အခန်း ၁၅၈
Vol. 16 Ch. 158
အခန်း - ၁၅၈
၂၀၀၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဂျပန်နိုင်ငံနှင့် ရှနိုင်ငံတို့အကြား ပထမအကြိမ်မြောက် ဆိုက်ဘာစစ်ပွဲသည် ဂျပန်နိုင်ငံ၏ အရှုံးကြီးရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခဲ့သည်။
ထိုဆိုက်ဘာစစ်ပွဲသည် နောက်ကွယ်မှနေ၍ လျှပ်တပြက်စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့သော ရှီလဲ့၏ လက်ချက်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ဟက်ကာလောကကို လုံးဝ အငိုက်မိသွားစေခဲ့ခြင်း ဖြစ်၏။
သူတို့ သတိပြုမိချိန်တွင် ရှနိုင်ငံ၏ ဟက်ကာအများစုမှာ ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ ကျန်ရှိနေခဲ့သူများမှာလည်း အလွန် အရိုးမာသော အမာခံများသာဖြစ်သဖြင့် သူတို့အနေဖြင့် မည်သို့မျှ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ချေ။
ယခုတစ်ကြိမ်တွင်မူ ရှနိုင်ငံ ဟက်ကာမဟာမိတ်က ဦးဆောင်ကာ ဂျပန်နိုင်ငံကို နောက်တစ်ကြိမ် ကျူးကျော်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ သူတို့၏ သူလျှိုများက သတင်းအချက်အလက်ကို နှစ်ရက်ကြိုတင်၍ ရရှိထားပြီးဖြစ်ရာ ပြင်ဆင်ရန်အတွက် အချိန်လုံလောက်စွာ ရရှိခဲ့ကြသည်။
ဂျပန်နိုင်ငံနှင့် ရှနိုင်ငံတို့၏ ခြုံငုံဟက်ကာစွမ်းအားကို နှိုင်းယှဉ်ရလျှင် သူတို့သည် အင်အားချင်း မျှတနေသည်။ တစ်ဖက်က နည်းပညာပိုင်းတွင် အားသန်ပြီး အခြားတစ်ဖက်က လူအင်အားတွင် အားသန်ရာ မည်သူကမျှ အခြားတစ်ဖက်ကို အလွယ်တကူ မကျော်လွှားနိုင်ကြချေ။
ဂျပန်နိုင်ငံ၏ ဦးဆောင်ဟက်ကာအဖွဲ့အစည်းဖြစ်သော ဆာကူရာအဖွဲ့သည် ရှနိုင်ငံ ဟက်ကာလောက၏ အလားတူအဖွဲ့အစည်းဖြစ်သော ဟက်ကာမဟာမိတ်၏ လာရောက်စိန်ခေါ်မှုကို ရင်ဆိုင်နေရချိန်တွင် သူတို့အနေဖြင့် မည်ကဲ့သို့ ဘေးထိုင်ကြည့်နေနိုင်ပါမည်နည်း။
ထို့အပြင် သူတို့နှစ်ဦးကြားတွင် ‘နက်ရှိုင်းလှသော ရန်ငြိုးဟောင်း’ များလည်း ရှိနေခဲ့သည်မဟုတ်ပါလား။
ပန်းရောင်ဆာကူရာက ကျယ်လောင်စွာ ထပ်မံမေးမြန်းလိုက်သည်။
“တီအိတ်ခ်ျ... အကိုင်း... မင်းတို့နှစ်ယောက် စစ်ပွဲမှာ ပါမှာလား”
