အခန်း ၃၉၇
Vol. 27 Ch. 397
အပိုင်း(၃၉၇) ၁၀နှစ်တာကာလ၊ ကံကြမ္မာ၏ အစကနဦး
ကြယ်တာရာတို့ အထပ်ထပ်တည်ရှိရာ ကောင်းကင်ယံအောက်၌ မုန့်ချင်ကျိုးက ချီကျိ၏မှတ်ဉာဏ်များကို ဆက်လက် လှန်လှောကြည့်ရှုနေသည်။
အချက်အလက်အမျိုးမျိုးအရ ကောင်းကင်ကြည့်ဆောင်သည် လူသားဧကရာဇ်၏အမိန့်ကို အမြဲတမ်း ခိုင်မြဲစွာစောင့်ထိန်းခဲ့ပြီး အချိန်-နေရာလွတ်တာအို ပေါ်ပေါက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ကြောင်း သိရှိရသည်။
အချိန်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ ကောင်းကင်ကြည့်ဆောင်ကို တည်ထောင်ခဲ့သော ကလေးများ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့ကြသည်။ အချို့မှာ အဆင့်တက်ရန် ခက်ခဲနေကြပြီး လူသားဧကရာဇ်ကို နောက်မှလိုက်၍ စစ်ပွဲများစွာတွင် ပါဝင်ခဲ့ရသဖြင့် အနည်းနှင့်အများ ဒဏ်ရာဟောင်းများ ရှိနေကြသည်။ ကလေးငယ်(၁၀၀)အထဲ၌ နောက်ဆုံးတွင် (၄)ယောက်သာ ကျန်ရစ်တော့သည်။
သူတို့မှာ ပထမမြောက် နန်းဆောင်သခင်၊ ဒုတိယမြောက် နန်းဆောင်သခင်နှင့် လက်ထောက် နန်းဆောင်သခင် နှစ်ဦးတို့ ဖြစ်ကြသည်။
သို့သော် ထူးဆန်းသည်မှာ ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်ဆိုသူ၏ အကြောင်းကိုမူ မည်သူမျှ မှတ်ဉာဏ် မရှိကြပေ။
ချီကျိကိုယ်တိုင်လည်း ဤကောင်းကင်ကြည့်ဆောင်ရှင်မှာ အစောဆုံးသက်ကြီးဝါကြီးများထဲမှ တစ်ဦးဖြစ်နိုင်ကြောင်းသာ ခန့်မှန်းနိုင်သည်။
မည်သူဖြစ်ကြောင်းကို မည်သူမျှ မသိကြပေ။
ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်က မည်သည့်နေရာတွင် ရှိနေသနည်း။ မည်သူဖြစ်သနည်း ဆိုသည်ကိုပင် မည်သူမျှ သေချာမသိကြ။
လူသားဧကရာဇ် ပျောက်ဆုံးသွားပြီးနောက် ကောင်းကင်ကြည့်ဆောင် ပုန်းကွယ်သွားခဲ့သည်။ နှစ်ပေါင်း သောင်းချီတိုင်ကောင်းကင်ကြည့်ဆောင်က ခေါင်းဆောင်မရှိဘဲ ရပ်တည်နေခဲ့ရသည်။
လွန်ခဲ့သောနှစ်အနည်းငယ်တွင် ထိုကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ် ရုတ်တရက် ပေါ်ပေါက်လာပြီး သူ့ကိုယ်သူ ဂိုဏ်းချုပ်ဟု ခေါ်ဆိုကာ နန်းဆောင်သခင် အမှတ်တံဆိပ်ကို ထုတ်ပြခဲ့သည်။ ထိုအမှတ်တံဆိပ်တွင် လူသားဧကရာဇ်၏အထူးအမှတ်အသား ပါရှိနေသဖြင့် ဤသူမှာ လူသားဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားသူ ဖြစ်ကြောင်း သက်သေပြနေသည်။
သူပေါ်လာသည်နှင့် တစ်ပြိုင်နက် နယ်မြေနှစ်ခုကြား ပဋိပက္ခများကိုဖန်တီးကာ အခြေအနေကို ပိုမို၍ ဆိုးရွားလာစေရန် အမိန့်ပေးခဲ့သည်။
ထို့အပြင် ကောင်းကင်ကြည့်ဆောင်က အခြေစိုက်စခန်းများကို အဆက်မပြတ် ပြောင်းလဲနေခဲ့ရာမှ ယခုအခါ ကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်မှ ကြေညာလိုက်သည်မှာ "နောက်ဆို ကောင်းကင်ကြည့်ဆောင်က နေရာတစ်ခုတည်းတွင်သာ ရှိတော့မယ်"ဟူ၍ ဖြစ်သည်။
၎င်းမှာ...
