အခန်း ၃၈၄
Vol. 27 Ch. 384
အပိုင်း(၃၈၄) လက်ရှိအခြေအနေ။ မင်းသမီးလေး အန်းအန်း
နှစ်သစ်ကူး အချိန်အခါရောက်လာပြီ ဖြစ်သည်။
အိမ်တိုင်းအိမ်တိုင်းတွင် မီးပုံးများ၊ အလှဆင်တန်ဆာများ ချိတ်ဆွဲထားကြသည်။ ဤကဲ့သို့ စည်ကားသိုက်မြိုက်နေသောမြင်ကွင်း၏ နောက်ကွယ်တွင်တော့ နယ်စပ်ဒေသတွင် စစ်သည်များ သန်းနှင့်ချီ တပ်စွဲထားသည်။ မိသားစုများ ပြန်လည်ဆုံဆည်းကြသော အချိန်မျိုးတွင် နတ်ဘုရားများ အခွင့်ကောင်းယူပြီး ခိုးဝင်တိုက်ခိုက်လာမည်ကို တားဆီးရန် သူတို့က နေ့ရောညပါ မအိပ်မနေ စောင့်ကြပ်နေကြရ၏။
ကောင်းကင်ထောက်တိုင်နယ်ပယ်များ ဖြစ်ကြသော လီကွမ်ယန်၊ ချူရှီရန်၊ ဝူဟွေ့နှင့် ခူကျင်းတို့က အတူတကွ ပူးပေါင်းပြီး ကွပ်ကဲနေကြသည်။
တောရိုင်းမြေ၏ ကမ်းရိုးတန်းနယ်စပ်များတွင် ပြည်သူများ၊ မြို့ရွာများ မရှိတော့။ ပြည်တွင်းပိုင်းကို ပြောင်းရွှေ့နေထိုင်စေခဲ့ပြီး ကမ်းရိုးတန်းဒေသတစ်ခုလုံးက စစ်ပြင်ဆင်ရေးနယ်မြေအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။
ရှည်လျားသောမြွေကြီးတစ်ကောင်လို သွယ်တန်းနေသည့် စစ်ရေးအချက်အချာကျသော မြို့ကြီးများ တည်ဆောက်ထားသည်။ ထိုသို့ စစ်ရေးအချက်အချာကျသော မြို့ကြီးပေါင်းရာနှင့်ချီရှိပြီး မြို့တစ်မြို့ကို အနည်းဆုံး တပ်သားငါးသောင်းစီ ချထား၏။ မြို့တိုင်းတွင် နံနက်ခင်းအလင်းနယ်ပယ် ပညာရှင် အနည်းဆုံး ဆယ်ယောက်စီ ပါဝင်ရမည်ဟု သတ်မှတ်ထားသည်။ မြို့ကြီး(၂၀)တိုင်းအတွက် ကောင်းကင်ထောက်တိုင်နယ်ပယ် တစ်ယောက်စီ ထားရှိပြီး ဖြိုခွင်းရန်မဖြစ်နိုင်သော နယ်စပ်ကာကွယ်ရေးခံတပ်ကို ဖွဲ့စည်းထား၏။
ယနေ့မဟာကျင်းတိုင်းပြည်တွင် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ (၅၀၀)ကျော်ရှိပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်က (၂၅)ယောက် ရှိကာ၊ ကောင်းကင်နယ်ပယ်တစ်ပိုင်း တစ်ပါး ရှိနေပြီ ဖြစ်သည်။
ကမ်းရိုးတန်းဒေသ။
သံချပ်ကာဝတ်ဆင်ထားသော အမျိုးသားနှစ်ယောက်က ယှဉ်တွဲလမ်းလျှောက်နေကြသည်။ သူတို့က ပြည်တွင်းဘက်မှ လွှတ်တင်နေသော မီးရှူးမီးပန်းတွေကို မကြာခဏ လှည့်ကြည့်နေကြ၏။ သူတို့၏ ခြေလှမ်းအောက်မှ နူးညံ့သော သဲပြင်ဆီမှ တကျွိကျွိ မြည်သံများ ထွက်ပေါ်နေသည်။
လီကွမ်ယန်က နယ်စပ်တွင် တည်ဆောက်ထားသော ဧကရာဇ်ရုပ်တုကြီးကိုသာ ငေးမောကြည့်နေရင်း ပြောလိုက်သည်။
"ဧကရာဇ် ပျောက်ဆုံးပြီးသွားကတည်းက ကောင်းကင်ကြည့်ဆောင်ကလည်း တိတ်တဆိတ် ပျောက်သွားခဲ့တယ်။ နတ်ဘုရားတွေကတော့ အခွင့်အရေးရသွားပြီး သူတို့ရဲ့ နတ်ဘုရားတစ်ဝက်လောက်က ကောင်းကင်ပြည်နယ်ကို သိမ်းပိုက်လိုက်ကြတယ်။ အခုဆိုရင် တောရိုင်းမြေကိုတောင် လက်ဝါးကြီးအုပ်ဖို့ ကြံစည်နေကြပြီ။ တကယ်လို့ ဧကရာဇ်သာ ရှိနေသေးရင် သူတို့ ဒီလောက်ထိ ရိုင်းစိုင်းရဲမှာ မဟုတ်ဘူး။"
ချူရှီရန်က သက်ပြင်းချလိုက်သည်။
"အပင်ပန်းဆုံးကတော့ ဧကရီပဲ။ လွန်ခဲ့တဲ့ လဝက်လောက်က ကောင်းကင်ထောက်တိုင်နယ်ပယ် အထွတ်အထိပ် နတ်ဘုရားတစ်ပါးက ပြည်တွင်းကို ခိုးဝင်ပြီး လုပ်ကြံဖို့ ကြိုးစားခဲ့သေးတယ်။ သူ့ရဲ့စွမ်းအားက လူသားတိုင်းရဲ့ရုပ်သွင်ဖြစ်လို့ လူသားတစ်ယောက်ရဲ့ ရုပ်ရည်မျိုး ဖန်တီးနိုင်စွမ်းရှိတယ်။ ဧကရီသာ တိတ်တဆိတ်နဲ့ ကောင်းကင်နယ်ပယ်တစ်ပိုင်းကို မရောက်ရှိခဲ့ဘူးဆိုရင် နတ်ဘုရားတွေ အကြံအောင်သွားလောက်ပြီ။"
"ဧကရီက တိုင်းပြည်ရေးရာတွေကိုလည်း စီမံခန့်ခွဲရသလို လုပ်ကြံခံရမှာကိုလည်း ကာကွယ်ရသေးတယ်။ ပြီးတော့ စစ်ပွဲကြီးဖြစ်လာရင် သုံးရမယ့် အလုံးစုံဗျူဟာတွေကိုလည်း ချမှတ်ရသေးတယ်... နယ်စပ်က စစ်ရေးအခြေအနေတွေလည်း ပါသေးတာပေါ့..."
