အခန်း ၃၈၈
Vol. 27 Ch. 388
အပိုင်း(၃၈၈) နတ်ဘုရားများ၏အပူသည်တေး၊ နတ်ဘုရားအနှစ်သာရများ သိမ်းယူခြင်း
ကမ်းရိုးတန်းဒေသ။
အဆုံးအစမရှိသော ပင်လယ်ရေပြင်အောက်ခြေတွင် မိုးထိမတတ် မြင့်မားလှသော ပင်လယ်ရေများ အဆက်မပြတ်အငွေ့ပျံနေပြီး ပင်လယ်ရေမျက်နှာပြင်က မျက်စိဖြင့်မြင်နိုင်လောက်သော အရှိန်ဖြင့် ကျဆင်းသွားကာ ကောင်းကင်နယ်ပယ် တန်ခိုးရှင်များစွာတို့သည် ရေနက်ပိုင်းတွင် တိုက်ပွဲဆင်နွှဲနေကြသည်။
နတ်ဘုရား(၂၀၀)ကျော်သည်လည်း မဟာကျင်းတိုင်းပြည်မှ ကောင်းကင်ထောက်တိုင်နယ်ပယ် (၂၀)နှင့်အတူ သိန်းချီသောစစ်သည်များနှင့် ရောထွေ တိုက်ခိုက်နေကြသည်။
ကြီးမားကျယ်ပြန့်သော ဖျက်ဆီးခြင်းအာဏာများရှိသည့်၊ ဧကရာဇ်အဆင့် အခင်းအကျင်းများကို နှိမ်နင်းနိုင်စွမ်းရှိသည့် နတ်ဘုရားများကို မဟာကျင်း၏ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူများက ပစ်မှတ်ထား တိုက်ခိုက်နေကြသည်။
စစ်ရေးအခြေအနေမှာ အကြိတ်အနယ် ရှိနေ၏။
အဆုံးအစမရှိသော ပင်လယ်ရေပြင်အောက်ခြေတွင် ချုံးသည် ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီးကို ထိန်းချုပ်ကာ ယွီထန်နှင့် ကောင်းကင်နယ်ပယ်တစ်ပိုင်း နတ်ဘုရား(၆)ပါးကို တစ်ယောက်တည်း၏စွမ်းအားဖြင့် ရင်ဆိုင်နေသည်။
ကောင်းကင်နယ်ပယ်တစ်ပိုင်း နတ်ဘုရား(၆)ပါး၏ အကူအညီပါလာသဖြင့် ယွီထန်၏ အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာပြီး ယခင်ကကဲ့သို့ အထိနာနေခြင်း မရှိတော့ဘဲ သိုင်းပညာ အာဏာ၏ အစွမ်းသတ္တိများကို အပြည့်အဝ ထုတ်ဖော်နိုင်လာသည်။
"အရင်တုန်းက ကောင်းကင်တာအိုဟာ ရှေးဟောင်းကောင်းကင်ခုံရုံးကို ဖျက်ဆီးပစ်ခဲ့ပေမယ့် ကောင်းကင်ခုံရုံးရဲ့ အပိုင်းအစတစ်ထောင့်တစ်နေရာက လွတ်ကျန်ရစ်ပြီး မင်းရဲ့လက်ထဲကို ရောက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
လူငယ်ရုပ်သွင်နှင့် နတ်ဘုရားက လက်တစ်ဖက်ဖြင့် [စစ်သည်များအားလုံးရှေ့သို့ချီတက်] ဟူသော လက်ကွက်ကို ဖွဲ့စည်းလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဇန်ဗုဒ္ဓဘာသာ အန္တိမလျှို့ဝှက်မန္တန်ကို ဖွဲ့စည်းလိုက်သည်။
ဘယ်ခြေထောက်ဖြင့် [ကောင်းကင်ကြယ်ခုနစ်ပွင့်ခြေလှမ်း]ကို နင်းလိုက်ပြီး ညာဘက်ခြေထောက်ဖြင့် [တစ်လှမ်းတည်းနှင့်ကမ္ဘာအဆုံး]ကို လှမ်းလိုက်သည်။
သူ၏ဟန်ပန်မှာ ပြိုင်ဘက်ကင်းအသွင်အပြင်ကို အပြည့်အဝ ဖော်ပြနေ၏။
အရှေ့ဘက်ရှိ ကောင်းကင်နယ်ပယ်တစ်ပိုင်း နတ်ဘုရား(၆)ပါးက ဒိုင်းကာအဖြစ်နေရာယူကာ သူတို့၏ အာဏာများဖြင့် ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီးကို ခုခံတားဆီးထားသည်။
"ကောင်းကင်ခုံရုံးရဲ့ အပိုင်းအစက နတ်ဘုရားတွေရဲ့အာဏာကို နှိမ်နင်းနိုင်စွမ်း ရှိတယ်ဆိုတာ မှန်ပေမယ့် အရမ်းလေးလံလွန်းတယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ် အလယ်အလတ်စွမ်းအားလေးနဲ့ ကောင်းကင်ခုံရုံး အပိုင်းအစတစ်ခုကို သယ်ဆောင်ထားတာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ။"
"နတ်ဘုရားတွေဆီမှာ အညံ့ခံလိုက်စမ်းပါ။ တောရိုင်းမြေ ပျက်စီးပြီးတော့ လူသားမျိုးနွယ်တွေ မျိုးတုံးသွားတဲ့အခါ မျိုးနွယ်စုပေါင်းစုံက ဒီလောကကြီးရဲ့ ဇာတ်လိုက်အသစ်တွေ ဖြစ်လာလိမ့်မယ်။ မင်းက မျိုးနွယ်စုပေါင်းစုံရဲ့ ပထမဆုံးအရှင်သခင် ဖြစ်လာပြီးတော့ လူသားတွေရဲ့ ပထမဆုံးလူသားဧကရာဇ်နဲ့တောင် ယှဉ်နိုင်လိမ့်မယ်။"
