← Chapters

အခန်း ၃၉၁

Vol. 27 Ch. 391

အခန်း ၃၉၁

Vol. 27 Ch. 391

အပိုင်း(၃၉၁) လူအမျိုးမျိုး၊ တုံ့ပြန်မှုအမျိုးမျိုး

တောရိုင်းမြေ ကမ်းရိုးတန်း။

စစ်ပြင်ဆင်ရေးမှ မိုင်(၁၀၀)ခန့်အကွာ တောင်ခြေတစ်ခုအောက်၌ တွမ့်ယာက ကောင်းကင်ကြည့်မှန်ကို ကိုင်ဆောင်ကာ ပင်လယ်ရေပြင်တွင် ဖြစ်ပွားနေသော စစ်ပွဲကြီးကို အဝေးမှနေ၍ ကြည့်ရှုနေသည်။

တွမ့်ယာက စစ်ပွဲ၏ အသေးစိတ်အချက်အလက်များဖြစ်သည့် သွေးထွက်သံယို အကြမ်းဖက်မှု မြင်ကွင်းများကို တမင်သက်သက် ဖျောက်ဖျက် မှိုင်းဝါးသွားစေခဲ့သည်။

ထို့ပြင် ကောင်းကင်နယ်ပယ်၏ အမြင့်မြတ်ဆုံး ဖိအားများလည်း ပါဝင်သေးသည်။ ယေဘုယျအားဖြင့် ကျင့်ကြံမှုအဆင့်က နံနက်ခင်းအလင်းနယ်ပယ်ထက် နိမ့်ပါးလျှင် ကောင်းကင်ထောက်တိုင်နယ်ပယ် တိုက်ခိုက်မှုကိုပင် တည့်တည့်ကြည့်ရန် မဖြစ်နိုင်ပေ။ ကောင်းကင်နယ်ပယ်ဆိုလျှင် ပို၍ပင် ပြောဖွယ်မရှိတော့။ တွမ့်ယာက ကောင်းကင်ကြည့်မှန်ပေါ်တွင် အလွှာတစ်ခုကို တမင်တပ်ဆင်ထားပြီး ကောင်းကင်နယ်ပယ် တာအိုစွမ်းအင်လှိုင်းလုံးများကို ထိန်းညှိပစ်လိုက်သည်။

အသေးစိတ် အချက်အလက်အားလုံးကို အလွန် ဂရုတစိုက် ထည့်သွင်းစဉ်းစားထားသည်။

တွမ့်ယာက ဘေးတွင်ရပ်ရင်း မုန့်အန်းအန်းလေး၏ ပျော်ရွှင်တက်ကြွနေသော ပုံစံလေးကို ကြည့်ကာ ဖခင်တစ်ယောက် သမီးလေးကို ကြည့်သကဲ့သို့ နူးညံ့သိမ်မွေ့သော ခံစားချက်မျိုး ခံစားလိုက်ရသည်။

သူ မတတ်သာဘဲ စိတ်ထဲတွင် တွေးလိုက်မိသည်။

"သိပ်ကောင်းတာပဲ၊ နောက်ဆိုရင် ငါလည်း အန်းအန်းလိုမျိုး သမီးလေး တစ်ယောက်လောက် ရချင်လိုက်တာ။ လိမ္မာပြီး ချစ်စရာကောင်းတယ်။ ပါရမီလည်း ပါတယ်။ စိတ်ပူစရာလည်း မလိုဘူး။"

မုန့်အန်းအန်းလေးက ခုံပုလေးပေါ် ထိုင်နေပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ကြည့်မှန်ထဲက မြင်ကွင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

အနက်ရောင်ဝတ်လူငယ် ဆင်းသက်လာပြီး နတ်ဘုရားများကို အစွမ်းကုန်ဖိနှိပ်ကာ အနိုင်ယူပြီး အထက်စီးမှ စိုက်ကြည့်နေသည့် အစွမ်းထက်သောပုံစံဖြင့် နတ်ဘုရားများကို ဒူးထောက်တောင်းပန်အောင် သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရသည်။