အကိုင်း နှင့် တီအိတ်ခ်ျတို့သည် ဝိညာဉ်လေးပါးပုတီး နတ်ဆိုးတပ်မတော်ပင်လျှင် သဘောတူပြီးဖြစ်ကြောင်း မြင်သောအခါ သူတို့ ဘာကြောင့် အလိုက်မသိဘဲ နေကြမည်နည်း။ ထို့အပြင် ဆာကူရာအဖွဲ့နှင့် နတ်ဆိုးတပ်မတော်တို့၏ နောက်ကွယ်မှ လိုက်လံ၍ အမြတ်ထုတ်ရသည်မှာ အမှန်ပင် ကောင်းမွန်သောအချက် ဖြစ်သည်။
ဟော့ကိုင်းဒိုးရေညှိက ရှနိုင်ငံ၏ ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများအနက် ဟက်ကာမဟာမိတ်တစ်ခုတည်းသာ ပါဝင်လိမ့်မည်ဟု ခုနက ပြောကြားသွားခဲ့သည်။ နှစ်ဖက်စလုံး၏ အင်အားမှာ မျှတနေသဖြင့် တီအိတ်ခ်ျနှင့် အကိုင်းတို့သည် ရှနိုင်ငံ၏ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများကို ချေမှုန်းနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေကြသည်။
“ဆရာကြီး ပန်းရောင်ဆာကူရာ... ကျွန်တော်တို့ အကိုင်းအဖွဲ့ ပါဝင်ပါမယ်”
“ကျွန်တော်တို့ တီအိတ်ခ်ျအဖွဲ့လည်း ပါဝင်ပါမယ်”
ပန်းရောင်ဆာကူရာက တဟားဟား အော်ဟစ်ရယ်မောလိုက်သည်။ သူတို့ကိုယ်တိုင်က ဟက်ကာမဟာမိတ်ကို ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်ပြီး တီအိတ်ခ်ျ၊ အကိုင်းနှင့် ဝိညာဉ်လေးပါးပုတီးတို့က ရှနိုင်ငံ၏ ထိပ်သီးတတိယမျိုးဆက် အဖွဲ့အစည်းလေးခုကို ရင်ဆိုင်ကြလိမ့်မည်။ ထို့နောက် သူတို့သည် အခြားသော တစ်ကိုယ်တော် ကျွမ်းကျင်သူများနှင့် အသေးစား၊ အလတ်စား တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများကို စုစည်းကာ ရှနိုင်ငံ၏ ပြန့်ကျဲနေသော အင်အားစုများကို တိုက်ခိုက်ခိုင်းမည် ဖြစ်သည်။ ဤစစ်ပွဲတွင် သူတို့၏ အနိုင်ရရှိနိုင်ခြေက ရှနိုင်ငံထက် များစွာ သာလွန်နေပေသည်။
ရှနိုင်ငံတွင်မူ ဟက်ကာမဟာမိတ်သည် ဟက်ကာတပ်မတော်ကြီးဖွဲ့စည်း၍ ဂျပန်နိုင်ငံကို တိုက်ခိုက်မည့် သူတို့၏ စီမံကိန်း ပေါက်ကြားသွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ ဂျပန်နိုင်ငံ၏ ဟက်ကာအဖွဲ့အစည်းများသည် ရှနိုင်ငံ၏ ဟက်ကာအဖွဲ့အစည်းများအတွင်းသို့ သူလျှိုများ စေလွှတ်ထားနိုင်သကဲ့သို့ ရှနိုင်ငံဘက်ကလည်း ထို့အတူ လုပ်ဆောင်ထားနိုင်သည်သာ ဖြစ်၏။
ဟက်ကာမဟာမိတ်၏ အဓိက အသံချန်နယ်အတွင်း၌ ‘ဟိုင်လန်’ က ပြစ်တင်ညည်းတွားလိုက်သည်။
