... မစ္စတာအမ်”
“ကျုံးမုယွမ်... မကြာသေးခင်က ပက်ထရီးရော့ ကုမ္ပဏီရဲ့ အခြေအနေတွေ ဘယ်လိုရှိလဲ” ရှီလဲ့သည် မိမိ၏ စိတ်ထဲမှ ကိစ္စတစ်ခုကို စဉ်းစားရင်း မစ္စတာအမ် အသွင်ဖြင့် ပက်ထရီရော့်ကုမ္ပဏီ၏ အခြေအနေကို မေးမြန်းလိုက်သည်။
“မစ္စတာအမ်... ခင်ဗျားရဲ့ ကိုယ်စားလှယ်က ခင်ဗျားကို မပြောပြဘူးလား” ကျုံးမုယွမ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
ရှီလဲ့၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။
“အဲဒီလူငယ်က သတိကောင်းပြီး နည်းပညာပိုင်းလည်း အတန်အသင့် ရှိတယ်.... သူက ငါ့အနေနဲ့ သူ့လက်ထဲက နည်းပညာကို စိတ်ဝင်စားနေမှန်း ရိပ်မိသွားပုံရပြီး လောလောဆယ်မှာ နည်းပညာဒေတာတွေကို အင်တာနက် လုံးဝမရှိတဲ့ ပတ်ဝန်းကျင်မှာ သီးသန့်ခွဲထုတ်ထားတယ်... ကျုံးမုယွမ်... မင်း ရှီလဲ့ဆီကနေ အချက်အလက်အချို့ နှိုက်ကြည့်ပြီး သူထိန်းချုပ်ထားတဲ့ နည်းပညာက ကင်မရာလုပ်ငန်းနဲ့ သက်ဆိုင်လားဆိုတာ မေးကြည့်ပါ... အကယ်၍ သက်ဆိုင်တယ်ဆိုရင် အဲဒါကို ရအောင်ယူဖို့ နည်းလမ်းရှာ”
ကျုံးမုယွမ်သည် ဤလျှို့ဝှက်ဆန်းကြယ်သော မစ္စတာအမ်ကို ယခုကဲ့သို့ အလွန်အမင်း စိတ်ပူစေသည့် မည်သည့်အရာမျိုးကို ရှီလဲ့ ပိုင်ဆိုင်ထားသနည်းဟု လျှို့ဝှက်စွာ တွေးတောမိသွားသည်။
“နားလည်ပါပြီ... မစ္စတာအမ်”
“ပက်ထရီရော့ကုမ္ပဏီကို ကောင်းကောင်းလည်ပတ်ပါ ငါက ပက်ထရီရော့ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ ဝင်ရောက်မစွက်ဖက်ပေမဲ့... အကယ်၍ မင်းတို့ဘက်က စည်းကမ်းမဲ့ လုပ်လာမယ်ဆိုရင်တော့ ကုမ္ပဏီကို လွှဲပြောင်းယူဖို့ အမှုဆောင်ဒါရိုက်တာတစ်ယောက် စီစဉ်ပေးဖို့ ငါဝန်မလေးဘူးနော်” ရှီလဲ့က အနည်းငယ် ခြိမ်းခြောက်လိုက်ပြီးနောက် ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်သည်။
စကားပြောကွက် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ လျှို့ဝှက်ဆန်းကြယ်သော မစ္စတာအမ် ထွက်ခွာသွားပြီဖြစ်ကြောင်း ကျုံးမုယွမ် သိလိုက်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော မစ္စတာအမ်နှင့် ရင်ဆိုင်ရတိုင်း ကျုံးမုယွမ်သည် အမြဲတမ်း ချုပ်ချယ်မှုကို ခံရသကဲ့သို့ ခံစားရသည်။ တစ်ဖက်လူက မိမိ၏ အချက်အလက်အားလုံးကို သိရှိထားသော်လည်း မိမိကမူ တစ်ဖက်လူ၏ အချက်အလက် တစ်စက်မျှပင် မသိရှိရသဖြင့် ကျုံးမုယွမ်အား ကူကယ်ရာမဲ့ ခံစားရစေကာ အလွန်အမင်း သတိထားစရာ ဖြစ်လာစေသည်။