ထိုတစ်ခဏမှာပင် ဖခင်ဖြစ်သူ၏ပုံရိပ်သည် သူ၏စိတ်ထဲတွင် အလွန်မြင့်မားသွားခဲ့သည်။

ယခင်က တွမ့်ယာ၏ပုံပြင်ထဲတွင်သာ စိတ်ကူးယဉ်ဖူးသော်လည်း သူက အသက်တစ်နှစ်သာ ရှိသေးသည့် ကလေးလေး ဖြစ်သေးသည်။ မည်မျှပင် ထက်မြက်ပါစေ လောကအတွေ့အကြုံ မရှိသေးသဖြင့် စိတ်ကူးယဉ်သမျှသည် ကိုယ်တိုင်မြင်တွေ့လိုက်ရသည်နှင့်ယှဉ်လျှင် အများကြီး ကွာခြားနေ၏။

"ဖေဖေက အရမ်းစွမ်းတာပဲ။"

"အန်းအန်း ထင်ထားတာထက် အများကြီး ပိုပြီးစွမ်းတယ်။"

မုန့်အန်းအန်းလေး၏ မျက်နှာအမူအရာမှာ အလွန်ပင် အံ့သြသွားပြီး သူ၏ဖခင်ကို အံ့အားသင့်လျက်ရှိသည်။ ကြည်လင်တောက်ပနေသော မျက်လုံးလေးများတွင်လည်း ရိုသေကိုးကွယ်မှုများ အပြည့် ရှိနေ၏။

တွမ့်ယာက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"ဧကရာဇ်ဆိုတာ မဟာကျင်းတိုင်းပြည်ကို အထွတ်အထိပ်ထိရောက်အောင် တွန်းတင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ပဲ။ နယ်မြေနှစ်ခုကပြည်သူတွေ၊ မဟာကျင်းကဖျက်ဆီးပစ်ခဲ့တဲ့ တိုင်းပြည်က ပြည်သူတွေတောင်မှ စိတ်ထဲမှာ မကျေနပ်ချက်တွေ ရှိနေပါစေဦး၊ ဧကရာဇ်ကိုတော့ လေးစားကြရမှာပဲ။"

"အန်းအန်းက ဧကရာဇ်ရဲ့သမီးဆိုတော့ နောက်ဆိုရင် အရွယ်ရောက်လာပြီး အိမ်ထောင်ဖက်ရွေးတဲ့အခါ ဖေဖေနဲ့ ယှဉ်ကြည့်ပေါ့။ ဖေဖေ့ကို မကျော်နိုင်ရင်တောင်မှ ဖေဖေ့အောက်မှာ အများကြီး နိမ့်ကျမနေရဘူး။ နားလည်လား။"

မုန့်အန်းအန်းလေးက အလေးအနက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အန်းအန်း မှတ်မိပါပြီ။"

"..."

"အင်း။ အိမ်ထောင်ဖက်ဆိုတာ ဘာအဓိပ္ပါယ်လဲ။"

တွမ့်ယာက စကားအသွားအလာ ရပ်တန့်သွားပြီး အချိန်အတော်ကြာ စဉ်းစားသော်လည်း ရှင်းပြရ ခက်နေသည်။

မျက်နှာရဲလာပြီး အနေရခက်စွာဖြင့် ပြောလိုက်သည်။ "ထားလိုက်ပါ။ ဘာမှမဟုတ်ပါဘူး။"

အကယ်၍ ရှင်းပြလိုက်၍ ဧကရာဇ်နှင့်ဧကရီ သိသွားလျှင် သူ့အသက်အတွက် အာမခံချက် မရှိတော့ပေ။

....

....

