အခန်း ၃၈၉
Vol. 27 Ch. 389
အပိုင်း(၃၈၉) ဆည်းဆာချိန်၊ နတ်ဘုရားများကို သုတ်သင်ခြင်း
တစ်နှစ်ကြာပြီးနောက် မဟာကျင်းဧကရာဇ်က လောကကြီးသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ရောက်လာချင်းမှာပင် ကောင်းကင်နယ်ပယ်တစ်ပိုင်း နတ်ဘုရားနှစ်ါးကို အပြတ်အသတ် သတ်ဖြတ်ကာ နတ်ဘုရားအနှစ်သာရ (၁၀)ခုခန့်ကို ဝါးမျိုပစ်လိုက်သည်။
ကျန်ရစ်သော နတ်ဘုရားတစ်ရာကျော်မှာ စည်းမျဉ်းနှင့် သဲပွင့်ဟူသော အဆင့်မြင့်နတ်ဘုရားနှစ်ပါး အသတ်ခံလိုက်ရသည်ကို မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသဖြင့် ရေခဲတိုက်ထဲ ကျသွားသလို တစ်ခဏချင်းမှာပင် အရိုးတိုက်ခိုက်မတတ် အေးစက်စိမ့်ဝင်သော အအေးဒဏ်က တစ်ကိုယ်လုံးသို့ စိမ့်ဝင်သွားတော့သည်။
"ဧကရာဇ်တစ်ပါး လူ့လောကကို ဆင်းသက်လာသလိုပဲ။ ပြီးပြည့်စုံတဲ့ အငွေ့အသက်ကြီးပါလား။ ဒါက... ကောင်းကင်နယ်ပယ်ပဲ။" နတ်ဘုရားတစ်ပါးက အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီးနောက် စစ်မြေပြင်မှ ရုန်းထွက်ကာ ဤနေရာမှ ထွက်ပြေးရန် ပြင်လိုက်သည်။
မုန့်ချင်ကျိုးက လက်နှစ်ချောင်းကိုပူးကာ ဓားပုံစံလက်ကွက်ဖွဲ့၍ မျက်ခုံးနှစ်ခုကြားတွင် ထောင်ထာပြီး စကားလုံးလေးလုံးကို ရေရွတ်လိုက်သည်။
"ဆည်းဆာချိန်။"
နောက်ဆုံးနာရီလက်တံကြီးက တဝုန်းဝုန်း ကျဆင်းလာပြီး နာရီလက်တံက တချောက်ချောက် မြည်ကာ လည်ပတ်နေပြီး ဆည်းဆာချိန်သို့ ရောက်သောအခါ ရပ်တန့်သွား၏။
နောက်ဆုံးနာရီလက်တံကို ဗဟိုပြု၍ အချင်းမိုင်တစ်ထောင် အကွာအဝေးကို စက်ဝိုင်းပုံစံဖြင့် လွှမ်းခြုံသွားသည်။
ဤအကွာအဝေးအတွင်း ပစ်မှတ်ထားခံရသော လူ သို့မဟုတ် အရာဝတ္ထုအားလုံးသည် ရုပ်ခန္ဓာကိုယ်၊ မှတ်ဉာဏ်၊ စွမ်းရည်စသည်တို့အားလုံး ကမောက်ကမ ဖြစ်သွားကြသည်။
စိတ်က ခန္ဓာကိုယ်ကို ရှေ့လျှောက်ရန် ခိုင်းစေသော်လည်း နောက်သို့ ဆုတ်သွားခြင်း၊ ခြေထောက်အစား လက်နှစ်ဖက်ဖြင့် ဇောက်ထိုးလမ်းလျှောက်ခြင်း၊ သို့မဟုတ် လှဲလျောင်း၍ အိပ်ပျော်သွားခြင်းမျိုး ဖြစ်လာသည်။
နတ်ဘုရားများက ရန်သူကို ခုခံရန် နတ်ဘုရားအာဏာကို ထုတ်ဖော်ချင်သော်လည်း တပလ္လင်ခွေထိုင်ကာ ကျင့်ကြံအားထုတ်နေမိပြီး တစ်ခဏချင်းမှာပင် အသိဉာဏ်ပွင့်လင်းသည့် အခြေအနေသို့ ရောက်သွားကြသည်။ အချို့က အာဏာကို အောင်မြင်စွာ ထုတ်ဖော်နိုင်သော်လည်း မိမိကိုယ်ကို ပြန်လည်၍ ချိန်ရွယ်မိနေကြသည်။ အချို့က မုန့်ချင်ကျိုးကို ပစ်မှတ်ထားသော်လည်း အာဏာများ ကမောက်ကမ ဖြစ်သွားပြီး အချိန်-နေရာလွတ်၏ လမ်းကြောင်းလွှဲမှုကြောင့် အခြားနတ်ဘုရားတစ်ပါးဆီသို့ ဝင်တိုက်သွားတော့သည်။
ရှုပ်ထွေးပွေလီသော အခြေအနေမျိုးစုံ ပေါ်ပေါက်လာပြီးနောက် ထူးဆန်းသော မြင်ကွင်းများ မကြာခဏ ဖြစ်ပေါ်နေသည်။
ပိုဆိုးသည်မှာ အချို့က အချိန်-နေရာလွတ်ကြောင့် မှတ်ဉာဏ်များပင် ကမောက်ကမဖြစ်သွားပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ယွီထန်ကို ပစ်မှတ်ထားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မဟာကျင်းဧကရာဇ်၊ သွားသေလိုက်စမ်း။"
ထိုသို့ပြောပြီးနောက် ယွီထန်ထံသို့ ခေါင်းဖြင့် ဝင်တိုက်တော့သည်။
ယွီထန်က ကောင်းကင်နယ်ပယ် အလယ်အလတ်ရှိ အထွတ်အထိပ် နတ်ဘုရားတစ်ပါး ဖြစ်သောကြောင့် သက်ရောက်မှု အနည်းငယ်သာခံရပြီး တည်ငြိမ်မှုကို မနည်းထိန်းထားနိုင်ခဲ့သည်။ သို့သော် မျက်စိရှေ့ရှိ ထူးဆန်းရှုပ်ထွေးနေသော မြင်ကွင်းများကို မြင်တွေ့လိုက်ရချိန်တွင်မူ အလွန်အမင်း တုန်လှုပ်သွားဆဲဖြစ်သည်။