"ဒီလောက်များပြားတဲ့ ကိစ္စတွေက လူတစ်ယောက်တည်းရဲ့ ပခုံးပေါ် ကျရောက်နေတာ။ သူ ဘယ်လိုများ တောင့်ခံထားနိုင်လဲ ဆိုတာကို ငါ စိတ်ကူးနဲ့တောင် မတွေးရဲဘူး။"
သူတို့နှစ်ယောက် အချင်းချင်းကြည့်ကာ စကားမဆိုနိုင်ဘဲ သက်ပြင်းရှည်ကြီးချရင်း ခေါင်းယမ်းလိုက်ကြသည်။
ဧကရာဇ် ပျောက်ဆုံးသွားသော တစ်နှစ်တာကာလအတွင်း ဧကရီ၏ ဒေါသအမုန်းတရားများက ပိုပိုပြီး နက်ရှိုင်းလာခဲ့သည်။ မုန့်အန်းအန်းသာ သူ့နောက်ဆုံးလက်ကျန်အသိစိတ်လေးကို ဆွဲကိုင်မထားပေးဘူးဆိုလျှင် နတ်ဘုရားများ ဤမျှလောက်ထိ အနိုင်ကျင့်နေသည်ကို ဧကရီက သည်းခံနိုင်စွမ်းကုန်ဆုံးပြီး စစ်ပွဲစတင်ခဲ့မည် ဖြစ်သည်မှာ ကြာလောက်လေပြီ။
သူက သူစိမ်းတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။ အရင်ကလို အပြုံးများ မရှိတော့။ မုန့်အန်းအန်း ရှေ့ရောက်မှသာ နူးညံ့သောအပြုံးလေးကို ပြသတတ်ပြီး တခြားဘယ်သူမှ ထိုသို့အခွင့်အရေးမျိုး မရကြပေ။ တိုင်းပြည်၏မဏ္ဍိုင် နှစ်ဦးဖြစ်သူပင် မကြာခဏ အဆူအငေါက် ခံရသေးသည်။
ချူရှီရန်က လက်ကာပြလိုက်ပြီး ဆိုသည်။ "ဒီအကြောင်းတွေ မပြောဘဲ၊ လတ်တလော အခြေအနေတွေ အကြောင်းပဲ ပြောကြရအောင်။"
"လွန်ခဲ့တဲ့ နှစ်ဝက်အတွင်း နတ်ဘုရားတစ်ဝက်လောက် ကောင်းကင်ပြည်နယ်ကို တပ်စွဲပြီးကတည်းက (၇)ရက်တစ်ကြိမ် တောရိုင်းမြေနယ်စပ်ကို ကျူးကျော်ဝင်ရောက်လာကြတယ်။ အစပိုင်းမှာ တစ်ယောက် လွှတ်တယ်။ ပြီးတော့ နှစ်ယောက်... (၁၀)ယောက်။ လွန်ခဲ့တဲ့ (၇)ရက်ကဖြစ်ခဲ့တဲ့ စစ်ပွဲမှာဆိုရင် နတ်ဘုရား အယောက်(၂၀)နီးပါး တစ်ပြိုင်နက်တည်း ပေါ်လာကြတယ်"
"ငါ့အမြင်ပြောရရင် သူတို့က မဟာကျင်းတိုင်းပြည်ရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်နေတာပဲ။ ဒါမှမဟုတ်... ဧကရာဇ် တကယ်ပဲ ပျောက်ဆုံးသွားပြီလား ဆိုတာကို သိချင်လို့ တမင်သက်သက် ဒီလိုလုပ်နေတာလည်း ဖြစ်နိုင်တယ်။"
ထိုစကားကို ကြားသောအခါ လီကွမ်ယန်၏မျက်နှာထားက အနည်းငယ် တည်ကြည်သွားပြီး ပြောလိုက်သည်။
"ငါကတော့ ဒုတိယအချက်က ပိုဖြစ်နိုင်ခြေများတယ်လို့ ထင်တယ်။ မဟာကျင်းရဲ့ အနိမ့်ဆုံးစွမ်းအားနဲ့ နောက်ခံအင်အားတွေကို ဘယ်လိုမှဖုံးကွယ်ထားလို့ မရဘူး။ ယွီထန်က ကောင်းကင်နယ်ပယ် အလယ်အလတ်ကို ပြန်ရောက်ရှိသွားပြီလို့ ယူဆရတယ်။ မဟာကျင်းနယ်မြေထဲက ဘယ်ကိစ္စကိုမှ သူ့ဆီကနေ ဖုံးကွယ်ထားလို့ မရဘူး။ ဧကရာဇ်ရဲ့လှုပ်ရှားမှုကို စုံစမ်းဖို့ဆိုတာက နတ်ဘုရားတွေ အမြဲတမ်းလုပ်ချင်နေတဲ့ကိစ္စပဲ။"
"ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့လဝက်က ဧကရီကို လုပ်ကြံဖို့အတွက် နတ်ဘုရားတစ်ပါးကို တောရိုင်းမြေထဲ စေလွှတ်ခဲ့တာ။ ဧကရီဆိုတာ ဧကရာဇ်ရဲ့ သည်းခံနိုင်စွမ်းအတိုင်းအတာဖြစ်ပြီးတော့ ဘယ်သူပဲဖြစ်ဖြစ် သူ့ရဲ့ ဆံပင်တစ်မျှင်ကိုတောင်ထိရဲရင် နဂါးရဲ့ပြောင်းပြန်အကြေးခွံကို ထိလိုက်သလိုပဲဆိုတာကို အားလုံး သိကြတယ်။ သူတို့က ဧကရာဇ် လုံးဝပျောက်ဆုံးသွားပြီဆိုတာကို အတည်ပြုချင်တာ၊ ဒါမှမဟုတ်..."