"ဘယ်လိုလဲ။" ယွီထန်က ပြောလိုက်သည်။
ချုံး၏မျက်နှာမှာ အနည်းငယ် ဖြူရော်နေသော်လည်း စကားတစ်ခွန်းမှမဟဘဲ ရှေးဟောင်းနတ်ဘုရား မြို့တော်ကြီးကို ထိန်းချုပ်ကာ ကောင်းကင်နယ်ပယ်တစ်ပိုင်း နတ်ဘုရား (၆)ပါးကို တစ်ဖက်သတ် ဖိနှိပ်ထားသည်။
သို့သော်လည်း နောက်ကွယ်မှ ယွီထန် အထိုင်ချကာ အဆက်မပြတ် နှောင့်ယှက်နေသဖြင့် ချုံးသည် မျက်စိရှေ့ရှိ နှောင့်ယှက်နေသော(၆)ကောင်ကို အမြန် မရှင်းလင်းနိုင်သေးပေ။
"မျိုးနွယ်စုပေါင်းစုံဖြစ်ဖြစ်၊ လူသားမျိုးနွယ်ဖြစ်ဖြစ်၊ သက်ရှိအားလုံးပဲဖြစ်ဖြစ် နင်နဲ့ ဘာမှမဆိုင်ဘူး။ အခု ငါလုပ်ချင်တာ တစ်ခုတည်းပဲ ရှိတယ်"
"နတ်ဘုရားတွေကို သတ်ဖြတ်ပြီး၊ ငါ့သခင်ကြီး အဆုံးမသတ်နိုင်ခဲ့တဲ့ ကိစ္စကို ပြီးမြောက်အောင်လုပ်ဖို့ပဲ"
ချုံးက သွားကြားထဲမှ ခက်ခက်ခဲခဲ စကားအနည်းငယ်ကို ညှစ်ထုတ်လိုက်သည်။
"ရှေးဟောင်းနတ်ဘုရားမြို့တော်ရဲ့ စတုတ္ထမြောက်တားမြစ်ချက်၊ ပွင့်စမ်း။"
ထွီး။
ချုံး၏မျက်နှာ နီရဲလာပြီး သွေးများ အန်ကျလာသည်။ သူ၏နဖူးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ထိုအက်ကွဲကြောင်းများထဲတွင် ကမ္ဘာဦး ဖရိုဖရဲလေပြေများ စုစည်းနေကာ ရှေးဟောင်းနတ်ဘုရား မြို့တော်ကြီးနှင့် ချိတ်ဆက်သွား၏။
ရှေးဟောင်းနတ်ဘုရား မြို့တော်ကြီး၏ဖိအားက ပိုမို၍ နက်ရှိုင်းပြင်းထန်လာပြီး ကောင်းကင်နယ်ပယ် နှောင်းပိုင်းသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
နတ်ဘုရားမြို့တော်က ချုံးကို အရှင်သခင်အဖြစ် အသိအမှတ်ပြုထားရာ တားမြစ်ချက် ပွင့်သွားပြီးနောက် ဖြစ်ပေါ်လာမည့်ဖိအားများကိုလည်း ချုံးတစ်ယောက်တည်းကသာ ထမ်းပိုးရမည် ဖြစ်သည်။
ချုံး၏ ရုပ်ခန္ဓာကိုယ်မှာ ပြိုကွဲလုနီးပါး ဖြစ်နေပြီးနောက် ဝိညာဉ်မှာလည်း ဖိနှိပ်ခံရသဖြင့် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေ၏။
ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်စဉ်စွမ်းအားဖြင့် ကောင်းကင်နယ်ပယ်နှောင်းပိုင်းနှင့် အထွတ်အထိပ်နီးပါးရှိသော ကောင်းကင်ခုံရုံး အပိုင်းအစကို သယ်ဆောင်ထားရခြင်း ဖြစ်သည်။ သူသာ မွေးရာပါ နတ်ဘုရားတစ်ပါး မဟုတ်ခဲ့လျှင် ကမ္ဘာဦး ဖရိုဖရဲလေပြေ၏အကူအညီ မပါခဲ့ပါက ယခုအချိန်ဆိုလျှင် ရုပ်ရောနာမ်ပါ ပျက်စီးသွားလောက်ပြီဖြစ်သည်။
ယွီထန်၏မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အရူးမ။"
"ဒီအတိုင်းသာ ဆက်သွားရင် မင်း သေချာပေါက် သေလိမ့်မယ်။"
"မျိုးနွယ်စုပေါင်းစုံက လူသားတွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတာ။ ဟွမ်သားရဲမျိုးနွယ်စုဆိုရင်လည်း လူသားတွေရဲ့ ဖျက်ဆီးတာ ခံခဲ့ရတာပဲ။"
"မဟာကျင်းဧကရာဇ်ကို အလောတကြီး တာအိုသက်သေပြခိုင်းပြီး သေဆုံးသွားရတဲ့ အဓိက အကြောင်းရင်းကလည်း လူသားတွေကိုယ်တိုင်ပဲ။ ကောင်းကင်ကြည့်ဆောင်က အဆက်မပြတ် ဖိအားပေးခဲ့လို့။ လူသားမျိုးနွယ်အတွင်းက အကွဲအပြဲတွေနဲ့ တိုက်ပွဲတွေကြောင့် ဒီလိုဖြစ်ရတာပဲ။ ဘယ်လိုပဲကြည့်ကြည့် မင်းရဲ့ ရန်သူက လူသားမျိုးနွယ် ဖြစ်သင့်တာ။"
"ဘာလို့ မင်းက နတ်ဘုရားတွေကိုပဲ အငြိုးထားနေရတာလဲ။"
