အခန်း ၃၉၄
Vol. 27 Ch. 394
အပိုင်း(၃၉၄) လူသားဧကရာဇ်အား ပို့ဆောင်ခြင်း၊ အချိန်-နေရာလွတ်နှင့် စကားပြောခြင်း
နောက်ပိုင်းတွင်မူ ရှီးသည် လူသိမခံဘဲ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။ နောက်ပိုင်းဒဏ္ဍာရီများထဲတွင် ပါသည့်အတိုင်း လူသားဧကရာဇ်က ထူးချွန်သူများကို ရိုက်နှက်၍ အင်အားကြီးမားလာခြင်းမျိုး မဟုတ်ပေ။ အကယ်၍သာ ထိုမျှထင်ရှားကျော်ကြားအောင် လုပ်ခဲ့လျှင် နတ်ဘုရားများ၏ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးသား ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် ထိုအချိန်ကာလ၌ နတ်ဘုရားများက လူသားမျိုးနွယ်ထဲမှ ထူးချွန်သူများကို မွေးထုတ်ပေးခဲ့ကြသည်။ အရေးအကြီးဆုံးအချက်မှာ နတ်ဘုရားတို့၏ မဟာပရောဟိတ်၏ ရှေ့ဖြစ်ဟော ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ထဲမှ ထူးချွန်သူများကို မွေးထုတ်ပေးကာ သူတို့အလိုလို လာရောက် ပူးပေါင်းအောင်ဆွဲဆောင်ပြီး ရှေ့ဖြစ်ဟောထဲမှလူ၏အရိပ်အယောင်ကို ရှာဖွေနေခြင်း ဖြစ်သည်။
ရှီးက နောက်ကွယ်မှနေ၍ စီမံကိန်းများချမှတ်ခဲ့ရာ နှစ်(၅၀)အတွင်းမှာပင် ထိုကလေးများမှာ အင်အားကြီးအဖွဲ့အစည်းများ၏ အလယ်အလတ်နှင့် အထွတ်အထိပ်အဆင့်များသို့ ရောက်ရှိသွားကြသည်။
မျိုးနွယ်စုများမှ ထွက်ပေါ်လာသော ထိုထူးချွန်သူများသည် မိမိတို့၏အဆင့်အတန်းကို အသုံးချ၍ သတင်းအချက်အလက်များနှင့် အရင်းအမြစ်များကိုရယူပြီး ရှီးထံ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ဤသို့ဖြင့် အပြန်အလှန်အားဖြင့် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြသည်။
နှစ်(၁၀၀)ကြာပြီးနောက် ရှီးသည် ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ရောက်ရှိသွားကာ ပထမဆုံး အကြိမ်အဖြစ် ပွင့်ပွင့်လင်းလင်းထွက်ပေါ်လာပြီး မျိုးနွယ်စုပေါင်းစုံမှ ထူးချွန်သူများနှင့် ယှဉ်ပြိုင်ခဲ့သည်။
ထို့နောက်ပိုင်းတွင်မူ သာမန်အတိုင်း ဖြစ်သွားသည်။ နတ်ဘုရားများက သူ့ကို ရိပ်မိသွားကာ အကြိမ်ကြိမ် အကဲခတ်ခြင်း၊ မျိုးနွယ်စုပေါင်းစုံ၏ ဝိုင်းရံသတ်ဖြတ်ခြင်းကိုခံရကာ အခက်အခဲများကြားမှ တဖြည်းဖြည်း ကြီးထွားလာခဲ့ရသည်။
သူ တာအိုသက်သေပြနိုင်သည့် ကောင်းကင်နယ်ပယ်သို့ ရောက်ရှိသည့်နေ့တွင် မျိုးနွယ်စုပေါင်းစုံနှင့် နတ်ဘုရားများ၏ တံခါးဝများတွင် ပုန်းကွယ်နေသော နောက်လိုက်ရာကျော်တို့သည် ရှီး၏အမိန့်ကို တုံ့ပြန်ခဲ့ပြီး လောကကြီးကို အမှောင်ဖုံးသွားအောင် စတင်လှုပ်ရှားတော့သည်။
မျိုးနွယ်စုပေါင်းစုံ၏ အတွင်းပိုင်း ပဋိပက္ခများ ပိုမို၍ ပြင်းထန်လာပြီး နတ်ဘုရားများကြားတွင်လည်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာသည်။ ရှီးသည် ဤအခွင့်အရေးကို အသုံးချကာ မျိုးနွယ်စုပေါင်းစုံကို အရင်ဆုံးပစ်မှတ်ထားပြီး မျိုးနွယ်စုဆယ်ဂဏန်းကို အောင်မြင်စွာဖြင့် ချေမှုန်းနိုင်ခဲ့ကာ မျိုးနွယ်စုများကို ပြန်လည်စုစည်း၍ လူတို့၏ စိတ်နှလုံးနှင့်အဆင့်အတန်းကို တဖြည်းဖြည်း ပြန်လည်ရယူခဲ့သည်။