လီကွမ်ယန် ပါးစပ်ပိတ်သွားပြီး ဆက်မပြောရဲတော့။
ဧကရာဇ် ပျောက်ဆုံးသွားသည်မှာ တစ်နှစ်ခွဲနီးပါး ရှိနေပြီ ဖြစ်သည်။ အားလုံးက ပါးစပ်ထဲမှ ပျောက်ဆုံးသွားကြောင်းကိုသာ ပြောနေကြသည်။ အရင်ခေတ်က လူသားဧကရာဇ် ပျောက်ဆုံးသွားခဲ့သလိုပင်။ ၎င်းက လူများ၏စိတ်ကို နှစ်သိမ့်ရန်အတွက် ဆင်ခြေတစ်ခုသက်သက်ပင်။ တာအိုကို သက်သေပြသော ကောင်းကင်အတိဒုက္ခတွင် ပျောက်ဆုံးသွားခြင်းမှာ တာအိုကို သက်သေပြရန်ကျရှုံးပြီး သေဆုံးသွားခြင်းဖြစ်ရန် ရာခိုင်နှုန်း အများဆုံးပင်။
"အဲဒါကြောင့်..." ချူရှီရန်၏မျက်လုံးများက နက်ရှိုင်းသွားကာ ကောင်းကင်ပြည်နယ်ရှိရာ အရပ်သို့ လှမ်းကြည့်ရင်း အေးစက်စက်အသံဖြင့် ပြောလိုက်သည်။ "နတ်ဘုရားတွေက ကျူးကျော်စစ်ပွဲကြီးတစ်ခု ဆင်နွှဲဖို့ လုပ်နေကြလောက်ပြီ။"
"သူတို့ တကယ်ကြောက်ရွံ့တဲ့ တစ်ဦးတည်းသောသူက ဧကရာဇ်ပဲ။ ဘာလို့လဲဆိုတော့ ဧကရာဇ်က နတ်ဘုရားတွေကို လုံးဝပျောက်ကွယ်သွားစေနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ယူဆရလို့ပဲ။ သူတို့က ဘယ်သူ့ကိုမှ မကြောက်ဘူး။ ဧကရာဇ်တစ်ယောက်တည်းကိုပဲ ကြောက်ကြတာ။ အခု ဧကရာဇ် မရှိတော့တဲ့အခါမှာ သူတို့ရဲ့ တစ်ခုတည်းသော စိုးရိမ်ကြောက်ရွံ့မှုကလည်း လုံးဝ ပျောက်ကွယ်သွားပြီ။"
"မုန်တိုင်းတွေ လာတော့မယ်။"
ပထမဆုံးလူသားဧကရာဇ် ထူးဆန်းစွာ ပျောက်ဆုံးသွားပြီးနောက်တွင် နှောင်းခေတ်၏ ပထမဆုံးသော တာအိုသက်သေပြသူဖြစ်သည့် မဟာကျင်းတိုင်းပြည်ဧကရာဇ်ကလည်း အစဉ်လိုက် ပျောက်ဆုံးသွားခဲ့ပြန်သည်။
တစ်နှစ်ကျော် အချိန်ကာလအတွင်းမှာ သီအိုရီမျိုးစုံက အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။
အချို့ကလည်း ကောင်းကင်နယ်ပယ်က လုံးဝမရှိဘူးဟု ပြောကြသည်။ ကောင်းကင်ထောက်တိုင် နယ်ပယ်ကသာ တာအို၏အဆုံးသတ်ဖြစ်ပြီး အထက်ကိုဆက်တက်လျှင် အတိဒုက္ခများသာ ရင်ဆိုင်ရလိမ့်မည်။ နတ်ဘုရားများသာ ကောင်းကင်နယ်ပယ်ကို တက်လှမ်းနိုင်သည်ဟု ဆိုကြသည်။
မယုံရင် ကြည့်လေ... ရှေးခေတ်ကနေ အခုချိန်ထိ ကောင်းကင်နယ်ပယ်ကို သက်သေပြနိုင်ခဲ့တဲ့ သက်ရှိဘယ်သူကများ ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ခဲ့လို့လဲ။ ရုတ်တရက် သေဆုံးသွားတာ ဒါမှမဟုတ် ပျောက်ဆုံးသွားတာချည်းပဲ မဟုတ်လား။
အချို့ကလည်း မဟာကျင်းဧကရာဇ်က အချိန်-နေရာလွတ် တာအိုကို ကျင့်ကြံရင်း တားမြစ်ချက်ကို ဖောက်ဖျက်မိ၍ ကောင်းကင်၏အပြစ်ပေးမှုကြောင့် သေဆုံးသွားပြီဟု ပြောကြသည်။
အချို့ကလည်း နောက်ကွယ်မှ ကြိုးကိုင်နေသော လက်မည်းကြီးတစ်ဖက် ရှိနေပြီး ဧကရာဇ် တာအိုကို သက်သေပြနေချိန်တွင် တိတ်တဆိတ်လှုပ်ရှားပြီး ဧကရာဇ်ကိုသတ်ပစ်လိုက်သည်ဟု ဆိုကြသည်။
...