နှစ်ပေါင်းများစွာတိုင်အောင် ရေတွင်းဟောင်းတစ်ခုလို လှိုင်းမထဘဲ တည်ငြိမ်နေခဲ့သော ယွီထန်၏ စိတ်အခြေအနေက ယခုအခါ မထိန်းသိမ်းနိုင်တော့ဘဲ၊ ဒေါသစိတ်များ ရင်ဘတ်ထဲတွင် ပြည့်လျှံလာတော့သည်။
လခွမ်းပဲ။ ဘယ်လောက်တောင် မတရားလိုက်လဲ။
မဟာကျင်းဧကရာဇ် သေဆုံးသွားချိန်တုန်းက နတ်ဘုရားတွေက အဆုံးအစမရှိတဲ့ ပင်လယ်ရေပြင် အောက်ခြေမှာ အသံတိတ်ပုန်းနေခဲ့ကြတာကို ဘယ်လိုလုပ်ပြီး ချုံးရဲ့ မက်လုံးထဲမှာ ရန်သူတွေ ဖြစ်သွားရတာလဲ။
ချုံးက သွေးအန်နေရင်း ခက်ခက်ခဲခဲ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့... ငါ့သခင်ကြီး ငါ့ကို စိတ်ဆိုးမှာ ကြောက်လို့ပဲ။"
"ဒီတစ်နှစ်နီးပါးအတွင်းမှာ ငါက ကောင်းကင်ကြည့်ဆောင်ရဲ့ခြေရာကို အဆက်မပြတ် လိုက်ရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး။ မဟာကျင်းတိုင်းပြည်ကျတော့လည်း ငါ့သခင်ကြီး ပင်ပင်ပန်းပန်း တည်ထောင်ထားခဲ့တာဆိုတော့ သူတို့အပေါ် ဒေါသမပုံရဲဘူး။ နင်တို့ကပဲ... အသင့်တော်ဆုံး ဖြစ်နေတာကိုး။"
ယွီထန်၏မျက်စိရှေ့ မှောင်မိုက်သွားပြီး သွေးတစ်လုတ် အန်မထွက်မိအောင် မနည်းထိန်းလိုက်ရသည်။
လခွမ်းတဲ့မှ။
မင်းမှာ ဒေါသထွက်စရာနေရာမရှိလို့ နတ်ဘုရားတွေကို သဲအိတ်လို လုပ်လိုက်တာပေါ့။
"ပြောရတာပျင်းလာပြီ၊။ အိပ်ချင်လိုက်တာ။ အရင်တုန်းက သခင်ကြီးရဲ့ပခုံးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ပြီး ကောင်းကင်ခုံရုံးတစ်ခွင် လျှောက်လည်ပြီးတော့ ကမ္ဘာဦးစကြဝဠာကို ဖြတ်သန်းခဲ့သလိုမျိုးပေါ့..."
"မအိပ်ခင်... နင်တို့ကို အရင်ရှင်းပစ်ရမယ်။"
ချုံး၏မျက်လွှာများ ကျဆင်းလာပြီး နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေတွင် ရှေးဟောင်းနတ်ဘုရား မြို့တော်ကြီးတစ်ခုလုံးကို ထိန်းချုပ်ကာ ကောင်းကင်နယ်ပယ်တစ်ပိုင်း နတ်ဘုရား(၆)ပါးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပစ်ပေါက်လိုက်သည်။
ပင်လယ်နတ်ဘုရား၊ ကြယ်ပတ်လမ်းနတ်ဘုရား၊ သဲပွင့်နတ်ဘုရား၊ ကံကြမ္မာနတ်ဘုရား၊ စိတ်နှလုံး နတ်ဘုရား၊ စည်းမျဉ်းနတ်ဘုရား (၆)ပါးစလုံး၏ မျက်နှာများ အပြင်းအထန် ပြောင်းလဲသွားကြသည်။
သူတို့က ရှောင်တိမ်းရန် ပြင်လိုက်သော်လည်း ရှေးဟောင်းနတ်ဘုရား မြို့တော်ကြီးမှ ကမ္ဘာဦး၏ အဆုံးအစမရှိ ကြီးမားလှသော အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး သူတို့ကို သော့ခတ်ထားလိုက်သဖြင့် မည်သည့်နေရာကိုမှ ရှောင်ပုန်း၍မရနိုင်တော့ကြောင်း တွေ့လိုက်ရသည်။
မတတ်သာတော့သဖြင့် အံကြိတ်၍ ခုခံရန်သာ ရှိတော့သည်။
သို့သော် နတ်ဘုရားများ၏အာဏာများက ကောင်းကင်ခုံရုံး၏ အပိုင်းအစပေါ်တွင် အရာမထင်ပေ။
ဝုန်း။
ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီးက သံတူကြီးအလား ရိုက်ချလိုက်ရာ ကောင်းကင်နယ်ပယ်တစ်ပိုင်း နတ်ဘုရား(၆)ပါးကို ပင်လယ်ကြမ်းပြင်အောက်သို့ တိုက်ရိုက်ထိုးချလိုက်သည်။ အဆုံးအစမရှိသော ပင်လယ် ရေပြင်ကြီးတွင် မိုင်ထောင်ချီကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခု ပေါက်ကွဲထွက်လာပြီးနောက် လေဟာနယ် ဧရိယာတစ်ခု ဖြစ်ပေါ်သွားသည်။
ထိုဧရိယာကိုဝန်းရံထားသော နေရာလွတ်များအားလုံး ပြိုကွဲနေသည်။