“ဆရာကြီး... ကျွန်တော် အစကတည်းက ပြောသားပဲ၊ အဲဒီတတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းတွေက ယုံကြည်လို့မရပါဘူးလို့ သူတို့လုပ်တဲ့ မိုက်မဲတဲ့ အလုပ်တွေကို ကြည့်စမ်းပါဦး... သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာ တင်ပြီးတော့တောင် ဟက်ကာသူရဲကောင်းတွေ အားလုံးကို ဂျပန်နိုင်ငံကို အတူတူသွားတိုက်ဖို့ ဖိတ်ခေါ်နေကြတယ် ဒါက ငါတို့လာနေပြီလို့ တမင်သက်သက် သွားပြောပြနေတာ မဟုတ်ဘူးလား”
‘ဓားမြှောင်နက်’ က ခပ်တိုးတိုးရယ်မောကာ
“ဟိုင်လန်... ဒါက ကိစ္စအကြီးကြီးမဟုတ်ပါဘူး ဂျပန်နိုင်ငံဘက်က ဆာကူရာအဖွဲ့ပဲ ပါမှာပါ ဟော့ကိုင်းဒိုးရေညှိကတော့ စစ်ပွဲကနေ နှုတ်ထွက်သွားပြီဆိုတော့ သူတို့က ညနက်အင်ပါယာနဲ့ မဟာရှမဟာမိတ်တို့ကိုပဲ စောင့်ကြည့်ကာကွယ်နေလောက်တယ်”
မဟာမိတ်အဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သူ ‘ကျားနက်’ က အော်ဟစ်လိုက်သည်။
“ဆာကူရာအဖွဲ့က အဲဒီကောင်တွေကို ဒီတစ်ကြိမ်တော့ တို့တွေ သေချာပေါက် ဆုံးမပေးရမယ်”
ဆာကူရာအဖွဲ့နှင့် ဟက်ကာမဟာမိတ်တို့အကြားက ရန်ငြိုးမှာ သမိုင်းကြောင်း ရှည်လျားလှပေသည်။ နှစ်ခုစလုံးသည် မိမိတို့နိုင်ငံ၏ ဦးဆောင်ကိုယ်စားလှယ်များ ဖြစ်ကြသဖြင့် မကြာခဏဆိုသလို နှိုင်းယှဉ်ခြင်း ခံရလေ့ရှိသည်။
၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း ဟက်ကာမဟာမိတ်နှင့် ဆာကူရာအဖွဲ့တို့သည် စုစုပေါင်း စစ်ပွဲ လေးကြိမ်တိုင်တိုင် ဆင်နွှဲခဲ့ကြပြီး လက်ရှိတွင် နှစ်ဖက်စလုံးက နှစ်ကြိမ်နိုင်၊ နှစ်ကြိမ်ရှုံးဖြင့် သရေကျနေခဲ့သည်။
သူတို့၏ ပြိုင်ဘက်ဟောင်းနှင့် ထပ်မံရင်ဆိုင်ရတော့မည်ဖြစ်ရာ ဟက်ကာမဟာမိတ်၏ အဓိကအဖွဲ့ဝင်များအားလုံးက ဆာကူရာအဖွဲ့ကို ကောင်းကောင်းပညာပေးရန် အသက်ကို ပြင်းပြင်းရှူလျက် ပြင်ဆင်လိုက်ကြသည်။
ထို့အတူ ဆာကူရာအဖွဲ့တွင်လည်း ဤကဲ့သို့သော အတွေးမျိုး ရှိနေသည် မဟုတ်ပါလား။
ရွှမ်ချင်းမြို့၏ လျှို့ဝှက်သော ရုံးခန်းတည်နေရာတစ်ခုတွင် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများကို ခန်းမကြီးတစ်ခုအတွင်း စီစဉ်ထားရှိပြီး ထိုနေရာတွင် လူဦးရေ နှစ်ရာနီးပါးခန့် အတူတူ အလုပ်လုပ်နေကြသည်။ ထိုသူများသည် အဖြူရောင် လုပ်ငန်းခွင်ဝတ်စုံများနှင့် တူညီသော အလုပ်ကတ်ပြားများကို ချိတ်ဆွဲထားကြသည်။