မဟာကျင်းတိုင်းပြည်၏ အေးချမ်းတည်ငြိမ်နေပုံရသော ဟန်ဆောင်မှုအောက်တွင်တော့ ရေနက်ပိုင်း၌ လည်ပတ်နေသော ရေစီးကြောင်းများလို အုံကြွမှုတွေ ရှိနေသည်။
ဘေးဒုက္ခများ ကျရောက်လာတော့မည့် အငွေ့အသက်များက တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ်၏ နေရာတိုင်းတွင် ပျံ့နှံ့နေ၏။
ဧကရာဇ်ကို လက်လွှတ်လိုက်ရသော အခိုက်အတန့်မှာပင် တောရိုင်းမြေကြီးက ဘေးဒုက္ခဝဲဂယက်ထဲ ကျရောက်သွားတော့မည်ကို လူတိုင်း၏စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေကြသည်။ အကြောင်းမှာ သူတို့အတွက် လေဒဏ်မိုးဒဏ်ကို ကာကွယ်ပေးမည့်သူ မရှိတော့၍ပင်။ ဧကရာဇ်လို အမှောင်ထု၏ အုံကြွမှုများကို တစ်ယောက်တည်း ရပ်တည်ကာကွယ်ပေးနိုင်မည့်သူ မရှိတော့ပေ။
ဧကရာဇ်ကို လက်လွှတ်လိုက်ရသော တောရိုင်းမြေက ဧကရာဇ်အပေါ်တွင် ကိုးကွယ်ယုံကြည်မှုနှင့် တွယ်တာမှုများ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့သည်။
အိမ်တိုင်းလိုလို ဧကရာဇ်၏ဗိမာန်ကို ပူဇော်ထားကြပြီး ဧကရာဇ် တစ်နေ့နေ့မှာ ပြန်လည်ရောက်ရှိ လာပါစေဟူ၍ နေ့ရောညပါ ဆုတောင်းပူဇော်နေကြသည်။
လူသားဧကရာဇ်ခေတ် ခေတ်ကောင်းတုန်းကလိုပင်၊ ပြည်သူများ အကျင့်ပါနေခဲ့ပြီး လူသားဧကရာဇ်က မည်မျှကြီးမြတ်ကြောင်းကို မခံစားမိခဲ့ကြပေ။ သမိုင်းစာအုပ်ထဲရှိ နတ်ဘုရားမျာကို နှင်ထုတ်ခဲ့ခြင်းများ၊ လူမျိုးနွယ်ပေါင်းစုံကို နှိမ်နင်းခဲ့ခြင်းများက ကြား၍သာကောင်းသော်လည်း တကယ်တမ်း ကိုယ်တိုင်ကိုယ်ကျ မခံစားနိုင်ခဲ့ပေ။ သူတို့က ပါးစပ်မှသာ "လူသားဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ"ဟု ပြောကြသော်လည်း စိတ်ထဲတွင်တော့ သိပ်ပြီး အရေးမစိုက်ခဲ့ကြပေ။
သို့သော် လူသားဧကရာဇ် ပျောက်ဆုံးသွားပြီးနောက် ကောင်းကင်နှင့်မြေကြီး ကမောက်ကမဖြစ်သွားကာ အင်အားစုအသီးသီး၏ခေါင်းပေါ်မှာ တွဲလောင်းကျနေသောဓား ပျောက်ကွယ်သွားချိန်တွင်တော့ လူများ၏ စိတ်ထဲမှ လောဘများ၊ အပြစ်များကို မည်သို့မှ ထိန်းချုပ်၍ မရတော့ပေ။ အမှောင်ထု၏ အုံကြွမှုများက ကမ္ဘာမြေတစ်ခွင်လွှမ်းမိုးသွားချိန်မှသာ လူသားဧကရာဇ်၏ ကြီးမြတ်မှုနဲ့ပညာရှိမှုကို လူများက အမှန်တကယ် သဘောပေါက်သွားခဲ့ကြသည်။ နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့သော်လည်း သက်ရှိအားလုံးက လူသားဧကရာဇ်ကို အောက်မေ့လွမ်းဆွတ်နေကြဆဲပင်။
သို့သော် အချိန်နှောင်းသွားခဲ့လေပြီ။
လူသားဧကရာဇ် ပျောက်ဆုံးသွားပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့သလိုမျိုးပင်၊ မဟာကျင်းဧကရာဇ် ပျောက်ဆုံးသွားပြီး ပြန်လည်ရောက်ရှိလာတော့မှာ မဟုတ်ပေ။
နှစ်သစ်ကူး ဒုတိယနေ့။
ပစ္စုပ္ပန်ရွာ။
မုန့်အန်းအန်းလေးက အိပ်မှုန်စုံမွှားနှင့် နိုးလာပြီး အိပ်ရေးမဝသေးသော မျက်လုံးလေးများကို ပွတ်သပ်လိုက်သည်။ မသိစိတ်မှ မိခင်ဖြစ်သူကို လှမ်းဖက်လိုက်သော်လည်း ဘေးဘက်ကို လက်စမ်းမိသောအခါ ဟာလာဟင်းလင်းဖြစ်နေသောကုတင်ကိုသာ ထိတွေ့မိလိုက်သည်။ သူ ချက်ချင်းလန့်နိုးသွားပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ မိခင်ဖြစ်သူက အိပ်ရာထပြီး ထွက်သွားနှင့်ပြီဖြစ်သည်။