ယွီထန်၏ မျက်ထောင့်များ ရူးသွပ်စွာဖြင့် လှုပ်ခါသွားပြီး တွင်းနက်ကြီးထဲသို့ လှမ်းကြည့်လိုက်ရာ ထိုအထဲတွင် ပင်လယ်နတ်ဘုရား၊ ကြယ်ပတ်လမ်းနတ်ဘုရား၊ ကံကြမ္မာနတ်ဘုရား၊ စိတ်နှလုံးနတ်ဘုရားတို့သည် အရိုးပင်မကျန်အောင် အထုခံလိုက်ရပြီး စိန်ပွင့်ပုံစံ နတ်ဘုရားအနှစ်သာရ(၄)ခုက တွင်းနက်ကြီးအောက်ခြေတွင် ရှိနေကာ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်ပြီး ကောင်းကင်တာအိုသို့ ပြန်ဝင်ရောက်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။
စည်းမျဉ်းနတ်ဘုရားနှင့် သဲပွင့်နတ်ဘုရားတို့သာ ဤဘေးမှ သီသီလေး လွတ်မြောက်သွားသော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေကြသည်။
"နတ်ဘုရားသေသွားပေမယ့် မီးအိမ်က မငြိမ်းသေးပါဘူး။ ပြန်လည်ရှင်သန်လာဦးမှာပါ။ ဒါပေမယ့် မင်းကရော ကောင်းကင်ခုံရုံးအပိုင်းအစကို ဘယ်နှစ်ခါများ ထပ်ပြီးတော့ ပစ်ပေါက်နိုင်ဦးမှာလဲ။" ယွီထန်၏ မျက်လုံးများ အေးစက်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။
သူ၏ သတ်ဖြတ်ချင်စိတ်က ပြတ်သားနေသည်။
ဒီလို ဦးနှောက် ပုံမှန်မဟုတ်တဲ့ အရူးမ သေချာပေါက် သေရမယ်။
ချုံး၏ ကိုယ်နေဟန်ထားက ယိုင်နဲ့နဲ့ ဖြစ်နေသော်လည်း အေးဆေးစွာဖြင့် ပြုံးရင်း ပြောလိုက်သည်။ "အသက်ကိုမီးရှို့လိုက်ရင် နောက်တစ်ခါ ထပ်ပြီးတော့ ပစ်ပေါက်နိုင်သေးတယ်။ နင့်ကို ကောင်းကင်တာအိုဆီ ပြန်ပို့ပေးဖို့တော့ လောက်ပါတယ်။"
ထိုစကားကိုကြားသောအခါ ယွီထန်၏သတ်ဖြတ်လိုစိတ်များ ခဏရပ်တန့်သွားပြီး မျက်မှောင်ကြုတ်ကာ သူ့ကိ စိုက်ကြည့်ရင်း မသိမသာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
နတ်ဘုရားအနှစ်သာရ၏အဆင့် မြင့်မားလေလေ ပြန်နိုးထမည့်အရှိန် နှေးကွေးလေလေ ဖြစ်သည်။ သူသာ သေဆုံးပြီး ကောင်းကင်တာအိုသို့ ပြန်လည်ဝင်ရောက်သွားပါက နောက်တစ်ကြိမ် ပြန်လည်နိုးထလာမည့် အချိန်သည် နှစ်ဆယ်ချီ၊ ရာချီ ကြာမြင့်သွားနိုင်သည်။
ရုတ်တရက်။
ကျောက်စိမ်းကဲ့သို့ဖြူဝင်းသော လက်တစ်ဖက်က ချုံး၏ပခုံးပေါ်သို့ ဖွဖွလေး တင်လာပြီးနောက် နောက်ကျောဘက်မှ အေးစက်ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"နင်သာသေသွားရင် ငါ ချင်ကျိုးကို ရှင်းပြလို့ရမှာ မဟုတ်ဘူး။ သေချာအသက်ရှင်အောင် နေပါ။ ယွီထန်ကို ငါ ဆက်ပြီးတော့ ရင်ဆိုင်လိုက်မယ်။"
တုန်းဖန်လျူလီ တစ်ကိုယ်လုံး သွေးများရွှဲနစ်နေပြီး ရာချီသော နတ်ဘုရားများထဲမှ သွေးထွက်သံယို လမ်းကြောင်းတစ်ခုကို ဖောက်ထွက်လာခြင်း ဖြစ်သည်။ သူ၏နောက်တွင် အလောင်းပေါင်းဆယ်ချီ လဲကျနေပြီး မြေပြင်အနှံ့ ကျန်ရစ်နေသော နတ်ဘုရားအနှစ်သာရများမှာ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေကြသည်။
ချုံးက သူ၏ပခုံးပေါ်ရှိ ဖြူဝင်းသောလက်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားကာ ရုန်းထွက်ခြင်းမပြုလုပ်ဘဲ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"နင်က သူ့ပြိုင်ဘက် မဟုတ်ဘူး။ အတင်းမကြိုးစားနဲ့။"
"ဘယ်လိုပဲဖြစ်ဖြစ် သခင်ကြီးက အတိတ်ကကိစ္စတွေကို မှတ်မိတာမှ မဟုတ်တာ။ ငါသေသွားလည်း သူ အရမ်းဝမ်းနည်းမှာ မဟုတ်ဘူး။ နင်ကတော့ မတူဘူးလေ။ နင်က သူ့ရဲ့ တစ်ဦးတည်းသော ဇနီးသည်ပဲ..."