ထိုအလုပ်ကတ်ပြားများပေါ်တွင် ‘ဆိုက်ဘာလုံခြုံရေး အနောက်ပိုင်း အထွေထွေဗျူရို’ ဟု ရေးသားထားသည်။
ရှနိုင်ငံ၏ အင်တာနက် ကာကွယ်ရေးဇုန်များကို ပထဝီဝင်အနေအထားအရ လေးခုခွဲခြားထားသည်။ ၎င်းတို့အနက် အနောက်ပိုင်း အထွေထွေဗျူရိုသည် ရွှမ်ချင်းမြို့တွင် တည်ရှိပြီး မြောက်မြားစွာသော ကွန်ရက်အရင်းအမြစ်များကို ထိန်းချုပ်ထားခြင်း ဖြစ်၏။
လင်းယွီမော့ နှင့် အတန်ငယ် ဆင်တူသော အမျိုးသားတစ်ဦးသည် ဧရာမ မျက်နှာပြင်နံရံကြီး၏ ရှေ့တွင် ရပ်နေရင်း ၎င်းပေါ်ရှိ ဒေတာများကို ကြည့်ရှုနေသည်။ ထိုအမျိုးသား၏ အမည်မှာ လင်းယွီေဂါင်ဖြစ်သည်။
“ဗျူရိုမှူး... ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ ဟက်ကာလောကတစ်ခုလုံးက ပိုပြီးတော့ လှုပ်ရှားလာကြတယ်... ကျွန်တော်တို့ အနောက်ပိုင်းဒေသရဲ့ ဝိညာဉ်နက်အဖွဲ့ကဆိုရင် ပိုပြီးတော့တောင် ဗြောင်ကျကျ လုပ်လာကြပါတယ်” ဟု ရှယွီက အစီရင်ခံစာကို ကိုင်ဆောင်လျက် လင်းယွီဂေါင်အား တင်ပြလိုက်သည်။
ရှယွီသည် ယခင်က လင်းယွီမော့နှင့် စကားပြောခဲ့ဖူးသူဖြစ်ပြီး၊ လင်းယွီဂေါင်မှာမူ လင်းယွီမော့၏ ဖခင်ဖြစ်ကာ ရှနိုင်ငံ ဆိုက်ဘာလုံခြုံရေးဗျူရို၊ အနောက်ပိုင်း အထွေထွေဗျူရို၏ ဗျူရိုမှူး ဖြစ်သည်။ သူ၏ ရာထူးအဆင့်အတန်းမှာ ရွှမ်ချင်းမြို့၏ မြို့တော်ဝန်ထက်ပင် မနိမ့်ကျချေ။
လင်းယွီဂေါင်၏ အမူအရာက တည်ငြိမ်လှပြီး
“သူတို့ဘာသာ ဆူပူပါစေ ဝိညာဉ်နက်အဖွဲ့က ကြောက်စရာမလိုပါဘူး အဓိကက ဟက်ကာမဟာမိတ်က အဲဒီအရူးတွေပဲ... သူတို့က ဂျပန်နိုင်ငံက အဲဒီလောက်အထိ အားနည်းတယ်လို့ တကယ်ပဲ ထင်နေကြတာလား”
ရှယွီသည် ခေါင်းငုံ့ထားပြီး ပြန်လည်မဖြေကြားခဲ့ချေ။ လင်းယွီဂေါင်၏ နောက်ကွယ်တွင် အနှစ်နှစ်ဆယ်တိုင်တိုင် လိုက်ပါခဲ့ဖူးသဖြင့် သူသည် လင်းယွီဂေါင်၏ စရိုက်ကို ကောင်းစွာသိရှိထားရာ ဤအချိန်တွင် စကားမပြောဘဲ နေခြင်းက အကောင်းဆုံး ဖြစ်သည်။
“ဂျပန်နိုင်ငံဘက်က အခြေအနေတွေကို အစီရင်ခံစာ ပြန်တက်လာပြီလား... သူတို့ရဲ့ ဟက်ကာလောကက ဟက်ကာမဟာမိတ်ကို ဘယ်လို တုံ့ပြန်နေကြလဲ” လင်းယွီဂေါင်က ခေါင်းမလှည့်ဘဲ မျက်နှာပြင်နံရံပေါ်ရှိ ဒေတာများကို ကြည့်ရှုရင်း မေးမြန်းလိုက်သည်။
