← Chapters

အခန်း ၃၈၆

Vol. 27 Ch. 386

အခန်း ၃၈၆

Vol. 27 Ch. 386

အပိုင်း(၃၈၆) ရှေးဟောင်းနတ်ဘုရားမြို့တော်၊ ချုံး၏အမျက်

ယွီထန်က မျက်လွှာချကာ အထက်စီးမှနေ၍ ဝေ့ကြည့်လိုက်ရာ တောရိုင်းမြေ နယ်စပ်တွင် တပ်ဖြန့်ထားသည့် သန်းနှင့်ချီသော စစ်တပ်ကြီးက ပုရွက်ဆိတ်အုပ်ပမာ သေးငယ်လှပေသည်။

"တစ်ခါတလေ အကြောက်အလန့်မရှိဘူးဆိုတာက ဘာမှမသိနားမလည်တာနဲ့ အတူတူပဲ။ ကောင်းကင်ထောက်တိုင်နယ်ပယ်က..."

"အရမ်း သန်မာနေလို့လား။"

"ကောင်းကင်နယ်ပယ်တစ်ပိုင်း တစ်ယောက်တည်းက အထိုင်ချကွပ်ကဲနေတဲ့ တိုင်းပြည်လေးကများ ကြွားလုံးထုတ်နေတယ်။ လူသားတွေရဲ့ မသိနားမလည်မှုက တစ်ခါတလေကျရင် ကြောက်စရာကောင်းသလို တစ်ခါတလေကျရင်လည်း ရယ်စရာကောင်းတယ်။"

"ဒီလူမိုက်တွေရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ရိုက်ချိုးပစ်လိုက်စမ်း။ လူသားတွေရဲ့ သွေးကြောထဲကနေ နတ်ဘုရားတွေအပေါ်ထားရှိတဲ့ ကြောက်ရွံ့မှုတွေကို ပြန်နိုးထလာစေပြီး နတ်ဘုရားခေတ် ပြန်ရောက်စေရမယ်။"

နတ်ဘုရားများက ပုံပန်းသဏ္ဌာန် အမျိုးမျိုးရှိကြသော်လည်း အားလုံးမှာ လူသားရုပ်သွင်များဖြစ်ကြပြီး မီတာသောင်းချီကြီးမားလှသော ခန္ဓာကိုယ်ကြီးများဖြင့် ပင်လယ်ရေပြင်ကို ရိုက်ခွဲကာ တဝုန်းဝုန်း ထွက်ပေါ်၍ လာကြသည်။

ရာချီသော နတ်ဘုရားအာဏာများက နေမင်းအလင်းရောင်ဝန်းများအလား အမြင့်မြတ်ဆုံး ဖိအားများကို ထုတ်လွှင့်နေသည်။

အာဏာဆိုသည်မှာ အဘယ်နည်း။

စည်းမျဉ်းများ၏ အောက်တွင်ရှိသောအရာက အာဏာပင်။ လောကရှိ အရာခပ်သိမ်း၏ သဘာဝစွမ်းအင် လည်ပတ်မှုများကို ထိန်းချုပ်ထားခြင်းဖြစ်သည်။

ကပ်ဘေးနတ်ဘုရားသည် ကပ်ဘေးများကို ဖြန့်ကြက်လေရာ သူရှိနေသည့် နေရာတိုင်းတွင် သီးသန့် သတ်ဖြတ်နေစရာပင်မလိုဘဲ မျက်လုံးရောက်ရာ၊ အငွေ့အသက် ပျံ့လွင့်ရာ နေရာတိုင်းတွင် ဘေးဒုက္ခများကို ဖြစ်ပေါ်စေနိုင်သည်။

သာမန်ကျင့်ကြံသူများသည် နတ်ဘုရားများ၏ ကျူးကျော်မှုကို ရင်ဆိုင်ရချိန်တွင် အသတ်ခံရမည့် သိုးသူငယ်များအလား ဖြစ်နေပြီး တစ်ကိုယ်လုံးရှိနေသော ကျင့်စဉ်စွမ်းအားများကို အသုံးချခွင့်ပင် မရကြပေ။

နယ်စပ်တွင်တပ်ဖြန့်ထားသည့် သန်းနှင့်ချီသောစစ်တပ်က အခင်းအကျင်းအလံ၏ ကွပ်ကဲမှုအောက်တွင် အားလုံးတစ်ပြိုင်နက်တည်း သူတို့၏တာအိုစွမ်းအင်များကို ထုတ်လွှတ်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင်။

နယ်စပ်တစ်လျှောက်တွင် မရေမတွက်နိုင်သော ဧကရာဇ်အဆင့် အခင်းအကျင်းးကြီးများ လင်းလက်လာပြီး မဟာဧကရာဇ်အဆင့် အမြင့်ဆုံး အခင်းအကျင်းကြီးများပင် ပါဝင်ကာ၊ မီးရှူးတိုင်များ ထွန်းညှိလိုက်သကဲ့သို့ တစ်ခုပြီးတစ်ခု အလင်းရောင်များ တောက်ပလာတော့သည်။

အရှေ့ဆုံးတန်းတွင် ရှိနေသော နတ်ဘုရားများ၏ ခန္ဓာကိုယ်မှာ မီတာထောင်ဂဏန်းသာ ရှိပြီး နတ်ဘုရားများထဲတွင် အလယ်အလတ်နှင့် အနိမ့်ပိုင်း အဆင့်တွင်သာ ရှိကြသည်။ သူတို့က ခံစားချက်မဲ့စွာ ရှေ့သို့ တိုးလာကြပြီး ကမ်းခြေသို့ တဖြည်းဖြည်းတက်ရောက်လာရာ သူတို့၏ခန္ဓာကိုယ်များက ပင်လယ်ရေပြင်ပေါ်သို့ ပေါ်ထွက်လာသည်နှင့် တန်ချိန်ဘီလီယံချီသော ပင်လယ်ရေများ သူတို့ကိုယ်ပေါ်မှ တဝေါဝေါ စီးကျလာသည်။

သူတို့က တစ်တန်းတည်းနေရာယူကာ တစ်ပြိုင်တည်း လက်မောင်းများကို မြှောက်၍ လက်ငါးချောင်းကို ဖြန့်ကာ ကမ်းရိုးတန်းဘက်သို့ ချိန်ရွယ်လိုက်ကြသည်။