ယွီထန်၏နဖူးတွင် သွေးကြောများ ထောင်ထလာပြီး ဒေါသပေါက်ကွဲတော့မည့်အချိန်။
ထိုအချိန်မှာပင်။
နူးညံ့အေးချမ်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ "ငါက မင်းအတွက် ဝမ်းနည်းမှာ မဟုတ်ဘူးလို့ ဘယ်သူပြော။လဲ"
ယွီထန်က တိုက်ခိုက်ရန်ပြင်နေစဉ် ဤအသံကိုကြားလိုက်ရာတွင် အချုပ်ခံလိုက်ရသကဲ့သို့ နေရာတွင် တောင့်တင်းသွားပြီး မျက်ဆံများ ကျုံ့ဝင်သွားကာ အရပ်လေးမျက်နှာသို့ လှမ်းကြည့်လိုက်သည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
အဲဒီလူရဲ့ အသံပဲ။
ကမ်းရိုးတန်း စစ်မြေပြင်တစ်ခုလုံးရှိ ကျန်ရှိနေသော နတ်ဘုရားရာကျော်နှင့် မဟာကျင်းတိုင်းပြည်မှ ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၉)ယောက်စလုံး တိုက်ပွဲကို ရပ်တန့်လိုက်ကြသည်။ သန်းချီသော စစ်တပ်ကြီးလည်း တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြရာ စစ်ပွဲစက်ယန္တရားကြီးတစ်ခုကို ခေတ္တရပ်နားခလုတ် နှိပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
မည်သည့် စွမ်းအား၊ ကျင့်စဉ်မှ မပါဝင်ပေ။
ဤစကားတစ်ခွန်းတည်းဖြင့် လူနှင့်နတ်ဘုရားကြားရှိ ရာစုနှစ်စစ်ပွဲကြီးကို ရပ်တန့်သွားစေခဲ့သည်။
"ဧကရာဇ်..."
"အဲဒါ ဧကရာဇ်မင်းမြတ်ရဲ့အသံပဲ။" စုချင်ချိုး၏ သွယ်လျသောခန္ဓာကိုယ်လေး တုန်ယင်သွားပြီး မျက်လုံးများထဲတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။
ဝူတျဲက ပြင်းထန်သော ဒဏ်ရာရထားသည့် ခန္ဓာကိုယ်ကိုဆွဲ၍ သွေးများက မျက်စိအမြင်အာရုံကို နီရဲနေစေသော်လည်း ရုတ်တရက် ပြုံးရယ်လိုက်သည်။
ဧကရာဇ်၊ အဲဒါ ဧကရာဇ်ရဲ့ အသံပဲ။
ဧကရာဇ် ပြန်လာပြီ။
"အဘိုးကြီး။ ငါ ဘာပြောခဲ့လဲ။ ဧကရာဇ်က အနာဂတ်လူသားဧကရာဇ် သေချာပေါက် ဖြစ်လာမယ်လို့ ပြောခဲ့တယ်လေ။" လီကွမ်ယန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ဝမ်ရှန်ကျား၏မျက်နှာမှာ မှင်သက်နေပြီး ကောင်းကင် အရပ်လေးမျက်နှာသို့ လှမ်းကြည့်နေသော်လည်း ထိုလူ၏အရိပ်အယောင်ကို လုံးဝ မတွေ့ရချေ။ ယခုဖြစ်ပျက်နေသော ထူးဆန်းသည့် အခြေအနေများသာ မရှိပါက သူကိုယ်တိုင် အကြားအာရုံ ချောက်ချားနေသည်ဟု ထင်မိမည်ဖြစ်သည်။
တကယ် ပြန်လာတာလား။
တာအိုသက်သေပြတဲ့နေ့က တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ။ ဘာလို့ တစ်နှစ်လောက်ကြာမှ ပြန်ရောက်လာရတာလဲ။
နတ်ဘုရားများကြားတွင် ပြိုကွဲထွက်ပြေးမည့်အခြေအနေများ ပေါ်ပေါက်လာသည်။
ဧကရာဇ်က လောကကြီးအပေါ် ချန်ထားရစ်ခဲ့သည့် အထင်အမြင်က အလွန် နက်ရှိုင်းလှ၏။ သူက ရဲရဲဝင့်ဝင့် ထိပ်တိုက်ရင်ဆိုင်ရဲပြီဆိုကတည်းက အရာအားလုံးကို ဖိနှိပ်နိုင်သည့် ယုံကြည်မှု ရှိနေသည်ကို ကိုယ်စားပြုသည်။
အရေးအကြီးဆုံးမှာ ထပ်တလဲလဲ အတည်ပြုချက်များအရ မဟာကျင်းဧကရာဇ်တွင် နတ်ဘုရားများကို မြေမြှုပ်သင်္ဂြိုဟ်နိုင်သည့် စွမ်းအားရှိကြောင်း နတ်ဘုရားများ အခိုင်အမာ ယုံကြည်ထားကြသည်။ သူသည် နတ်ဘုရားများကို ကောင်းကင်တာအိုသို့ ပြန်လည်မဝင်ရောက်နိုင်စေဘဲ လုံးဝ သေဆုံးသွားစေနိုင်သည်။