"နတ်ဘုရားတွေရဲ့မှတ်ဉာဏ်ကို ပြောင်းလဲနိုင်ပြီးတော့ နတ်ဘုရားအာဏာကို ကမောက်ကမ ဖြစ်စေနိုင်တဲ့ ဒီလိုအဆင့်ရှိတဲ့ အချိန်-နေရာလွတ် မဟာတာအိုကို ကြည့်ရတာ မင်းက တကယ်ကြီး တာအိုသက်သေပြတာ အောင်မြင်သွားခဲ့တာပဲ။"
"ဒါပေမယ့် မင်း တာအိုသက်သေပြတာ အောင်မြင်ခဲ့မယ်ဆိုရင် နှောင်းခေတ်ရဲ့ ပထမဆုံးသော ကောင်းကင်နယ်ပယ် တန်ခိုးရှင်အနေနဲ့ ကောင်းကင်တာအိုက သေချာပေါက် သိရှိပြီးတော့ နတ်ဘုရားတွေဆီ သတင်းပို့ရမှာပေါ့။ ပထမဆုံး တာအိုသက်သေပြသူအတွက် ကောင်းကင်ကနေ မင်္ဂလာနိမိတ်တွေတောင် ကျဆင်းပြီး ကောင်းချီးပေးရမှာ။ အခုတော့ ဒီလို ထူးခြားတဲ့လက္ခဏာတွေ ဘာတစ်ခုမှ ပေါ်မလာခဲ့ဘူးလေ။"
"မင်း... ဘယ်လိုလုပ်ပြီး တာအိုသက်သေပြနိုင်ခဲ့တာလဲ။"
ယွီထန်က သူ့ထံသို့ ပြေးဝင်လာသော နတ်ဘုရားတစ်ပါးကို လက်ဖြင့်ဖျစ်ညှစ်သတ်လိုက်ပြီး ၎င်း၏ နတ်ဘုရားအနှစ်သာရကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်လူငယ်ကို စိုက်ကြည့်ရင်း အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေသည်။
မုန့်ချင်ကျိုးနှင့် ယွီထန်တို့သည် ကမောက်ကမဖြစ်နေသော စစ်မြေပြင်၏ တစ်ဖက်တစ်ချက်စီတွင် ရှိနေပြီး သူတို့ကြားတွင်မူ နတ်ဘုရားများက ထူးဆန်းသော အမူအရာမျိုးစုံကို ပြုလုပ်ကာ မကောင်းဆိုးဝါးများ ကခုန်နေသကဲ့သို့ ဖြစ်နေသည်။ သူ၏ ခံစားချက်မဲ့နေသော မျက်လုံးများက ကမောက်ကမဖြစ်နေသော နတ်ဘုရားများကို ဖြတ်သန်း၍ ယွီထန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"သိုင်းပညာတာအို ယွီထန်၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ နံနက်ခင်းအလင်းနယ်ပယ် ကောင်းကင် အတိဒုက္ခကို ဖြတ်ကျော်တုန်းက မင်းရဲ့ကိုယ်ပွားနဲ့ ဆုံတွေ့ခဲ့ဖူးတယ်။"
"အဲဒီတုန်းက မင်းပြောခဲ့တယ်။ ငါ ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ အထက်ကို ရောက်လာတဲ့အခါ ပြန်ဆုံတွေ့နိုင်မယ့်နေ့ရက် ရှိကောင်းရှိနိုင်တယ်။ အဲဒီအခါကျရင် မင်းရဲ့အလုံးစုံစွမ်းအားတွေ ငါ့ကို ပြသမယ်လို့ ပြောခဲ့တယ်လေ။"
"အခု အချိန်အခါလည်း သင့်တော်နေပြီဆိုတော့ လာခဲ့စမ်းပါ။ အထွတ်အထိပ် နတ်ဘုရားဆိုတာရဲ့ တိုက်ခိုက်ရေးစွမ်းအား အပြည့်အဝကို ပြသစမ်းပါ။ အဲဒါက ငါ့ကို နည်းနည်းလောက် စိတ်ဝင်စားအောင် လုပ်နိုင်မလား ကြည့်ရအောင်။"
သိုင်းပညာတာအို ယွီထန်က နှုတ်ခမ်းကိုဖြဲကာ ပြုံးရင်း ပြောလိုက်သည်။
"လွန်ခဲ့တဲ့(၂)နှစ်က မင်း ကောင်းကင်မဟာမိတ်အဖွဲ့ကို ရှင်းလင်းတုန်းက ကောင်းကင်ပြည်နယ်က မြို့တစ်မြို့မှာ ငါက မင်းကို လက်တစ်ဖက်တည်းနဲ့ ဘယ်လိုနှိမ်နင်းခဲ့လဲဆိုတာကို မှတ်မိသေးလား။ မင်း ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်ခဲ့ရင်တောင် အခု ငါက အတိတ်ကမြင်ကွင်းမျိုးကို ပြန်ပြီးတော့ ဖန်တီးနိုင်တုန်းပဲ။"
မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ။ ငါ အရမ်းကို မျှော်လင့်နေပါတယ်။"
"မင်း ငါ့ကို ကျေနပ်အားရအောင် လုပ်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။"
ပြောပြီးနောက်တွင် သူက ခြေလှမ်းစတင်လှမ်းလိုက်ရာ အဆုံးအစမရှိသော ပင်လယ်ရေပြင်နှင့် နယ်မြေနှစ်ခုလုံး၏ ကောင်းကင်နှင့်မြေကြီး အငွေ့အသက်များကို ဆွဲငင်လိုက်သည်။
ပထမဆုံး ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အဆုံးအစမရှိသော ပင်လယ်ရေပြင်ကြီးမှာ အလယ်မှ နှစ်ခြမ်းကွဲသွားပြီး တစ်ဖက်တစ်ချက်သို့ခွဲထွက်သွားကာ ပေပေါင်းသောင်းချီ ကျယ်ဝန်းသော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ဘေးတစ်ဖက်တစ်ချက်တွင် ကောင်းကင်ပြာနှင့် ဆက်စပ်နေသော ရေနံရံကြီးများ ဖြစ်ပေါ်လာသည်။