ခန့်မှန်းနေစရာပင် မလိုပေ။ သေချာပေါက် နန်းတော်ကို ပြန်သွားပြီး တိုင်းပြည်ရေးရာများကို ဖြေရှင်းရန် သွားခြင်းပင်။ တိုင်းပြည်၏ အရေးကြီးကိစ္စများကို ဖြေရှင်းပြီးလျှင် အမြန်ဆုံး အင်အားကြီးမားလာစေရန် ပြင်းပြင်းထန်ထန် ကျင့်ကြံရန် လိုအပ်သေးသည်။
အသက်တစ်နှစ်သာရှိသေးသော မုန့်အန်းအန်းက ကြည့်ရသည်မှာ မုန်လာဥဖြူလေး တစ်တုံးလိုပင်။ နူးညံ့ချစ်စရာကောင်းပြီး လူများ၏အချစ်ကို ဖမ်းစားနိုင်၏။ သို့သော် ဖန်သားလိုကြည်လင်နေသော ရဲရဲတောက် မျက်လုံးလေးထဲတွင်တော့ ပြတ်သားသောအရောင်အဝါများ ရှိနေပြီး ရွယ်တူကလေးများထက် ပိုမိုရင့်ကျက်ကာ ရဲရင့်သောပုံစံမျိုးကို ထုတ်လွှင့်နေသည်။
"မေမေ မရှိရင်လည်း သမီးဘာသာသမီး အင်္ကျီဝတ်မယ်။"
"မေမေ့ကို စိတ်ပူအောင် မလုပ်ဘူး။ အန်းအန်းက လိမ္မာပြီးဒုက္ခမပေးတဲ့ ကလေးကောင်းတစ်ယောက် ဖြစ်လာအောင် လုပ်မယ်။"
မုန့်အန်းအန်းလေးက အိပ်ရာပေါ်မှ လူးလဲထလိုက်ပြီးနောက် စောင်ကို ကျွမ်းကျင်စွာ ခေါက်လိုက်သည်။ ဗီရိုထဲမှ နှစ်သစ်ကူးအင်္ကျီအသစ်ကို ထုတ်ယူကာ ခန္ဓာကိုယ်ပေါ်စွပ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေလိုက်သည်။
သို့သော်လည်း သူ၏ လက်တိုခြေတိုလေးများကြောင့် အကြာကြီး စွပ်နေရပြီး သူ့ကိုယ်သူပင် ချည်မိမလို ဖြစ်သွားကာ ဟန်ချက်မထိန်းနိုင်ဘဲ ကုတင်ပေါ်သို့ လဲကျသွားတော့သည်။
သူ ပြန်မထလာနိုင်ဘဲ အင်္ကျီက ခေါင်းပေါ်တွင် ရစ်ပတ်နေ၏။ ရုတ်တရက် သူ၏ပခုံးလေးနှင့် ကျောပြင်လေးက တသိမ့်သိမ့်တုန်လာပြီး သားရဲပေါက်လေး တစ်ကောင်လို တရှုံ့ရှုံ့ ငိုရှိုက်သံလေးများ ထွက်ပေါ်လာသည်။
တံခါးအပြင်ဘက်တွင်။
စုချင်ချိုးနှင့် ဝူတျဲတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သက်ပြင်းသဲ့သဲ့ ချလိုက်ကြသည်။
"အန်းအန်းက ကြည့်ရတာ ရင့်ကျက်ပြီးလိမ္မာပေမယ့် နေ့တိုင်းနီးပါး ခိုးပြီးမျက်ရည်ကျနေတတ်တယ်။" စုချင်ချိုးက သက်ပြင်းချရင်း ပြောလိုက်သည်။
ထိုသို့အခြေအနေမျိုးအတွက် သူကလည်း ဘာမှမတတ်နိုင်ပေ။
အန်းအန်းလေးက မိခင်နှင့်ဖခင်၏ ဂရုစိုက်ကြင်နာမှုကို လိုအပ်နေ၏။ တခြားသူများက မည်မျှပင် ဂရုစိုက်ဖေးမပေးပါစေ သူလိုချင်သည်ကို အဆုံးစွန်ထိ ပေးစွမ်းနိုင်မည် မဟုတ်ပေ။
ကျီ။
ဝူတျဲက အရင်ဆုံး တံခါးကို ခေါက်လိုက်ပြီးနောက် အနည်းငယ် စောင့်နေလိုက်သည်။ မုန့်အန်းအန်း မျက်ရည်များသုတ်ရန် အချိန်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့နောက်မှ တံခါးကိုတွန်းဖွင့်ဝင်သွားပြီး ဘာမှမသိသော ပုံစံမျိုးနှင့် အံ့သြဟန်ဆောင်ကာ ပြုံးရင်းပြောလိုက်သည်။
"အာ။"
"မင်းသမီးလေး အန်းအန်းက ဘယ်လိုလုပ်ပြီး အင်္ကျီကို ခေါင်းမှာရစ်ပတ်ထားရတာလဲ။"
"လာ၊ ဒေါ်လေးဝူတျဲ ဝတ်ပေးမယ်။"
စုချင်ချိုးကလည်း အနောက်မှကပ်ပါလာပြီး ရင်ခွင်ထဲမှ အဝတ်အရုပ်လေးတစ်ရုပ် ထုတ်ယူလိုက်သည်။ ထိုအရုပ်လေးက အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားပြီး ဓားကိုင်ထားသော အမျိုးသားတစ်ယောက်၏ပုံစံဖြစ်ပြီး ဧကရာဇ်၏ပုံပင်။ အဝတ်အရုပ်လေးက ဖောင်းဖောင်းကားကားဖြစ်နေပြီး ဧကရာဇ်၏ တည်ကြည်ခန့်ညားသော အငွေ့အသက် တစ်စက်လေးမှမပါဘဲ အူကြောင်ကြောင်နှင့် ချစ်စရာကောင်းနေသည်။