သဲပွင့်နတ်ဘုရားက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"အချိန်-နေရာလွတ် ဓားသူတော်စင်၊ မဟာကျင်းဧကရာဇ်... ဟားဟား။ ဘာများ ကြောက်နေရမှာလဲ။ မမေ့ကြနဲ့။ သူ တာအိုသက်သေပြတာ ကျရှုံးခဲ့တာပဲ။ ကံကောင်းလို့ အသက်ရှင်နေရင်တောင် ဘာဖြစ်လဲ။ ကောင်းကင်ထောက်တိုင်နယ်ပယ်လောက်က ဒီအခြေအနေကို မပြောင်းလဲနိုင်ပါဘူး။"
"နတ်ဘုရားတွေက ကောင်းကင်နဲ့မြေကြီးကို သေချာပေါက် နောက်တစ်ကြိမ် လွှမ်းမိုးအုပ်စိုးရလိမ့်မယ်။"
ထိုစကားကိုကြားမှသာ၊ နတ်ဘုရားများ ပြန်သတိရသွားသည်။
မဟာကျင်းဧကရာဇ် အသက်ရှင်နေရင်ရော ဘာဖြစ်လဲ။ သူ တာအိုသက်သေပြတာ ကျရှုံးခဲ့တာပဲလေ။
အရှက်ကွဲမှာကြောက်လို့ ဒီတစ်နှစ်လုံးလုံး အမှောင်ထဲမှာ ပုန်းပြီးတော့ ဒဏ်ရာတွေကို ကုသနေခဲ့တာ ဖြစ်နိုင်တယ်။ ဒီနေ့မှသာ အနိုင်နိုင်ပြန်ကောင်းလာတာ ဖြစ်မယ်။
ယွီထန်က ချုံး၏အင်အားများ လုံးဝ ကုန်ခန်းသွားသည်အထိ အချိန်ဆွဲထားနိုင်လျှင် ကောင်းကင်ခုံရုံး အပိုင်းအစ၏အကူအညီ မပါပါက ယွီထန်တစ်ယောက်တည်းဖြင့်ပင် မဟာကျင်းကို ဖျက်ဆီးပစ်နိုင်ပေသည်။
"သြော်။"
"ဟုတ်လား။"
သဲပွင့်နတ်ဘုရား၏ အနောက်ဘက် အလွန်နီးကပ်သောနေရာမှ အသံတစ်သံ ထွက်ပေါ်လာပြီး အေးစက်စိမ့်ဝင်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေ၏။
သဲပွင့်နတ်ဘုရား၏ မျက်နှာအမူအရာ ရပ်တန့်သွားပြီး သူ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ နားထဲတွင် ဘုန်းခနဲအသံကို ကြားလိုက်ကာ ရင်ဘတ်မှ ပြင်းထန်သောနာကျင်မှုက တစ်ကိုယ်လုံးသို့ လွှမ်းခြုံသွားတော့သည်။
"ဘယ်လိုလုပ်..." သဲပွင့်နတ်ဘုရားက မျက်လုံးပြူးသွားပြီး ခေါင်းငုံ့ကြည့်လိုက်ရာ သူ၏နောက်ကျောမှ ဖောက်ထွက်လာသော လက်တစ်ဖက်ကိုတွေ့လိုက်ရပြီး ထိုလက်ဖဝါးထဲတွင် စိန်ပွင့်ပုံစံ နတ်ဘုရားအနှစ်သာရ တစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
"ဟင့်အင်း။ မလုပ်ပါနဲ့။ ငါ့ကို ပြန်ပေး။"
သဲပွင့်နတ်ဘုရားက နတ်ဘုရားအနှစ်သာရကို ပြန်လုယူရန် အားပျော့စွာဖြင့် လက်ဆန့်ထုတ်လိုက်သည်။ မဟာကျင်းဧကရာဇ် နတ်ဘုရားအနှစ်သာရကို လုယူသွားပါက ဘာဖြစ်လာမည်ကို သူ အလွန်ရှင်းလင်းစွာ သိရှိထားပြီး တစ်ခါမှ မခံစားဖူးသော သေခြင်းတရားခြိမ်းခြောက်မှုက တစ်ကိုယ်လုံးတွင် ပြည့်နှက်သွားသည်။
ထိုလက်ကို ပြန်ရုပ်သိမ်းသွားသောအခါ ရင်ဘတ်တွင် ပွင့်ထွက်နေသော သွေးအိုင် တွင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
သဲပွင့်နတ်ဘုရားက အားကုန်သုံး၍ နောက်လှည့်ကြည့်လိုက်ရာ သူ၏အနောက်တွင် ရပ်နေသော အနက်ရောင် ဝတ်ရုံနှင့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ထိုနတ်ဘုရားအနှစ်သာရကို ပေါ်တင်ကြီးပင် လုံးဝဖုံးကွယ်ခြင်းမရှိဘဲ အတွင်းစကြဝဠာထဲ ပစ်ထည့်လိုက်သည်။
"ဪ။ ဒါဆို မင်းရဲ့အတွင်းစကြဝဠာက... နတ်ဘုရားတွေရဲ့ သင်္ချိုင်းကြီး ဖြစ်နေတာကိုး။"
သဲပွင့်နတ်ဘုရားက လောကတွင် ကြောက်မက်ဖွယ်အကောင်းဆုံးအရာကို မြင်တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်တကြား မျက်လုံးပြူးသွားပြီး ထို့နောက်တွင် ချက်ချင်း သတိဝင်လာကာ နှိမ့်ချစွာဖြင့် လက်ဆန့်ထုတ်၍ တောင်းပန်လိုက်သည်။
"ကျေးဇူးပြုပြီး ငါ့ကို ပြန်ပေးပါ..."