ပုံပြင်၏အဆုံးသတ်တွင်။
ရှီးသည် မျိုးနွယ်စုပေါင်းစုံကို အနိုင်ယူ၍ လူသားမျိုးနွယ်တိုင်းပြည် တည်ထောင်ကာ နတ်ဘုရားများ၏ အောက်တွင် ဒုတိယမြောက် အင်အားကြီးအဖွဲ့အစည်း ဖြစ်လာခဲ့သည်။ မျိုးနွယ်စုပေါင်းစုံမှာ တတိယနေရာသို့ ရောက်သွားသည်။
နောက်ထပ် နှစ်(၁၀၀)ကျော် ကြာသွားသည်။
လူသားမျိုးနွယ် တဖြည်းဖြည်း အင်အားကြီးမားလာပြီး ထိပ်တန်းစွမ်းအားရှင်များ ပေါ်ပေါက်လာသည်။ ဥပမာ ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခုမှာ ဤကာလတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစောဆုံး တည်ထောင်ခဲ့သော ကောင်းကင်ကြည့်ဆောင်နှင့် ရှီးနောက်လိုက်ခဲ့သည့် ကလေးငယ်(၁၀၀)တို့မှာ တဖြည်းဖြည်း ဘေးဖယ်ထားခြင်းခံလာရသည်။
ချီကျိ၏ကျင့်ကြံခြင်းအဆင့်မှာ နံနက်ခင်းအလင်းနယ်ပယ်တွင် ရပ်တန့်နေခဲ့ပြီး ရှေ့ဆက်တက်ရန် မဖြစ်နိုင်တော့သဖြင့် စာပေနှင့်ဆိုင်သောအလုပ်များ၊ တိုင်းပြည်အုပ်ချုပ်သည့် အလုပ်များသို့ ပြောင်းလဲ၍ လုပ်ကိုင်ခဲ့ရပြီး ရှီး၏ခြေလှမ်းအတိုင်း လိုက်နိုင်တော့ခြင်းမရှိပေ။
ဤကာလတွင် နတ်ဘုရားများမှာ ပိုမို အင်အားချိနဲ့လာသည်။ သူတို့သည် ရှီးက ရှေးဖြစ်ဟောထဲမှလူမှန်း သိသော်လည်း မတားဆီးနိုင်တော့ပေ။ ရှီး၏အရှိန်အဝါမှာ ကြီးမားသွားပြီဖြစ်ရာ နတ်ဘုရားများမှာလည်း အသက်ရှင်ဖို့အတွက်သာ ခက်ခက်ခဲခဲ ရုန်းကန်နေရတော့သည်။
နောက်ဆုံးတွင် နတ်ဘုရားများ ရှုံးနိမ့်သွားကာ ရှီးက နတ်ဘုရားများကို နှိမ်နင်းလိုက်လေသည်။ ကောင်းကင်တာအိုက ကောင်းချီးပေးပြီး မင်္ဂလာနိမိတ်များ ကျဆင်းလာကာ ရှီးကို လူသားဧကရာဇ်အဖြစ် ဘွဲ့ထူးချီးမြှင့်ခဲ့သည်။
ထို့နောက် ရှီးသည် ဧကရာဇ်အဖြစ် နန်းတက်ကာ တိုင်းပြည်ကို အုပ်ချုပ်ပြီး လူသားမျိုးနွယ်သမိုင်းတွင် ပထမဆုံးလူသားဧကရာဇ် ဖြစ်လာခဲ့သည်။ သို့သော် သူက လူသားဧကရာဇ်ဆိုသည်မှာ ကောင်းကင်တာအို၏ ရုပ်သေးရုပ်သာ ဖြစ်ကြောင်း သတိပြုမိလာသည်။ လူသားဧကရာဇ်ခေတ် နှစ်(၃၀၀) ရောက်သည့်အခါ ရှီးသည် ပိုမိုတိတ်ဆိတ်လာပြီး သူနှင့်မတူတော့သည့်ပုံစံမျိုး ဖြစ်သွားသည်။
ချီကျိ၏မှတ်ဉာဏ်ထဲ ထိုအချိန်က လူသားဧကရာဇ်၏ ခန္ဓာကိုယ်တစ်ခုလုံး စိတ်ပျက်အားငယ်မှုများနှင့် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး နက်ရှိုင်းသော ဒေါသအမျက်များလည်း ပါဝင်နေသည်။
...
...
"နောက်ပိုင်းမှာတော့ ဧကရာဇ်ရဲ့မိဖုရားက နတ်ဘုရားဖြစ်နေတာ ပေါက်ကြားသွားပြီးတေယြ ဧကရာဇ်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာတွေ၊ ကောင်းကင်ကိုတိုက်ခိုက်တဲ့ စစ်ပွဲတွေ ရှိခဲ့တာပေါ့။ ကံဆိုးချင်တော့ ချီကျိက နံနက်ခင်းအလင်းနယ်ပယ်နှောင်းပိုင်းပဲ ရှိသေးလို့ ဒီကိစ္စတွေကို ပါဝင်နိုင်စွမ်း မရှိခဲ့ဘူး။ ကိုယ်တိုင်လည်း မမြင်ခဲ့ရဘူး"
"ဒါပေမဲ့..."
