← Chapters

အခန်း ၃၈၇

Vol. 27 Ch. 387

အခန်း ၃၈၇

Vol. 27 Ch. 387

အပိုင်း(၃၈၇) ဧကရာဇ်ပြန်ရောက်လာခြင်း၊ သားအဖနှစ်ဦး ပြန်ဆုံခြင်း

စကြဝဠာနေရာလွတ်ကြီးထဲတွင် ကြယ်စုများ၊ ဥက္ကာခဲများက အထက်အောက် မျောလွင့်နေကြသည်။ ရှေးဟောင်းခေတ်ကျင့်ကြံသူများ၏ ပျက်စီးယိုယွင်းခြင်းမရှိသေးသော ရုပ်အလောင်းများ ပြိုကျပျက်စီးနေသော အဆောက်အဦး အပျက်အစီးများ၊ ကျိုးပဲ့နေသော လက်နက်များ၊ ဧရာမရှေးဟောင်းသားရဲကြီးများ၏ ခေါင်းခွံကြီးများကို ရံဖန်ရံခါ မြင်တွေ့နိုင်သည်။

ရှေးယခင်ကတည်းက စကြဝဠာ နေရာလွတ်ကြီးသည် အဆင့်မြင့်ကျင့်ကြံသူများ အချင်းချင်း သတ်ဖြတ် တိုက်ခိုက်ရာနေရာတစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရသည်။ နှစ်ပေါင်းသောင်းချီ ကြာမြင့်လာသည့်အခါ စကြဝဠာထဲ မရေမတွက်နိုင်သော "အမှိုက်"များ ကျန်ရစ်နေခဲ့သည်။

ထို့ကြောင့် စကြဝဠာအမှိုက်ကောက်သူဟူသော အလုပ်အကိုင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ရိုင်းရိုင်းပြောရလျှင် အမှိုက်ကောက်သူများပင်။

သူတို့သည် စကြဝဠာနေရာလွတ်ထဲတွင် အဖိုးတန်ပစ္စည်းများ ရှိမရှိ လိုက်လံရှာဖွေကြသည်။ ဥပမာ- မပျက်စီးသေးသော ရှေးဟောင်းပစ္စည်းများ၊ ဝိညာဉ်စွမ်းအင် မပျောက်ကွယ်သေးသော လက်နက်များ၊ အလွန် ရှားပါးသော်လည်း ရှေးဟောင်း မှော်အတတ်ပညာများကိုပင် ရှာဖွေတွေ့ရှိနိုင်ခြေ ရှိသည်။

အမှိုက်ပုံးထဲက ရွှေရှာရသလိုမျိုး အခွင့်အရေးက အလွန်နည်းပါးလှ၏။

သမိုင်းတစ်လျှောက် အကျော်ကြားဆုံးမှာ ပြိုင်ဘက်ကင်း ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ သူသည် တစ်ချိန်က စကြဝဠာ အမှိုက်ကောက်သူတစ်ဦးဖြစ်ခဲ့ပြီး၊ ရှေးဟောင်းကျင့်ကြံသူ တစ်ဦး၏ ရုပ်အလောင်းထဲမှ မဟာဧကရာဇ်အဆင့်နီးပါးရှိသော အထူးမှော်အတတ်ပညာတစ်ခုကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စကြဝဠာအမှိုက်ကောက်သူ နှစ်ဦးသည် စကြဝဠာနေရာလွတ်ကို ဖြတ်သန်းသွားရင်း ယနေ့အတွက် ရရှိလာသော ပစ္စည်းများကို စာရင်းပြုစုနေကြသည်။

ထိုအထဲမှ ရုပ်ရည်သန့်သန့်နှင့် လူဝဝလေး တစ်ယောက်က အပြစ်ကင်းစင်သော မျက်လုံးကြီးများကို ပိုင်ဆိုင်ထားသော်လည်း ပါးစပ်ကမူ တတွတ်တွတ် ရေရွတ်နေသည်။

"တောက်။ အချိန်တွေ အများကြီး ကုန်ခံပြီးတော့ တန်ဖိုးမရှိတဲ့ အမှိုက်တွေချည်းပဲ ရလာတယ်။"

"အစ်ကိုကြီးဟွမ်၊ ပင်ပင်ပန်းပန်းနဲ့ ရတနာရှာရတာ အချိန်အရမ်းကုန်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဆီကနေ အလကားရအောင် ယူလိုက်ရင် ပိုကောင်းမယ်ထင်တယ်။ အစ်ကိုကြီး ဘယ်လိုသဘောရလဲ။"

အစ်ကိုကြီးဟွမ်က မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း မျက်လုံးကျဉ်းကျဉ်းလေးများဖြင့် စူးရှစွာ ကြည့်ကာ လက်ညိုးကို နှုတ်ခမ်းပေါ်တင်၍ ပြောလိုက်သည်။

"ရှုး။"

"ရှေ့မှာ လူရှိတယ်။"

သူတို့နှစ်ဦးစလုံးက လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းတွင် ရှိကြပြီး ယခုအခါ အငွေ့အသက်များ ဖုံးကွယ်ကာ ကိုယ်ပျောက်အစီအရင်ငယ်လေးထဲ ဝင်ရောက်ပုန်းလိုက်ပြီး မလှမ်းမကမ်းရှိ ရုပ်ရည်ခန့်ညားသော လူငယ်တစ်ဦးကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

လူဝဝလေး၏မျက်လုံးများက တောက်ပသွားပြီး အသံလွှင့်ကာ ပြောလိုက်သည်။

"အစ်ကိုကြီးဟွမ်။ ဟိုမှာကြည့်။ ဒီကောင်လေးရဲ့ အရိုးအသက်က မကြီးသေးဘူး။ အသက်တစ်ရာတောင် မပြည့်သေးဘူး။ ဒါပေမယ့် ဝတ်ထားတာတွေက ခမ်းနားလိုက်တာ။ မျိုးရိုးမြင့်မိသားစုက သခင်လေးများလား မသိဘူး။ စကြဝဠာနေရာလွတ်ထဲကို စိတ်လှုပ်ရှားစရာ လာရှာတာ ဖြစ်မယ်"