"တောင်းပန်ပါတယ်။ ငါ မသေချင်သေးဘူး။"
အနက်ရောင်ဝတ်လူငယ်၏ မျက်နှာထားမှာ အေးစက်တည်ကြည်နေပြီး ပြောလိုက်သည်။ "သေခြင်းမရှိတာကို အားကိုးပြီး အသက်တွေအပေါ် အထင်သေးနေတာ။ မင်းတို့ကို ရှေးဟောင်းနတ်ဘုရားတွေနဲ့ ယှဉ်ရင် သူတို့တွေရဲ့ နာမည်ကိုတောင် ညစ်နွမ်းစေတယ်။ ချီးတွင်းထဲက လောက်ကောင်တွေလိုပဲ။ မင်းတို့ကများ နတ်ဘုရားလို့ အခေါ်ခံထိုက်သေးလား။"
"ဘာလဲ။ နတ်ဘုရားတွေကလည်း သေရမှာကို ကြောက်တယ်ပေါ့။"
သဲပွင့်နတ်ဘုရား၏ မျက်လုံးများတွင် အားကိုးရာမဲ့ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီးနောက် တစ်ခုခု ဆက်ပြောရန် ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာတော့။ ခေါင်းငုံ့၍ကြည့်ရန် ကြိုးစားလိုက်သော်လည်း မျက်စိအမြင်အာရုံများ ပျောက်ကွယ်သွားပြီး မျက်မမြင်တစ်ယောက်ဖြစ်သွားကြောင်း တွေ့လိုက်ရသည်။
အပြင်ဘက်တွင်။
ကမ်းရိုးတန်းရှိ နတ်ဘုရားများနှင့် လူသားမျိုးနွယ်အားလုံး တိတ်ဆိတ်သွားကြပြီး ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် သဲပွင့်နတ်ဘုရား၏ခန္ဓာကိုယ် တဖြည်းဖြည်း ပြိုကွဲသွားကာ အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားပြီး သဲပွင့်များအလား ကြွေကျသွားသည်ကို ကြည့်နေကြသည်။
ခြေထောက်မှစ၍ အထက်သို့ တဖြည်းဖြည်းပျံ့နှံ့သွားပြီး ခေါင်းပိုင်းမှာလည်း အတူတကွ ပြိုကွဲပျ၍ က်စီးသွားတော့သည်။
အတွေ့အကြုံ ဗဟုသုတ နည်းနည်းပါးပါးရှိသူတိုင်းသည် ဤအရာကို ကြည့်ပြီး သဲပွင့်နတ်ဘုရား သေဆုံးသွားခြင်းမှာ သာမန်သေဆုံးခြင်းမျိုး မဟုတ်ဘဲ နောက်ဆုံး အပြီးသတ်သေဆုံးခြင်းဖြစ်ကြောင်း သိမြင်နိုင်ပေသည်။ သူက ထာဝရ ပြန်လည်နိုးထလာနိုင်တော့မည် မဟုတ်ပေ။
သူ၏အာဏာများလည်း ကောင်းကင်နှင့် မြေကြီးကြားမှ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။
"သေသွားပြီလား။"
ကောင်းကင်နယ်ပယ်တစ်ပိုင်း နတ်ဘုရား(၆)ပါးထဲမှ တစ်ပါးတည်းကျန်ရှိတော့သော စည်းမျဉ်းနတ်ဘုရား၏ မျက်နှာအမူအရာမှာ အရောင်အသွေးစုံလင်စွာ ပြောင်းလဲသွားသည်။ ပထမတော့ အကြောင်းမဲ့ အံ့သြသွားရာမှ မယုံကြည်နိုင်ဖြစ်သွားပြီး၊ ထို့နောက် ထိတ်လန့်တုန်လှုပ်သွားကာ နောက်ဆုံးတွင် ကြောက်လန့်တကြားဖြင့် နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။
ဝုန်း။
အချိန်-နေရာလွတ်က ရုတ်တရက် အေးခဲသွားပြီး သူ့ကို နေရာမှာတင် ရပ်တန့်သွားစေသည်။
အနက်ရောင်ဝတ်လူငယ်က ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး လမ်းတစ်လျှောက် နေရာအနှံ့ ကျကျန်ရစ်နေသော နတ်ဘုရားအနှစ်သာရများကို တစ်စုတစ်စည်းတည်း လိုက်လံသိမ်းဆည်းလာရာ ၅၀၊၆၀ခန့် ရှိသည်။ ဤအရာများမှာ မဟာကျင်းစစ်သည်များ၊ ဧကရီ၊ ချုံးတို့ သတ်ဖြတ်ထားသော နတ်ဘုရားများပင်။
စည်းမျဉ်းနတ်ဘုရားက မျက်လုံးပြူးကာ ကြည့်နေရင်း အနက်ရောင်ဝတ်လူငယ်က မကောင်းဆိုးဝါး တစ်ကောင်အလား နတ်ဘုရားအနှစ်သာရ (၁၀)ခုကျော်ကို အတွင်းစကြဝဠာထဲသို့ သိမ်းဆည်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ နတ်ဘုရားများကို သတ်ဖြတ်သည့် မကောင်းဆိုးဝါးကြီးက သွေးစွန်းနေသောပါးစပ်ကြီးကို ဟကာ နတ်ဘုရားများကို မျိုချပစ်လိုက်သကဲ့သို့ပင်။
ဤမြင်ကွင်းကို လူသားမျိုးနွယ်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ထိထိမိမိ ခံစားနိုင်မည်မဟုတ်သော်လည်း၊ နတ်ဘုရားတစ်ပါးဖြစ်သော သူ့အနေဖြင့်မူ အလွန်ရှင်းလင်းစွာ ခံစားသိရှိနေရသည်။ ထိုနတ်ဘုရား အနှစ်သာရများ၏ အတွင်းပိုင်းတွင် ပုန်းအောင်းနေသော စိတ်ဆန္ဒများက ဆန့်ကျင်ခုခံနေကြပြီး အော်ဟစ်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေကြသည်။
အတွင်းစကြဝဠာ၏မျိုချခြင်းမခံရခင်၊ မျှော်လင့်ချက်မဲ့နေသော အော်ဟစ်သံများကို ထုတ်လွှင့်ခဲ့သည်။ သားရဲတစ်ကောင်သေခါနီးအချိန်တွင် ခွန်အားမဲ့စွာ ဟိန်းဟောက်လိုက်သကဲ့သို့ပင်။
အနက်ရောင်ဝတ်လူငယ်၏ ခြေလှမ်းများက ဟင်းလင်းပြင်ထဲတွင် နင်းလျှောက်လာပြီး ကြည်လင်ပြတ်သားသော ခြေသံများကို ထွက်ပေါ်လာစေသည်။
ဖျတ် ဖျတ်... ဖျတ်...