"ချီကျိ ကျင့်ကြံတဲ့လမ်းစဉ်က ဘာလဲဆိုတာ ငါ သိသွားပြီ။"
"[တာအိုခိုးယူခြင်း]။ ဘယ်အရာမဆို ခိုးယူနိုင်တယ်။ ဘာမဆို လုယူနိုင်တယ်။ သူက ငါ့ရဲ့ အတွင်းစကြဝဠာထဲကိုဝင်ဖို့ စွန့်စားရဲတာ အချိန်-နေရာလွတ်တာအိုကို ခိုးယူဖို့ ရည်ရွယ်ချက်နဲ့များလား"
မုန့်ချင်ကျိုးက မေးစေ့ကိုပွတ်သပ်ရင်း စဉ်းစားခန်းဝင်နေသည်။ စိတ်အာရုံဖြင့် အတွင်းစကြဝဠာကို စစ်ဆေးကြည့်ရာ ချီကျိက အချိန်-နေရာလွတ်တာအိုကို နားလည်သဘောပေါက်အောင် ကြိုးစားနေခြင်း မဟုတ်ဘဲ ခိုးယူရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။ အကြိမ်ကြိမ် ကြိုးစားပြီးနောက် မအောင်မြင်သဖြင့် လက်လျှော့သွားသည်။ ချီကျိ၏ [တာအိုခိုးယူခြင်း] အတတ်ကို မသိခဲ့ပါက အရှေ့မှာတင် ခိုးယူနေသည်ကိုပင် သူ သိရှိနိုင်မည် မဟုတ်ပေ။
သူ့သဘောအတိုင်း လုပ်ပါစေတော့။
မုန့်ချင်ကျိုး ဂရုမစိုက်တော့ပေ။ သူက တစ်ဖက်လူကို အတွင်းစကြဝဠာထဲသို့ ဝင်ရောက်ပြီး အချိန်-နေရာလွတ် တာအိုကို လေ့လာခွင့်ပေးရဲပြီဆိုကတည်းက တစ်ဖက်လူ မည်မျှပင် နားလည်သွားပါစေ ခိုးယူနိုင်လိမ့်မည်ဟု မစိုးရိမ်ပေ။
အကယ်၍ ထိုမျှသာ လွယ်ကူနေမည်ဆိုလျှင် အချိန်-နေရာလွတ် တာအိုက တားမြစ်ထားသည့် လမ်းစဉ်ဟု ခေါ်ဆိုခံရမည် မဟုတ်ပေ။
ချီကျိကျင့်ကြံနေသည့် တာအိုကို သိသွားပြီးနောက် မုန့်ချင်ကျိုး စိတ်အေးသွားကာ မှတ်ဉာဏ်များကို ဆက်လက်၍ လှန်လှောကြည့်ရှုလိုက်သည်။
...
...
လူသားဧကရာဇ်ခေတ် အနှစ်(၁၃၀၀)တွင် ကောင်းကင်ကိုတိုက်ခိုက်သည့်စစ်ပွဲ အဆုံးသတ်ပြီးနောက် လူသားဧကရာဇ်မှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။
တိုင်းပြည် ပြိုကွဲလုနီးပါးဖြစ်သွားပြီး ကမောက်ကမအခြေအနေများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။
ကောင်းကင်ကြည့်ဆောင်က အမှောင်ထဲသို့ ပုန်းကွယ်သွားပြီး ချီကျိလည်း အပြင်သို့ထွက်ပေါ်လာခြင်း မရှိဘဲ အချိန်အများစုကို အမှောင်ထဲတွင် ကျင့်ကြံရင်း ကုန်ဆုံးခဲ့သည်။
တစ်နေ့တွင်။
မျှော်လင့်မထားသောသူတစ်ဦး ရုတ်တရက် ပေါ်လာခဲ့ပြီး ချီကျိကို ရှာဖွေတွေ့ရှိသွားသည်။
ထိုသူသည် သွေးစွန်းနေသော ပျက်စီးနေသည့်ဧကရာဇ်နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များ ရှုပ်ပွကာ၊ မုတ်ဆိတ်များထူပြောနေပြီး၊ မျက်ဝန်းများမှာချိုင့်ဝင်နေသဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံ ပေါ်သည်။
ထိုသူမှာ လူသားဧကရာဇ်ရှီး ဖြစ်နေသည်။
ချီကျိက အလွန်အမင်း ထိတ်လန့်သွားပြီး အလျင်အမြန် ဦးညွှတ်ဒူးထောက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "လူသားဧကရာဇ်၊ အရှင် ပြန်ရောက်လာပြီပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ဘယ်ကို ရောက်နေတာလဲ။ တိုင်းပြည်မှာ အရှင်မရှိတော့ လူသားမျိုးနွယ်ရဲ့အတွင်းရေး ပြဿနာတွေကို ထိန်းချုပ်လို့ မရနိုင်တော့ဘူး"