[အာဏာ - ချပ်ဝတ်ကာကွယ်ခြင်း]

[အာဏာ - ဖြိုခွဲခြင်း]

[အာဏာ - ဟင်းလင်းပြင်]

[အာဏာ - ကြေမွပျံ့လွင့်ခြင်း]

[အာဏာ - တန်ပြန်တိုက်ခိုက်ခြင်း]

ကျင့်ကြံသူသန်းချီ၏ တာအိုလမ်းစဉ်များစုစည်းထားသော မရေမတွက်နိုင်သည့် အခင်းအကျင်းများက ဥက္ကာပျံမိုးရွာကျလာသကဲ့သို့ ဖြောင့်တန်းသောလမ်းကြောင်းဖြင့် ရှေ့တန်းမှ နတ်ဘုရားများ၏ခန္ဓာကိုယ်များထံသို့ ဝင်တိုက်သွားသည်။

သို့သော်လည်း။

အခင်းအကျင်း၏ စွမ်းအားများက သူတို့ကိုယ်ပေါ်သို့ ဝင်တိုက်မိသော်လည်း ကာကွယ်ရေးကို လုံးဝ မဖောက်ထွင်းနိုင်ဘဲ ရေတစ်ပေါက် အရေပြားပေါ် ကျသွားသကဲ့သို့သာ အရာမထင် ဖြစ်သွား၏။

ရှေ့တန်းမှ နတ်ဘုရားများ၏ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် လိပ်ခွံနှင့်တူသော ပုံစံအကွက်များ ပေါ်ထွက်လာသည်ကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

[ချပ်ဝတ်ကာကွယ်ခြင်း] အာဏာ၊ အထွတ်အထိပ် ကာကွယ်ရေး။

မဟာဧကရာဇ်အဆင့် အခင်းအကျင်းကြီး ဆယ်ခုခန့် ပေါက်ကွဲထွက်လာသော်လည်း ပစ်မှတ်ဆီသို့ မရောက်ခင် လေထဲ၌ပင် အလင်းမှုန်လေးများအဖြစ် ပြိုကွဲသွားကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

[ဖြိုခွဲခြင်း]အာဏာ၊ နတ်ဘုရားစွမ်းအင်နှင့် တာအိုလမ်းစဉ်များကို ၎င်းတို့၏ မူလအစအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေနိုင်သည်။

အဆိုပါ အခင်းအကျင်းကြီးများ ဆက်လက် လှုပ်ရှားလာခြင်း မရှိခင်မှာပင်။

အခင်းအကျင်းများသည် ရုတ်တရက် အလင်းရောင်များ ပျောက်ကွယ်သွားပြီး ကျင့်ကြံသူများက ဝိညာဉ်စွမ်းအင်နှင့် တာအိုလမ်းစဉ်များကို မည်မျှပင် ထည့်သွင်းပေးစေကာမူ ၎င်းတို့ကို ပြန်လည်နိုးထလာစေရန် မစွမ်းဆောင်နိုင်တော့ချေ။

[ဟင်းလင်းပြင်] အာဏာ။ ဧရိယာတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်နှင့် တာအိုလမ်းစဉ်များကို လုံးဝ ရှင်းလင်းပစ်နိုင်စွမ်းရှိသည်။

တပ်ဖြန့်ထားသောသန်းနှင့်ချီသည့် ကျင့်ကြံသူများ မှင်သက်သွားကြပြီး နောက်တစ်ဆင့် ဘာလုပ်ရမှန်း မသိဖြစ်သွားကြသည်။

ရုတ်တရက်။ မျှော်လင့်မထားသော အပြောင်းအလဲများ ဖြစ်ပေါ်လာ၏။

ကျင့်ကြံသူတစ်ဦး၏ လက်မောင်းက အသံတိတ်ပြိုကွဲသွားကာ သဲပွင့်များအဖြစ် တဝေါဝေါ ကြွေကျသွားပြီးနောက် ဤအခြေအနေသည် စတင်ပျံ့နှံ့သွားကာ ထိုကျင့်ကြံသူ၏ ရုပ်ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက် ပြိုကွဲသွားစေတော့သည်။

[ကြေမွပျံ့လွင့်ခြင်း]အာဏာ၊ အရာဝတ္ထုအားလုံးကို ပြိုကွဲပျံ့လွင့်သွားစေပြီး ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၊ သေးငယ်သော သက်ရှိများ အားလုံးကို ပုန်ကန်စေသကဲ့သို့ ဖြစ်စေသည်။ နတ်ဘုရားဝိညာဉ်ကို ဖွဲ့စည်းထားသော အခြေခံသဘာဝများအပါအဝင် အားလုံးက ပိုင်ရှင်ကို ပုန်ကန်ကာ အလိုအလျောက် ခွာထွက်သွားကြသည်။

ထိုမျှသာ မကသေး။ပေ

ထို့နောက် ချက်ချင်းပင် [တန်ပြန်တိုက်ခိုက်ခြင်း]အာဏာက စတင်လှုပ်ရှားလာရာ ခုနက ပေါက်ကွဲခဲ့သော အခင်းအကျင်း၏စွမ်းအားများသည် လုံးဝ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ [တန်ပြန်တိုက်ခိုက်ခြင်း] အာဏာ၏ စုပ်ယူသိမ်းဆည်းခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။

ထို့နောက်...