နားထဲတွင် ကြည်လင်နေသော်လည်း စည်းမျဉ်းနတ်ဘုရား ကြားလိုက်ရချိန်တွင်မူ အသက်လာနုတ်မည့် ငရဲမင်းကြီးက ငရဲတံခါး၏သံကြိုးကြီးကို ဆွဲတိုက်လာသည့် အသံနှင့် ဘာမှ မကွာခြားလှပေ။
"အနားမလာနဲ့။ ငါ့ကိုလွှတ်ပေး။" စည်းမျဉ်းနတ်ဘုရားက အစွမ်းကုန် ပေါက်ကွဲထွက်လာပြီ၊ အချိန်-နေရာလွတ်၏ အချုပ်အနှောင်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
သို့သော် သူက ထိတ်လန့်တကြား တွေ့လိုက်ရသည်။
သူ မည်မျှလောက် ရုန်းကန်ရုန်းကန် ဒဏ်ရာအပြင်းအထန်ရထားသော ခန္ဓာကိုယ်နှင့် နောက်ဆုံး ကျန်ရှိနေသော ခွန်အားများကို ထုတ်သုံးပြီး၊ သေခါနီးလူတစ်ယောက်၏ နောက်ဆုံးရှင်သန်လိုစိတ် ပေါက်ကွဲထွက်လာသလိုမျိုး၊ ကောင်းကင်နယ်ပယ်တစ်ပိုင်းစွမ်းအားထက် အများကြီး သာလွန်သော စွမ်းအားကို ပေါက်ကွဲထုတ်လိုက်သည့်တိုင် အချိန်-နေရာလွတ် အချုပ်အနှောင်ကို နည်းနည်းလေးမျှ တုန်လှုပ်သွားအောင် မလုပ်နိုင်ခဲ့ပေ။
"အဆုံးသတ် ရောက်လာပြီ။"
"အရာအားလုံးကို အဆုံးသတ်လိုက်ကြရအောင်။ ခေတ်အဆက်ဆက် စုဆောင်းလာခဲ့တဲ့ ကျေးဇူးတွေ၊ အငြိုးအတေးတွေ၊ လျှို့ဝှက်ကြံစည်မှုတွေအားလုံးကို ဒီခေတ်မှာပဲ အဆုံးသတ်လိုက်ကြတာပေါ့။"
"ငါကပဲ စာရင်းရှင်းတဲ့သူ လုပ်ပေးမယ်။"
"ကပ်ဘေးက ငါ့ဆီ ကျရောက်လာတယ်။ ငါကပဲ အဲဒီကပ်ဘေးကို ရင်ဆိုင်ဖြေရှင်းမယ်။ ပြီးတော့ ငါကပဲ မင်းတို့အတွက် ကပ်ဘေး ဖြစ်လာစေရမယ်။"
အနက်ရောင်ဝတ်ရုံလူငယ်က သူ့ဘာသာသူ ရေရွတ်နေပြီး နောက်ဆုံးစကားလုံးအဆုံးတွင် သူက စည်းမျဉ်းနတ်ဘုရား၏ အရှေ့တွင် ရပ်တန့်သွားကာ လက်ငါးချောင်းကို သူ၏ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်ပြီး အလွန်တိကျမှန်ကန်စွာဖြင့် နတ်ဘုရားအနှစ်သာရ တစ်ခုကို ဆွဲထုတ်လိုက်သည်။
ထို့နောက်တွင် စည်းမျဉ်းနတ်ဘုရား၏ ထိတ်လန့်နေသော အကြည့်များရှေ့တွင်ပင် ၎င်းကို အတွင်းစကြဝဠာထဲရှိ အချိန်-နေရာလွတ်မြစ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ကောင်းကင်တာအိုက ဘာလို့ ပြန်မနိုးထလာသေးတာလဲ။"
"လွန်ခဲ့တဲ့ တစ်နှစ်က ကောင်းကင်တာအိုက တစ်ခေါက် နိုးထခဲ့သေးတယ်လေ။ ဘာလို့ ထပ်ပြီးတော့ တိတ်ဆိတ်သွားရပြန်တာလဲ။"
"နှောင်းခေတ်မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံးအပြောင်းအလဲ ပေါ်လာပြီ။ ကောင်းကင်တာအို၊ နိုးထလာခဲ့စမ်းပါ။ သူ့ကို သတ်ပစ်လိုက်။။"
စည်းမျဉ်းနတ်ဘုရား သေဆုံးခါနီးတွင် အလွန်တရာပင် မျှော်လင့်ချက်မဲ့နေသော ဒေါသတကြီး ဟိန်းဟောက်သံကို ထုတ်လွှင့်လိုက်သည်။
နောက်တစ်ခဏတွင် စည်းမျဉ်းနတ်ဘုရားသည်လည်း ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် စည်းမျဉ်းအာဏာဆိုသည်မှာ လုံးဝမရှိတော့ချေ။
တစ်ချိန်တည်းမှာပင်။
မုန့်ချင်ကျိုး၏နားထဲတွင် စနစ်၏အသိပေးသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
[ဂုဏ်ယူပါတယ် လက်ခံသူ။ နတ်ဘုရားအနှစ်သာရ တစ်ခုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပါပြီ]
[နတ်ဘုရားအနှစ်သာရသိမ်းယူခြင်း တိုးတက်မှု - ၇/၁၀၀]
[ဂုဏ်ယူပါတယ် လက်ခံသူ။ နတ်ဘုရားအနှစ်သာရ တစ်ခုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပါပြီ]
[နတ်ဘုရားအနှစ်သာရသိမ်းယူခြင်း တိုးတက်မှု - ၈/၁၀၀]
...
...
[ဂုဏ်ယူပါတယ် လက်ခံသူ..]
[နတ်ဘုရားအနှစ်သာရသိမ်းယူခြင်း တိုးတက်မှု - ၅၀/၁၀၀]
"၅၀ လိုသေးတယ်။ ကြည့်ရတာ ဒီနေ့ တစ်ခါတည်းနဲ့ပြည့်သွားအောင် လုပ်နိုင်လိမ့်မယ်။" မုန့်ချင်ကျိုးက တိုးတိုးလေး ရယ်မောရင်း ပြောလိုက်သည်။
...
...