"အမြန်ဆုံး လောကကို ကြေညာပေးပါ။ အခြေအနေကို ထိန်းသိမ်းဖို့အတွက်ပါ။ မဟုတ်ရင်တော့ ဘေးဒုက္ခကြီး ဖြစ်တော့မယ်။"
လူသားဧကရာဇ်၏မျက်လုံးများမှာ နက်ရှိုင်းနေပြီး ပင်ပန်းနွမ်းနယ်မှုများကို မဖုံးကွယ်နိုင်သော်လည်း မထီမဲ့မြင်ဖြစ်စေသည့်အရှိန်အဝါဖြင့် အေးစက်စွာ ပြောလိုက်သည်။
"ချီကျိ၊။ ငါ မင်းကို ပြောခဲ့ဖူးတဲ့ကတိကဝတ်ကို မှတ်မိသေးလား။"
ချီကျိကြောင်သွားပြီး ချက်ချင်းပြန်ဖြေသည်။ "မှတ်မိပါတယ်။ လူသားမျိုးနွယ်ကို အင်အားကြီးအောင် လုပ်မယ်။ ခေတ်ကောင်းကြီးတစ်ခု ဖန်တီးမယ်လို့ ပြောခဲ့တာပါ။ အရှင် လုပ်ဆောင်နိုင်ခဲ့ပြီ။ အရှင်က လူသားမျိုးနွယ်ရဲ့ ပထမဆုံး လူသားဧကရာဇ် ဖြစ်လာခဲ့ပါပြီ။"
သို့သော်။
လူသားဧကရာဇ်မှာမူ ကောင်းကင်ကိုမော့၍ အားရပါးရရယ်မောလိုက်ရာ သူ၏အသံမှာ ဝမ်းနည်းဖွယ် ကောင်းလှသည်။ "ဟားဟား... လူသားဧကရာဇ်တဲ့။ ဟာသတစ်ခုပဲ။ လူသားမျိုးနွယ်တွေဟာ ဘယ်တုန်းကမှ ထိန်းချုပ်မှုကနေ မလွတ်မြောက်ခဲ့ဘူး။ နတ်ဘုရားတွေပဲဖြစ်ဖြစ်၊ မျိုးနွယ်စုပေါင်းစုံပဲဖြစ်ဖြစ်၊ လူသားမျိုးနွယ်ပဲ ဖြစ်ဖြစ်၊ ကောင်းကင်တာအိုက အရေးမစိုက်ဘူး။ ဘယ်သူက အုပ်ချုပ်တယ်ဆိုတာ အရေးမကြီးဘူး။"
"ခေါင်းဆောင်ကသာ ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေရင် ဘာမှ မရှုပ်ထွေးတော့ဘူး။ ရှေးဟောင်းနတ်ဘုရားပဲ လွတ်လပ်တာ။ ရှေးဟောင်းကောင်းကင်ခုံရုံး ပျက်စီးသွားတာတောင် သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းစဉ်ကြောင့်ပဲ။"
ဤမြင်ကွင်းကိုကြည့်ပြီး လူသားဧကရာဇ် ရူးသွပ်နေသည့်ပုံစံကို မြင်လိုက်ရသောအခါ ချီကျိမှာ ကြောက်လန့်သွားခဲ့သည်။
မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို ဤလူသားက အမြဲတမ်း ပြတ်သားပြီး ယုံကြည်ချက် အပြည့်ရှိသူ ဖြစ်သည်။ လူသားမျိုးနွယ်၏ အနာဂတ်ခေတ်ကောင်းကြီးကို ကြိုတင်မြင်တွေ့နေရသကဲ့သို့ ယုံကြည်နေတတ်သူ ဖြစ်သည်။
သူက လူသားဧကရာဇ် ယခုကဲ့သို့ ရူးသွပ်သောပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ချီကျိက ကြောက်လန့်တကြား ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ "အရှင်။ ဘာဖြစ်တာလဲ။ စစ်ပွဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ၊ ဘာအခက်အခဲတွေ ရှိလို့လဲ။ ကျွန်တော်မျိုးကို ပြောပြပါ။ ကျွန်တော်မျိုး အမြဲတမ်း အရှင်နဲ့အတူ ရှိနေမှာပါ။"
လူသားဧကရာဇ်မှာ ရယ်မောနေခြင်းကို ရပ်တန့်လိုက်ပြီး ချီကျိကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း တကယ်ပဲ ဘာမဆို လုပ်ပေးနိုင်မှာလား။"