နယ်စပ်တွင် တပ်ဖြန့်ထားသည့် သန်းနှင့်ချီသော စစ်သည်များထံသို့ မူလအတိုင်း အတိအကျ ပြန်လည်ပေးအပ်လိုက်သည်။

တစ်ခဏချင်းမှာပင် မရေမတွက်နိုင်သော ဥက္ကာပျံများ တဝုန်းဝုန်း ကျဆင်းလာပြီး လူအုပ်ကြီးထဲသို့ ဝင်ရောက်တိုက်ခိုက်ရာ အနုမြူပေါက်ကွဲမှုထက် အဆပေါင်း ဘီလီယံချီ၍ ပိုမိုကြောက်မက်ဖွယ်ကောင်းသော မှိုပွင့်ပုံ တိမ်တိုက်ကြီးများ ထလာတော့သည်။

ခဏတာ ဆူညံပွက်လောရိုက်မှု အပြီးတွင် မြေပြင်တစ်ခွင် ပျက်စီးယိုယွင်းမှုများသာ ကျန်ရစ်ခဲ့ပြီး အစီအရင် တစ်ဝက်နီးပါးမှာ လုံးဝဖျက်ဆီးခံလိုက်ရကာ သန်းချီသော စစ်သည်များထဲမှ တစ်သိန်းခန့် ချက်ချင်း လျော့ကျသွားခဲ့သည်။

ထို့အပြင် များစွာသောကျင့်ကြံသူများသည် ပြင်းထန်စွာဒဏ်ရာရကာ သေလုမျောပါးဖြစ်နေကြပြီး ရုပ်ခန္ဓာကိုယ်နှင့်ဝိညာဉ်များပါ ပြင်းထန်စွာထိခိုက်ပျက်စီးသွားသဖြင့် သနားစရာကောင်းလောက်အောင် အော်ဟစ်ညည်းတွားနေကြသည်။

ထိခိုက်မှု မခံရသော စစ်သည်များမှာလည်း ဤမြင်ကွင်းကို မြင်ပြီး ကြောက်လန့်တကြားဖြစ်ကာ မျက်လုံးများ ပြူးကျယ်နေကြပြီး သတိပြန်ဝင်လာချိန်တွင် သူတို့၏စိတ်ဓာတ်များ လုံးဝပြိုလဲသွားကာ နောက်သို့ မရပ်မနား ဆုတ်ခွာနေကြပြီး ကြောက်ရွံ့ထိတ်လန့်မှုများက တဖြည်းဖြည်း ပျံ့နှံ့လာတော့သည်။

"ဒါ... ဒါကို ဘယ်လိုလုပ် တိုက်ရမှာလဲ။ မျှော်လင့်ချက် တစ်စက်လေးမှကိုတောင် မမြင်ရဘူး။ နတ်ဘုရားတွေထဲက အောက်ခြေအဆင့်လောက်ကတောင် သန်းနဲ့ချီတဲ့ ကျင့်ကြံသူတွေ စုစည်းထားတဲ့ စွမ်းအားတွေကို ပူဖောင်းလေးတစ်ခုလို ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်။ ဘယ်လောက်ပဲ ကြီးမားတဲ့ စွမ်းအားတွေ ရှိနေပါစေ သူတို့အပေါ် လုံးဝ အရာမထင်ဘူး။"

"နတ်ဘုရားဆိုတာ နောက်ဆုံးတော့လည်း နတ်ဘုရားပဲ။ လူသားမျိုးနွယ်ဆိုတာက သာမန်ရုပ်ခန္ဓာနဲ့ တစ်ဆင့်ချင်း ကျင့်ကြံအားထုတ်ရတဲ့ သက်ရှိတွေပဲ။ နတ်ဘုရားကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ။"

"ပုရွက်ဆိတ်များရင် ဆင်ကိုကိုက်သတ်နိုင်တယ်လို့ ပြောကြပေမယ့် တစ်ဖက်က ပိုမြင့်မားတဲ့ အဆင့်အတန်းက နဂါးကြီး ဖြစ်နေတယ်။ ပုရွက်ဆိတ်တွေက နဂါးကြီးရဲ့ တစ်ကိုယ်လုံး ပြည့်နေအောင် တွယ်တက်သွားရင်တောင် ကိုက်လို့ရမှာ မဟုတ်ဘူး..."

"ငါတို့က အရမ်းရိုးအလွန်းတာ။ နတ်ဘုရားဆိုတာ လူတွေသတ်ဖြတ်တာ ခံရဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

"လက်မလျော့ကြနဲ့။ အရင်တုန်းက ဧကရာဇ်က နတ်ဘုရားတွေကို ဘယ်လို သတ်ဖြတ်ခဲ့လဲဆိုတာ မေ့သွားကြပြီလား။"

"ဧကရာဇ်ဟုတ်လား... ဟားဟား။ ငါတို့က ဧကရာဇ်နဲ့ သွားယှဉ်လို့ ရမလား။ ပြီးတော့ ဧကရာဇ်က ပျောက်သွားပြီလေ။ သူ မရှိတော့ဘူး။"

...

...

ဧကရီက အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကာ သက်ပြင်းရှည်ကြီးကို ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။

"အဓိပ္ပါယ်မရှိတဲ့ စိတ်ကူးယဉ်မှုတွေကို စွန့်လွှတ်လိုက်ကြတော့။ ရက်စက်တဲ့ အမှန်တရားကို ရင်ဆိုင်ရမယ့် အချိန်ရောက်ပြီ။"

"အရာရှိတို့။ အခုကိစ္စက မဟာကျင်းတိုင်းပြည်ရဲ့ တည်တံ့ခြင်း၊ ပျက်စီးခြင်းနဲ့တင် သက်ဆိုင်တာ မဟုတ်တော့ဘူး။ လူသားမျိုးနွယ် ယဉ်ကျေးမှုတစ်ခုလုံးရဲ့ ကြီးပွားခြင်း၊ ပျက်စီးခြင်းနဲ့ သက်ဆိုင်နေပြီ။ ငါတို့မှာ နောက်ဆုတ်ဖို့လမ်း မရှိတော့ဘူး။"

"တိုက်ပွဲဝင်ဖို့ပဲ ရှိတယ်။ သေတဲ့အထိ တိုက်ပွဲဝင်ဖို့ပဲ ရှိတော့တယ်။"

ပြောပြီးနောက်။

ဧကရီက ဧကရာဇ်ဓားကို ဆွဲထုတ်လိုက်ရာ အထွတ်အထိပ် ဧကရာဇ်လက်နက်၏ တာအိုစွမ်းအင်များ ထွက်ပေါ်လာပြီး ဓားဖြင့် အရှေ့သို့ ချိန်ရွယ်ကာ ဟစ်အော်လိုက်သည်။

"စစ်သည်တစ်ယောက်မကျန် သေဆုံးတဲ့အထိ တိုက်ပွဲဝင်မယ်။ လုံးဝ နောက်မဆုတ်ဘူး။"