သူသည် စာပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်ကာ ရှီလဲ့၏ ဖုန်းနံပါတ်ကို ရှာဖွေ၍ ခေါ်ဆိုလိုက်သည်။
ရှီလဲ့ဘက်တွင်မူ ဖုန်းမြည်လာသည်ကို ကြည့်ရင်း ဆယ်စက္ကန့်ကျော် အချိန်ဆွဲထားပြီးမှ ဖုန်းကို ဖြည်းညှင်းစွာ ကိုင်လိုက်ကာ အရင်ဆုံး စကားစလိုက်သည်။
“အစ်ကိုကြီးကျုံး... ကျွန်တော့်အတွက် ဘာသတင်းကောင်းများ ရှိလို့လဲ”
ကျုံးမုယွမ်က ရယ်မောလိုက်ပြီး
“ရှီလဲ့... ငါ့မှာ သတင်းကောင်းရှိမှန်း မင်း ဘယ်လိုသိတာလဲ”
“ကျွန်တော်တို့ ပက်ထရီရော့ကုမ္ပဏီရဲ့ သတင်းစာရှင်းလင်းပွဲပြီးတာ တစ်ပတ်ရှိပြီပဲ... ထျန်းရှုဒီဂျစ်တယ်ကင်မရာက လုပ်ငန်းခွင်ထဲမှာ နာမည်ကြီးနေလောက်ပြီ မဟုတ်လား... အော်ဒါတွေ အများကြီး ကြိုတင်မှာယူထားကြပြီလား” ရှီလဲ့က တဝက်အမှန်၊ တဝက်ခန့်မှန်းချက်ဖြင့် မေးလိုက်သော်လည်း ကျုံးမုယွမ် ဖုန်းခေါ်လာသည့် ရည်ရွယ်ချက်ကို သူ သဘာဝကျကျ သိရှိထားပြီး ဖြစ်သည်။
ကျုံးမုယွမ်က ပြုံးကာ
“ရှီလဲ့... မင်းက တကယ့်ကို သတင်းအချက်အလက် စုံတာပဲ လောလောဆယ်အလုံးရေ တစ်သိန်း ကြိုတင်အော်ဒါ ရရှိထားတယ်၊ အခြေအနေက အရမ်းကောင်းနေတယ်”
ပက်ထရီးရော့၏ ထျန်းရှုဒီဂျစ်တယ်ကင်မရာသည် ကနဦးကတည်းက ၂,၉၉၉ ယွမ် သတ်မှတ်ထားခြင်းဖြစ်ပြီး၊ အော်ဒါအလုံးရေ တစ်သိန်း ကြိုတင်ရရှိထားသဖြင့် ခန့်မှန်းခြေ ရောင်းရငွေမှာ သန်း ၃၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။
ပက်ထရီးရော့ကုမ္ပဏီသည် တစ်ရှိန်ထိုး အောင်မြင်သွားခဲ့ပြီ ဖြစ်၏။
ရှီလဲ့က အလွန်ဝမ်းမြောက်စွာဖြင့် -
“ထျန်းရှု ဒီဂျစ်တယ်ကင်မရာအတွက် ကျွန်တော်တို့ရဲ့ အသားတင်အမြတ်က ၄၀ ရာခိုင်နှုန်း (40%) နီးပါး ရှိတယ် ဒီအော်ဒါတစ်ခုတည်းတင် အမြတ်ငွေက သန်း ၁၀၀ ကျော်နေပြီ နှစ်ကုန်အမြတ်ဝေစုကျရင်တော့ အစ်ကိုကြီးကျုံးတို့ဘက်က အသိအမှတ်ပြုမှုလေးတွေ ပြရမယ်မဟုတ်လား”