"ဒီနှစ်တွေတစ်လျှောက်လုံး ငါ့ကို အစောဆုံးနောက်လိုက်ခဲ့တဲ့သူတွေကို အထူးသဖြင့် လျစ်လျူရှုခဲ့တာ။ မင်းတို့ တစက်ကလေးမှ မမုန်းဘူးလား။ မကျေနပ်ချက် မရှိဘူးလား။"
ချီကျိက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ရှင်းလင်းသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။
"သေချာပေါက် မရှိပါဘူး။ အရှင် ကျွန်တော်တို့ကို ကာကွယ်နေတာပဲလေ။ အစွမ်းမရှိဘဲ တာဝန်ကြီးကြီး မယူသင့်ဘူး။ မဟုတ်ရင် အချိန်မရွေး သေနိုင်တယ်။"
"အရှင် နတ်ဘုရားအနှစ်သာရတွေကို ကောင်းကင်ကြည့်ဆောင်ဆီ အပ်နှံထားတာက တခြားသူတွေကို သတိပေးနေတာပဲ။ ကောင်းကင်ကြည့်ဆောင်ကို မထိနဲ့။ သူတို့ကို မနှိပ်စက်နဲ့။ ဒါက ကျွန်တော်တို့ကိုပေးတဲ့ ကာကွယ်ရေးလက်နက်ပဲ။ အရှင် အမြဲတမ်း ဂရုစိုက်နေမှန်း ကျွန်တော်တို့အားလုံး သိပါတယ်။"
ထိုစကားကိုကြားရာ လူသားဧကရာဇ်မှာ အချိန်အတော်ကြာမှသာ အပြုံးလေးတစ်ခု ပေါ်လာတော့သည်။
ငါ့ကို နားလည်ပေးမယ့်သူ ရှိနေသေးတာပဲ၊
ငါ ဂရုစိုက်တဲ့သူတွေ ရှိနေသေးတာပဲ။
ဥပမာ - ကောင်းကင်ကြည့်ဆောင်က ညီအစ်ကိုတွေ။
ဥပမာ - စစ်မင်။
"ကောင်းပြီလေ။"
"ဒါဆိုရင်တော့ နောက်ဆုံး ကိစ္စကြီးတစ်ခုကို ကူညီပေးပါ။"
"အရင်တုန်းကလိုပဲ လူငယ်(၁၀၀)ကို လေ့ကျင့်ပေးခဲ့သလိုမျိုး လူသားမျိုးနွယ်ကို အင်အားကြီးအောင် လုပ်ပေးပါ။ ဒီတစ်ခါကတော့ အရင်ကထက် အဆပေါင်းများစွာ ပိုခက်ခဲပြီး ပိုကြောက်စရာကောင်းလိမ့်မယ်။"
"ကောင်းကင်ကြည့်ဆောင်ကို ဆက်ပြီး စောင့်ဆိုင်းစေချင်တယ်။ တစ်နေ့နေ့မှာ... အချိန်-နေရာလွတ် တာအိုလမ်းစဉ် ပြန်ပေါ်လာရင် သူက ဒုတိယမြောက် လူသားဧကရာဇ်ပဲ။"
"ဒီအချိန်ကို ကန့်သတ်ချက် မရှိဘူး။ နှစ်ပေါင်း တစ်သိန်း၊ တစ်သန်း၊ ဒါမှမဟုတ် နှစ်သန်းပေါင်းများစွာ ဖြစ်နိုင်တယ်။ မင်းတို့တွေ အထီးကျန်ဆန်စွာနဲ့ ခါးသီးစွာနဲ့ စောင့်နေရမယ်။ သေချင်စိတ်ပေါက်နေရင်တောင် မသေရဘူး။"
"အသက်တောင် မနည်းကျန်တော့ရင်တောင် ငါ့အတွက် ဆက်ပြီးတော့ စောင့်ပေးထား။"
ချီကျိမှာ ကြက်သီးမွေးညင်းများ ထသွား၏။
အမြဲတမ်း စောင့်နေရမှာလား။
ဤမေးခွန်းက [အသက်ရှည်ခြင်းက ပျော်ရွှင်စရာလား သို့မဟုတ် ဒုက္ခလား] ဆိုသည့် မေးခွန်းနှင့် အတူတူပင်။ အဓိပ္ပါယ်မဲ့ ပန်းတိုင်တစ်ခုအတွက် စောင့်ဆိုင်းနေရခြင်းမှာ အလွန်ကြမ်းတမ်းသော နှိပ်စက်မှုပင် ဖြစ်သည်။
ချီကျိက မေးလိုက်သည်။ "တကယ်လို့ နှစ်တွေအများကြီး ကြာသွားပြီးတဲ့နောက်မှာတောင် အဲဒီသူ မရောက်လာရင်ရော။"
လူသားဧကရာဇ်က ခဏရပ်တန့်ပြီး ဆက်ပြောလိုက်သည်။
"ဒါဆိုရင်တော့ မျိုးဆက်ပြန့်ပွားအောင် လုပ်လိုက်။ မင်းရဲ့နည်းလမ်းတွေကိုသုံးပြီးတော့ ပိုးမွေးသလိုမျိုး လုပ်လိုက်။ လူတွေ အမြဲတမ်းဒုက္ခရောက်နေမှ အဲဒီလူ ထွက်ပေါ်လာပြီး ဒီဘေးဒုက္ခကို အဆုံးသတ်ပေးလိမ့်မယ်။"