ကောင်းကင်ပြည်နယ်။

ရှေးဟောင်း အပျက်အစီးနေရာတစ်ခုမှ လူနှင့်ခွေးတစ်ကောင် ထွက်ပေါ်လာသည်။

ရဟန်းငယ်၏မျက်နှာမှာ မည်းညစ်နေပြီး ပြောလိုက်သည်။

"နေမင်းအရှင်သခင် ဒီထဲမှာ ရှေးခေတ် ကောင်းကင်နယ်ပယ် ဗုဒ္ဓမြတ်စွာရဲ့ရုပ်ကလာပ်တော် ရှိတယ်လို့ သင် ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ပိရှူးဘိုးဘေးရဲ့သင်္ချိုင်း ဖြစ်သွားတာလဲ။"

နေမင်းအရှင်သခင်၏ မျက်လုံးများမှာ မထီမဲ့မြင် ဖြစ်နေ၏။

သူ့အမူအရာက "မင်းက ငါ့ကိုလှည့်စားလို့ရတယ်။ ငါကတော့ မင်းကို လှည့်စားလို့ မရဘူးလာ" ဆိုသည့်အတိုင်းပင်။

"ကျုပ်ကိုလိမ်တာ ကိစ္စမရှိပေမယ့် အဓိကကတော့ ဒါက ကောင်းကင်နယ်ပယ် ပိရှူးလေ။ ခင်ဗျားက အဲဒီအရာကိုတောင် လိုချင်နေသေးတယ်ပေါ့။ ကောင်းကင်နယ်ပယ်လေ။ ကျုပ်တို့နှစ်ယောက် သေမလို ဖြစ်သွားတယ်။" ရဟန်းငယ်မှာ ဒေါသထွက်ပြီး မျက်နှာရဲနေ၏။

နေမင်းအရှင်သခင်က ဆက်လက် မထီမဲ့မြင် ပြုနေသည်။

ချမ်းသာခြင်းဆိုသည်မှာ အန္တရာယ်ကြားမှ ရှာဖွေရ၏။

ဘာပဲဖြစ်ဖြစ် ပစ္စည်းကောင်းတွေ ရလာပြီပဲ။ ဒါနဲ့ဆို ကောင်းကင်ထောက်တိုင်နယ်ပယ် အလယ်အလတ်ကိတက်လှမ်းဖို့ သိပ်ပြီးခက်ခဲတော့မှာ မဟုတ်ဘူး။

နှစ်ထောင်ချီအတွင်း ကောင်းကင်နယ်ပယ်ကို သက်သေပြဖို့ အချိန်တန်တော့မယ်။

လူနှင့်ခွေးမှာ သေဘေးမှ လွတ်မြောက်လာပြီးနောက်တွင် ပင်ပန်းနွမ်းနယ်နေသဖြင့် မြေပြင်ပေါ်တွင် ထိုင်ကာ ကောင်းကင်ကို ငေးကြည့်နေကြသည်။

"ပြောရရင် ဧကရာဇ် ပျောက်ဆုံးသွားတာ တစ်နှစ်ကျော်ပြီ။ တာအိုသက်သေပြတာ ကျရှုံးပြီးတော့ သေဆုံးသွားတယ်လို့ ပြောကြတယ်။ ခင်ဗျား ဘယ်လိုထင်လဲ..." ဟွေ့နန်းက စကားစလိုက်သည်။

နေမင်းအရှင်သခင်က စိတ်မကျေနပ်ဟန်ဖြင့် ဟောင်လိုက်သည်။

"ဧကရာဇ်က တာအိုသက်သေပြတာ အောင်မြင်သွားတယ်လို့ ပြောတာလား။ ဒီတစ်ခါတော့ မတူဘူး။ တာအိုသက်သေပြတာအောင်မြင်ခဲ့ရင် သက်ရှိအားလုံး သိရမှာပဲ။ ရှေးခေတ်ကနေ အခုချိန်ထိ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြသူတိုင်းက ကောင်းကင်မြင်ကွင်းကို ပြောင်းလဲစေခဲ့တာ။ ဧကရာဇ်က အချိန်-နေရာလွတ်တာအိုကို ကျင့်ကြံတာလေ။ အရင်ကလူတွေထက် ပိုပြီးတော့ အရှိန်အဝါ ကြီးမားရမှာပေါ့။ ဒါပေမယ့် တစ်နှစ်ကျော် ကြာပြီ။ အခု မဟာကျင်းတိုင်းပြည်က အဖက်ဖက်က အတိုက်ခိုက်ခံနေရတာတောင် ဧကရာဇ်ရဲ့ အရိပ်အယောင်ကို မတွေ့ရဘူး။ ကြည့်ရတာ..."