ဟွမ်ယွီချွန်းက လူဝဝလေး ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်သည်။

ခုနက လုပ်ဖော်ကိုင်ဖက်များဆီမှ အလကားယူရန် ပြောခြင်းက ဓားပြတိုက်မည်ဟု ပြောခြင်းပင်။ ယခု အသက်မကြီးသေးဘဲ စွမ်းအားလည်း သိပ်မမြင့်လောက်သော သူဌေးသားလေး တစ်ယောက်တည်း စကြဝဠာထဲ လာရောက်သည်ကိုတွေ့သော် သူက သေချာပေါက် အကြံအစည် ရှိနေလေပြီ။

"ငါ့အမြင်တော့ ပြဿနာထပ်မရှာတာ ပိုကောင်းမယ်။" ဟွမ်ယွီချွန်းက ထိုလူငယ်ကို အကဲခတ်ရင်း ပြောလိုက်သည်။ "သူ့ကို မြင်ဖူးသလိုလိုတော့ ရှိတယ်။ ဒါပေမယ့် ဘယ်သူလဲဆိုတာကို စဉ်းစားလို့မရဘူး..."

"ပြီးတော့ သူ့ရဲ့ကျင့်စဉ်အဆင့်ကိုလည်း မသိရဘူး။"

"ရန်စလို့မကောင်းတဲ့သူ ဖြစ်နိုင်တယ်။"

လူဝဝလေးက စိတ်လောသွားပြီး ပြောလိုက်သည်။ "ရဲရင့်တဲ့သူက အဝစားရပြီး ကြောက်တတ်တဲ့သူက ငတ်သေလိမ့်မယ်။ အစ်ကိုကြီးပဲ ဆက်ပြီးပုန်းနေလိုက်တော့။ နယ်မြေနှစ်ခုရဲ့ ဘေးဒုက္ခကြီး ကျရောက်လာရင် ဒီအဆင့်လေးနဲ့ဆို အသေခံတပ်သား လုပ်ဖို့တောင် အရည်အချင်းပြည့်မှာမဟုတ်ဘူး။ အခုနေ မစွန့်စားရင် ဘယ်အချိန်စောင့်ရဦးမှာလဲ။"

ပြောပြီးနောက်။

လူဝဝလေးက ကိုယ်ပျောက်အစီအရင်ကို ရုပ်သိမ်းလိုက်ပြီး ဓားရှည်တစ်လက်ကို ဆွဲထုတ်ကာ ရှေ့မှလမ်းကို ပိတ်ရပ်ပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ "ဒီလမ်းကို ငါဖောက်ခဲ့တာ။ ဒီသစ်ပင်ကို ငါစိုက်ခဲ့တာ..."

အကွာအဝေး တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ လူငယ်၏မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လာရသည်။

စကားမဆုံးသေးခင်မှာပင် လူဝဝလေး ရုတ်တရက် မှင်သက်သွားပြီး စကြဝဠာကို ဖြတ်သန်းလာသော လူငယ်ကိုစိုက်ကြည့်ရင်း မျက်လုံးများပြူးကျယ်သွားကာ ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။

နှုတ်ခမ်းများ တုန်ယင်နေပြီး ထိုလူငယ်ကို လက်ညိုးထိုးကာ ကြောက်လန့်တကြား ပြောလိုက်သည်။

"မင်း... မင်း မင်း မင်း... ဘယ်လိုလုပ်ပြီး မဟာကျင်းဧကရာဇ်နဲ့ ရုပ်တူနေရတာလဲ။"

ထိုစကားကိုကြားသောအခါ ဟွမ်ယွီချွန်း၏မျက်နှာအမူအရာ ပြင်းထန်စွာပြောင်းသွားပြီး အဘယ်ကြောင့် မြင်ဖူးသလို ဖြစ်နေရကြောင်းကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။

မဟာကျင်းဧကရာဇ်၏ ဗိမာန်များနှင့် ရုပ်တုများသည် တောရိုင်းမြေတစ်ခွင်လုံးတွင် ပြည့်နှက်နေပြီး အသက်သုံးနှစ်အရွယ် ကလေးပင်လျှင် သိသည်။

"နားညီးလိုက်တာ။" အနက်ရောင်ဝတ်လူငယ်က ခံစားချက်မဲ့နေသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်ရာ နေရာလွတ်တစ်ခုလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေသည်။

ပတ်ဝန်းကျင်ရှိကြယ်များက မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားသည်။

လူဝဝလေးက အသက်ချမ်းသာပေးရန် တောင်းပန်ချိန်ပင် မရလိုက်ဘဲ သူ၏ခန္ဓာကိုယ်နှင့်ဝိညာဉ်က ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

ဟွမ်ယွီချွန်းမှာ အလွန်အထိတ်လန့်သွားပြီး ချက်ချင်းဒူးထောက်ကာ ခေါင်းငုံ့၍ တောင်းပန်လိုက်သည်။

"ဧကရာဇ်မင်းမြတ်။ ဧကရာဇ်မင်းမြတ်။ ကျွန်တော်မျိုးနဲ့ မဆိုင်ပါဘူး။ ဝမ်လင်း တစ်ယောက်တည်း သူ့သဘောနဲ့သူ လုပ်တာပါ။ သူ ရူးသွားတာပါ။ အသက်ချမ်းသာပေးပါ။ အသက်ချမ်းသာပေးပါ။"

ပြောရင်းဖြင့် ဟွမ်ယွီချွန်းက အဆက်မပြတ် ခေါင်းငုံ့တောင်းပန်နေသော်လည်း နေရာလွတ်ထဲတွင် မည်သို့ပင် ခေါင်းဆောင့်စေကာမူ သွေးထွက်အောင် လုပ်၍မရပေ။ အသက်ရှင်ရန်အတွက် ဧကရာဇ်၏ ယခင်က ကြီးမားလှသော ဂုဏ်သတင်းကို သတိရသွားပြီး ဟွမ်ယွီချွန်းက မျက်နှာထားတင်းမာသွားကာ ဓားတစ်လက်ကို ထုတ်ယူပြီး သူ၏လက်မောင်းတစ်ဖက်ကို ဖြတ်တောက်လိုက်သည်။