"သူ သေချာပေါက် ရောက်လာမှာပါ။ ဘာလို့လဲဆိုတော့... ငါ သူ့ကို မြင်ဖူးလို့ပဲ။"
ရှေ့ပိုင်းကို ချီကျိနားလည်သော်လည်း နောက်ပိုင်းကိုတော့ နားမလည်တော့ပေ။
ချီကျိက အကြိမ်ကြိမ်စဉ်းစားပြီးနောက် ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်မျိုး ဒီကတိကို သေချာပေါက် ပြီးမြောက်အောင် လုပ်ပါ့မယ်။ အရင်တုန်းက အရှင်နောက်ကို လိုက်ခဲ့သလိုမျိုးပါပဲ။"
"ချီကျိက မင်းကို အမြဲယုံကြည်ပါတယ်။ ရှီး။"
ဤတစ်ခါတွင် ချီကျိက လူသားဧကရာဇ်ဟု မခေါ်တော့ဘဲ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကအတိုင်း နာမည်ချင်း ခေါ်လိုက်သည်။
လူသားဧကရာဇ် ပြုံးလိုက်ပြီး ချီကျိ၏ပခုံးကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ပင်ပန်းသွားပြီ။ ခေတ်ကောင်းကြီးဆိုတာက မင်းတို့နဲ့ မသက်ဆိုင်ဘူး။ ပြည်သူတွေ ဒုက္ခရောက်ရင် မင်းတို့ကပဲ ခံစားရမှာ။ ရှေ့တန်းကနေ တိုက်ပွဲဝင်ရမှာကလည်း မင်းတို့ပဲ။ ဒါပေမဲ့လည်း ဆုချတဲ့အချိန်မှာ မင်းတို့အတွက် နေရာမရှိဘူး။"
"ငါ့ဘဝမှာ အမြဲတမ်း အားနာမိတဲ့သူနှစ်ဦး ရှိတယ်။ တစ်ယောက်က ရှီးယွဲ့။ နောက်တစ်ခုက ကောင်းကင်ကြည့်ဆောင်။"
"ချီကျိ။ မင်း သိထားရမှာက သူ ရောက်လာရင်တောင်... မင်းတို့အတွက် ဆုလာဘ် ဘာမှမရှိဘူး။ အကောင်းဆုံးအဆုံးသတ်က သဘာဝအတိုင်း သေဆုံးခြင်းပဲ။ ဆိုးဆုံး အဆုံးသတ်ကတော့..."
ပြောပြီးနောက် လူသားဧကရာဇ် ဆက်မပြောတော့ပေ။
ချီကျိက ပြုံးလိုက်၏။
"အရှင်နောက်ကိုလိုက်ခဲ့တဲ့ အချိန်ကတည်းက စည်းစိမ်ဥစ္စာတွေကို ကျွန်တော်မျိုး လိုချင်စိတ် မရှိတော့ပါဘူး။ အရှင်သာဆိုရင် ကျွန်တော်မျိုးတို့ အသက်ပေးပြီး ကူညီပေးမှာပါ။"
စကားသံ အဆုံးတွင်။
ချီကျိ၏ အနောက်ဘက်အမှောင်ထုထဲတွင် ရုတ်တရက် အလင်းများ ထွက်ပေါ်လာသည်။ ၎င်းမှာ အင်အားကြီးကမ္ဘာတစ်ခုဖြစ်ပြီး အထဲတွင် ပုံရိပ်ဒါဇင်ခန့် ရှိနေသည်။ သူတို့က ကောင်းကင်ကြည့်ဆောင်၏ တည်ထောင်သူများဖြစ်ကြပြီး လူသားဧကရာဇ်ကို ရိုသေစွာကြည့်ရှုကာ ဒူးထောက်လိုက်ကြသည်။
"ကျွန်တော်မျိုးတို့ လူသားဧကရာဇ်အတွက် အသက်ပေးပြီး တိုက်ပွဲဝင်ပါ့မယ်။ ဘယ်အရာကိုမဆို စွန့်လွှတ်ရဲပါတယ်။"
လူသားဧကရာဇ်က ဤမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ နီရဲလာပြီး အသံအက်ကွဲကွဲဖြင့် ပြုံးကာ ပြောလိုက်သည်။
"မင်းတို့က တကယ်ကို ရူးမိုက်လွန်းကြတာပဲ။"
"လောကကြီးမှာ မင်းတို့လောက် ရူးမိုက်တဲ့သူတွေ မရှိတော့ဘူး။"
လူအုပ်စုက ထိုအသံကို ကြားလိုက်ရာ အသံတိတ် ရယ်မောလိုက်ကြသည်။