လူသားမျိုးနွယ်၏ ကောင်းကင်ထောက်တိုင်နယ်ပယ် (၂၀)ကျော်က လေထဲတွင် မျောလွင့်နေကြပြီး ရှေ့မှနတ်ဘုရားများကို ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ စိုက်ကြည့်ကာ ပြိုင်တူဖြေကြားလိုက်ကြသည်။

"အမိန့်အတိုင်းပါ။"

ပုရွက်ဆိတ်များပေမယ့် နဂါးကြီးကိုကိုက်မသတ်နိုင်မှန်း သိသိကြီးနဲ့ ဘာဖြစ်လို့ သန်းချီတဲ့စစ်တပ်ကြီးကို စေလွှတ်ပြီး တပ်ဖြန့်ထားရတာလဲ။

အကြောင်းမှာ ဤစစ်ပွဲသည် အကျိုးစီးပွားများနှင့် မသက်ဆိုင်၊ လောကီရေးရာ မည်သည့်အရာများနှင့်မျှ မသက်ဆိုင်ဘဲ၊ လူသားယဉ်ကျေးမှု၏ ကြီးပွားခြင်းနှင့် ကျဆင်းခြင်းကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲဖြစ်၍ပင်။ မျိုးနွယ်စုနှင့် နတ်ဘုရားများကြားက စစ်ပွဲ ဖြစ်သည်။

စုချင်ချိုးက လက်နှစ်ချောင်းကိုပူးကာ ရေစီးဆင်းနေသကဲ့သို့ တောက်ပနေသော ဧကရာဇ်အဆင့် နတ်ဘုရားဓားကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ဧကရာဇ်ပေးသနားခဲ့တဲ့ဓား၊ ဧကရာဇ်ရဲ့စိတ်ဆန္ဒတွေကို သယ်ဆောင်ထားတာ။ သေရမယ်ဆိုရင်တောင် နောင်တမရဘူး။"

ဝူတျဲက မျက်လုံးမှိတ်ကာ ထူးဆန်းသောမန္တန်များကို ရွတ်ဆိုလိုက်ရာ သူ၏အနောက်တွင် ငရဲပြည်၏ တံခါးပေါက်ကြီးတစ်ခု လေထဲမှ ထွက်ပေါ်လာသည်။

တံခါးပေါက် ပွင့်သွား၏။

ဝိညာဉ်ဆိုးသုံးကောင် ထွက်လာပြီး အန်းအန်းလေးအတွက် ချန်ထားခဲ့သော တစ်ကောင်ပါ ပေါင်းလိုက်ပါက သူ၏ကန့်သတ်ချက်ကို ကျော်လွန်ကာ စတုတ္ထမြောက် သရဲတစ္ဆေကိုပါ ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

ဝိညာဉ်ဆိုး(၅)ကောင် - ဝါးမျိုခြင်းဝိညာဉ်ဆိုး၊ ခွဲထုတ်ခြင်းဝိညာဉ်ဆိုး၊ ပြောင်းလဲခြင်းဝိညာဉ်ဆိုး၊ သေမင်းဝိညာဉ်ဆိုး။

သေမင်းဝိညာဉ်ဆိုးကို အန်းအန်းလေးအတွက် ချန်ထားခဲ့ပြီး ကျန်ရှိနေသောကောင်များက ဝူတျဲ၏ အနောက်သို့ရောက်လာကာ ဟိန်းဟောက်အော်ဟစ်နေပြီး နတ်ဘုရားများကို ဝါးမျိုပစ်ရန် ဆန္ဒပြင်းပြနေသည်။

"သေစေနိုင်သောအားနည်းချက်၊ ပွင့်စမ်း။" ချူရှီရန်က နှလုံးကိုဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးစွမ်းအားကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။

လင်းလုက အံ့သြစွာဖြင့် နောက်လှည့်ကြည့်ပြီး ပြောလိုက်သည်။ "ဒီလောက်စောစော အစွမ်းကုန် ထုတ်သုံးလိုက်တာလား။ ခင်ဗျား အသက်မရှင်ချင်တော့ဘူးလား။"

ချူရှီရန်က အနည်းငယ်ပြုံးကာ ပြန်ဖြေလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် သေစေနိုင်သောအားနည်းချက်ရဲ့ တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးက သေခြင်းရှင်ခြင်း အန်စာတုံးပဲ။ တကယ်လို့ သေခြင်းကတ်ကို လှန်မိဖို့ ကံပါလာရင် စောစောဖွင့်ဖွင့် နောက်ကျမှဖွင့်ဖွင့် အတူတူပဲ။ အသက်ရှင်မယ့်ကတ်ဆိုရင်တော့ ပိုတောင် စောစောဖွင့်ရဦးမယ်။ ဘယ်လိုကြည့်ကြည့် အဓိပ္ပါယ် အတူတူပဲလေ။"

လင်းလုက မေးလိုက်သည်။ "ဒါဆို ဒီတစ်ခါရော ဘာကတ်လဲ။"

"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါ။ အသက်ရှင်မယ့်ကတ်ပါ။" ချူရှီရန်က အေးဆေးစွာပြုံးရင်း ပြန်ဖြေသည်။

လင်းလုက အနည်းငယ် စိတ်အေးသွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အဲဒါဆိုလည်း တော်သေးတာပေါ့။"

....

....

ချင်းဖုန်းဟော်က လက်သီးကို လက်ဝါးဖြင့်ရိုက်ကာ လည်ပင်းအရိုးအဆစ်များကို လှည့်ချိုးလိုက်ရာ ပဲလှော်သကဲ့သို့ အသံများ ထွက်ပေါ်လာပြီး ပြုံးရင်း ပြောလိုက်သည်။

"ဘယ်လို ကံထူးတာလဲမသိပါဘူး။ လူသားဧကရာဇ်ခေတ်က တိုင်းပြည်နန်းတော်ရဲ့ မဏ္ဍိုင်လေးခုလိုမျိုး နတ်ဘုရားတွေနဲ့ သေရေးရှင်ရေး တိုက်ပွဲဝင်ဖို့ ဒီဘဝမှာ အခွင့်အရေး ရခဲ့တယ်။"

"ငါ့ရဲ့ အစွမ်းအစအားလုံးကို ထုတ်သုံးပြီး သမိုင်းမှာ နာမည်ကောင်းကျန်ရစ်အောင် လုပ်ပြမယ်။"