“ဗျူရိုမှူး... ထောက်လှမ်းရေးဝန်ထမ်းတွေရဲ့ အစီရင်ခံစာအရ ဂျပန်နိုင်ငံရဲ့ ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းတွေထဲက ဆာကူရာအဖွဲ့တစ်ခုတည်းပဲ ပါဝင်မှာပါ... ဟော့ကိုင်းဒိုးရေညှိကတော့ ဘာမှမလှုပ်ရှားဘဲ သူတို့ရဲ့ ရေညှိလုပ်ငန်းကိုပဲ ဆက်လုပ်နေပါတယ်” ဟု ရှယွီက ဟာသနှော၍ ဆိုလိုက်သည်။ “ဒါပေမဲ့ သူတို့ရဲ့ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းတွေကတော့ အားလုံးနီးပါး ထွက်လာကြပါတယ်”
“အဲဒါတွေက ဆာကူရာအဖွဲ့အတွက် အမြှောက်စာတွေသက်သက်ပဲ... ဟက်ကာမဟာမိတ်မှာ တရားဝင်အဖွဲ့ဝင် သုံးသောင်းကျော် ရှိတယ်၊ သူတို့ဘက်က ကာကွယ်ရေးဆာဗာတွေ ထောက်ပံ့ပေးထားသရွေ့တော့ ဂျပန်နိုင်ငံရဲ့ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းတွေက ခြိမ်းခြောက်မှု မဖြစ်နိုင်ပါဘူး” လင်းယွီဂေါင်က ဘာမှစိုးရိမ်ပူပန်ခြင်းမရှိသည့်အလား တည်ငြိမ်သော အမူအရာဖြင့် ပြောကြားလိုက်သည်။ “ဒါနဲ့... ရှယွီ၊ ငါမင်းကို စုံစမ်းခိုင်းထားတဲ့ ကိစ္စကော ဘယ်လိုလဲ”
ရှယွီသည် သူ၏ လက်ထဲရှိ စာရွက်စာတမ်းများကို ဖွင့်လိုက်ပြီး
“ဗျူရိုမှူး... ရှီလဲ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်တွေမှာ ဘာပြဿနာမှ မရှိပါဘူး၊ သူက ယွီမော့ဆီကို အခြား အထူးရည်ရွယ်ချက်တစ်ခုခုနဲ့ ချဉ်းကပ်နေတာ မဟုတ်ပါဘူး ဒါပေမဲ့...” ရှယွီ ဤနေရာတွင် စကား ရပ်တန့်သွားခဲ့သည်။
လင်းယွီဂေါင်ခေါင်းလှည့်ကြည့်လိုက်သည်။ သူ၏ အသားအရေက ဖြူစင်ပြီး ထူထဲသော မျက်ခုံးမွှေးများနှင့် တောက်ပ၍ ထိုးဖောက်နိုင်စွမ်းရှိသော မျက်လုံးများက ပြင်းထန်သော အာဏာစက်ကို ထုတ်ဖော်နေခဲ့သည်။
“ဒါပေမဲ့ ဘာဖြစ်လဲ”
ရှယွီသည် လင်းယွီဂေါင်ကို မကြည့်ရဲဘဲ ခေါင်းငုံ့လျက် စိတ်ခံစားချက်မပါသော လေသံဖြင့် ဆက်လက် တင်ပြလိုက်သည်။
“သတင်းအချက်အလက်တွေအရ ရှီလဲ့ရဲ့ အကျင့်စရိုက်က အနည်းငယ် ရှုပ်ပွေနေပါတယ်... သူက ယွီမော့ကို လိုက်နေတဲ့အချိန်မှာပဲ ရွှမ်းဟူရဲစခန်းက အမျိုးသမီးရဲအရာရှိတစ်ယောက်ကိုလည်း လိုက်နေပါတယ်... တစ်ချိန်တည်းမှာပဲ ယွီမော့ရဲ့ အဆောင်ဖော်သူငယ်ချင်းကလည်း ရှီလဲ့နဲ့ ပတ်သက်မှုတွေ ရှိနေပုံရပါတယ်... ရှီလဲ့နဲ့ ရွှမ်ချင်းတက္ကသိုလ်က ဆရာမတစ်ယောက်နဲ့ပါ ကောလာဟလတွေ ထွက်နေပါသေးတယ်...”