ထျန်းရှူး ဒီဂျစ်တယ်ကင်မရာသည် ရှီလဲ့ကိုယ်တိုင် ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။ ၎င်းမှာ အနာဂတ်ရှိ ဆိုနီကုမ္ပဏီ၏ ထုတ်ကုန်ကို ကူးယူထားခြင်း ဖြစ်သော်လည်း၊ ဤအချိန်တွင်မူ ၎င်းသည် ရှီလဲ့၏ မူရင်းလက်ရာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ညီလေးရှီ.. စိတ်မပူပါနဲ့၊ မင်းရမယ့် နှစ်ကုန်ဘောနပ်စ်နဲ့ အမြတ်ဝေစုတွေကတော့ လျော့မှာ မဟုတ်ပါဘူး” ကျုံးမုယွမ်က ကတိပေးလိုက်ပြီးနောက်၊ အခြေအနေကောင်းနေခိုက်ကို အခွင့်ကောင်းယူ၍ စကားနှိုက်လိုက်သည်။
“ဒါနဲ့ မင်းလက်ထဲမှာ အခြား နည်းပညာအသစ်တွေ ရှိသေးလား”
ရှီလဲ့ စိတ်ထဲတွင် ရေရွတ်လိုက်သည်။ အဓိက အကြောင်းအရာကတော့ နောက်ဆုံးတော့ ရောက်လာပြီပင်။
သူ အားလုံးကို ကောင်းကောင်းသိနေသော်လည်း ရှီလဲ့က ဆက်လက်၍ ဟန်ဆောင်လိုက်သည်။
“အစ်ကိုကြီးကျုံး... ဘာနည်းပညာအသစ်လဲ”
“ညီလေးရှီ... မင်းက အခု ပက်ထရီရော့ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်နေပြီပဲ၊ တို့တွေက လူစိမ်းတွေမှ မဟုတ်တာ အကယ်၍ မင်းမှာ နည်းပညာအသစ် ရှိတယ်ဆိုရင် ပက်ထရီးရော့ကုမ္ပဏီကို အရင်ဆုံး သတိရရမယ်လေ” ကျုံးမုယွမ်က ရင်းနှီးမှုကို အရယူရင်း စိတ်ထဲတွင်လည်း “မစ္စတာအမ်ကသာ ငါ့ကို အခြေအနေတွေ မပြောပြထားရင် ငါတော့ ရှီလဲ့ရဲ့ လှည့်စားတာကို တကယ် ခံလိုက်ရမှာပဲ” ဟု တွေးနေမိသည်။
ရှီလဲ့က သင့်တော်မည့် အချိန်တွင် စကားဆိုလိုက်သည်။
“အစ်ကိုကြီးကျုံး... ကျွန်တော့်လက်ထဲမှာ ရှိတဲ့ နည်းပညာက ဒီဂျစ်တယ်ကင်မရာတွေနဲ့ သိပ်မသက်ဆိုင်သလို ဒီဂျစ်တယ်ကင်မရာတွေအတွက်လည်း အသုံးမဝင်ဘူး ဒါနဲ့... ပက်ထရီးရော့ကုမ္ပဏီက ကြည်လင်ပြတ်သားမှုမြင့်မားတဲ့ ကင်မရာတွေကို ဘယ်တော့လောက် ထုတ်လုပ်နိုင်မလဲ... အကယ်၍ ပက်ထရီရော့ကုမ္ပဏီက ထုတ်လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေး ရှိသေးတယ်”
ပက်ထရီရော့ကုမ္ပဏီသည် ကန်နွန်ကုမ္ပဏီထံမှ အလင်းဆိုင်ရာ နည်းပညာဒေတာအားလုံးကို လွှဲပြောင်းရယူထားပြီးဖြစ်ရာ သူတို့တွင် ကြည်လင်ပြတ်သားမှုမြင့်မားသော ကင်မရာများကို ထုတ်လုပ်နိုင်စွမ်း ရှိပေသည်။ ရှီလဲ့သည် အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်ကို ဈေးကွက်ထဲသို့ သယ်ဆောင်ရန် ပြင်ဆင်နေပြီး ၎င်းအတွက် အရည်အသွေးမြင့် ကင်မရာ အမြောက်အမြား လိုအပ်သည်။ အကယ်၍ ပက်ထရီရော့ကုမ္ပဏီ၏ ပံ့ပိုးမှုကို ရရှိပါက ၎င်းသည် နောက်ထပ် အပြန်အလှန် အကျိုးရှိမည့် အခြေအနေတစ်ခု ဖြစ်လာပေလိမ့်မည်။