သူက အဝတ်အရုပ်လေးကို မုန့်အန်းအန်းရှေ့တွင် လှုပ်ယမ်းပြရင်း ပြောလိုက်သည်။ "အန်းအန်း ကြည့်စမ်း၊ ဒါ ဘာလေးလဲ။"
မုန့်အန်းအန်းက အင်္ကျီကိုဆွဲချွတ်လိုက်ပြီး ဖန်သားလို ရဲရဲတောက်မျက်လုံးလေးတွေက ရုတ်တရက် တောက်ပသွားသည်။ သူက ခုန်ပေါက်ပြီး လက်လှမ်းယူရင်း အလောတကြီး ပြောလိုက်သည်။ "ဖေဖေပဲ။ အန်းအန်း သဘောကျတယ်။ ဒေါ်လေးချင်ချိုး၊ အန်းအန်း လိုချင်တယ်။"
စုချင်ချိုးက မပေးချင်တဲ့ ဟန်ဆောင်ကာ ဣန္ဒြေဆယ်ရင်း ပြောလိုက်သည်။
"အန်းအန်း၊ စာသင်ကျောင်းက ဆရာက ဘယ်လို သင်ပေးထားလဲ ဆိုတာ မှတ်မိသေးလား"
"မှတ်မိတာပေါ့။ ပေးကမ်းခြင်းရှိမှ ရရှိခြင်းဆိုတာ ရှိမယ်။ ဘယ်အရာကိုမဆို အလကား မယူရဘူး။" မုန့်အန်းအန်းက ချက်ချင်းဖြေလိုက်ပြီး ကုတင်အောက်မှ ကစားစရာအသေးစားလေး တစ်ပုံကြီးကို အမြန် ဆွဲထုတ်လိုက်သည်။
ကစားစရာမျိုးစုံ ရှိသော်လည်း အနည်းနည်းတော့ ကြမ်းတမ်းနေ၏။ ဝါးနှင့်ယက်လုပ်ထားသော ပန်းခြင်းလေးများ၊ သစ်ကိုင်းကိုရွေထားသော ဓားငယ်လေးများ စသဖြင့်...
အကုန်လုံးက အန်းအန်းကိုယ်တိုင် လုပ်ထားသော ကစားစရာလေးများချည်းပင်။
"ဒါတွေနဲ့ လဲမယ်လေ။" မုန့်အန်းအန်းက အများကြီး အားစိုက်ထုတ်ပြီး လုပ်ထားသော ကစားစရာများ အကုန်လုံးကို စုချင်ချိုးဆီ တွန်းပို့ပေးလိုက်ပြီး အဝတ်အရုပ်လေးကို မက်မက်မောမောနှင့် ကြည့်နေသည်။
စုချင်ချိုး၏ လှပသောမျက်လုံးများ ခဏတာမျှငေးလွင့်သွားပြီး ၎င်းတို့ကို ကြောင်တောင်တောင် ကြည့်နေမိသည်။
ခမ်းနားကြီးကျယ်တဲ့ မဟာကျင်းတိုင်းပြည်ရဲ့ မင်းသမီးလေး။
တိုင်းပြည်ရဲ့ အမြင့်မြတ်ဆုံးဒုတိယမျိုးဆက်ဖြစ်ပေမယ့် ကစားစရာတွေကိုတောင် ကိုယ်တိုင်လုပ်ပြီးတော့ ကစားနေရတယ်...
စုချင်ချိုးနှင့် ဝူတျဲတို့က ပစ္စုပ္ပန်ရွာတွင် အမြဲတမ်း နေထိုင်နေကြသည့်တိုင် သူတို့တွင်လည်း ကိုယ်ပိုင် တာဝန်များ ရှိကြသောကြောင့် အချိန်အများစုက အပြင်တွင်သာ အလုပ်ရှုပ်နေကြသည်။ အန်းအန်းလေး ဤမျှလောက် အထီးကျန်နေလိမ့်မည်ဟု အမှန်တကယ် မထင်ထားခဲ့ပေ။
"အန်းအန်း။ သမီးမှာ အတူတူကစားမယ့် သူငယ်ချင်း မရှိဘူးလား။" စုချင်ချိုးက မေးလိုက်မိသည်။
ထိုစကားကိုကြားသော် မုန့်အန်းအန်းက နှုတ်ခမ်းစူသွားပြီး စိတ်မချမ်းမသာနှင့် ပြောလိုက်သည်။
"သမီးနဲ့ ရွယ်တူကလေးတွေကိုကျတော့ သမီးက သူတို့ကလေးဆန်လွန်းလို့ မကြိုက်ဘူး။ သမီးထက် ကြီးတဲ့ကလေးတွေကျတော့လည်း သမီးကို ကြောက်နေကြတယ်။ အဲဒါကြောင့် သူတို့နဲ့ မကစားချင်တော့တာ။"
စုချင်ချိုး တိတ်ဆိတ်သွား၏။
ခဏကြာသော်။
သူက အတင်းပြုံးလိုက်ပြီး ကိုယ်ကိုကိုင်းကာ သူ၏ပါးပြင်ကို လက်ညိုးထိုးပြလိုက်သည်။ "ဒေါ်လေး ချင်ချိုးက သမီးရဲ့ကစားစရာတွေ မလိုချင်ပါဘူး။ အန်းအန်းဆီကနေ မနက်ခင်းအနမ်းလေးပဲ လိုချင်တာ။"
"ဟုတ်ကဲ့။"