ဒုတိယခြေလှမ်းကို လှမ်းလိုက်သောအခါ ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော တိမ်မည်းကြီးများ လွင့်စင်ပျောက်ကွယ်သွားပြီး မှောင်မိုက်နေသောညဉ့်ယံမှ အလင်းရောင်များ ပြန်လည်၍ ရောက်ရှိလာကာ ညဘက်မှ နေ့ဘက်သို့ ပြန်ဆွဲခေါ်ခံလိုက်ရပြီး ကြယ်များလည်း တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားကြ၏။
တတိယခြေလှမ်းကို လှမ်းလိုက်သောအခါ တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ် နယ်မြေနှစ်ခုလုံးတွင် ပြင်းထန်သော လေမုန်တိုင်းများ လှိုင်းတံပိုးများ ထကြွလာပြီး စတင်တုန်လှုပ်ချောက်ချားလာတော့သည်။
စတုတ္ထခြေလှမ်းကို လှမ်းလိုက်ရာ မုန့်ချင်ကျိုးက ကမောက်ကမဖြစ်နေသော နတ်ဘုရားများကြားသို့ ရောက်ရှိနေပြီဖြစ်သည်။ ပတ်ဝန်းကျင်ရှိ နတ်ဘုရားများမှာ ရှုပ်ထွေးကမောက်ကမ ဖြစ်နေကြပြီး အချို့သော စိတ်မရှုပ်ထွေးသေးသည့်သူများမှာလည်း မရေမတွက်နိုင်သော ဓားအသိများ ကောင်းကင်သို့ ထိုးတက်သွားသည်ကို မျက်စိဖြင့်သာ ကြည့်နေနိုင်တော့သည်။ ထိုဓားအသိများသည် မြေပြင်မှ ကောင်းကင်သို့ ပျံတက်သွားသော ဥက္ကာပျံသောင်းချီအလား ဖြစ်နေပြီး သူ၏ပတ်ဝန်းကျင်တွင် မကောင်းဆိုးဝါးများအလား ကခုန်နေကြသော နတ်ဘုရားများကို အကုန်အစင် သတ်ဖြတ်လိုက်ရာ နတ်ဘုရားအနှစ်သာရများသည် သူ၏ အတွင်းစကြဝဠာထဲသို့ အလိုအလျောက် မျိုချခံလိုက်ရသည်။
[တွီ။ ဂုဏ်ယူပါတယ် လက်ခံသူ။ နတ်ဘုရားအနှစ်သာရတစ်ခုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပါပြီ]
[နတ်ဘုရားအနှစ်သာရ သိမ်းယူခြင်း တိုးတက်မှု - ၅၁/၁၀၀]
...
[တွီ။ ဂုဏ်ယူပါတယ် လက်ခံသူ။ နတ်ဘုရားအနှစ်သာရတစ်ခုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပါပြီ]
[နတ်ဘုရားအနှစ်သာရ သိမ်းယူခြင်း တိုးတက်မှု - ၅၂/၁၀၀]
...
[တွီ။ ဂုဏ်ယူပါတယ် လက်ခံသူ။ နတ်ဘုရားအနှစ်သာရတစ်ခုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပါပြီ]
[နတ်ဘုရားအနှစ်သာရ သိမ်းယူခြင်း တိုးတက်မှု - ၇၀/၁၀၀]
...
စနစ်၏အသိပေးသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
မုန့်ချင်ကျိုးက ဂရုမစိုက်ဘဲ ယွီထန်ကိုသာ အမြဲပစ်မှတ်ထားနေသည်။
ခြေတစ်လှမ်းချင်း ရှေ့သို့တိုးသွားသည်နှင့်အမျှ၊ ထိုအရှိန်အဝါက ပို၍ပို၍ ကြီးမားလာပြီး ယွီထန်၏ အရှေ့သို့ မရောက်ခင်မှာပင် ချောက်နက်ကြီးတစ်ခုပမာ ကြီးမားလှသောဖိအားကြီးက ယွီထန်ကို နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားစေသည်။
ထိုအရှိန်အဝါ၏ အတွင်းတွင် အချိန်-နေရာလွတ် ဓားအသိများ ပါဝင်နေပြီး ယွီထန်၏ခန္ဓာပေါ်တွင် သွေးစွန်းသော ဒဏ်ရာများကို ချန်ရစ်ခဲ့သည်။
ပဉ္စမမြောက်ခြေလှမ်းကို ချလိုက်သည်နှင့်။
ရှေးယခင်မှ ယခုတိုင် ရှုံးနိမ့်ခြင်းမရှိသောနတ်ဘုရားဟု တင်စားခေါ်ဝေါ်ခြင်း ခံရသည့် သိုင်းပညာတာအို ယွီထန်၏ ရင်ဘတ်မှာ တစ်ခဏချင်းမှာပင် ချိုင့်ဝင်သွားပြီး ရွှေရောင်သွေးတစ်လုတ် အန်ထွက်လာကာ ယိုင်နဲ့နဲ့ဖြစ်ပြီး လဲကျမတတ် ဖြစ်သွား၏။
"ရှုံးနိမ့်ခြင်းမရှိတဲ့ဒဏ္ဍာရီ၊ ရှေးကနေ အခုချိန်ထိပြိုင်ဘက်မရှိဘူးလို့ နာမည်ကြီးတဲ့သူက ဘာလဲ... ဘာမှ မလုပ်တတ်တော့ဘူးလား။"
မုန့်ချင်ကျိုးက ရူးသွပ်နေသော နတ်ဘုရားတစ်ပါး၏ဘေးမှ ဖြတ်သွားရင်း သူ၏ခေါင်းကို အလွယ်တကူ ဖြုတ်ယူလိုက်ပြီး ယွီထန်၏မျက်စိရှေ့မှာပင် လက်ငါးချောင်းကို စုစည်းကာ ဖျစ်ညှစ်၍ ချေမွပစ်လိုက်သည်။ ထို့နောက် နတ်ဘုရားအနှစ်သာရကိုထုတ်ယူကာ ဝါးမျိုပြီး အေးစက်စွာ ပြောလိုက်သည်။
"မင်း ဘာကို စောင့်နေတာလဲ။"