ဝူဟွေ့က တိတ်ဆိတ်စွာဖြင့် စကားတစ်ခွန်းမှမဆိုဘဲ မှင်ရောင်မျက်ဝန်းဂိတ်တံခါးကို ခေါ်ယူလိုက်ရာ ချောက်နက်ကြီးတစ်ခုနှင့်တူသော အနက်ရောင်သက်တံရှည်ကြီးထဲမှ ဒဏ်ရာဗရပွနှင့် သရဲတစ္ဆေလို ကြောက်မက်ဖွယ်ကောင်းသော သေဒဏ်ကျအကျဉ်းသားများ တွားသွားထွက်လာကြသည်။

စစ်သည်များကို ရက်ထောင်ချီ မွေးမြူထားခြင်းက ခဏတာ အသုံးပြုရန်အတွက်ပင်။ အကျဉ်းသားများကို မွေးမြူထားခြင်းကလည်း ထိုသဘောတရားပင်။

ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူ၊ မသေခင်လေးမှာတော့ အလင်းရောင်လေး နည်းနည်းလောက် ဖြန့်ကျက်သွားပါစေပေါ့။

ခူကျင်းက ဝူဟွေ့ကို ခေါင်းလှည့်၍တစ်ချက်ကြည့်ကာ ပြုံးရင်း ခေါင်းယမ်းလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ဆန်းချင်းလက်ကွက်ကို ဖွဲ့စည်းလိုက်ပြီး လက်ဝါးနှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ပုတ်လိုက်သည်။ "ကောင်းကင်တိုင်နဲ့မြေကြီးခက်မ၊ လျှို့ဝှက်အသံ၊ ဟင်းလင်းပြင် သေမင်းနတ်ဘုရား။"

"ထွက်ခဲ့စမ်း။"

မလှမ်းမကမ်းတွင်။

လီကွမ်ယန်နှင့် ဝမ်ရှန်ကျားတို့က ယှဉ်တွဲရပ်နေကြသည်။

လီကွမ်ယန်သည် သူ၏နှလုံးသွေးကိုပူဇော်၍ အနက်ရောင်သွေးတစ်စက်အဖြစ် စုစည်းကာ ဓားသွားပေါ် သုတ်လိမ်းလိုက်ပြီး ပြောလိုက်သည်။ "မိတ်ဆွေ။ အသက်ပေးပြီး တိုက်ရမယ့်အချိန်ရောက်ပြီ။"

ဝမ်ရှန်ကျားက လီကွမ်ယန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "မင်းက လူမိုက်တစ်ယောက်မှန်း ငါစောစောကတည်းက သိထားတယ်။ မင်းနဲ့အတူ မဟာကျင်းတိုင်းပြည်ထဲကို မဝင်ခဲ့သင့်ဘူး။ ကြည့်စမ်း။ အခုတော့ အသေခံဖို့ သွားနေရပြီ။ ကောင်းကင်ကြည့်ဆောင်ရဲ့ လက်အောက်မှာသာ ရှိနေသေးရင် မင်းနဲ့ငါ အခုလောက်ဆို တောင်ပေါ်ကနေ ကျားနှစ်ကောင် ကိုက်နေတာကို ထိုင်ကြည့်နေရလောက်ပြီ။"

လီကွမ်ယန်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ရှားရှားပါးပါး လေးနက်သွားကာ မျက်နှာသေဖြင့် ခေါင်းလှည့်လာပြီး ဝတ်ရုံနက် ဝန်ကြီးချုပ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ဒါဆို မင်း နောင်တရနေပြီလား။"

ထိုစကားကို ကြားသောအခါတွင် ဝမ်ရှန်ကျားက ဝိညာဉ်ခေါ်အလံတိုင်တစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ဘယ်ဘက်လက်ဖြင့် မျက်ခုံးနှစ်ခုကြားရှိ အသိစိတ်ပင်လယ်ထဲသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်သည်။ ထို့နောက် ဝိညာဉ်(၃)ပါးနှင့် နာမ်(၇)ပါးထဲမှ ဝိညာဉ်တစ်ပါးနှင့် နာမ်(၃)ပါးကို ဆွဲထုတ်ကာ ဝိညာဉ်ခေါ် အလံတိုင်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်ပြီးနောက် မောဟိုက်စွာဖြင့် ပြောလိုက်သည်။

"နောင်တရတယ်ဆိုရင် ဒီအဘိုးကြီးက ဖိနပ်ကိုဆီသုတ်ပြီး ထွက်ပြေးသွားတာ ကြာပေါ့၊ အခုချိန်ထိ စောင့်နေပါ့မလား။"

"မတတ်နိုင်ဘူးလေ။ တစ်သက်လုံးလည်ခဲ့ပေမယ့် ခဏတော့ အမိုက်ခံလိုက်ရတာပဲ။ မင်းလို လူမိုက်ရဲ့ လှည့်စားမှုကို ခံလိုက်ရပြီးတော့ အခုဆို ငါ့ခေါင်းထဲမှာ တိုင်းပြည်အရေးနဲ့ လူသားမျိုးနွယ်ရဲ့ အကျိုးစီးပွားပဲ ရှိတော့တယ်။ ဒီနတ်ဘုရားတွေကို အကုန်လုံး အပြတ်ရှင်းပစ်ချင်နေပြီ။"

လီကွမ်ယန်က တဟားဟားနှင့် အားရပါးရ ရယ်မောလိုက်ပြီး သူ့မိတ်ဆွ၏ပခုံးကို ကျေနပ်အားရစွာ ပုတ်ရင်း ပြောလိုက်သည်။

"မင်းက ငါ့ရဲ့ လှည့်စားမှုကို ခံလိုက်ရတာ မဟုတ်ပါဘူး။ မင်းကိုယ်မင်း အစစ်အမှန်ကို ရှာတွေ့သွားပြီး တကယ် ဘာလိုချင်လဲဆိုတာကို သိသွားတာပါ။"

"မင်းက ငါ့ကို မိုက်တယ်လို့ ထင်နေတာ။ တကယ်တော့ ငါ နည်းနည်းလေးမှ မမိုက်ပါဘူး။"

...

...