“ကြည်လင်ပြတ်သားမှုမြင့်မားတဲ့ ကင်မရာတွေလား” ကျုံးမုယွမ် ခဏမျှ စဉ်းစားလိုက်ပြီး
“ညီလေးရှီ... အဲဒီနည်းပညာအသစ်က ဗီဒီယိုကင်မရာတွေနဲ့ သက်ဆိုင်နေတာလား”
ရှီလဲ့က ရှင်းပြသည်။
“မဟုတ်ပါဘူး နည်းပညာအသစ်က လုံခြုံရေး နယ်ပယ်ထဲကပါ ကျွန်တော်က အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်နေတာမို့လို့ ပက်ထရီရော့ကုမ္ပဏီနဲ့တော့ မသင့်တော်ပါဘူး”
ထို့နောက် ၎င်းတို့နှစ်ဦးသည် အရည်အသွေးမြင့် ကင်မရာများနှင့် အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။
ဂျပန်နိုင်ငံ၏ အင်တာနက် လျှို့ဝှက်အသံပြောခန်းတစ်ခုအတွင်း၌ ဂျပန်ဟက်ကာလောက၏ ထိပ်သီးဆရာကြီးအချို့သည် ဟက်ကာမဟာမိတ်၏ ကျူးကျော်မှုနှင့်ပတ်သက်၍ အရေးပေါ် တိုင်ပင်ဆွေးနွေးနေကြသည်။
ဂျပန်ဟက်ကာလောကသည် ရှနိုင်ငံ၏ အခြေအနေနှင့် ဆင်တူသည်။ ၎င်းကိုလည်း ဟက်ကာအဖွဲ့အစည်း သုံးခုအဖြစ် ပိုင်းခြားထားသည်။ ပထမမျိုးဆက် ဟက်ကာအဖွဲ့အစည်းများသည် လောကီကိစ္စရပ်များကို လျစ်လျူရှုကာ လေ့ကျင့်မှုအပေါ်၌သာ အာရုံစိုက်ကြသည်။ ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများတွင်လည်း ဤကဲ့သို့သော ပုံစံမျိုး ရှိကြပြီး လူထုရှေ့တွင် လှုပ်ရှားခဲလှသည်။
အတက်ကြွဆုံးသော ဟက်ကာအဖွဲ့အစည်းများမှာ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများ ဖြစ်ကြပြီး၊ သူတို့သည် မျက်နှာပြလေ့ရှိကာ ဝါရင့်အင်တာနက်အသုံးပြုသူများမှာ သူတို့၏ တည်ရှိမှုကို အတိုင်းအတာတစ်ခုအထိ သိရှိကြသည်။
ဤလျှို့ဝှက်အသံပြောခန်းကို ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းတစ်ခုဖြစ်သော ‘ဆာကူရာအဖွဲ့’ ၏ ခေါင်းဆောင် ပန်းရောင်ဆာကူရာက ကြီးမှူးကျင်းပခြင်း ဖြစ်သည်။ အီလက်ထရွန်းနစ် အသံပြောင်းလဲရေး ဆော့ဖ်ဝဲလ်မှတစ်ဆင့် ပန်းရောင်ဆာကူရာ၏ ကျား၊ မ ခွဲခြားမရသော အသံ ထွက်ပေါ်လာခဲ့သည်။
“ရှနိုင်ငံရဲ့ ဟက်ကာမဟာမိတ်က တို့ဂျပန်ရဲ့ အင်တာနက်ကွန်ရက်ကို ကျူးကျော်ဖို့ စီစဉ်နေတယ်... လူကြီးမင်းတို့ရဲ့ သဘောထားက ဘယ်လိုရှိလဲ”
ဆာကူရာအဖွဲ့တွင် ‘ဆာကူရာ၏ အရောင်ရှစ်မျိုး’ ဟု လူသိများသော အဓိကအဖွဲ့ဝင် ရှစ်ဦး ရှိပြီး ၎င်းတို့ကို အရောင်ရှစ်မျိုးဖြင့် ခွဲခြားထားကာ ဂျပန်ဟက်ကာလောကတွင် အလွန် ကျော်ကြားသည်။ ဆာကူရာအဖွဲ့၏ အဆင့်အတန်းမှာ ဟက်ကာမဟာမိတ်နှင့် ဆင်တူပြီး၊ သူတို့နှစ်ခုစလုံးသည် မိမိတို့နိုင်ငံ၏ ကိုယ်စားပြု ခေါင်းဆောင်များ ဖြစ်ကြသည်။