"ဧကရာဇ်မင်းမြတ်၊။ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော်မျိုးရဲ့ အသက်ကို ချမ်းသာပေးပါ။"

အနက်ရောင်ဝတ်လူငယ်က တိတ်တဆိတ် တွက်ချက်နေပြီး အချိန်-နေရာလွတ်ကို အာရုံခံကြည့်ရာ မျက်မှောင်ကြုတ်သွားပြီး ဟွမ်ယွီချွန်းကို ဂရုမစိုက်ဘဲ တီးတိုးရေရွတ်လိုက်သည်။

"မဟုတ်သေးဘူး..."

ထိုစကားကိုကြားသောအခါ ဟွမ်ယွီချွန်းက နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း ဓားဖြင့် ခြေထောက် တစ်ဖက်ကို ထပ်မံဖြတ်တောက်လိုက်ပြန်သည်။

ထို့အပြင် ဒဏ်ရာပေါ်တွင် အထူးလျှို့ဝှက်အတတ်ကိုအသုံးပြုကာ ထာဝရ ပြန်လည်ကောင်းမွန်လာခြင်း မရှိစေရန် ပြုလုပ်လိုက်သည်။

"ဧကရာဇ်မင်းမြတ် ကျေနပ်ပါရဲ့လား။ မလုံလောက်သေးဘူးလို့ထင်ရင် ကျွန်တော်မျိုးကို ကြိုက်သလို အပြစ်ပေးနိုင်ပါတယ်။ အသက်လေးတစ်ချောင်းတော့ ချမ်းသာပေးဖို့ တောင်းပန်ပါတယ်။"

ဟွမ်ယွီချွန်း စက္ကန့်အနည်းငယ်ခန့် စောင့်ဆိုင်းနေသော်လည်း တုံ့ပြန်မှုမရရှိသောအခါ သူ၏ မျက်လုံးများက တဖြည်းဖြည်း ရက်စက်လာပြီး လက်ဝါးကို နဖူးပေါ်တင်ကာ သူ၏ကျင့်စဉ်ကို ဖျက်ဆီးပစ်ရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက်။

အနက်ရောင်ဝတ်လူငယ်က မေးလိုက်သည်။

"ငါ ပျောက်ဆုံးသွားတာ ဘယ်လောက်ကြာပြီလဲ။"

ဟွမ်ယွီချွန်း မှင်သက်သွားပြီး စိတ်ထဲတွင် သက်ပြင်းရှည်ကြီးချလိုက်ကာ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်သွားသည်။ အသက်တစ်ချောင်း ပြန်ရလိုက်သည့်အတွက် ဝမ်းသာသွားပြီး တိတ်တဆိတ် လက်ကို ပြန်ချလိုက်ကာ ရိုသေလေးစားစွာ ဒူးထောက်လျက် ပြန်ဖြေလိုက်သည်။

"ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ပါတယ်။ အရှင်မင်းမြတ် ပျောက်ဆုံးသွားတာ တစ်နှစ်နဲ့ ငါးလ ရှိပါပြီ။ ဒီကာလအတွင်းမှာ လူတွေက အရှင်မင်းမြတ် တာအိုသက်သေပြတာ ကျရှုံးပြီး သေဆုံးသွားပြီလို့ ထင်နေကြပါတယ်။ ပင်လယ်ရပ်ခြားက နတ်ဘုရားတွေကလည်း မဟာကျင်းတိုင်းပြည်ကို သိမ်းပိုက်ဖို့ ချောင်းမြောင်းနေကြပြီးတော့ ကောင်းကင်ပြည်နယ်ကိုလည်း နတ်ဘုရားတွေက သိမ်းပိုက်ထားပါတယ်။"

"ကျွန်တော်မျိုးက စစ်ဘေးကနေရှောင်တိမ်းဖို့ လွန်ခဲ့တဲ့နှစ်လကတည်းက စကြဝဠာထဲမှာပဲ နေနေတာပါ။ အခု နယ်မြေနှစ်ခုရဲ့အခြေအနေက ဘယ်လိုရှိနေလဲဆိုတာကိုတော့ မသိရပါဘူး။"

ဟွမ်ယွီချွန်း ဦးနှောက်ကို အစွမ်းကုန်အသုံးချကာ စကားလုံးများကို တတ်နိုင်သမျှ သေချာရွေးချယ်ပြီး သူသိထားသော သတင်းအချက်အလက်အားလုံးကို ပြောပြကာ ဧကရာဇ် စိတ်ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားအားထုတ်လိုက်သည်။

တစ်နှစ်နဲ့ငါးလ...

အနက်ရောင်ဝတ်လူငယ်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

ရှေးခေတ်သို့ ရောက်သွားတာက (၇)ရက်ပဲ ရှိသေးတာကို လက်ရှိလောကမှာ တစ်နှစ်ခွဲတောင် ကြာသွားပြီလား။။

လျူလီ၊ ချုံး၊ ချင်းချိုး၊ ဝူတျဲ၊ မဟာကျင်းစစ်သည်တွေ၊ ပစ္စုပ္ပန်ရွာက ရွာသားတွေအားလုံးက ငါ သေသွားပြီလို့ ထင်နေကြမှာပေါ့။

ပြီးတော့... အန်းအန်း။

ထိုသို့တွေးမိသည်နှင့် အနက်ရောင်ဝတ်လူငယ်သည် မဟာကျင်းတိုင်းပြည်နန်းတော် ပစ္စုပ္ပန်ရွာ အစိမ်းရောင်အုတ်ကြွပ်မိုးအိမ်လေးဆီသို့ တိုက်ရိုက်နေရာသတ်မှတ်လိုက်သည်။

ထို့နောက် သူ၏ပုံရိပ် တဖြည်းဖြည်း မှေးမှိန်သွားကာ ဓာတ်ပုံတစ်ပုံ အလျင်အမြန် ဟောင်းနွမ်းသွား သကဲ့သို့ ဖြစ်သွားပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားတော့သည်။

ဟွမ်ယွီချွန်းက ထိုမြင်ကွင်းကို မျက်လုံးပြူးကာ ကြည့်နေရင်း မျက်ဆံများ ကျုံ့ဝင်သွားပြီး လည်စေ့က အဆက်မပြတ် လှုပ်ရှားနေသည်။

အချိန်-နေရာလွတ်တာအို...