သူတို့က ပန်းတိုင်တစ်ခုတည်းအတွက်ဆိုလျှင် အရာအားလုံးကိုပေးဆပ်ရန် အဆင်သင့်ရှိသော အလွန် သန့်ရှင်းစင်ကြယ်သည့်လူအုပ်စု ဖြစ်ကြသည်။
ချီကျိက မတ်တပ်ရပ်လိုက်ပြီး သူ၏မျက်နှာအမူအရာမှာ ပိုမိုလေးနက်သွား၏။
"ဒါဆို အရှင်ကကော။"
"အရှင် ဘယ်ကိုသွားမှာလဲ။ ဘာတွေ လုပ်မှာလဲ။"
လူတိုင်းက လူသားဧကရာဇ်ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့အားလုံးမှာ ငတုံးများ မဟုတ်ကြပေ။ လူသားဧကရာဇ်၏စကားအရ သူတို့သည် နောက်ဆုံးအနေဖြင့် ခွဲခွာရတော့မည်ဖြစ်ကြောင်း သိရှိလိုက်ကြသည်။
ဤသည်မှာ လူသားဧကရာဇ်သည် တစ်ယောက်တည်းဖြင့် ကြီးမားလှသောအပြစ်ဒဏ်ကို ထမ်းပိုးကာ လူသားမျိုးနွယ်အတွက် လမ်းစတစ်ခုကို ရှာဖွေပေးရန် ဖြစ်သည်။
သက်လတ်ပိုင်းအမျိုးသားက အေးဆေးစွာ ပြုံးလိုက်သည်။
"ငါလား။"
"မင်းတို့တွေ ဂရုမစိုက်ပါနဲ့။ မင်းတို့လိုလူမိုက်တွေကို ဒီလိုမဖြစ်နိုင်တာတွေ လုပ်ခိုင်းပြီးပြီဆိုတော့ ငါ ပင်ပန်းပြီ။ နေရာတစ်ခုမှာပုန်းပြီးတော့ အေးအေးဆေးဆေး နေတော့မယ်။"
"ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ပြီးပြီ။ အခုထိ အေးအေးဆေးဆေး မနေရသေးဘူးလား။"
ချီကျိက နားမလည်ဟန်ဖြင့် ပြောလိုက်သည်။ "ဟမ့်၊ ဒီစကားတွေပဲ ပြောနေတာ။ ဘယ်သူမှ မယုံဘူး။"
လူသားဧကရာဇ်က တဟားဟားနှင့် ရယ်မောလိုက်သည်။ "မယုံရင်လည်း နေပေါ့။ ငါက မင်းတို့ကို ယုံအောင် လုပ်ရမှာလား။ ဟားဟား..."
"ကဲပါ။ ငါ သွားတော့မယ်။"
"ညီအစ်ကိုတို့၊ နောက်တစ်ခါ..."
"နောက်တစ်ခါဆိုတာမျိုး မရှိတော့ဘူးထင်တယ်။ ဒါဆိုရင်တော့ ဒါက ထာဝရခွဲခွာခြင်းပဲ"
"ထာဝရနှုတ်ဆက်ပါတယ်။ ညီအစ်ကိုတို့။"
စကားပြောပြီးနောက် လူသားဧကရာဇ် ပျောက်ကွယ်သွား၏။
ချီကျိနှင့် အနောက်ဘက်မှလူတို့ ငိုင်သွားကြသည်။ အချိန်အတော်ကြာမှ လူတိုင်း၏မျက်လုံးထဲတွင် မျက်ရည်များစီးကျလာပြီး အမြင်အာရုံများ ဝေဝါးသွားကြသည်။
"အရှင်ရဲ့စိတ်ဆန္ဒထဲမှာ သေခြင်းတရားပဲ ရှိတော့တယ်။ သူ ဒီတစ်ခေါက်သွားတာက သေချာပေါက် ပြန်လာတော့မှာ မဟုတ်တော့ဘူး။" လူတစ်ယောက်က ငိုရှိုက်ရင်း ပြောလိုက်သည်။
"ထာဝရခွဲခွာခြင်း... ဆိုတာ သူ ချက်ချင်း သေဆုံးသွားမှာကို ဆိုလိုတာလား။"
ချီကျိမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး အချိန်အတော်ကြာသည်အထိ မတ်တပ်မရပ်နိုင်တော့ပေ။ သူက လူသားဧကရာဇ် နောက်ဆုံးစကားပြောခဲ့သည့် အဓိပ္ပါယ်ကို နားလည်သွားသည်။
သေဆုံးခြင်း...
"လူသားဧကရာဇ်ကို ပို့ဆောင်လိုက်ပါတယ်။"
ချီကျိ၏မျက်ရည်များမှာ ရပ်တန့်နိုင်ခြင်း မရှိတော့ဘဲ မျက်လုံးများနီရဲကာ အော်ဟစ်လိုက်ပြီး ခေါင်းကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
လူ(၁၀၀)တို့က ဒူးထောက်၍ ခေါင်းဆောင့်လိုက်ကြသည်။
"လူသားဧကရာဇ်ကို ပို့ဆောင်လိုက်ပါတယ်။"
...