“ဟားဟားဟား” လင်းယွီဂေါင်က တဟားဟား အော်ဟစ်ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် စူးရှသော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ “ယွီမော့နဲ့ ရှီလဲ့တို့က အခု ဘယ်အဆင့်အထိ ရောက်နေကြပြီလဲ”
ရှယွီက ခေါင်းကို ပို၍ငုံ့လိုက်ပြီး
“စိတ်ချပါ ဗျူရိုမှူး... သူတို့ကြားမှာ ကြီးမားတဲ့ တိုးတက်မှုမျိုး မရှိသေးပါဘူး... ဒါပေမဲ့ ယွီမော့က ရှီလဲ့ကို သဘောကျနေပုံရပါတယ် ပြီးခဲ့တဲ့အကြိမ်က ရှီလဲ့တစ်ယောက် ရွှမ်းဟူရဲစခန်းရဲ့ ဖမ်းဆီးခြင်းကို ခံရတုန်းက ယွီမော့က ကျွန်တော့်ဆီ ဖုန်းဆက်ခဲ့ပါတယ်... ရှန့်ယန်ချွမ်းရဲ့ အဆက်အသွယ်တွေကတစ်ဆင့် သူမက ရှီလဲ့ကို ကူညီစောင့်ရှောက်ပေးခဲ့ပါတယ်”
လင်းယွီဂေါင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“ရှီလဲ့ဆိုတဲ့ အဲဒီကလေးက ဘာအရည်အချင်းရှိလို့ အဲဒီလောက်အထိ ရှုပ်နေရတာလဲ”
“ဗျူရိုမှူး... ရှီလဲ့ရဲ့ ကွန်ပျူတာနည်းပညာက တော်ေတာ်အစွမ်းထက်ပါတယ်... သူက ရွှမ်ချင်းတက္ကသိုလ်က ကျင်းပတဲ့ ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပါတယ်... သူ တီထွင်ထားတဲ့ ဆော့ဖ်ဝဲလ်ကို အမေရိကန်ဒေါ်လာ ၂.၅ သန်းနဲ့ လွှဲပြောင်းရောင်းချခဲ့ပါတယ်... တစ်ချိန်တည်းမှာပဲ သူက အခု ပက်ထရီးရော့ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်နေပြီး မကြာသေးခင်ကလည်း လုံခြုံရေးကုမ္ပဏီတစ်ခုကို ကိုယ်တိုင် မှတ်ပုံတင်ခဲ့ပါတယ် ဒါတင်မကသေးဘဲ မူပိုင်ခွင့်ရုံးရဲ့ အချက်အလက်တွေအရ သူက ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်တစ်ခုကိုလည်း လျှောက်ထားနေပါတယ်” ဟု ရှယွီက ရှီလဲ့၏ ပြင်ပပိုင်ဆိုင်မှုများကို တစ်ခုချင်းစီ အစီရင်ခံလိုက်သည်။
“ဒါပဲမလား” လင်းယွီဂေါင်က မထီမဲ့မြင်ပြုသော လေသံဖြင့်
“ငါ လင်းယွီဂေါင်ရဲ့ သမီးကို လိုက်ဖို့အတွက် အခြေခံအကျဆုံး အခြေအနေက စိတ်နှလုံး ဖြူစင်ပြီး တစ်ယောက်တည်းအပေါ်မှာပဲ သစ္စာရှိဖို့ လိုတယ်... ယွီမော့ကို ပြောလိုက်ပါ... ငါ့အနေနဲ့ သူမကို အဲဒီရှီလဲ့နဲ့ ဝေးဝေးမှာ နေစေချင်တယ်လို့”
“ဒါကတော့...” ရှယွီသည် လင်းယွီမော့ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူဖြစ်ရာ လင်းယွီမော့ကို မိမိ၏ သမီးအရင်းကဲ့သို့ သဘောထားသူ ဖြစ်သည်။ “ဗျူရိုမှူး... ကျောင်းက အဓိကဘာသာရပ် ကိစ္စတွေကြောင့် ခင်ဗျားနဲ့ ယွီမော့တို့ရဲ့ သားအဖဆက်ဆံရေးက အတော်လေး တင်းမာနေတာပါ... အကယ်၍ ခင်ဗျားက သူမရဲ့ စိတ်ခံစားချက် ကိစ္စတွေမှာ ထပ်ပြီး ဝင်ရောက်စွက်ဖက်မယ်ဆိုရင် သားအဖဆက်ဆံရေးက ပိုပြီးတော့တောင် ဆိုးရွားသွားနိုင်ပါတယ် ဗျူရိုမှူး... ကျေးဇူးပြုပြီး သေချာ စဉ်းစားပေးပါဦး”