တကယ် မဟာကျင်းဧကရာဇ်ပဲ။

"ဧကရာဇ် တကယ်ပြန်ရောက်လာပြီ..." ဟွမ်ယွီချွန်းက အလွန်အမင်း တုန်လှုပ်သွားပြီးနောက်တွင် တီးတိုးရေရွတ်လိုက်သည်။ "ကိစ္စကြီးတော့ ဖြစ်တော့မယ်။"

အတန်ကြာမှ။

ဟွမ်ယွီချွန်းက ခက်ခက်ခဲခဲ ထရပ်လိုက်ပြီးနောက် အလောင်းပင် မအေးသေးသော လူဝဝလေးကို တစ်ချက်ကြည့်ကာ တံတွေးထွေးချလိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။

"သေချင်းဆိုးကောင်။ ကိုယ့်ဟာကိုယ် သေချင်တိုင်းသေပြီးတော့ ငါ့ကိုပါ ဒုက္ခရောက်အောင်လုပ်တယ်။"

"ဒီကနေ့ကစပြီး ငါက လက်တစ်ဖက်နဲ့ ခြေတစ်ဖက်တည်းရှိတဲ့ သူရဲကောင်းကြီး ဖြစ်သွားပြီပေါ့"

ဟွမ်ယွီချွန်းက သူ၏ ရယ်စရာကောင်းသောပုံစံကို ငုံ့ကြည့်ရင်း ငိုရခက် ရယ်ရခက် ဖြစ်နေတော့သည်။

...

...

ပစ္စုပ္ပန်ရွာ။

မုန့်အန်းအန်းလေးက ကျောက်တုံးထိုင်ခုံပေါ်တွင် ထိုင်နေပြီး ခြေထောက်လေးများကို တွဲလောင်းချကာ လွှဲနေသည်။ မေးစေ့ကိုစားပွဲပေါ်တင်ထားပြီး လက်နှစ်ဖက်ဖြင့် ဧကရာဇ်အဝတ်အရုပ်လေးကို ကစားနေကာ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်ဆိုနေသည်။

"ငါက အချိန်-နေရာလွတ်ဓားသူတော်စင်ပဲ။ မကောင်းဆိုးဝါးတွေ အကုန်ဆုတ်ခွာကြ။ ရန်သူတွေ အကုန် အညံ့ခံကြ။"

"ဟေး ဟား။"

ရုတ်တရက်။

နွေးထွေးသော လက်ကြီးတစ်ဖက်က အန်းအန်း၏ခေါင်းပေါ်သို့ တင်လာပြီး အနောက်ဘက်မှ တုန်ယင်နေသော အစွမ်းကုန် ထိန်းချုပ်ထားရသော ဩရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ကလေးလေး။ သမီးနာမည် ဘယ်လိုခေါ်လဲဆိုတာ ပြောပြပါလား။"

မုန့်အန်းအန်းက ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် နစ်မြောနေဆဲဖြစ်ရာ ချက်ချင်းပင် သတိမထားမိဘဲ ပြန်ဖြေလိုက်သည်။

"သမီးနာမည်က မုန့်အန်းအန်း။ မုန့်က မုန့်ချင်ကျိုးရဲ့ မုန့်၊ အန်းအန်းက ဘေးကင်းလုံခြုံတဲ့ အန်းအန်း"

"အင်း... မဟုတ်သေးပါဘူး..."

စကားဆုံးသည်နှင့် မုန့်အန်းအန်းက ချက်ချင်း သတိဝင်လာသည်။

နောက်သို့ လှည့်ကြည့်လိုက်ရာ ပထမတော့ မှင်သက်သွားပြီး ထို့နောက် အဝတ်အရုပ်လေးကိုပိုက်ကာ မျက်နှာရှေ့တွင်ထားပြီး အနောက်ဘက်ရှိ လူ၏မျက်နှာနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

မုန့်အန်းအန်း၏ ဖန်သားလိုကြည်လင်နေသော ရဲရဲတောက်မျက်လုံးလေးများတွင် သံသယဖြစ်မှုများ ပြည့်နှက်နေပြီး အနောက်ဘက်ရှိ အနက်ရောင်ဝတ်လူငယ်ကို အကဲခတ်ကာ အံ့သြတကြီး ပြောလိုက်သည်။

"အယ်။ ဦးလေးက သမီးဖေဖေနဲ့ အရမ်းတူတာပဲ။"

အနက်ရောင်ဝတ်လူငယ်၏ ခံစားချက်မဲ့နေသော မျက်လုံးများက တဖြည်းဖြည်း စိုစွတ်လာပြီး အတင်းပြုံးကာ တတ်နိုင်သမျှ နူးညံ့သောအပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ "ဟုတ်လား။ သမီးဖေဖေနာမည်က မုန့်ချင်ကျိုးလား။"

"ဟုတ်တယ်။ သမီးဖေဖေက မဟာကျင်းဧကရာဇ်လေ။ အရမ်းကိုစွမ်းအားကြီးတဲ့ သူရဲကောင်းကြီး။" မုန့်အန်းအန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးကိုမော့ကာ ပြောလိုက်သည်။ ထို့နောက် ကျောက်တုံးထိုင်ခုံပေါ်မှ ခုန်ဆင်းကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး လက်တစ်ဖက်က အဝတ်အရုပ်လေးကို ပိုက်ထားကာ ကျန်လက်တစ်ဖက်က လည်ပင်းတွင်ဆွဲထားသော ဓားအဆောင်လေးကို တင်းတင်းဆုပ်ကိုင်ရင်း သတိကြီးစွာဖြင့် ပြောလိုက်သည်။