လူသားမျိုးနွယ်မှ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုံးစွမ်းအားများကို ထုတ်ဖော်ကာ ချန်လှပ်ထားခြင်းမရှိ၊ အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ရန် ပြင်ဆင်နေကြသည်။ နတ်ဘုရားစစ်ပွဲ မစတင်ရသေးခင်မှာပင် သေမင်းကို ရင်ဆိုင်ကာ အသက်ရှင်ရန် ကြိုးစားနေသူများရှိနေ ပြီဖြစ်သည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် (၂၅)ယောက်ထဲတွင် တစ်ဝက်ခန့်မှာ လွန်ခဲ့သော တစ်နှစ်အတွင်းမှ အသစ်တက်လာသူများ ဖြစ်ကြသည်။ သူတို့က နှောင်းခေတ်ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်သို့ ရောက်ရှိခါစသာ ရှိသေးသော်လည်း ယခုအခါ အသက်ကို ပေးဆပ်၍ တိုက်ပွဲဝင်ရတော့မည်ဖြစ်သည်။ သို့သော် မည်သူ့ထံတွင်မှ နောင်တရခြင်း အလျဉ်းမရှိကြ။

ပြိုကွဲထွက်ပြေးနေကြသော သိန်းနှင့်ချီသည့် စစ်သည်များက ဤမြင်ကွင်းကို ကြည့်ရင်း တဖြည်းဖြည်း တည်ငြိမ်လာကြပြီး ကျဆင်းနေသော စိတ်ဓာတ်ခွန်အားများ ပြန်လည် မြင့်တက်လာကြသည်။

ဒီကောင်းကင်ထောက်တိုင်နယ်ပယ် အကြီးအကဲတွေတောင်မှ အသက်ပေးပြီး တိုက်ပွဲဝင်နေကြတာပဲ။

သူတို့ နောက်ဆုံးတော့ သဘောပေါက်သွားကြပြီ။ ဤတိုက်ပွဲတွင် နောက်ဆုတ်စရာ လမ်းမရှိတော့။ စစ်ပြေးလုပ်ခဲ့လျှင်ပင် လူသားမျိုးနွယ် ပျက်စီးသွားချိန် သူတို့လည်း ဆက်လက်အသက်ရှင်နိုင်မည် မဟုတ်ပေ။

"တိုက်မယ်။"

"စစ်သည်တွေ ခေါင်းမှာပိတ်ဖြူစည်းပြီး နယ်စပ်ကို လှမ်းကြည့်တဲ့အခါ ရှေ့မှာ လှံတွေ ဓားတွေက တောအုပ်ကြီးလိုပဲ။ သတ်ဖြတ်ချင်စိတ်တွေက တိမ်တိုက်ကြီးတွေလို ဖြစ်နေတယ်။ ငါ့ရဲ့ ဓားရှည်ကိုသွေးပြီး၊ ကမ္ဘာအဆက်ဆက် ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်မယ်။"

"ငါ့ရဲ့ ဓားရှည်ကိုသွေးပြီး ကမ္ဘာအဆက်ဆက် ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်မယ်။"

နှစ်ဖက်စလုံး၏ တင်းမာမှုအခြေအနေမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး၊ ယမ်းအိုးကြီး ပေါက်ကွဲတော့မည့် အချိန်လေးမှာပင်။

ရုတ်တရက်။

ကောင်းကင်ကြီး မှောင်မိုက်သွား၏။

နတ်ဘုရားများနှင့် လူသားမျိုးနွယ်အားလုံးက ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အဆုံးအစမရှိ ကြီးမားကျယ်ပြန့်လှသော နတ်ဘုရားမြို့တော်ကြီး တစ်ခုကို မြင်တွေ့လိုက်ရပြီး ကမ္ဘာဦးခေတ်၏ ရှေးဟောင်း အငွေ့အသက်များကို ထုတ်လွှင့်နေသည်။

"အဲဒါ ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီးပဲ။" လူတစ်ယောက်က အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည်။

ရှေးဟောင်းနတ်ဘုရား မြို့တော်ကြီးသည် ကမ္ဘာဦးခေတ်ကတည်းက ကျန်ရစ်ခဲ့သောအရာဖြစ်ပြီး ကမ္ဘာဦး ဖရိုဖရဲချီစွမ်းအင် သုံးမျှင်ကို စုပ်ယူ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ရှေးဟောင်းနတ်ဘုရား မြို့တော်ကြီး အလုံးစုံ ပေါက်ကွဲထွက်လာပြီးနောက် မည်မျှအထိ စွမ်းအားကြီးမားမည်ကို မည်သူမှ မသိကြပေ။

၎င်း၏အနိမ့်ဆုံးစွမ်းအားမှာ ကောင်းကင်ထောက်တိုင်နယ်ပယ်မှ စတင်ပြီး အမြင့်ဆုံးအတိုင်းအတာမှာ မည်မျှရှိမည်ကို မသိရပေ။

ရွှေရောင်ဆံပင်နှင့် မိန်းကလေးတစ်ဦးက ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီး၏ အထက်တွင် ရပ်နေကာ ရွှေရောင်မျက်ဝန်းများဖြင့် နတ်ဘုရားများကို အထက်စီးမှ စိုက်ကြည့်နေပြီး မျက်လုံးများထဲတွင် ရူးသွပ်မှုများနှင့် ဒေါသအမျက်များကို မထိန်းချုပ်နိုင်အောင် ဖြစ်နေသည်။

"အကုန်လုံး နင်တို့ကြောင့်ပဲ..."