ဟွေ့နန်းက စိုးရိမ်တကြီးဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။

နေမင်းအရှင်သခင်က တည်ငြိမ်စွာဖြင့် အမြီးကိုဝှေ့ယမ်းကာ စကားမပြောတော့ပေ။

ဒီရဟန်းငယ် စိုးရိမ်လွန်းတယ်။ အဲဒီက စွမ်းအားကြီးပြီးတော့ ပုံမှန်မဟုတ်ဘူး။ မဟာကျင်းတိုင်းပြည်က လူတွေအတွက်သာ စိုးရိမ်စရာ ဖြစ်နေတာ။ ဧကရာဇ်ကတော့ သူနဲ့ရန်သူဖြစ်သူတွေကိုပဲ ဒုက္ခပေးနေမှာ။

ဟွေ့နန်းက နေမင်းအရှင်သခင်၏ ဂရုမစိုက်သောပုံစံကို မြင်သောအခါတွင် ဒေါသထွက်လာပြီး သစ်သားခေါင်းလောင်းတုံးကို ကောက်ကိုင်ကာ ဝါကြီး၏ ခေါင်းပေါ်သို့ တဒေါင်ဒေါင်နှင့် ရိုက်လိုက်သည်။

"ခွေးစုတ်၊ သစ္စာမရှိတဲ့ ခွေး၊ လူလိမ်ခွေး။"

"နေ့တိုင်း ဧကရာဇ်ဆီက ထမင်းစားနေပြီး အခုကျတော့ ဒီလောက် အေးစက်နေရတာလား။ ကျုပ် လူမှားပြီး ခင်မိတာပဲ။ မဟုတ်ဘူး၊ ခွေးမှားပြီး ခင်မိတာပဲ။"

အဆင့်မြင့်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း အသက်(၂၀)ပြည့်သေးသော ကလေးတစ်ယောက်၏ အရိုက်ခံရသဖြင့် နေမင်းအရှင်သခင် မခံနိုင်တော့ဘဲ ချက်ချင်းထရပ်လိုက်ကာ လက်သီးအသိများဖြင့် တိုက်ခိုက်တော့သည်။

တိုက်ခိုက်နေရင်းမှာပင် လူနှင့်ခွေး၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။

ကောင်းကင်ကြီး ပြင်းထန်စွာ တုန်လှုပ်သွားသည်။

တိမ်တိုက်များ ပျောက်ကွယ်သွားပြီး အမှောင်ညဉ့်မှ နေ့လယ်အလင်းရောင်သို့ ပြောင်းလဲသွားကာ နေရောင်ခြည်များ ကျရောက်လာသဖြင့် လူနှင့်ခွေးမှာ တိုက်ခိုက်နေရင်း ရပ်တန့်သွားကြသည်။

"ကျုပ် မှတ်မိတာတော့ အခုမှ ညရောက်ခါစလေ။ ဘာလို့ နေ့လယ်ကြီး ဖြစ်သွားတာလဲ။" ဟွေ့နန်းက ထရပ်ကာ ကောင်းကင်ကို ငေးမောကြည့်လိုက်သည်။

နေမင်းအရှင်သခင်က ဂရုမစိုက်ဘဲ ရဟန်းငယ်ကို အနိုင်ယူရန် ပြင်လိုက်သည်။

ကောင်းကင်ကြီးမှာ နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်၏။

ခေါင်းလောင်းသံ မြည်သကဲ့သို့ ကောင်းကင်နယ်ပယ်၏ ဖိအားများက ရေလွှမ်းမိုးသကဲ့သို့ ရုတ်တရက် ကျရောက်လာသည်။