"ဦးလေးက ကိုယ့်ကိုယ်ကို မိတ်ဆက်ရသေးဘူးနော်။ အန်းအန်းကိုလာဖမ်းတဲ့ လူဆိုးလား။"

"တမင်သက်သက် သမီးဖေဖေနဲ့ရုပ်တူအောင် ဖန်တီးပြီး အန်းအန်းကို ဖမ်းသွားပြီးတော့ သမီးမေမေ့ကို ခြိမ်းခြောက်မလို့လား။"

အနက်ရောင်ဝတ်လူငယ်က စကားပြောရန် ပြင်လိုက်စဉ်။

ခြံတံခါးက ရုတ်တရက် ပြင်းထန်စွာပွင့်သွားပြီး တွမ့်ယာက အပြေးဝင်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"လခွမ်း။ ဒီလိုအချိန်ကို အခွင့်ကောင်းယူပြီး မင်းသမီးလေးကိုဖမ်းဖို့ကြံရဲတဲ့သူ တကယ်ရှိနေတာပဲ။ ငါ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်။"

စကားဆုံးသည်နှင့် တွမ့်ယာက ရုတ်တရက် ခြေလှမ်းရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ အနက်ရောင်ဝတ်လူငယ်ကို စိုက်ကြည့်ရင်း အချိန်အတော်ကြာအောင် စကားတစ်ခွန်းမှ မပြောနိုင်တော့ချေ။

လခွမ်းတဲ့မှ။

ငါ သရဲကို မြင်နေတာလား။ ဒါမှမဟုတ် စိတ်ချောက်ချားနေတာလား။

တစ်ချိန်တည်းမှာပင်။

ခြံတံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် ပစ္စုပ္ပန်ရွာအတွင်းရှိ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူများ ထားရစ်ခဲ့သော ကာကွယ်ရေးအစီအရင်များအားလုံး အလိုအလျောက် ပွင့်လာခဲ့သည်။

အမှောင်ထုထဲတွင် ဝိညာဉ်ဆိုး(၅)ကောင်ထဲမှ တစ်ကောင်က သွေးနီရောင်မျက်လုံးများကို ဖွင့်လိုက်ပြီး အစိမ်းရောင်အုတ်ကြွပ်မိုးအိမ်လေးထဲသို့ ကျူးကျော်လာသူကို ပစ်မှတ်ထားလိုက်သည်။

မဟာယန် ဓားအသိက အသံကျယ်ကြီးဖြင့် ဟစ်အော်ကာ ကျူးကျော်သူ၏ မျက်ခုံးနှစ်ခုကြားသို့ တည့်တည့် ချိန်ရွယ်၍ ပျံသန်းလာသည်။

တာအိုအစီအရင်ကြီးပွင့်လာပြီး ကျူးကျော်သူကို နေရာမှာတင် ရပ်တန့်သွားစေကာ လှုပ်ရှားမရအောင် ပြုလုပ်လိုက်သည်။

ထို့နောက် လီယဲ့ ဖန်တီးထားသော တန်ခိုးရှင်အဆင့် ရတနာလက်နက် ထောင်ပေါင်းများစွာ၊ ဝူဟွေ့၏ မှင်တံ၊ လင်းလုအသုံးပြုခဲ့ပြီးသောလှံ၊ ချင်းဖုန်းဟော်၏ကိုယ်ပွား စသည်တို့ အားလုံး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။

ကျူးကျော်သူက ကောင်းကင်ထောက်တိုင်နယ်ပယ်ကျင့်ကြံသူဖြစ်လျှင်ပင် ချက်ချင်း ဖျက်ဆီးခံရမည် ဖြစ်သည်။

အခြေအနေအရေးကြီးနေသဖြင့် တွမ့်ယာက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"ဧကရာဇ်။ သတိထား။"

သို့သော် တားဆီးရန် အချိန်နှောင်းသွားပြီ ဖြစ်သည်။

ထိုအချိန်လေးမှာပင် မုန့်အန်းအန်းက မိုးကြိုးပစ်ခံရသလို ဖြစ်သွားပြီး သူ၏မျက်လုံးကျယ်ကြီးများက အလွန်တောက်ပသော အလင်းရောင်များဖြင့် တောက်ပလာသည်။

ဧကရာဇ်...

ဖေဖေ တကယ်ပြန်လာတာပဲ။

မုန့်အန်းအန်း၏မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာပြီး အလွန်လျင်မြန်သော တုံ့ပြန်မှုဖြင့် အနက်ရောင်ဝတ်လူငယ်၏အရှေ့ ဝင်ရပ်ကာ သေးသွယ်သော ခန္ဓာကိုယ်လေးဖြင့် အကြောက်အလန့်မရှိ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ မျက်လုံးမှိတ်ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"ငါ့ဖေဖေကို ဒုက္ခမပေးနဲ့။"

သူက သေမင်းကို စောင့်ဆိုင်းနေသကဲ့သို့ မျက်လုံးမှိတ်ထားသည်။ ငယ်စဉ်ကတည်းက ဧကရာဇ်၏ ပုံပြင်များကိုကြားဖူးပြီး ဖခင်ဖြစ်သူမှာ အလွန်စွမ်းအားကြီးကြောင်း သိထားသော်လည်း တစ်ဖက်လူ၏ မည်သူဖြစ်ကြောင်းကို အတည်ပြုလိုက်နိုင်ချိန်တွင် မုန့်အန်းအန်းက ကာကွယ်ပေးချင်စိတ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သူ၏ခေါင်းထဲတွင် ဟာလာဟင်းလင်းဖြစ်သွားပြီး တစ်ခုတည်းသောအတွေးသာ ရှိတော့သည်။