"ကောင်းကင်တာအို နိုးထလာမှာကိုလား။ ဒါမှမဟုတ် ငါက သဘောကောင်းပြီးတော့ မင်းကို အသက်ချမ်းသာပေးမှာကို စောင့်နေတာလား။"
"လာစမ်းပါ။ အထွတ်အထိပ် နတ်ဘုရားက ဘယ်လောက်တောင် စွမ်းသလဲ ဆိုတာကို ငါ့ကို ပြသစမ်းပါ။ ငါ မင်းကို အချိန်ပေးမယ်။ ဒါပေမယ့် ငါ့မှာ သည်းခံနိုင်စွမ်း သိပ်မမရှိဘူး။ သည်းခံနိုင်စွမ်း ကုန်သွားရင်တော့ မင်းရဲ့အဆုံးသတ်က ဒီခေါင်းကြီးလိုပဲ ဖြစ်သွားလိမ့်မယ်။"
ယွီထန်၏မျက်ဆံ အဆက်မပြတ် ကျုံ့လိုက်ကျယ်လိုက် ဖြစ်နေပြီး နောက်ဆက်တွဲ အကျိုးဆက်များကို ဂရုမစိုက်ဘဲ အကြိမ်ကြိမ် တိုက်ခိုက်ရန် ပြင်သော်လည်း အကြိမ်တိုင်း ထိုအရှိန်အဝါ၏ ဖိနှိပ်မှုကြောင့် နောက်သို့ ဆုတ်ခွာသွားရသည်။ မနည်းစုစည်းထားသော သတ္တိများမှာလည်း အကုန်အစင် ဖိချေခံလိုက်ရ၏။
တဖြည်းဖြည်းနီးကပ်လာသော အနက်ရောင်ဝတ်လူငယ်ကို ရင်ဆိုင်ရချိန်တွင် ယွီထန်၏ခေါင်းထဲ၌ အလွန်စိမ်းသက်လှသော စကားလုံးများ ပေါ်ထွက်လာသည်။
ယှဉ်တိုက်၍မရဘူး။ သေချာပေါက် ဆိုးဆိုးရွားရွား ရှုံးနိမ့်လိမ့်မယ်။ လုံးဝ သေချာတယ်။ ရှုံးနိမ့်ရင် သေချာပေါက် သေရမယ်။
"ယွီထန်။ တိုက်လေ။ သူ့ကို သတ်လိုက်။" သေလုမျောပါးဖြစ်နေပြီး သေမင်းနှင့်ရင်ဆိုင်နေရသော နတ်ဘုရားတစ်ပါးက အော်ဟစ်လိုက်သည်။ သူက ကိုယ်ပိုင်အာဏာကြောင့် သေလုနီးပါး ဖြစ်နေရုံမက ကမောက်ကမဖြစ်နေသော အခြားနတ်ဘုရားတစ်ပါး၏တိုက်ခိုက်မှုကိုပါ ခံလိုက်ရခြင်းပင်။ မသေခင်လေးတွင် ရင်ဘတ်ကို တိတ်တဆိတ်ဖောက်ကာ နတ်ဘုရားအနှစ်သာရကို ထုတ်ယူပြီး ဖုံးကွယ်ထားရန် ကြိုးစားသော်လည်း အချိန်-နေရာလွတ် တာအိုက အလိုအလျောက် ရှာဖွေတွေ့ရှိသွားပြီး မုန့်ချင်ကျိုး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ သူ မသေဆုံးခင်တွင် နောက်ဆုံးအမျက်ဒေါသဖြင့် ဟိန်းဟောက်လိုက်ခြင်းဖြစ်သည်။
ယွီထန်က တံတွေးမျိုချလိုက်ပြီး မျက်စိရှေ့ရှိ ငရဲပြည်အလားဖြစ်နေသော မြင်ကွင်းကို ကြည့်ရင်း ခြေထောက်များ တုန်ယင်နေသည်။
နတ်ဘုရားများက အသတ်ခံရမည့် သိုးငယ်များအလား တစ်ပါးပြီးတစ်ပါး သွေးအိုင်ထဲသို့ လဲကျသွားသည်။ အချို့မှာ ခေါင်းနှင့်ကိုယ် ကွဲကွာသွားပြီး မြေပြင်အနှံ့ လိုက်လံတွားသွားကာ ခေါင်းကို ရှာဖွေနေကြသည်။ အချို့မှာ ခြေလက်များ ပြတ်တောက်သွားပြီး အရှင်လတ်လတ် အရူးများ ဖြစ်သွားကြသည်။ အချို့မှာ အရှက်ကွဲမှုကို သည်းမခံနိုင်တော့ဘဲ နတ်ဘုရားအနှစ်သာရကို ကိုယ်တိုင် တူးထုတ်ကာ နောက်ဆုံး ကျန်ရှိသော အင်အားဖြင့် ဖျက်ဆီးပစ်ရန် ကြိုးစားကြပြီး မုန့်ချင်ကျိုး၏ဝါးမျိုခံရမှုကို မလိုလားကြပေ။
ထိုကဲ့သို့သော အဖြစ်အပျက်များ ဆက်တိုက် ဖြစ်ပေါ်နေ၏။
ဤကြေကွဲဖွယ် အဖြစ်အပျက်များသည် အခြားသော သက်ရှိများအပေါ်တွင် ဖြစ်ပေါ်ခဲ့ပါက ယွီထန် အနေဖြင့် နည်းနည်းလေးမျှ ခံစားရမည် မဟုတ်ပေ။ သူသည် လူမျိုးနွယ်များ မျိုးတုံးပျောက်ကွယ်ခြင်း၊ သွေးချောင်းစီး အလောင်းတောင်ပုံသည့် မြင်ကွင်းများကို တစ်ကြိမ်မက မြင်တွေ့ခဲ့ဖူးပြီး သက်ရှိစကြဝဠာ ဆယ်ချီကိုပင် ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်ခဲ့ကာ သက်ရှိများသေဆုံးသည်ကို အေးစက်စွာဖြင့် အထက်စီးမှ ကြည့်ရှုခဲ့ဖူးသူ ဖြစ်သည်။
သို့သော် ဤကိစ္စရပ်က နတ်ဘုရားများ၏ခေါင်းပေါ်သို့ ကျရောက်လာချိန်တွင်မူ သူ ယခင်က ဖျက်ဆီးပစ်ခဲ့သောသက်ရှိများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင် ရုတ်တရက် ခံစားလိုက်ရသည်။ သေဆုံးခြင်းဆီသို့ တဖြည်းဖြည်းသွားနေသော ဂြိုဟ်တစ်ခုပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ရာ စကြဝဠာတွင် အပေါက်ကြီးတစ်ခုပွင့်နေကာ ထိုအပေါက်ကြီး၏ အပြင်ဘက်တွင် သက်ရှိများကို အေးစက်စွာ စိုက်ကြည့်နေသော စာရင်းရှင်းမည့်သူ ရှိနေသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။