"ငါ့သခင်ကြီး သေဆုံးသွားရတာ။"

"နတ်ဘုရားတွေ၊ ကောင်းကင်ကြည့်ဆောင်၊ မဟာကျင်းတိုင်းပြည်၊ ဧကရီ... နင်တို့အားလုံး တစ်ယောက်မကျန် အကုန်လုံးက ငါ့သခင်ကြီးကို သေအောင်လုပ်ခဲ့တဲ့ တရားခံတွေပဲ။"

ဧကရာဇ် တာအိုသက်သေပြရင်း ပျောက်ဆုံးသွားကတည်းက ချုံးသည် သတင်းရရှိပြီးနောက် ဧကရီနှင့် ထိပ်တိုက်ရင်ဆိုင် ရန်ဖြစ်ခြင်း မပြုလုပ်ခဲ့ဘဲ မဟာကျင်းတိုင်းပြည်မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ သူက "ဒီကနေ့ကစပြီး မဟာကျင်းတိုင်းပြည်နဲ့ ငါ ဘာမှမပတ်သက်တော့ဘူး" ဟူ၍ ပြတ်သားစွာ ပြောဆိုခဲ့ပြီးနောက် လောကကြီး၏အမြင်အာရုံမှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ယခုအခါတွင်။

သူက တစ်ကျော့ပြန် ပေါ်လာခဲ့ပြီး ရှေးဟောင်းနတ်ဘုရား မြို့တော်ကြီးနှင့်အတူ ဆင်းသက်လာခဲ့လေပြီ။

"ဒီနေ့။"

"နတ်ဘုရားတွေကစပြီးတော့ အရင်ဆုံး ရှင်းလင်းမယ်။ ဘယ်သူမှ... အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့။"

ချုံး၏မျက်လုံးများက တောက်လောင်နေ၏။ ရုပ်ဝတ္ထုပစ္စည်းတစ်ခုလို တောက်လောင်နေခြင်းဖြစ်ပြီး ရွှေရောင်မျက်ဝန်းများက သန့်စင်မွန်မြတ်ပြီးခန့်ညားသောအငွေ့အသက်များ ထုတ်လွှင့်ကာ အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်သည်။

"ငါက ရှေးဟောင်းနတ်ဘုရားမြို့တော်ရဲ့ အရှင်သခင်ပဲ။ နတ်ဘုရားမြို့တော်ရဲ့ တားမြစ်ချက်(၃)ဆင့်ကို ဖွင့်လှစ်ဖို့ အမိန့်ပေးတယ်။"

"လောကကြီးကို စွမ်းအားတွေ ပြသလိုက်စမ်း။"

ဝုန်း။

အဆုံးအစမရှိ ကြီးမားလှသော ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီးက ဟိန်းဟောက်သွားပြီး ဂယက်လှိုင်းများ တစ်ခုပြီးတစ်ခု ရိုက်ခတ်သွားကာ စကြဝဠာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

အဆုံးအစမရှိသောဖိအားကြီးကြောင့် မရေမတွက်နိုင်သောလူများ အသက်ရှူရပင် ခက်ခဲလာကြသည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် အကြီးအကဲများပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရပြီး အလွန်ထိတ်လန့်သွားကာ မျက်နှာအမူအရာများမှာ မတတ်သာဘဲ ပြောင်းလဲသွားကြသည်။

"ကောင်းကင်နယ်ပယ်။"

"ကောင်းကင်နယ်ပယ် ဖြစ်နေတာပဲ။ ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီး လုံးဝပေါက်ကွဲထွက်လာရင် အမြင့်ဆုံးအတိုင်းအတာက ကောင်းကင်နယ်ပယ်ကိုတောင် ရောက်နိုင်တာပဲ။"

ဆိုလိုသည်မှာ ချုံးသည် လှုပ်ရှားသွားလာနိုင်သော ကောင်းကင်နယ်ပယ် စွမ်းအားတစ်ရပ်ကို အမြဲတမ်း ပိုင်ဆိုင်ထားခဲ့သော်လည်း ဘယ်တုန်းကမှ အသုံးမပြုခဲ့ခြင်း ဖြစ်သည်။

အကြောင်းမှာ သခင်ကြီးပြောခဲ့သော စကားကို သူ မှတ်မိနေသောကြောင့်ပင်။ "နှစ်ပေါင်းသုံးသောင်းကို မှတ်ထား။ ဒီကာလအတွင်းမှာ သေချာပေါက် ပုန်းအောင်းနေထိုင်ရမယ်။ ဘယ်လို ပြဿနာမျိုးမှာမှ ဝင်မပါနဲ့။ ကောင်းကောင်းမွန်မွန် အသက်ရှင်နေ။"

သို့သော် ယခုအခါတွင်။

ဧကရာဇ် ကွယ်လွန်သွားပြီဖြစ်ရာ အမှားအမှန်ဆိုသည်မှာ အရေးမကြီးတော့ပေ။ ယခင်က ကတိကဝတ် များသည်လည်း လေထဲတွင် လွင့်ပါးသွားခဲ့လေပြီ။

ဤသိုု့ဆိုရာ တရားခံများကို ထိုက်တန်သော ပေးဆပ်မှုများ လုပ်ခိုင်းရပေမည်။

နတ်ဘုရားများဘက်တွင်။

ယွီထန်က ကောင်းကင်ကိုကြည့်ကာ မျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး တီးတိုးရေရွတ်လိုက်သည်။

"ဒီအရာကြီးဖြစ်နေတာကိုး။ ရှေးဟောင်းနတ်ဘုရားမြို့တော်... မဟုတ်ဘူး။ အဲဒါကို ခေါ်ရမှာက ရှေးဟောင်းကောင်းကင်ခုံရုံးရဲ့ ကျမ်းစာတိုက်လို့ပဲ။"

"ဒါက ရှေးဟောင်း ကောင်းကင်ခုံရုံးရဲ့ အစိတ်အပိုင်းတစ်ခုပဲ။"

အထွတ်အထိပ် နတ်ဘုရားတစ်ပါးအနေဖြင့် ယွီထန်က သူတို့နတ်ဘုရားများသည် ရှေးဟောင်း နတ်ဘုရားများ၏ ညံ့ဖျင်းသောအတုအပများသာ ဖြစ်ကြောင်းကို အလွန်ရှင်းလင်းစွာ သိရှိထားသည်။

ကောင်းကင်ခုံရုံး၏ မည်သည့် စ္စည်းကိုမဆို သူက အထူးအကဲဆတ်နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ၏အနာဟောင်းကို ဆွပေးပြီး နတ်ဘုရားများ၏မာနကို ရိုက်ချိုးပစ်နိုင်သောကြောင့်ပင်။

ထိုအရာက သူ့ကို စကားတစ်ခွန်းအား သတိရသွားစေသည်။ "သာမန်အတုအပလေးတွေကများ ဘယ်ကနေ မာနထောင်လွှားနေရတာလဲ။ မင်းတို့က ရှေးဟောင်းနတ်ဘုရားတွေကို အတုခိုးပြီး ဖန်တီးထားတဲ့ ညံ့ဖျင်းတဲ့ ကုန်ပစ္စည်းတွေသာသာပဲ။"

...