သာမန်လူများ၊ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများ မခံစားရသော်လည်း ကောင်းကင်ထောက်တိုင် နယ်ပယ်နှင့် အထက်မှသူများမှာမူ လည်ပင်းကိုအညှစ်ခံထားရသကဲ့သို့ ဖြစ်သွားသည်။

"ကောင်းကင်နယ်ပယ် တန်ခိုးရှင်တွေ တိုက်ခိုက်နေကြတာလား။" ဟွေနန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ "မဟာကျင်းနဲ့ ရန်သူတွေ တိုက်ပွဲဖြစ်နေတာလား။"

"ရန်သူက..."

"နတ်ဘုရားတွေများ ဖြစ်နေမလား။"

ထိုစကားကိုကြားသောအခါ နေမင်းအရှင်သခင်လည်း မတည်ငြိမ်တော့ပေ။ ဧကရာဇ်ကို မစိုးရိမ်ခြင်းမှာ သူက စွမ်းအားကြီးမားလွန်းသဖြင့် အမြဲတမ်း အံ့အားသင့်စရာ လုပ်လေ့ရှိသောကြောင့်ပင်။ မဟာကျင်း တိုင်းပြည်မှာမူ ကွာခြားသည်။ ဧကရာဇ် မရှိချိန်တွင် အဖက်ဖက်က ရန်သူများ ဝိုင်းရံနေကြ၏။

တကယ်၍ မဟာကျင်းတိုင်းပြည်သာ နတ်ဘုရားများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရရလျှင် ပြဿနာ ကြီးပေတော့မည်။

နေမင်းအရှင်သခင်က အမြန်ထရပ်ပြီး ပြန်သွားရန် အချက်ပြလိုက်သည်။ မဟာကျင်းတိုင်းပြည်သာ အမှန်တကယ် အခက်အခဲကြုံတွေ့နေရလျှင် ကူညီပေးရန် လိုအပ်သည်။

"အခုချက်ချင်း သွားကြမယ်။" ဟွေ့နန်းက အလေးအနက် ခေါင်းညိတ်လိုက်သည်။

လူနှင့်ခွေးတို့က ပြန်လည်ထွက်ခွာလာခဲ့ကြသည်။

အဆုံးအစမရှိသော ပင်လယ်ရေပြင်သို့ ရောက်ရှိချိန်တွင် အဝေးမှနေ၍ အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦး ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ မိနစ်ပိုင်းအတွင်းမှာပင် နတ်ဘုရားများကို အပြတ်အသတ် နှိမ်နင်းလိုက်ပြီး ယွီထန်၏အသက်ကို ကိုယ်တိုင်နုတ်ယူလိုက်ကာ နတ်ဘုရားအနှစ်သာရကို ဝါးမျိုလိုက်သည်။

တစ်လျှောက်လုံး ကြည့်ရှုနေသော ဝါကြီးနှင့် ဟွေ့နန်းတို့မှာ အလွန် အံ့အားသင့်သွားကြသည်။

နေမင်းအရှင်သခင်ပင် အံ့အားသင့်သွားပြီး ခွေးမျက်လုံးကြီးများ ပြူးကျယ်သွားကာ ပါးစပ်ကြီး အဟောင်းသား ဖြစ်သွား၏။

ဧကရာဇ် တကယ်စွမ်းတယ်ဆိုတာသိပေမယ့် ဒီလောက်တောင်စွမ်းမယ်လို့ မထင်ထားခဲ့မိဘူး။

တစ်နှစ်ပဲ ကြာသေးတာကို နတ်ဘုရားတွေကို အလွယ်တကူ နှိမ်နင်းနိုင်သွားပြီ။ လူအများရှေ့မှာတင် ဘာမှမဖုံးကွယ်ဘဲ နတ်ဘုရားအနှစ်သာရတွေကို ဝါးမျိုလိုက်တာ။ ဒါ ကောင်းကင်တာအိုကို စိန်ခေါ်လိုက်တာပဲ။