အခြားသော ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ‘ဟော့ကိုင်းဒိုးရေညှိ’ ၏ ခေါင်းဆောင်ဖြစ်သူ ရေညှိစစ်စစ်က စကားဆိုလာသည်။
“ကျွန်တော်တို့ ဟော့ကိုင်းဒိုးရေညှိကတော့ နှုတ်ထွက်ပါတယ်”
ဟော့ကိုင်းဒိုးရေညှိတွင် အဓိကအဖွဲ့ဝင် ငါးဦး ရှိပြီး၊ သူတို့အားလုံးသည် ဟော့ကိုင်းဒိုးမှ ကျော်ကြားသော ရေညှိအမျိုးအစား ငါးခုကို အမည်ပေးထားသည့် ဟက်ကာကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့အဖွဲ့အစည်း၏ အမည်မှာ ရိုးစင်းလှသော်လည်း သူတို့၏ စွမ်းအားမှာမူ အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဆာကူရာအဖွဲ့မှ ပန်းရောင်ဆာကူရာက ကျား၊ မ ခွဲခြားမရသော လေသံထဲတွင် ဒေါသအရိပ်အယောင်အချို့ နှောလျက် မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ညနက်အင်ပါယာနဲ့ မဟာရှမဟာမိတ်တို့က ဘာလှုပ်ရှားမှုမှ မလုပ်ကြဘူး... အကယ်၍ တို့ဟော့ကိုင်းဒိုးရေညှိက လှုပ်ရှားလိုက်ရင် သူတို့လည်း ငြိမ်နေမှာ မဟုတ်ဘူး... အဲဒီကျရင် ပိုပြီးတော့တောင် ရှုပ်ထွေးသွားလိမ့်မယ်” ရေညှိစစ်စစ်က အေးအေးလူလူ ပြောဆိုလိုက်သည်။ “ငါ့မှာ လုပ်စရာ အခြားကိစ္စတွေ ရှိသေးလို့... ငါသွားပြီ” ပြောပြီးသည်နှင့် ဟော့ကိုင်းဒိုးရေညှိ၏ ခေါင်းဆောင်သည် လျှို့ဝှက်အသံပြောခန်းမှ ထွက်ခွာသွားခဲ့သည်။
ဂျပန်နိုင်ငံတွင် ကျော်ကြားသော ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း နှစ်ခုသာ ရှိသည်၊ ၎င်းတို့မှာ ဆာကူရာအဖွဲ့နှင့် ဟော့ကိုင်းဒိုးရေညှိတို့ ဖြစ်ကြသည်။ သူတို့၏ တစ်ဦးချင်း နည်းပညာပိုင်း စွမ်းရည်မှာ ပိုမိုမြင့်မားသော်လည်း၊ လူအင်အားအပိုင်းတွင်မူ သူတို့က အားနည်းချက် ရှိနေခဲ့သည်။
ဟော့ကိုင်းဒိုးရေညှိ ထွက်ခွာသွားပြီးနောက် ဆာကူရာအဖွဲ့မှ ပန်းရောင်ဆာကူရာသည် စိတ်ထဲတွင် လျှို့ဝှက်စွာ ဒေါသထွက်နေခဲ့သော်လည်း၊ လက်လျှော့ကာ နှုတ်ဆက်ထွက်ခွာသွား၍ မရချေ။
“ဟော့ကိုင်းဒိုးက အရိုင်းအစိုင်း တောသားတစ်စုကတော့ တို့ဂျပန်ရဲ့ မွန်မြတ်တဲ့ နိုင်ငံသားတွေ ဖြစ်ဖို့ တကယ်ကို မထိုက်တန်ဘူး” ပန်းရောင်ဆာကူရာက နှာခေါင်းရှုံ့လျက် အေးစက်စွာ ပြောဆိုလိုက်သည်။