အဆင့်အတန်းတွေ ပြောင်းပြန်ဖြစ်သွားပြီ။
နတ်ဘုရားတွေ လူ့လောကကို ပြုတ်ကျလာပြီးတော့ နဂါးက ရေတိမ်မှာ ပိတ်မိသွားတဲ့အခါ အရင်က ကိုယ်ချင်းမစာနိုင်ခဲ့တဲ့အရာတွေကို အခုအချိန်တိုလေးအတွင်းမှာ အကုန်လုံး ခံစားနားလည်သွားခဲ့ပြီ။
ဝုန်း။
ထိုအရှိန်အဝါက စုစည်းနေဆဲ အားကောင်းလာဆဲပင်။
မျက်နှာဆီသို့ တိုးဝင်လာသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ယွီထန်၏မျက်နှာမှာ အလွန်တရာ ရုပ်ဆိုးသွားပြီး တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။
"ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ။"
ခုနကရှိခဲ့သော ပြိုင်ဘက်ကင်း ယုံကြည်မှုများက ယခုအခါ တစ်ခဏချင်းမှာပင် လုံးဝ ပျောက်ကွယ်၍ သွားတော့သည်။
"မဖြစ်ဘူး။ သွားမှရမယ်။ ကောင်းကင်တာအိုနိုးထလာမယ့်အချိန်ကို စောင့်နိုင်ရင် ငါ ရှင်နိုင်မယ်။"
မုန့်ချင်ကျိုး ပထမဆုံးခြေလှမ်း စတင်လှမ်းခဲ့သည်မှ ယခုအချိန်အထိ (၁၀)စက္ကန့်သာ ကြာမြင့်သေးသော်လည်း ဤမျှတိုတောင်းသော အချိန်လေးအတွင်းမှာပင် ယွီထန်သည် ကောင်းကင်ဘုံမှ ငရဲပြည်သို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး လက်တွေ့အခြေအနေကို ချက်ချင်း သဘောပေါက်သွားကာ ဆက်လက် ခုခံလိုစိတ် လုံးဝ မရှိတော့ချေ။
ထိုသို့ တွေးမိသည်နှင့်။
ယွီထန်က သူ၏တစ်ကိုယ်လုံးရှိ စွမ်းအားများကို အကုန်ထုတ်သုံးကာ အထွတ်အထိပ် သိုင်းပညာကို လက်သီးတစ်ချက်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။
လက်သီးအလင်းတန်းက နောက်ဆုံးနာရီလက်တံ ဆည်းဆာချိန် နယ်ပယ်ကို ထိုးနှက်လိုက်သော်လည်း သူကိုယ်တိုင် ခြေလှမ်းဆယ်ချီ နောက်သို့လွင့်စင်သွားပြီး လမ်းလျှောက်လာနေသော အနက်ရောင်ဝတ လူငယ်နှင့် အကွာအဝေးကို ပို၍ပင်နီးကပ်သွားစေခဲ့သည်။
"မဟုတ်ဘူး။"
ယွီထန်က အလွန်အမင်း ထိတ်လန့်သွားသဖြင့် မျက်နှာဖြူရော်သွားပြီး ဒေါသတကြီး အော်ဟစ်ကာ ရှင်သန်လိုသောဆန္ဒက သူ့ကို ရူးသွပ်သွားစေတော့သည်။
စစ်သည်များအားလုံးရှေ့သို့ချီတက် မန္တန်၊ အထွတ်အထိပ် နတ်ဆိုးကျင့်စဉ်၊ ဇန်ဗုဒ္ဓဘာသာ၏ အမြင့်ဆုံး လျှို့ဝှက်မန္တန်၊ တာအိုဘာသာ၏ အမြင့်မြတ်ဆုံးမှော်အတတ် စသည့် ရာထောင်ချီသော သိုင်းပညာ မဟာမှော် အတတ်ပညာများအားလုံးကို လက်သီးချက်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။
သူက နောက်လှည့်လိုက်ပြီး ကမောက်ကမဖြစ်ကာ သေလုမျောပါးဖြစ်နေသော နတ်ဘုရားများ၏ အော်ဟစ်ညည်းတွားသံများကို ဂရုမစိုက်တော့ဘဲ လက်မောင်းနှစ်ဖက်ကို အရိပ်ထွက်သည်အထိ ဝှေ့ယမ်းကာ ဆည်းဆာချိန်နယ်ပယ်ကို အရူးအမူး ထုနှက်တော့သည်။
"ကွဲစမ်း။"
"ပြိုကွဲသွားစမ်း။။"
ယွီထန်၏မျက်လုံးများက တဖြည်းဖြည်း သွေးရောင်လွှမ်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သီးချက်ပေါင်း သိန်းနှင့်ချီ၍ ထိုးနှက်လိုက်သည်။ နောက်ဆုံးလက်သီးချက် ကျရောက်သွားချိန်တွင်၊ နယ်ပယ်ကြီးက နောက်ဆုံးတွင် ဒဏ်မခံနိုင်တော့ဘဲ ပြိုကွဲပျက်စီးသွားတော့သည်။
"ဟား... ဟားဟား။"
"ငါ သေရမယ့်ကံ မပါသေးဘူးပဲ။ ကောင်းကင်ခုံရုံးကို ပြန်ရောက်တာနဲ့ ငါ့ကိုယ်ငါ သတ်သေပြီးတော့ နတ်ဘုရားအနှစ်သာရကို ယဇ်ပလ္လင်ထဲ ပစ်ထည့်လိုက်မယ်။ ဒါဆိုရင် နတ်ဘုရားအနှစ်သာရက အမြန်ဆုံး အရှိန်နဲ့ ကောင်းကင်တာအိုဆီ ပြန်ရောက်သွားပြီး ငါ သေမှာမဟုတ်တော့ဘူး။"