ဧကရာဇ်ရဲ့ဝါးမျိုခြင်းကို ခံလိုက်ရတဲ့ နတ်ဘုရားတွေဟာ ပြန်လည်ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး။ ဒါက ကောင်းကင်တာအိုရဲ့ လက်တစ်ဖက်ကို ဖြတ်တောက်လိုက်တာနဲ့ အတူတူပဲ။

"အိုး။ မြတ်စွာဘုရား။" ဟွေနန်းက ထိတ်လန့်သွားပြီး တံတွေးမျိုချကာ နေမင်းအရှင်သခင်ကို လက်မထောင်ပြလိုက်သည်။

"ခွေးလေး။ ကျုပ် သင့်ကို အသိအမှတ်ပြုလိုက်ပြီ။"

"သင်ပြောထားတဲ့အတိုင်း တကယ်ပဲ ကြိုတင်သိမြင်နိုင်တာပဲ။ တကယ်ကို စွမ်းလိုက်တာ။"

ထိုစကားကိုကြားသောအခါ နေမင်းအရှင်သခင်က အမူအရာကိုပြန်ထိန်းကာ အေးဆေးတည်ငြိမ်သည့် ပုံစံမျိုး ဖမ်းလိုက်ပြီး ခွေးလက်သည်းဖြင့် ဝှေ့ယမ်းလိုက်သည်။

အေး။ အေးဆေးပဲ။

လူငယ်လေးက စိတ်လှုပ်ရှားလွယ်တယ်။ ဧကရာဇ်က ဘယ်လိုလူလဲဆိုတာ သူတို့ မသိပေမယ့် ငါက သိတာပေါ့။ တခြားအရည်အချင်း မရှိရင်တောင် အားကိုးဖို့တော့ ကောင်းတယ်။

ဟွေ့နန်းက မယုံသလိုလိုဖြင့် မေးလိုက်သည်။

"ဧကရာဇ် အရင်ဆုံးလာကယ်မယ်ဆိုတာ သိနေတာကို ခုနက ဘာလို့ အလျင်စလိုဖြစ်နေတာလဲ။"

နေမင်းအရှင်သခင်၏မျက်နှာအမူအရာ တောင့်တင်းသွား၏။

...

...

အနိုင်ရရှိလေပြီ။

နတ်ဘုရားများ အကြီးအကျယ် ရှုံးနိမ့်သွားပြီ နတ်ဘုရားရာကျော် အကုန်အစင် ပျက်စီးသွားလေပြီ။ ဤတိုက်ပွဲသည် ရှေးခေတ်ထိတိုင် တုန်လှုပ်ခြောက်ခြားစေမည့်တိုက်ပွဲ ဖြစ်သည်။

ပထမဆုံးလူသားဧကရာဇ် မလုပ်နိုင်ခဲ့သောအရာကို ဧကရာဇ်က လုပ်င်ပြနိုင်ခဲ့သည်။ လူသားဧကရာဇ်က နတ်ဘုရားများကိုသာ နှိမ်နင်းနိုင်ခဲ့ပြီး လုံးဝ မဖျက်ဆီးနိုင်ခဲ့ပေ။

လူတို့၏စိတ်ဓာတ်ခွန်အား မည်မျှ တက်ကြွလာမည်နည်း။

ကမ်းရိုးတန်းရှိ သိန်းချီသောစစ်သည်များသည် ရူးသွပ်သွားကြပြီး အနက်ရောင်ဝတ်ရုံ လူငယ်ကို ကြည်ညိုစွာ ကြည့်ရှုကာ အော်ဟစ်လိုက်ကြသည်။ "ဧကရာဇ်ပြန်လာပြီ။ ရှုံးနိမ့်ခြင်း မရှိဘူး။"