နေ့ရောညပါ လွမ်းဆွတ်တမ်းတနေရသူကို နောက်တစ်ကြိမ် ထပ်ပြီးပျောက်ကွယ်သွားခွင့် မပေးနိုင်ဘူး။

ဆယ်စက္ကန့်ကျော်ကြာမှသာ မုန့်အန်းအန်းက မျက်လုံးတစ်ဖက်ကို သတိထား၍ ဖွင့်ကြည့်လိုက်ကာ အခြေအနေကို ခိုးကြည့်ရဲတော့သည်။

သို့သော် သူ၏ရှေ့တွင် နူးညံ့စွာပြုံးနေသော ရုပ်ရည်ချောမောသည့် လူငယ်တစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရပြီး သူ၏အနောက်တွင် ရတနာလက်နက် ထောင်ပေါင်းများစွာ၊ ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်နေသောဝိညာဉ်ဆိုး၊ တောင်ကြီးတစ်လုံးပမာကြီးမားသော စုတ်တံနှင့်မှင်အိုး၊ လင်းလက်နေသော ဓားအသိ... အားလုံးက လေထဲတွင် ရပ်တန့်နေကြ၏။

ထိုအခါမှသာ မုန့်အန်းအန်းက မျက်လုံးများကို အပြည့်အဝဖွင့်ရဲပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ နေရာတွင် ရပ်နေရင်း တစ်ခဏမျှ ရှက်ရွံ့သွားကာ မျက်နှာများ နီရဲလာပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် တီးတိုး ရေရွတ်လိုက်သည်။ "...ဖေဖေ။"

စောစောကရှိခဲ့သောသတ္တိများမှာ လေထွက်သွားသော ဘောလုံးပမာ ချက်ချင်းပင် ပျောက်ကွယ်၍ သွားတော့သည်။

မုန့်ချင်ကျိုးလည်း ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။ ဤအချိန်တွင် သူသည် လောကကြီးတွင် အပျော်ရွှင်ဆုံးလူဖြစ်နေသလို ခံစားရသလို ကောင်းကင်တာအိုထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်နေရသလိုလည်း ခံစားရသည်။ ဘယ်ကနေစပြောရမှန်းမသိ ဖြစ်နေပြီး အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေကာ ပြောချင်နေသော စကားများအားလုံးကို မျိုချလိုက်ပြီး နောက်ဆုံးတွင် နှုတ်ခမ်းဖျားသို့ ရောက်လာသော စကားမှာ တိုတောင်းလှသည်။

"အန်းအန်း၊ ဖေဖေ ပြန်လာတာ နောက်ကျသွားတယ်။"

မုန့်အန်းအန်း၏ မျက်လုံးများတွင် မျက်ရည်များ တဖြည်းဖြည်း ပြည့်လာပြီး မတတ်သာဘဲ ရှေ့သို့ ခြေတစ်လှမ်း တိုးသွားလိုက်သော်လည်း ရှက်ရွံ့စွာဖြင့် နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်ကာ လက်နှစ်ဖက်ဖြင့် အင်္ကျီစကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ထားကာ မျက်နှာချင်း မဆိုင်ရဲတော့ချေ။

နေ့ရောညပါ လွမ်းဆွတ်တမ်းတနေရသော ဖေဖေ ပြန်လာပြီး အသက်ရှင်လျက် အရှေ့တွင် ရပ်နေပြီ။

သူက ခံစားချက်များကို ဘယ်လိုဖော်ပြရမှန်းမသိ ဖြစ်နေခဲ့သည်။

"ဖေဖေ့ကို ဖက်လို့ရမလား။" မုန့်ချင်ကျိုးက လက်နှစ်ဖက်ကိုဆန့်ကာ သတိကြီးစွာဖြင့် မေးလိုက်သည်။

ထိုကဲ့သို့ နှိမ့်ချသော အမူအရာမျိုးက နတ်ဘုရားများ၊ ကောင်းကင်တာအို၏ ဖိအားများကို ရင်ဆိုင်ရချိန်မှာပင် တစ်ခါမှ မဖြစ်ဖူးပေ။ သို့သော် မိမိ၏သွေးသားရင်းချာရှေတွင်တော့ ကြောက်ရွံ့သွားပြီး စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့၏။

သူ တွေးနေမိသည်။

အန်းအန်းက ငါ့ကို အပြစ်တင်မလား။ ဖေဖေဆိုပြီး လက်ခံပါ့မလား။

ငယ်ငယ်ကတည်းက တစ်ခါမှ မမြင်ဖူးသလို ဖခင်မေတ္တာကိုလည်း မခံစားဖူးဘူးလေ။ တစ်ခါတွေ့ရုံနဲ့ ဘယ်လိုလို့ လက်ခံရမှာလဲ။

သို့သော် ခုနက သူ့အရှေ့တွင် ဝင်ရပ်ပြီး "ငါ့ဖေဖေကို ဒုက္ခမပေးနဲ့"ဟု အော်လိုက်သောအချိန်လေးက သူ့ကို မျှော်လင့်ချက် အနည်းငယ် ရောင်ခြည်သန်းစေခဲ့သည်။

သူ လျှောက်တွေးနေစဉ်မှာပင်။

မုန့်အန်းအန်းက နောက်ဆုံးတွင် ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ သူ့ရင်ခွင်ထဲ ပြေးဝင်သွားကာ တင်းကြပ်စွာဖက်ထားပြီး အားရပါးရ ငိုကြွေးတော့သည်။ ငိုရှိုက်ရင်းနှင့်လည်း ပြောနေသေးသည်။

"ဖေဖေ။ မေမေက ဖေဖေ့ကို အရမ်းလွမ်းနေတာ။ အဘိုး ဖုန်းဟော်ကလည်း ဖေဖေ့ကို အရမ်း လွမ်းနေတယ်။ အဘိုး စန်းဟိုင်တို့လည်း ဖေဖေ့ကို အရမ်းအရမ်းအသိရနေကြတယ်..."