လင်းယွီဂေါင်မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မနေ့ကတင် လင်းယွီမော့နှင့် အကြီးအကျယ် စကားများထားခဲ့ကြသဖြင့် သူတို့၏ သားအဖဆက်ဆံရေးမှာ ပြင်းထန်စွာ ဆိုးရွားနေခဲ့သည်။ အကယ်၍ ဤအချိန်တွင် လင်းယွီမော့၏ အချစ်ရေးကိစ္စများကို ဝင်ရောက်စွက်ဖက်လိုက်မည်ဆိုပါက လင်းယွီမော့ကို အမှန်တကယ်ပင် ဒေါသထွက်သွားစေနိုင်သည်။
“ရှယွီ... မင်းအမြင်အရ ငါတို့ ဘာလုပ်သင့်လဲ” လင်းယွီဂေါင်က မိမိ၏ နားထင်ကို ပွတ်သပ်ရင်း မေးမြန်းလိုက်သည်။ သူ၏ ရာထူးက မည်မျှပင် မြင့်မားစေကာမူ မိမိ၏ သမီးနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ အမြဲတမ်း ခေါင်းခဲရလေ့ရှိသည်။
“ဗျူရိုမှူး... သဘာဝအတိုင်းပဲ လွှတ်ထားလိုက်ရင်ကော ဘယ်လိုလဲ... ရှီလဲ့က အဲဒီလောက် ရှုပ်တာ... ယွီမော့က သူ့ကို ဘယ်လိုမှ လက်ခံမှာ မဟုတ်ပါဘူး” ဟု ရှယွီက ပြန်လည်ဖြေကြားလိုက်သည်။
လင်းယွီဂေါင်စဉ်းစားကြည့်လိုက်ရာ ၎င်းမှာ အမှန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။ မိမိ သမီးဖြစ်သူ၏ စရိုက်က အပြင်ပန်းတွင် နူးညံ့သိမ်မွေ့သော်လည်း အတွင်းစိတ်ကမူ အလွန် ကြံ့ခိုင်သူ ဖြစ်သည်။ သူမအနေဖြင့် အကျင့်မကောင်းသော ရည်းစားမျိုးကို ရွေးချယ်စရာ အကြောင်းမရှိပေ။
ဂျင်းယာဥယျာဉ်ရှိ ရှီလဲ့၏ အခန်းအတွင်း၌ သူသည် ဟက်ကာမဟာမိတ်၏ အတွင်းပိုင်း ဖိုရမ်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လိုက်သည်။ ဟက်ကာမဟာမိတ်သည် မိမိတို့၏ ပြိုင်ဘက်မှာ ကာလရှည် ရန်သူတော်ကြီးဖြစ်သော ဆာကူရာအဖွဲ့ဖြစ်ကြောင်း သိရှိထားပြီးဖြစ်ရာ ဟက်ကာမဟာမိတ်၏ ဆရာကြီးများသည် သူတို့၏ တရားဝင်ဝဘ်ဆိုက်ပေါ်တွင် အဖွဲ့ဝင်များကို ပွင့်လင်းစွာ စည်းရုံးလှုံ့ဆော်လျက် ဆာကူရာအဖွဲ့နှင့် အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ဟက်ကာမဟာမိတ် ဦးဆောင်မည့် ဒုတိယအကြိမ်မြောက် ဆိုက်ဘာစစ်ပွဲကို ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် (သောကြာနေ့)၊ ည ၈:၀၀ နာရီတွင် ဆင်နွှဲရန် သတ်မှတ်ထားသည်။ ဤရက်စွဲကို ရွေးချယ်ရသည့် အဓိက အကြောင်းရင်းမှာ သောကြာနေ့ဖြစ်သဖြင့် မဟာမိတ်အဖွဲ့ဝင် အများစုမှာ နောက်တစ်နေ့တွင် အားလပ်ကြရာ ညနက်ပိုင်းအထိ သို့မဟုတ် တစ်ညလုံးတိုင်တိုင် တိုက်ပွဲဝင်နိုင်ကြမည် ဖြစ်သောကြောင့်ပင်။