"နောက်ထပ် နှစ်ပေါင်းရာနဲ့ချီ စောင့်ရရင်တောင်မှ နောက်တစ်ကြိမ် ပြန်လည်နိုးထလာနိုင်ရင် ငါ သေမှာမဟုတ်ဘူး။"
ယွီထန်က အားရပါးရ ရယ်မောလိုက်သည်။
သူက ခြေလှမ်းအတတ်မျိုးစုံကို အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းသန်းချီ သွားလာနိုင်ပြီး အသက် သုံးလေးရှိုက် အချိန်အတွင်းမှာပင် ကောင်းကင်ခုံရုံးသို့ ရောက်ရှိလုနီးပါး ဖြစ်သွားသည်။
ကောင်းကင်ခုံရုံးက မျက်စိအမြင်အာရုံတွင် တဖြည်းဖြည်း ရှင်းလင်းလာသည်ကို မြင်လိုက်ရသည်။
ယွီထန်၏မျက်လုံးများတွင် တောက်ပသောအလင်းရောင်များ ထွက်ပေါ်လာပြီး သေရာမှ လွတ်မြောက်လာသည့် စိတ်လှုပ်ရှားမှုက တစ်ကိုယ်လုံးတွင် ပြည့်နှက်နေ၏။
နှစ်ပေါင်းသောင်းချီကြာ ကောင်းကင်တာအို၏ဖန်ဆင်းခြင်းကိုခံရကတည်းက သူ၏စိတ်အခြေအနေမှာ ဤမျှအထိ ပြင်းထန်စွာ လှုပ်ရှားဖူးခြင်းမရှိခဲ့ချေ။
ရုတ်တရက်။
ယွီထန်၏မျက်နှာပေါ်ရှိ အပြုံးက တောင့်တင်းသွားပြီး နားထဲတွင် ထိုကြည်လင်ပြတ်သားသောခြေသံက မပျောက်ကွယ်သေးဘဲ အနောက်မှ ဆက်လက် မြည်ဟည်းနေဆဲပင်။
မဟုတ်သေးပါ။
အဝေးကြီးကို ထွက်ပြေးလာနိုင်ပြီဆိုတာ သေချာနေတာကို။ ဘာလို့ မုန့်ချင်ကျိုးရဲ့ခြေသံက အနောက်က ကပ်ပါလာရတာလဲ။
ယွီထန်၏မျက်တောင်များ ပြဲလုမတတ် ဖြစ်သွားပြီး ပြင်းထန်စွာ မောဟိုက်နေကာ ခက်ခက်ခဲခဲ နောက်လှည့်ကြည့်လိုက်သည်။ တည့်တည့်မကြည့်ရဲဘဲ မျက်ထောင့်ဖြင့်သာ အကဲခတ်ရဲ၏။
နောက်တစ်ခဏတွင် သူ၏မျက်ဆံများ ကျုံ့ဝင်သွားပြီး ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ထွက်လာသည်။
မျက်ထောင့်မှနေ၍ နတ်ဘုရားများ၏ ကြေကွဲဖွယ်အဖြစ်အပျက်ကို မြင်တွေ့လိုက်ရပြီး သတ္တမမြောက် ခြေလှမ်းကို လှမ်းလိုက်သော မုန့်ချင်ကျိုးကို မြင်တွေ့လိုက်ရသည်။ ထို့အပြင် သူနှင့် (၂)မီတာပင် မကွာဝေးသော နေရာရှိ အနက်ရောင်ဝတ်လူငယ်ကိုပါ မြင်တွေ့လိုက်ရပြီး ထိုလူငယ်၏ ထွက်ပေါ်လာသလိုလို မရှိသလိုလိုနှင့် အလွန်စစ်မှန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကိုပင် ခံစားသိရှိနိုင်ပေသည်။
"ငါ... သေချာပေါက် ထွက်ပြေးလွတ်လာပြီလေ။"
ယွီထန်က မယုံကြည်နိုင်စွာဖြင့် သူ့ဘာသာသူ ရေရွတ်လိုက်ပြီး တစ်ကိုယ်လုံးမှာ အထိန်းအကွပ်မဲ့စွာ တုန်ယင်လာကာ ပြောလိုက်သည်။ "စိတ်ချောက်ချားတာ၊ သေချာပေါက် စိတ်ချောက်ချားနေတာပဲ..."
သူက ခေါင်းလှည့်၍ ရှေ့သို့ပြန်ကြည့်လိုက်သောအခါ မျက်စိရှေ့ရှိ မြင်ကွင်းက မြှားတစ်စင်းဖြင့် အပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မတတ်သာဘဲ လေထဲတွင် ဖင်ထိုင်လျက် လဲကျသွားတော့သည်။
အရှေ့ဘက်တွင် ကောင်းကင်ခုံရုံးဆိုသည်မှာ လုံးဝ မရှိပေ။
ဆည်းဆာချိန် နယ်ပယ်ကြီးက အပြည့်အဝ အကောင်းပကတိအတိုင်း တိတ်ဆိတ်စွာ တည်ရှိနေ၏။
"ငါလည်း ကမောက်ကမဖြစ်ပြီး အနှောင့်အယှက်ခံလိုက်ရတာလား"
"ဒါပေမယ့်... ငါ အရမ်းကို သတိရှိနေတာ သေချာနေတာပဲ။"
ယွီထန်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး တုန်ယင်နေသော လက်ဝါးများကို ကြည့်လိုက်ရာ လက်သီးများပေါ်တွင် ရွှေရောင်သွေးများ စွန်းထင်းနေပြီး တစ်ပေါက်ပေါက် စီးကျနေသည်။
ဘေးတွင် သေဆုံးနေသော နတ်ဘုရား ဆယ်ပါးခန့်ကို ကြည့်လိုက်သောအခါ သူတို့၏ ကိုယ်ပေါ်တွင် လက်သီးရာများ ပြည့်နှက်နေပြီး လက်သီးဖြင့် အထုခံရ၍ သေဆုံးသွားကြခြင်း ဖြစ်သည်။
ရုတ်တရက်။
အနက်ရောင်ဝတ်လူငယ်က သူ၏အနောက်တွင် အသံတိတ်ရပ်နေပြီး အေးဆေးစွာ ပြောလိုက်သည်။
"တကယ်ကို ရုပ်ဆိုးလွန်းတယ်။"