ထိုအချိန်တွင် လျှို့ဝှက်အသံပြောခန်းအတွင်း၌ ဆာကူရာအဖွဲ့အပြင်၊ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင် သုံးဦး ရှိနေသည်။ ဂျပန်နိုင်ငံ၏ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများ၏ ခြုံငုံအရည်အသွေးမှာ ရှနိုင်ငံ၏ တတိယမျိုးဆက် ဟက်ကာများထက် များစွာ ပိုမိုမြင့်မားသည်။ သို့သော်လည်း အခြေခံသဘောတရားမှာ အတူတူပင် ဖြစ်သည်။ သူတို့၏ လူဦးရေနည်းပါးမှုမှာ အကြီးမားဆုံး အားနည်းချက် ဖြစ်၏။
ထိပ်သီး တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း သုံးခုမှာ တီအိတ်ခ်ျ၊ ပင်လယ်နီ နှင့် ‘ဝိညာဉ်လေးပါးပုတီး’ တို့ ဖြစ်ကြသည်။ ထိုအထဲတွင် ‘နတ်ဆိုးတပ်မတော်’ ဟုလည်း လူသိများသော ဝိညာဉ်လေးပါးပုတီးအဖွဲ့သည် တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများအကြား ဘုရင်တစ်ပါးကဲ့သို့ အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသည်။
“အခြား နှုတ်ထွက်ချင်တဲ့သူ ရှိသေးလား” ပန်းရောင်ဆာကူရာသည် တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများကိုမူ အလွန်အမင်း ယဉ်ကျေးမနေတော့ဘဲ အေးစက်သော လေသံဖြင့် တိုက်ရိုက် မေးမြန်းလိုက်သည်။
ဝိညာဉ်လေးပါးပုတီး နတ်ဆိုးတပ်မတော်၏ ခေါင်းဆောင်မှာ ‘နာရာကု’ ဟု အမည်ရသည်။ ဤလူ၏ နည်းပညာပိုင်း စွမ်းရည်မှာ ကမ္ဘာ့အဆင့်မီ အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများတွင်ပင်လျှင် သူသည် လုံးဝ အဓိကကျသော အမာခံပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပေသည်။
“ဆရာကြီး ပန်းရောင်ဆာကူရာ... ကျွန်တော်တို့ နတ်ဆိုးတပ်မတော်က ပါဝင်ပါမယ်... ပြီးခဲ့တဲ့အကြိမ်က သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ အငိုက်မိသွားခဲ့ရတယ်၊ ကျွန်တော်တို့ တပ်ဖွဲ့ထဲက ကောင်လေးတွေက အခုထိ မကျေမနပ်ဖြစ်ပြီး ရှနိုင်ငံဆီကို သွားသတ်ချင်တယ်လို့ အော်ဟစ်နေကြတုန်းပဲ သူတို့က နောက်တစ်ကြိမ် ထပ်လာရဲသေးမယ်လို့ မျှော်လင့်မထားဘူး... ဒါဆိုရင်တော့ ကျွန်တော်တို့ဘက်က ယဉ်ကျေးမနေတာကို အပြစ်မတင်နဲ့တော့”
ပန်းရောင်ဆာကူရာက တဟားဟား ရယ်မောလိုက်ပြီး မေးလိုက်သည်။
“မင်းတို့ နှစ်ယောက်ကော ဘယ်လိုလဲ...”