ထိုနေ့သည် ‘အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ကျောင်းသားများနေ့’ လည်း ဖြစ်သဖြင့် ၎င်းကို ဂျပန်နိုင်ငံအတွက် လက်ဆောင်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ တစ်ချိန်တည်းမှာပင် ငါးရက်တာ ပြင်ဆင်ချိန်က မြောက်မြားစွာသော အတွင်းပိုင်းအဖွဲ့ဝင်များနှင့် တရားဝင်အဖွဲ့ဝင်များကို သူတို့၏ အချိန်ဇယားများ ညှိနှိုင်းစေနိုင်ပြီး ပူးပေါင်းတိုက်ခိုက်မှုကို စတင်နိုင်မည် ဖြစ်သည်။
ရှီလဲ့အနေဖြင့်မူ ပူးပေါင်းတိုက်ခိုက်မည့် ရက်စွဲအပေါ် သဘာဝကျကျ ဘာကန့်ကွက်မှုမျှ မရှိချေ၊ အဆုံးတွင်မူ သူက နောက်ကွယ်မှနေ၍ ပြဿနာရှာမည့် ပင်မလက်သည်ဖြစ်ပြီး ဟက်ကာမဟာမိတ်၏ နောက်ကွယ်မှသာ လိုက်ပါရုံသာ ဖြစ်၏။
ဤငါးရက်တာ ကာလအတွင်း ရှီလဲ့သည် အတန်းတစ်တန်း တက်ရောက်ခဲ့ပြီး၊ ရှုအန်းကျေးရွာရှိ ‘JSSL’ သို့လည်း တစ်ကြိမ် သွားရောက်ခဲ့သည်။ ကျန်ရှိသော အချိန်များတွင်မူ အမျိုးသမီးများထံသို့ ဖုန်းအချို့ ဆက်ဆိုခြင်းမှလွဲ၍ သူသည် စစ်ပွဲအတွက် ပြင်ဆင်ခြင်းအပေါ်၌သာ အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။
ဂျပန်နိုင်ငံအပေါ် ဆင်နွှဲမည့် ဒုတိယအကြိမ်မြောက် ဆိုက်ဘာစစ်ပွဲအတွက် ရှီလဲ့သည် စေ့စပ်သေချာစွာ ပြင်ဆင်ထားခဲ့ပြီး၊ ဤဆိုက်ဘာစစ်ပွဲကို အသုံးချ၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုအတွင်းသို့ ခိုးဝင်ရန်၊ ‘စီမံကိန်း R’ ၏ အချက်အလက်များကို ရှာဖွေရန်နှင့် ၎င်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ရည်ရွယ်ထားသည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး၊ သောကြာနေ့၊ နိုဝင်ဘာ ၁၇ ရက်၊ ည ၇:၀၀ နာရီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဘက်ပေါင်းစုံမှ အဖွဲ့အစည်းအားလုံးသည် တိုက်ပွဲကြီးအတွက် အသင့်ဖြစ်နေကြပြီဖြစ်သည်။
ရှီလဲ့သည် ဆာဗာနံပါတ်တစ်ကို အက်တန်ကုမ္ပဏီ၏ ပထမအဆင့်သို့ ချိတ်ဆက်လိုက်ပြီး ဟက်ကာမဟာမိတ်၏ အတွင်းပိုင်းအဖွဲ့ဝင် စကားပြောချန်နယ်တွင် စုစည်းလိုက်သည်။
သူသည် အစကတည်းက စူပါကွန်ပျူတာ ‘ယန်’ သို့ ချက်ချင်း မချိတ်ဆက်ခဲ့ချေ။ ဤကနဦးကာလအတွင်း ရှီလဲ့သည် ပြင်းထန်သော တိုက်ခိုက်မှုများကို ဆင်နွှဲရန် စီစဉ်ထားပြီး၊ မိမိ၏ နောက်ဆက်တွဲ လှုပ်ရှားမှုများကို ချောမွေ့စေရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရို၏ အင်အားစုများကို ဆွဲထုတ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။
အချိန်များက တစ်မိနစ်ချင်းစီ ကုန်ဆုံးသွားခဲ့သည်။ ည ၇:၃၀ နာရီတွင် ဟက်ကာမဟာမိတ်သည် သူတို့၏ ကာကွယ်ရေးဆာဗာများကို ပြတ်သားစွာ ဖွင့်လှစ်လိုက်ပြီး တရားဝင်အဖွဲ့ဝင် သုံးသောင်းကျော်အတွက် အိုင်ပီလိပ်စာကာကွယ်ရေး ဝန်ဆောင်မှုများကို ထောက်ပံ့ပေးလိုက်တော့သည်။
ဒုတိယအကြိမ်မြောက် စစ်ပွဲကြီးက စတင်တော့မည် ဖြစ်၏။