"မဟာကျင်းတိုင်းပြည် ထာဝရ တည်တံ့ပါစေ၊။ သမိုင်းတွင်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီ။"

"ငါတို့ရဲ့ ဧကရာဇ်ဟာ နတ်ဘုရားတွေကို မြေမြှုပ်သင်္ဂြိုဟ်သူပဲ။ ရှေးခေတ်နဲ့ အခုခေတ်မှာ ဘယ်သူက ယှဉ်နိုင်မလဲ။ ဘယ်သူက သူနဲ့အတူတူ နာမည်ကြီးနိုင်မှာလဲ။"

...

စုချင်ချိုးက ပျော်လွန်း၍ ငိုကြွေးလိုက်ပြီး မျက်ရည်များမှာ လှပသော မျက်နှာပေါ်သို့ စီးကျလာသည်။

"ဒီတိုက်ပွဲမှာ နိုင်နိုင်ရင်တောင် မဟာကျင်းတိုင်းပြည်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်လို့ ထင်ခဲ့တာ။"

ဝူတျဲက စကားပြောရန် ပြင်လိုက်စဉ်မှာပင် သတိလစ်ပြီး မြေပြင်ပေါ်သို့လဲကျသွားသည်။

ဝိညာဉ်ဆိုး(၄)ကောင်ကို အတင်းအကျပ်ခေါ်ယူခဲ့ခြင်းက သူ၏အင်အားကို အလွန်အမင်း ကုန်ခန်းစေခဲ့ပြီး အဓိကအသက်စွမ်းအင်ကိုပင် ထိခိုက်သွားခဲ့သည်။ စုချင်ချိုးက ဝူတျဲကို အမြန်ပွေ့ချီလိုက်ပြီး ကုသပေးမည့် ဆေးလုံးများကို တိုက်ကျွေးလိုက်သည်။ သူ၏အသက်ရှူသံ ပုံမှန်ဖြစ်လာပြီး အသက်အန္တရာယ် မရှိတော့သည်ကို မြင်မှသာ စိတ်အေးသွားတော့သည်။

တစ်ချက်ကြည့်လိုက်ပါက ဤစစ်ပွဲကို ဧကရာဇ်တစ်ဦးတည်းဖြင့် အနိုင်ရအောင် လုပ်နိုင်ခဲ့သော်လည်း တိုက်ပွဲကြောင့် ထိခိုက်မှုများစွာ ရှိခဲ့သည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် အကြီးအကဲ (၂၅)ယောက်ထဲတွင် (၆)ယောက်မှာ စတေးသွားခဲ့သည်။ သူတို့က တစ်နှစ်အတွင်းမှ အသစ်တက်လာသူများ ဖြစ်ကြပြီး ပိုမိုမြင့်မားသော ကျင့်ကြံဆင့်ကို မရောက်ရှိခင်ပင် သေဆုံးသွားခဲ့ကြသည်။

လာခဲ့စဉ်က သန်းချီသော စစ်တပ်ကြီးသည် ယခုအခါ (၇)သိန်းသာ ကျန်ရှိတော့ပြီး (၃)သိန်းမှာ သေဆုံးသွားခဲ့သည်။ (၂)သိန်းကျော်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့၏။

နံနက်ခင်းအလင်းနယ်ပယ် သေဆုံးမှုမှာ (၂၀၀)ကျော်ရှိပြီး လရောင်ထွန်းလင်းနယ်ပယ်မှာ ထောင်ချီ ရှိသည်။

တစ်နှစ်ကျော်ကြာအနားယူခဲ့သော မဟာကျင်းတိုင်းပြည်က ဤတိုက်ပွဲကြောင့် အနည်းဆုံး သုံးပုံတစ်ပုံ လျော့ကျသွားခဲ့သည်။