မုန့်ချင်ကျိုးက မုန့်အန်းအန်း၏ကျောပြင်လေးကို ဖွဖွလေးပုတ်ပေးရင်း မျက်ဝန်းများ နီရဲလာကာ နူးညံ့သောအသံဖြင့် မေးလိုက်သည်။

"သမီးရော ဖေဖေ့ကို လွမ်းလား။"

မုန့်အန်းအန်းက ငိုသံရပ်သွားပြီး ရှက်ရွံ့စွာဖြင့် ရင်ခွင်ထဲသို့ တိုးဝင်ကာ ခြင်မြည်သံလေးလို တိုးတိုးလေး ဖြေလိုက်သည်။ "အန်းအန်းလည်း ဖေဖေ့ကို လွမ်းတယ်။"

"တောင်းပန်ပါတယ်။ တကယ်ကို တောင်းပန်ပါတယ်။ ဖေဖေ ပြန်လာတာ အရမ်းနောက်ကျသွားတယ်။"

"မနောက်ကျပါဘူး။ နည်းနည်းလေးမှ မနောက်ကျပါဘူး။ ဖေဖေ့မှာ လုပ်စရာတွေ အများကြီး ရှိတယ်ဆိုတာ အန်းအန်း သိပါတယ်။"

ရုတ်တရက်။

မုန့်အန်းအန်း တစ်ခုခုကို သတိရသွားသလို ခေါင်းမော့လာပြီး မျက်ရည်၊ နှပ်ရည်များကို သုတ်ကာ ပြောလိုက်သည်။

"ဖေဖေ၊ မေမေ့ကို အမြန်သွားကူညီပါဦး။"

"မနက်ပိုင်းတုန်းက နန်းတော်ထဲက ခေါင်းလောင်းသံ (၃)ကြိမ်မြည်တယ်။ အဲဒါက တိုင်းပြည်မှာ အန္တရာယ်ကြုံတွေ့နေရတဲ့ အချက်ပြသံပဲ။ မေမေက အဲဒီလူဆိုးတွေကို သွားတားနေတာ ဖြစ်ရမယ်။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး ရုတ်တရက် လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။

"တွမ့်ယာ။"

ခြံတံခါးဝတွင် ရပ်နေပြီး ရှက်လွန်း၍ မြေကြီးထဲသို့သာ ခေါင်းဝှက်ထားချင်နေသော တွမ့်ယာက ဧကရာဇ်၏ခေါ်သံကို ကြားသောအခါ သက်ပြင်းရှည်ကြီး ချလိုက်ပြီး အမြန်ပြန်ဖြေလိုက်သည်။

"အမိန့်ရှိပါ ဧကရာဇ်။"

"အချိန်၊ နေရာနဲ့ ရန်သူက ဘယ်သူတွေလဲ။" မုန့်ချင်ကျိုးက တိုတိုတုတ်တုတ် မေးလိုက်သည်။

တွမ့်ယာ၏ခေါင်းထဲတွင် ဧကရာဇ် လှုပ်ရှားလိုက်ချိန် မတော်တဆထွက်ပေါ်လာသော ဖိအားများကို ပြန်လည်ကြားယောင်နေဆဲဖြစ်သည်။

သေချာတယ်။

ကောင်းကင်နယ်ပယ်ပဲ။

ဧကရာဇ် တာအိုသက်သေပြတာ အောင်မြင်သွားပြီ။။

ထိုသို့တွေးမိသည်နှင့် တွမ့်ယာက စိတ်လှုပ်ရှားစွာ တုန်ယင်လာပြီး အမြန်ဖြေကြားလိုက်သည်။

"တောရိုင်းမြေ ကမ်းရိုးတန်းနယ်စပ်မှာပါ။ နတ်ဘုရားတွေ ကျူးကျော်ဝလာတာပါ။ နေ့လယ်ပိုင်းက တရားဝင် စတိုက်ပါတယ်။ အသေးစိတ် စစ်ရေးအခြေအနေကိုတော့ သေချာမသိရသေးပါဘူး။ အဲဒီဘက်က အချိန်-နေရာလွတ်တွေ လုံးဝကို ကမောက်ကမ ဖြစ်နေပါပြီ။ ကောင်းကင်နယ်ပယ် တန်ခိုးရှင်တွေ တိုက်ခိုက်နေကြတာ ဖြစ်ရမယ်။"

မုန့်ချင်ကျိုး၏မျက်နှာအမူအရာ အေးစက်သွားပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

နတ်ဘုရားတွေ၊ ကောင်းကင်တာအိုရဲ့ ခွေးတွေ။

ငါက မင်းတို့ကို အပြစ်လာမပေးရသေးဘူး။ ကိုယ့်သေတွင်း ကိုယ်လာတူးနေတာပဲ။ ဒီလိုဆိုမှတော့ တာအိုသက်သေပြတုန်းက ကောင်းကင်တာအို ငါ့ကိုလုပ်ကြံခဲ့တဲ့ အကြွေးကို မင်းတို့ဆီကနေ အတိုးနည်းနည်း ပြန်တောင်းရမှာပေါ့။

မုန့်ချင်ကျိုးက မုန့်အန်းအန်း၏ခေါင်းလေးကို ပွတ်သပ်ကာ နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

"ဖေဖေက သူရဲကောင်းလုပ်ပြီးတော့ သမီးမေမေ့ကို သွားကယ်ပြီး အိမ်ပြန်ခေါ်လာခဲ့မယ်။ သမီး အိမ်မှာ ဖေဖေ့ကို လိမ်လိမ်မာမာနဲ့ စောင့်နေမယ်မလား။"

မုန့်အန်းအန်းက နှုတ်ခမ်းစူသွားပြီး သူ့ကိုပါခေါ်သွား၍ရမလားဟု မေးချင်နေခဲ့သည်။

မနည်းပြန်တွေ့ရတာကို တစ်စက္ကန့်လေးမှ ဖေဖေနဲ့ မခွဲချင်ဘူးလေ။ ဒါပေမယ့် သူ လိုက်သွားရင် ဖေဖေနဲ့ မေမေ စိတ်အနှောင့်အယှက် ဖြစ်ရမယ်ဆိုတာကိုလည်း သိနေတယ်။