မုန့်အန်းအန်းက တုံ့ဆိုင်းခြင်းမရှိဘဲ စုချင်ချိုး၏ သွယ်လျတဲ့လည်တိုင်ကိုဖက်ကာ ပါးပြင်ကို အားရပါးရ နမ်းလိုက်သည်။ အမြန်ဆုံး အဆုံးသတ်ပြီးသည်နှင့် အဝတ်အရုပ်လေးကို အလောတကြီးလုယူကာ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး လက်မလွှတ်တော့ချေ။
"အန်းအန်း၊ ဒေါ်လေးဝူတျဲလည်း မနာလိုဖြစ်လာပြီနော်။ မနက်ခင်းအနမ်းလေး တစ်ပွင့်လောက် လိုချင်တယ်။" ဝူတျဲက အနားကပ်လာပြီး မနာလိုဟန်နှင့် ချွဲနွဲ့လိုက်သည်။
မုန့်အန်းအန်း၏မျက်နှာပေါ်တွင် ငြင်းဆန်ချင်သော ပုံစံအပြည့်ပေါ်လာပြီး ပြတ်ပြတ်သားသားနှင့် ငြင်းလိုက်သည်။
"မရဘူး။"
"ဒေါ်လေးဝူတျဲ အလကား လာမတောင်းနဲ့။ တစ်ခုခုနဲ့ လဲမှရမယ်။"
ဝူတျဲလည်း ဘယ်လို စဉ်းစားစဉ်းစား သူမ အသက်အရွယ်နဲ့ ကိုက်ညီမယ့် လက်ဆောင်မျိုး ရှာမတွေ့ဘူး။ အချိန်အတန်ကြာ ခေါင်းစားခံ စဉ်းစားပြီးမှ ပြောလိုက်တယ်။
"ဒါဆိုရင် ဒေါ်လေးဝူတျဲနဲ့ ဧကရာဇ်တို့ ဘယ်လိုမျိုး သိကျွမ်းခဲ့တယ်ဆိုတဲ့ အတိတ်ကြောင်းကို ပြောပြရမလား။"
"အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်နော်။ သမီးအတွက် လုံးဝအရှုံးမပေါ်စေရဘူးလို့ အာမခံတယ်။"
မုန့်အန်းအန်းက လက်ညိုးလေးကိုကိုက်ရင်း မယုံတစ်ဝက်ယုံတစ်ဝက်နှင့် မေးလိုက်၏။ "တကယ်လား"
"တကယ်ပေါ့။"
"ဟုတ်ပြီ။ သဘောတူတယ်။"
မုန့်အန်းအန်းက ဝူတျဲကိုဖက်ပြီး ပြင်းပြင်းထန်ထန် တစ်ချက် နမ်းလိုက်ပြန်သည်။
တံဆိပ်တုံးထုသလိုပင် တစ်ယောက်ကိုတစ်ချက်စီ ပြီးစလွယ် လုပ်ပေးလိုက်ခြင်းပင်။
"ပြောလေ။ အန်းအန်း အဆင်သင့်ဖြစ်ပြီ။" မုန့်အန်းအန်းက တိုက်တွန်းလိုက်သည်။
ထိုသို့ဆူညံသွားပြီနောက် မုန့်အန်းအန်း၏စိတ်က ချက်ချင်းပင် ပြောင်းလဲသွားပြီး ပြန်လည်၍ တက်ကြွရွှင်လန်းလာပြန်သည်။
ဝူတျဲနှင့် စုချင်ချိုးက မုန့်အန်းအန်းကို အင်္ကျီဝတ်ရန် ကူညီပေးလိုက်ပြီး မျက်နှာသစ်၊ သွားတိုက်၊ ထမင်းစားရန် ခေါ်သွားကြသည်။
ထမင်းစားပွဲပေါ်တွင်။
ဝူတျဲက သူနှင့်ဧကရာဇ်တို့ သိကျွမ်းခဲ့သောဇာတ်လမ်းကို စတင်ပြောပြတော့သည်။
ဇာတ်လမ်း၏ အစတွင်တော့ သူက ဧကရာဇ်ကိုလုပ်ကြံရန် မဟာကျင်းတိုင်းပြည်ထဲကို ခိုးဝင်လာခဲ့သော အကြောင်းပင်။
ထိုစကားကိုကြားသော် မုန့်အန်းအန်း လန့်သွားပြီး ပါးစပ်လေးဟကာ လှပသောမျက်လုံးကျယ်ကြီးနှင့် ကြောင်ကြည့်ရင်း ပြောလိုက်သည်။
"ဒေါ်လေးဝူတျဲ အရင်တုန်းက လုပ်ကြံသတ်ဖြတ်တဲ့သူပေါ့။"
"နေပါဦး။ ဧကရာဇ်ဆိုတာ သမီးရဲ့ဖေဖေလေ။ ဒေါ်လေးက ရန်သူပဲကိုး။"
မုန့်အန်းအန်းက ကြောက်လန့်တကြားနှင့် စုချင်ချိုး၏ရင်ခွင်ထဲကို ပုန်းဝင်သွားပြီး အဝတ်အရုပ်လေးကို အဆောင်လက်ဖွဲ့တစ်ခုလို ရင်ဘတ်ရှေ့တွင် ကာထားရင်း ပြောလိုက်သည်။ "ဧကရာဇ် ဒီမှာရှိတယ်။ မကောင်းဆိုးဝါးတွေ ဆုတ်ခွာကြ။"
လူများ၏စိတ်နှလုံးကို ကစားရာတွင်ကျွမ်းကျင်သော ဝူတျဲပင် မုန့်အန်းအန်းရှေ့ရောက်သောအခါ ဘာမှ မလုပ်တတ်တော့ဘဲ ရှားရှားပါးပါး မျက်နှာကြီး နီရဲသွားတော့သည်။
အန်းအန်းကို ချော့ချင်၍သာမဟုတ်လျှင် ထိုအတိတ်ကြောင်းကို သူကိုယ်တိုင် လုံးဝထုတ်ပြောမှာ မဟုတ်ပေ။ တကယ့်ကို အရှက်ကွဲစရာ ကောင်းလွန်း၍ပင်။