"တောရိုင်းမြေကိုစုစည်းပြီးတော့ ကောင်းကင်ပြည်နယ်ကို သိမ်းပိုက်လိုက်ရင်တောင် ငြိမ်းချမ်းရေး မရနိုင်သေးဘူးလား။" စုချင်ချိုးက ရုတ်တရက် အလွန်အထီးကျန်သလို ခံစားလိုက်ရပြီး အနာဂတ်မှာ မှောင်မိုက်နေ၏။

မဟာကျင်းရဲ့အနာဂတ်က ဘယ်မှာလဲ။

စစ်မှန်သောငြိမ်းချမ်းသာယာမှုက ဘယ်တော့မှ ရောက်လာမှာလဲ။

စုချင်ချိုးက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

မြေပြင်ပေါ်တွင်ထိုင်နေပြီး တစ်ကိုယ်လုံး ဒဏ်ရာများဖြင့်ပြည့်နေသည့် ချင်းဖုန်းဟော်ကို မြင်လိုက်ရသည်။ သူ၏မျက်လုံးတစ်ဖက်ဖြင့် ဒဏ်ရာကို ဆေးကုပေးနေသည့် ကျန်းစန်းဟိုင်ကိုကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ "အဘိုးကြီး။ မင်း ပြုံးမနေနဲ့တော့။"

ကျန်းစန်းဟိုင်က မရယ်တော့ဘဲ ကြိတ်ထားလိုက်သည်။ သို့သော် မိနစ်ပိုင်းမျှသာ ကြာပြီးနောက် သူ၏ မျက်နှာမှာ နီရဲလာပြီး အားရပါးရ ရယ်မောလိုက်သည်။ "ဟားဟား... အဘိုးကြီး။ မင်းလည်း ဒီနေ့ အထိခံရတာပဲ။ မင်းကို နေ့တိုင်း ဟန်ရေးပြနေတဲ့အကျင့်ကို သင်ပေးရမယ်။"

"ဟားဟား..."

လင်းလုက နှစ်ပိုင်းကျိုးနေသော လှံကို ပွေ့ဖက်ရင်း ငိုကြွေးနေသည်။ "ငါ့ရဲ့ လှံကြီး။"

လီကွမ်ယန်က ဒဏ်ရာများနှင့်အတူ ဝမ်ရှန်ကျားကို ကြွားလုံးထုတ်နေသည်။ "ကြည့်လိုက်။ ဧကရာဇ်ကို နောက်ကလိုက်တာ အမှန်ဆုံးပဲ။ စစ်မတိုက်ခင်က မင်း မယုံဘူး မဟုတ်လား။ အခုတော့ ယုံပြီလား။"

"ဟုတ်ပါတယ်။ ယုံပါပြီ။ ယုံပါပြီ။ မင်းရဲ့ပါးစပ်က အပေါက်တွေ ဖြစ်နေတာ။ စကားမပြောနဲ့တော့။ ငါ့မျက်နှာပေါ် တံတွေးတွေ စင်ကုန်ပြီ။" ဝမ်ရှန်ကျားက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လီကွမ်ယန်က မျက်လုံးပြူးပြီး ပြောလိုက်သည်။ "ဟေ့။ မင်း မယုံသေးဘူးဆိုတာ ငါ သိတယ်။ စိတ်မကောင်းစရာပဲ၊ ငါ မင်းကို ဆက်ပြီး ပညာပေးရမယ်..."

စုချင်ချိုးက ဤမြင်ကွင်းများကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိသည်။

တိုက်ပွဲဆက်ဖြစ်နေဦးမယ်ဆိုရင်။

ဒီရင်းနှီးနေတဲ့ မျက်နှာတွေက တစ်နေ့နေ့မှာ အကုန်လုံး ပျောက်ကွယ်သွားမှာလား။

ခေတ်ကောင်းရဲ့အရုဏ်ဦးက ဘယ်အချိန်မှ အမှောင်ထုကို ဖောက်ထွက်ပြီးတော့ တိမ်တိုက်တွေကြားက ထွက်ပေါ်လာမှာလဲ…

…

All Chapters