...
မုန့်ချင်ကျိုးမှာ အချိန်အတော်ကြာအောင် သတိမဝင်နိုင်ဘဲ အံ့အားသင့်နေခဲ့ရသည်။
သူက တကယ်ပဲ ယွဲ့လား။
တစ်ခါပဲတွေ့ဖူးတဲ့ ရယ်မောနေတဲ့လူငယ်လေးက ငါ့ကို အမြဲတမ်းမှတ်မိနေခဲ့တာပဲ။
ကောင်းကင်ကြည့်ဆောင်က တကယ်တမ်း နှစ်ပေါင်းသောင်းချီစောင့်နေတာက ငါ့ကိုလား။
မုန့်ချင်ကျိုး၏ ဦးနှောက်ထဲတွင် မိုးကြိုးများ ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ယခင်က နားမလည်ခဲ့သော ကိစ္စများအားလုံးကို ယခုအချိန်တွင် အကုန်လုံး နားလည်သွားတော့သည်။
[မူရင်းဝတ္ထုထဲတွင် ကျောက်ကော်က ကမ္ဘာကြီးကို လှုပ်ခါလိုက်ပြီး သူ့တွင် ပါရမီအများအပြားရှိပြီး စွမ်းအားများလည်း ကြီးမားသည့်တိုင် ကောင်းကင်ကြည့်ဆောင်က သူ့ကို ဂရုမစိုက်ခဲ့ပေ။ ထိပ်တိုက်လည်း မတွေ့ခဲ့ပေ]
[ကောင်းကင်ကြည့်ဆောင်က အဘယ်ကြောင့် အမြဲလှုပ်ရှားနေပြီး လောကကို ဒုက္ခပေးနေရသနည်း။ သူတို့၏စွမ်းအားနှင့်ဆိုလျှင် လူသားဧကရာဇ်တစ်ယောက်ကို မွေးထုတ်ရန်မှာ ဘာမှမခက်ခဲလှပေ]
[ကျိဝူရွှမ်ဆိုသည်မှာ ကူပိုးကောင်းမွေးသောနည်းလမ်းနှင့် ရလာခဲ့ခြင်း ဖြစ်သည်။ သူက အရာရာတိုင်း အလွန်ထက်မြက်သော်လည်း ကောင်းကင်ကြည့်ဆောင်က သူ့ကို ဘာမှမဟုတ်သလို သဘောထားခဲ့ပြီး သေဆုံးသွားသည်ကိုတောင် လျစ်လျူရှုထားခဲ့သည်]
အရာအားလုံးက ငါကိုယ်တိုင်ကြောင့်ပဲ။
မုန့်ချင်ကျိုး ရုပ်တုတစ်ခုအလား ငြိမ်သက်သွား၏။
အချိန်အတော်ကြာမှ။
သူက စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ချီကျိ၏မှတ်ဉာဏ်များကို ဆက်လက်၍ လှန်လှော ကြည့်ရှုလိုက်သည်။
ထိုအချိန်တွင် ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာ၏။
လူသားဧကရာဇ် နောက်ဆုံးထွက်ခွာသွားစဉ် တစ်ချက် ပြန်လှည့်ကြည့်လိုက်ကာ ရပ်တန့်သွားသည်။ အချိန်-နေရာလွတ်ကို ဖြတ်ကျော်သွားသကဲ့သို့ပင်။ ထိုအကြည့်က နောက်လိုက်များကို ကြည့်နေခြင်း မဟုတ်ဘဲ မှတ်ဉာဏ်မှတစ်ဆင့် အချိန်-နေရာလွတ်ကိုဖြတ်ကျော်၍ မုန့်ချင်ကျိုးကို တိုက်ရိုက် ကြည့်ရှုနေခြင်းပင်။
"ဘာဖြစ်တာလဲ။" မုန့်ချင်ကျိုးက ပူလောင်သောအကြည့်ကို ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားပြီး ချက်ချင်းထွက်ခွာရန် ပြင်လိုက်သည်။
ရုတ်တရက်။
အေးစက်ပြီး အက်ကွဲကွဲအသံတစ်သံက သူ၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။
"ခင်ဗျား... နောက်ဆုံးတော့ ရောက်လာပြီလား။"
တစ်ခဏချင်းမှာပင် မုန့်ချင်ကျိုး၏ကျောရိုးတစ်လျှောက် အေးစက်သွား၏။
ဒီစကားက ငါ့ကို ပြောနေတာလား။
"သံသယမဖြစ်ပါနဲ့။ ဒါက ခင်ဗျားနဲ့ ကျုပ်ကြားက အချိန်-နေရာလွတ်ကို ကျော်လွန်တဲ့ စကားပြောဆိုမှု တစ်ခုပဲ။"
"တွေ့ရတာ ဝမ်းသာပါတယ်။ အချိန်-နေရာလွတ် ဓားသူတော်စင်။"
...