အန်းအန်းက လိမ္မာတဲ့ကလေးလေ။ ဖေဖေနဲ့မေမေ့ကို ဒုက္ခမပေးပါဘူး။

"ဧကရာဇ်၊ အန်းအန်းလေးကိုပါ ခေါ်သွားလိုက်ပါ။ ကျွန်တော်မျိုး မင်းသမီးလေးကို အနီးကပ် ကာကွယ်ပေးပါ့မယ်။ တကယ်လို့ နည်းနည်းလေးမှ အမှားအယွင်းရှိခဲ့ရင် ကိုယ့်ကိုယ်ကို သတ်သေပြီး အပြစ်ပေးပါ့မယ်။" တွမ့်ယာက အန်းအန်း၏မျက်လုံးထဲမှ စိတ်ပျက်နေမှုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသဖြင့် ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ တောင်းဆိုလိုက်သည်။

မုန့်အန်းအန်း၏မျက်လုံးလေးများ တောက်ပသွားပြီး တွမ့်ယာကို တိတ်တဆိတ် လက်မထောင်ပြကာ အလွန်ချိုသာသော အပြုံးလေးဖြင့် ပြုံးပြလိုက်သည်။

လုံးဝ တန်တယ်။

တွမ့်ယာ၏နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားတော့သည်။

"ဒါ မင်းပြောတဲ့စကားနော်။ အန်းအန်း ဆံပင်တစ်မျှင်ကျွတ်တာနဲ့ မင်းကို အရင်ဆုံး သတ်ပစ်မယ်" မုန့်ချင်ကျိုး၏အသံက အေးစက်နေပြီး မသိမသာ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

တကယ်တမ်း သူက အကြိမ်ပေါင်း သောင်းချီလောက် မခေါ်သွားချင်ခဲ့ပေ။ သို့သော် သားအဖ နှစ်ယောက် ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ရာ သမီးလေးရှေ့မှာ အမြင်ကောင်းလေး ချန်ထားချင်သည်။ အလိုလိုက်သင့်တာကိုတော့ အလိုလိုက်ရပေမည်။ မဟုတ်ဘဲ စိတ်ဆိုးသွားပါက ချော့ရခက်ပေလိမ့်မည်။

"ဧကရာဇ်ရဲ့အမိန့်အတိုင်း လိုက်နာပါ့မယ်။" တွမ့်ယာက အသံကျယ်ကြီးဖြင့် အလွန်ပြတ်သားသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

"ဖေဖေ၊ ပုံပြင်ပြောတဲ့ဆရာကို မဆူပါနဲ့။ သူက လူကောင်းပါ။" မုန့်အန်းအန်းက မုန့်ချင်ကျိုး၏နောက်မှ လိုက်သွားကာ လေထဲတွင် တွဲလောင်းကျနေသော သူ၏လက်ကို စိုက်ကြည့်ရင်း သေးငယ်သော လက်လေးဖြင့် တိတ်တဆိတ် သွားကိုင်လိုက်သည်။ ထိုအခါ တစ်ဖက်လူက ချက်ချင်း ပြန်ဆုပ်ကိုင်လိုက်သဖြင့် ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ချွဲနွဲ့ကာ သတိပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ။

မုန့်ချင်ကျိုး၏ အေးစက်နေသော မျက်နှာအမူအရာက ချက်ချင်း အရည်ပျောအရည်ပျော်ကျသွားပြီး နူးညံ့စွာ ပြုံးကာ ပြန်ပြောလိုက်သည်။

"မဆူပါဘူး။ ဖေဖေက ဘယ်တုန်းကမှ မဆူတတ်ပါဘူး။ အန်းအန်း အမြင်မှားတာပါ။"

"အရာရှိကြီး မြန်မြန် ထပါ။ ငါ မင်းတို့ကို ခေါ်သွားမယ်။ သေချာ ထိုင်ကြ။"

မုန့်အန်းအန်းက ရယ်မောလိုက်ပြီး တွမ့်ယာမှာမူ ကြက်သီးမွေးညင်းများ ထသွားကာ မျက်လုံးများက ထူးဆန်းစွာ ကြည့်နေတော့သည်။

လခွမ်းတဲ့မှ။

ဧကရာဇ်က အရင်ကလိုပဲ အေးစက်စက်နေတာ ပိုကောင်းတယ်။ ဒီလိုပုံစံကြီးက တကယ် ကြောက်စရာကောင်းတယ်။

အချိန်-နေရာလွတ်မြစ်တစ်ခုက တဝုန်းဝုန်းနှင့် ရောက်ရှိလာပြီး သူတို့သုံးယောက်ကို တင်ဆောင်ကာ ပျောက်ကွယ်သွားတော့သည်။

စိတ်ကူးတစ်ချက်နှင့်တင် ပြီးမြောက်နိုင်သောကိစ္စအတွက် တမင်သက်သက် အချိန်-နေရာလွတ်မြစ်ကို ခေါ်ယူလိုက်သေးသည်။

ဘာကြောင့်မှန်းမသိသော်လည်း မုန့်ချင်ကျိုးက ဟန်ရေးပြချင်သောစိတ်များ တကြွကြွ ဖြစ်နေသလို ခံစားရသည်။ သမီးလေးရှေ့တွင် သူ့ကိုယ်သူ မည်မျှစွမ်းအားကြီးကြောင်းကို အစွမ်းကုန် ပြသချင်နေမိသည်။ ဟန်ရေးပြရမည့်ကိစ္စများကို အကုန်လုပ်ပြမည်။

ယနေ့တွင် အန်းအန်းကို သူ့ဖေဖေက မည်မျှကြီးကျယ်ခမ်းနားသော ယောကျ်ားကောင်း ဖြစ်ကြောင်း သေချာပေါက် သိစေရပေမည်။

…

All Chapters