"နတ်ဘုရားတွေက ပုရွက်ဆိတ်တွေကို ကိုယ့်အင်အားကိုယ် မသိဘူးဆိုပြီး လှောင်ပြောင်ကြတယ်။ ဒါပေမယ့် သေရမယ့်အချိန် ရောက်လာတဲ့အခါ ပုရွက်ဆိတ်ကတောင် နတ်ဘုရားကို ဓားနဲ့ရွယ်ရဲသေးတယ်၊ နတ်ဘုရားကတော့ အရှက်မရှိ အသက်ဆက်ရှင်ဖို့ပဲ သိတယ်။"
"မင်းတို့ရဲ့ မာနထောင်လွှားမှုက လုံးဝကြီးမားတဲ့ ကွာဟချက်ကနေ လာတာပဲ။ ဒါပေမယ့် သေတွင်းထဲ ရောက်မှ ပြန်လည်ရှင်သန်ဖို့ ကြိုးစားရဲတဲ့သတ္တိမျိုးတော့ မရှိကြဘူး။"
"ငါ့အမြင်တော့ မင်းက ပုရွက်ဆိတ်ထက်တောင် ပိုပြီးတော့ အားနည်းသေးတယ်"
ဓားတစ်လက်က ယွီထန်၏ခေါင်းပေါ်သို့ ဖွဖွလေးထိလာပြီး အနက်ရောင်ဝတ်လူငယ်က ဓားရိုးကို ကိုင်ထားကာ သူ၏အသံတွင် အထင်သေးလှောင်ပြောင်သည့်အငွေ့အသက်များ မသိမသာ ပါဝင်နေသည်။
ယွီထန်၏မျက်လုံးထဲရှိ ဒေါသအမုန်းတရားများ တစ်စက်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားပြီးနောက် တုန်ယင်သောအသံဖြင့် တောင်းပန်လိုက်သည်။
"မင်း ငါ့ကို သတ်လို့ရတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး နတ်ဘုရားအနှစ်သာရကိုတော့ မဝါးမျိုပါနဲ့။ လမ်းလေးတစ်လမ်းလောက်တော့ ချန်ထားပေးပါ၊ အရမ်းကြီး ရက်ရက်စက်စက်တော့ မလုပ်ပါနဲ့။"
ဖွတ်။
ဓားသွားက ခေါင်းထဲသို့ စိုက်ဝင်သွားပြီး ဦးခေါင်းခွံကို ခွဲဖြတ်သွား၏။
သွေးများက ယွီထန်၏ပါးပြင်မှတစ်ဆင့် စီးကျလာပြီး မေးစေ့တွင်စုစည်းကာ တစ်ပေါက်ပေါက် ကျဆင်းနေသည်။
ယွီထန်၏စိတ်ထဲ အချက်ပေးသံ ပြင်းထန်စွာ မြည်ဟည်းလာပြီး အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
"တုန်းဖန်လျူလီကို ကောင်းကင်တာအိုက လူသားဧကရာဇ် ဆက်ခံသူအဖြစ် ရွေးချယ်ထားတာကို မင်း မေ့သွားပြီလား။ တုန်းဖန်လျူလီကို ကောင်းကင်တာအိုရဲ့ကျွန် လုံးလုံးဖြစ်သွားစေချင်လို့လား။ မင်းက သူများ ခြယ်လှယ်တာကို အမုန်းဆုံး မဟုတ်ဘူးလား။"
"တုန်းဖန်လျူလီရဲ့ ကံကြမ္မာ အခြေခံအမြစ်ကို ဖြတ်တောက်လိုက်ရုံနဲ့ သူ့ကို ကောင်းကင်တာအိုရဲ့ ခြယ်လှယ်မှုကနေ လွတ်မြောက်သွားအောင် လုပ်နိုင်မယ်လို့ မထင်နဲ့။ သူက တောရိုင်းမြေရဲ့ ကံကြမ္မာနဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ်အခြေခံကို တည်ဆောက်ဖို့ ရွေးချယ်ခဲ့ကတည်းက ကံကြမ္မာရဲ့မျိုးစေ့က မြှုပ်နှံပြီးသား ဖြစ်သွားပြီ။ သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
"တုန်းဖန်လျူလီကို သတ်လိုက်ရင်တောင်မှ ပြောင်းလဲလို့ မရဘူး။ ကောင်းကင်တာအို အပြည့်အဝ ပြန်လည်နိုးထလာမယ့် နေ့ရောက်ရင် သေသွားတဲ့တုန်းဖန်လျူလီဆိုရင်တောင် ပြန်ရှင်လာပြီးတော့ ဝိညာဉ်မဲ့ အလောင်းကောင် တစ်ကောင်လို ဧကရာဇ်ရာထူးကို ဆက်ခံရလိမ့်မယ်။"
"မင်း ငါ့ကို အသက်ချမ်းသာပေးဖို့ သဘောတူမယ်ဆိုရင် လူသားဧကရာဇ် ဆက်ခံမယ့်သူကို တခြားတစ်ယောက် ပြောင်းရွေးချယ်ပေးဖို့ ကောင်းကင်တာအိုကို ငါ တောင်းဆိုပေးနိုင်တယ်။ ဥပမာ... ဟို ကောင်းကင်မဟာမိတ်အဖွဲ့ ခေါင်းဆောင်ဆိုရင် အရမ်းသင့်တော်တယ်။"
နောက်ဆုံးတွင် အပြီးတိုင်သေဆုံးရမည့် ကြောက်ရွံ့မှုက ယွီထန်ကို အသိဉာဏ်မဲ့သွားစေသည်။ ရေနစ်နေသူတစ်ယောက် ရေမွန်းမသေခင်လေးတွင် မည်သည့်အရာကို ဆွဲကိုင်မိသည်ဖြစ်စေ၊ အားလုံးကို ဂရုမစိုက်ဘဲ အတင်းဆုပ်ကိုင်ထားသကဲ့သို့ပင်။
တုန်းဖန်လျူလီက မုန့်ချင်ကျိုးအတွက် အလွန်အရေးကြီးကြောင်း သိထားသဖြင့် လျှို့ဝှက်ချက်များကို ဖော်ထုတ်ရမည်ဆိုလျှင်ပင် ဝန်လေးနေမည် မဟုတ်ချေ။
အသက်ရှင်နိုင်ဖို့ဆိုရင် ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ်ရတယ်။
အသက်ရှင်ရင် ပြီးတာပဲ။