"အန်းအန်း မလောနဲ့ဦးလေ။ သမီး ဆက်နားထောင်ကြည့်ဦး။ နောက်ပိုင်းကျရင် အလှည့်အပြောင်းတွေ ရှိသေးတယ်။" စုချင်ချိုးက ပြုံးရင်း မုန့်အန်းအန်း၏ကျောလေးကို ပုတ်ပေးကာ ပြောလိုက်သည်။
"ဟုတ်။" မုန့်အန်းအန်းက ခေါင်းညိတ်လိုက်သည်။
ဝူတျဲက ဆက်ပြီးပုံပြင်ပြောပြနေချိန်တွင်။
ခြံဝင်းထဲ၌ မုန့်အန်းအန်း၏ အံ့သြသံလေးများနှင့် ခေါင်းလောင်းလေးများ မြည်သလို သာယာသော ရယ်မောသံလေးများ မကြာခဏ ထွက်ပေါ်နေ၏။
အစိမ်းရောင်အုတ်ကြွပ်မိုးအိမ်လေး၏ ခြံဝင်းတံခါး အပြင်ဘက်တွင်တော့။
အလံနှင့်ဝါးကုလားထိုင်ကိုထမ်းထားသော ပုံပြင်ပြောသူတစ်ယောက်က တံခါးရှေ့ ဖြတ်လျှောက်လာရင်း ခြံစည်းရိုးဘေးတွင်ရပ်ကာ နားစွင့်ပြီး ခိုးနားထောင်နေ၏။
"အန်းအန်း ဒီနေ့ ပုံပြင်လာမနားထောင်တာ တခြားတစ်ယောက်က အရင်ဦးသွားလို့ကိုး။"
"ဟမ့်။ ဒီဝူတျဲက ဘာလို့ သူများထမင်းပန်းကန်ကို လာလုနေတာလဲ။ ဒီရွာမှာ မင်းသမီးလေးကို ပုံပြင်ပြောပြခွင့်ရှိတာ ငါတစ်ယောက်တည်းပဲ။" ပုံပြင်ပြောသူက စိတ်ထဲကမှ ကျိတ်ပြီးဒေါသထွက်နေသည်။
လင်းလုက မုန့်ဖုတ်ရောင်းပြီးအပြန် ထိုမြင်ကွင်းကို အတိအကျ တွေ့သွားပြီး ပုံပြင်ပြောသူ၏နောက်ကို သွားကာ ပခုံးကိုပုတ်လိုက်ရင်း ပြောသည်။
"တွမ့်ယာ။ မင်း ဒီမှာ ဘာလုပ်နေတာလဲ။"
တွမ့်ယာက လက်ညိုးကိုထောင်ကာ တိတ်တိတ်နေရန် အမူအရာပြရင်း ပြောလိုက်သည်။ "ရှုး။ တိတ်တိတ်နေ။"
"လူအုပ်ထဲမှာ လူဆိုးပါနေတယ်။ ငါ့ထမင်းပန်းကန်ကို လာလုနေတယ်။"
လင်းလုက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။ "ဝူတျဲက မင်းသမီးလေးကို ပုံပြင်ပြောပြတာ ဘာဖြစ်လို့လဲ။ မင်းတစ်ယောက်တည်းပဲ အန်းအန်းကို ပုံပြင်ပြောပြရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲ။"
"ပေါက်ကရတွေ။" တွမ့်ယာက နောက်လှည့်ကာ ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်သည်။ "နောက်တစ်ခါ ငါ မုန့်ဖုတ်ပြီးတော့ သွားရောင်းမယ်။ အန်းအန်းကို ငါဖုတ်တဲ့မုန့်တွေ ကျွေးမယ်ဆိုရင်ရော မင်း သဘောတူမှာလား။"
လင်းလုက ချက်ချင်း ခေါင်းယမ်းလိုက်ပြီး တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။
"အဲဒါတော့ မရဘူး။"
"မင်း အဲဒီလိုလုပ်ရဲရင် မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်။"
တွမ့်ယာက မျက်စောင်းထိုးလိုက်ပြီး မကျေမနပ်နှင့် ပြောလိုက်သည်။ "အေးလေ။ အဲဒါဆို ပြီးတာပဲ။ အခု ငါ ဒေါသထွက်သင့်တယ် မဟုတ်ဘူးလား။"
ယခုတစ်ခါတော့ လင်းလုက သဘောထားပြောင်းသွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ထွက်သင့်တယ်။"
"ဝူတျဲလုပ်တာ မမှန်ဘူး။ တစ်ယောက်ကို အန်းအန်းရဲ့ အကြိုက်တစ်ခုစီပဲ ယူရမယ်လို့ သဘောတူ ထားတာလေ။ သူက အန်းအန်းနဲ့ အတူစား အတူအိပ်ခွင့် ရနေပြီကိုများ။ တခြားသူတွေရဲ့ ထမင်းပန်းကန်ကိုပါ ဘာလို့ လာလုနေရတာလဲ။"
"လူလိုကို နားမလည်တာ။"
သူတို့နှစ်ယောက် ချက်ချင်းပင် တစ်ဖက်တည်းဖြစ်သွားပြီး ခြံစည်းရိုးအပြင်ဘက် ဆောင့်ကြောင့်ထိုင်ကာ ဝူတျဲကို လေသံတိုးတိုးနှင့် ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်နေကြတော့သည်။
...