...

တုန်းဖန်လျူလီက ရွှေရောင်ဆံပင်နှင့် ရွှေရောင်မျက်ဝန်းများ တောက်လောင်နေသော ချုံးကို ကြည့်နေကာ သူ၏အငွေ့အသက်များ တဖြည်းဖြည်း မြင့်တက်လာပြီး ခန့်ညားလာသော ပုံစံကို ငေးကြည့်နေစဉ် ရုတ်တရက် ချုံးက ခေါင်းငုံ့ကာ သူနှင့် အကြည့်ချင်းဆုံသွားပြီး သူ၏မျက်လုံးများထဲတွင် ယခင်ကလို သင့်မြတ်ပြီး တည်ငြိမ်မှုမျိုး မရှိတော့ဘဲ အရိုးထဲထိ စိမ့်ဝင်သွားစေမည့် အေးစက်မှုများသာ ရှိနေတော့သည်။

ချုံးက တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ဆက်လက် အဖက်မလုပ်တော့ဘဲ သူ၏အကြည့်များကို ယွီထန်ထံသို့ ပို့လွှတ်လိုက်ကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။

"အရင်ဆုံး နင့်ကို သတ်ပြီး အပြစ်ကြွေး နည်းနည်းလောက် အရင်ဆပ်ခိုင်းရမယ်။"

စကားသံ အဆုံးတွင်။

ချုံးက လက်နှစ်ဖက်ကို မတင်လိုက်သော ပုံစံဖြင့် ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီး တစ်ခုလုံးကို လေထဲမှသယ်မလိုက်ပြီး အားကုန်သုံးကာ ယွီထန်ထံသို့ ပစ်ပေါက်လိုက်သည်။

ယွီထန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

ဒါကြီးနဲ့ အပေါက်ခံရရင် ရှေးဟောင်းတွေတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ငါဆို မပြောနဲ့တော့။

ဝုန်း။

ကောင်းကင်နှင့်မြေကြီး ပြင်းထန်စွာ တုန်ခါသွားပြီး အဆုံးအစမရှိသော ပင်လယ်ရေပြင်ကကြီးမှာပင် ဟင်းလင်းပြင်တစ်ခု ဖြစ်ပေါ်သွားကာ ပင်လယ်ကြမ်းပြင်ရှိ မြေကြီးများမှာ အဆုံးအစမရှိ နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်သွားသည်။

ယွီထန်က သီသီလေး ရှောင်တိမ်းသွားနိုင်ခဲ့ပြီး နဖူးတွင် ချွေးစေးများပြန်လာကာ မတတ်သာဘဲ နောက်လှည့်၍ အော်ဟစ်လိုက်သည်။

"အရူးမ။"

"ဧကရာဇ်သေတာက ငါနဲ့ ဘာဆိုင်လို့လဲ။ မကျေနပ်ရင် အပြစ်လုပ်တဲ့သူကို သွားရှာလေ။ ဧကရာဇ်ကို သတ်တဲ့သူကို သွားရှာပေါ့။"

"ပြီးတော့ နတ်ဘုရားတွေ လူသားမျိုးနွယ်ကိုဖျက်ဆီးတာက မျိုးနွယ်စုပေါင်းစုံကို နေရာပေးဖို့အတွက်ပဲ။ မင်းကလည်း မျိုးနွယ်စုပေါင်းစုံထဲက တစ်ယောက်ပဲ။ ငါတို့ဘက်က ရပ်တည်သင့်တာပေါ့။"

ချုံးက အေးစက်စွာ ပြုံးလိုက်ပြီး ပြောသည်။

"စိတ်ချပါ။ နတ်ဘုရားတွေက ပထမဆုံး ယဇ်ပူဇော်ခံရတဲ့ သူတွေပဲ။ နောက်ထပ် အများကြီး လာဦးမယ်။ နင်တို့အားလုံး သွေးနဲ့ ပြန်ဆပ်ရမယ်။"

ထို့သို့ပြောပြီးနောက်။

ချုံး၏ပုံရိပ်က တစ်ချက် လင်းလက်သွားပြီး ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီး၏ စွမ်းအားများ ထပ်ပေါင်းထည့်လိုက်သဖြင့် အစစ်အမှန်စွမ်းအားမှာ ကောင်းကင်နယ်ပယ် အလယ်အလတ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ယွီထန်၏စွမ်းအားနှင့် တန်းတူ ဖြစ်သွားလေပြီ။

သူ တစ်ကျော့ပြန် ပေါ်လာချိန်တွင် ယွီထန်၏ အနောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရှေးဟောင်းနတ်ဘုရား မြို့တော်ကြီးကလည်း လင်းလက်ကာ နောက်မှ ကပ်ပါလာသည်။

ယွီထန် တုံ့ပြန်ရန်အချိန်မရလိုက်ဘဲ ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီး တစ်ခုလုံး၏ အရှေ့တည့်တည့်မှ ဝင်တိုက်ခြင်းကို ခံလိုက်ရသည်။

တစ်ခဏချင်းမှာပင် ရှုံးနိမ့်ခြင်းမရှိသောနတ်ဘုရားဟု တင်စားခေါ်ဝေါ်ခြင်းခံရသော ယွီထန်သည် အရိုးများ ကျိုးကြေသွားပြီး သေလုမျောပါး အခြေအနေသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

"လခွမ်းတဲ့မှ။" ယွီထန်က ဒေါသတကြီး ဆဲဆိုလိုက်သည်။

ထို့အပြင် နက်ရှိုင်းသော စွမ်းအားမဲ့သွားသည့် ခံစားချက်မျိုးကိုပါ ခံစားလိုက်ရသည်။ ဤအရာသည် ရှေးဟောင်း ကောင်းကင်ခုံရုံး၏ အစိတ်အပိုင်းဖြစ်ရာ မည်သည့်အာဏာကိုမဆို ခုခံနိုင်စွမ်းရှိသည်။ သိုင်းပညာ တာအို ဘယ်နှစ်ခုပဲ ရှိနေပါစေ လုံးဝ အရာမထင်တော့ပေ။

...

All Chapters