ယွီထန်က မျှော်လင့်ချက်ကြီးစွာဖြင့် မုန့်ချင်ကျိုးကို မော့ကြည့်နေပြီး သူ၏ လုံးဝပြောင်းလဲခြင်းမရှိသော မျက်နှာထားကိုကြည့်ရင်း မျှော်လင့်ချက်မှ တဖြည်းဖြည်း ဒေါသများအဖြစ် ပြောင်းလဲသွားကာ ပြောလိုက်သည်။ "တုန်းဖန်လျူလီ ထာဝရဒုက္ခရောက်သွားမှာကို မင်းက တကယ်ပဲ လက်ပိုက်ကြည့်နေတော့မှာလား။"
မုန့်ချင်ကျိုးက ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ဓားရိုးကိုကိုင်ထားရင်း စိတ်ထဲတွင် အကြောင်းပြချက်သောင်းနှင့်ချီရှိနေပါစေ ယခုအချိန်တွင် လက်ဆင်းရခက်နေသည်။
ယွီထန်ပြောသည့်အရာများအားလုံး မှန်ချင်မှမှန်မည်ကို သိထားသော်လည်း ယွီထန်၏အသက်ကို ချမ်းသာပေးလိုက်လျှင်ပင် သူ သေချာပေါက် ကတိတည်မည် မဟုတ်ကြောင်း သိထားသော်လည်း။
ထိုစကားများကို ကြားလိုက်ရချိန်တွင်မူ။
မုန့်ချင်ကျိုး၏စိတ်အခြေအနေက တစ်ခဏချင်းမှာပင် ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျသွားသကဲ့သို့ ဖြစ်သွား၏။
ထိုအချိန်မှာပင်။
ပြိုင်ဘက်ကင်းလှပလွန်းသော အမျိုးသမီးပုံရိပ်လေးတစ်ခု လျှောက်လှမ်းလာပြီး သူက မုန့်ချင်ကျိုး၏ အနားသို့ လျှောက်လာကာ လှပသောမျက်လုံးများဖြင့် သူ့ကို နက်ရှိုင်းစွာ ငေးကြည့်နေသည်။ သူ၏ မျက်လုံးများထဲတွင် အဆုံးအစမရှိသောနူးညံ့မှု၊ အချစ်မေတ္တာများ ရှိနေပြီ ယခုအချိန်တွင် စိတ်ခံစားချက်ကို ဖော်ပြရန် လောကတွင် မည်သည့်စကားလုံးမျှ မရှိနိုင်ပေ။
ရင်ထဲအပြည့် လွမ်းဆွတ်လွမ်းဆွတ်မှုများ၊ တစ်နှစ်တာလုံး စုပုံလာခဲ့သော အမုန်းတရားများ၊ ရင်တွင်းဖြစ်များကို နေ့ရက်ပေါင်းများစွာ ကြာအောင်ပင် ပြောပြ၍ ရနိုင်ပေသည်။
အတန်ကြာမှ။
သူက ထိုရင်တွင်းဖြစ်များအားလုံးကို ဖယ်ရှားပစ်လိုက်ပြီး စိတ်ထဲရှိ အမုန်းတရားများမှာ နေရောင်ခြည်၏နှင်ထုတ်ခြင်းကို ခံလိုက်ရသလို ပျောက်ကွယ်သွားကာ ယခင်ကကဲ့သို့ တည်ငြိမ်နူးညံ့လှသော အပြုံးလေးကို ဖော်ပြရင်း ပြောလိုက်သည်။
"ချင်းကျိုး၊ အိမ်ကနေ ကြိုဆိုပါတယ်။"
ပြောရင်းဖြင့်။
တုန်းဖန်လျူလီက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မုန့်ချင်ကျိုး ဓားကိုင်ထားသောလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အားကုန်သုံးကာ ဖိချလိုက်သည်။
ဓားသွားက ယွီထန်၏ဦးခေါင်းကို ဖောက်ထွင်းသွားသည်နှင့်အမျှ အောက်သို့ ဆက်တိုက်ဝင်သွားကာ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ဖောက်ထွင်းသွားတော့သည်။
ယွီထန်က မသေဆုံးခင် မျက်လုံးပြူးကြီးဖြင့် တုန်းဖန်လျူလီကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း နောင်တရလိမ့်မယ်။"
...
တုန်းဖန်လျူလီက သူ့ကို ဂရုမစိုက်တော့ဘဲ ယွီထန်၏နတ်ဘုရားအနှစ်သာရကို ကိုယ်တိုင် တူးထုတ်လိုက်ပြီး မုန့်ချင်ကျိုး၏ရင်ဘတ်ပေါ်သို့ ပုတ်တင်ပေးလိုက်သည်။
"ဒီကနေ့ကစပြီး ရှင်ဘာသာပဲ နေပါ။ ဘယ်ကိစ္စကိုမှ မဟာကျင်းတိုင်းပြည်နဲ့ ကျွန်မအတွက် စိုးရိမ်ပူပန်နေစရာ မလိုဘူး။ ဘယ်သူကမှ ရှင့်ကို ချည်နှောင်ထားလို့မရဘူး။ နားလည်လား။" သူက နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
ကျန်လက်တစ်ဖက်က မုန့်ချင်ကျိုး၏လည်ပင်းကို ဖက်လိုက်ပြီး သူတို့နှစ်ဦး ဖက်ထားလိုက်သော အခိုက်အတန့်လေးတွင် သူက ယွီထန်၏နတ်ဘုရားအနှစ်သာရကို အပြင်ဘက်သို့ အမြဲဖွင့်ဟထားသော အတွင်းစကြဝဠာကမ္ဘာထဲသို့ ဖိထည့်လိုက်၏။
ယွီထန်၏နတ်ဘုရားအနှစ်သာရကို ဝါးမျိုလိုက်ရသော အခိုက်အတန့်တွင်။
စနစ်၏အသိပေးသံက ဆက်တိုက် ထွက်ပေါ်လာ၏။
[ဂုဏ်ယူပါတယ် လက်ခံသူ။ နတ်ဘုရားအနှစ်သာရတစ်ခုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပါပြီ]
[နတ်ဘုရားအနှစ်သာရ သိမ်းယူခြင်း တိုးတက်မှု - ၁၀၀/၁၀၀]
...