"ကောင်းကင်ပြည်နယ်မှာလည်း မဟုတ်ဘူး။ တောရိုင်းမြေမှာလည်း မဟုတ်ဘူး။ အဆုံးအစမရှိတဲ့ ပင်လယ်ရေပြင်မှာလည်း မဟုတ်ဘူး။"
"တကယ်တော့ ... စစ်မင်နတ်ဘုရားမြို့တော်မှာပဲ။"
"ကျိဝူရွှမ် တစ်ခါက တံခါးပိတးကျင့်ကြံခဲ့တဲ့နေရာလေ။"
"စစ်မင်နတ်ဘုရားမြို့တော် ဆိုတာကလည်း ရှေးဟောင်းကောင်းကင်ခုံရုံးရဲ့ ပြိုကွဲသွားတဲ့ အပိုင်းအစ တစ်ခုပဲ။"
မုန့်ချင်ကျိုး ပြုံးလိုက်သည်။ နောက်ဆုံးတွင် ကောင်းကင်ကြည့်ဆောင်၏ အခြေစိုက်စခန်းကို ရှာတွေ့သွားပြီ ဖြစ်သည်။ ယခုမှစ၍ အဖွဲ့အစည်းအားလုံးကို မြင်ရအောင် ထားလိုက်ပေတော့မည်။
မည်သူမှ နောက်ကွယ်ကနေ ကြိုးကိုင်၍ မရတော့ပေ။
လိုချင်သည်ကို ရခဲ့ပြီး မမျှော်လင့်ထားသော အကျိုးအမြတ်များကိုလည်း ရခဲ့လေပြီ။ ယခုတစ်ခေါက် ထောင်ချောက်ဆင်ပြီး ဖမ်းဆီးလိုက်ခြင်းက အတော်လေး အောင်မြင်မှု ရှိလှပေသည်။
ဤသို့တွေးမိသည်နှင့် မုန့်ချင်ကျိုးက နတ်ဘုရားအာရုံကို အတွင်းစကြဝဠာထဲပို့ပြီး ပြောလိုက်သည်။
"ချီကျိ။ ခင်ဗျား ထွက်သွားလို့ရပြီ။"
အချိန်-နေရာလွတ် တာအိုထဲတွင် နစ်မြောနေပြီး ခိုးယူရန်ကြိုးစားနေရသဖြင့် အလုပ်ရှုပ်နေသော ချီကျိက ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
"ဒီလောက်တောင် အလောတကြီးနဲ့ မောင်းထုတ်နေတာလား။"
"ခဏလောက် နေပါဦး..."
"အမ်။ မဟုတ်သေးဘူး။ မင်းကို ငါ့နာမည် မပြောခဲ့ဖူးပါဘူး။ မင်း ဘယ်လိုလုပ်သိတာလဲ"
ချီကျိ မတ်တပ်ရပ်လိုက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ သူ၏ရင်ထဲတွင် အလွန် ဝမ်းသာနေခဲ့ပြီး အနည်းဆုံးတော့ အချိန်-နေရာလွတ် တာအိုမှတစ်ဆင့် သူ၏ နည်းလမ်းတချို့ကို သိသွားပြီဟု ထင်နေခဲ့သည်။
ဥပမာအားဖြင့် နတ်ဘုရားအနှစ်သာရ(၁၀၀)၊ အချိန်-နေရာလွတ် တာအိုနှင့်ပတ်သက်သော အစွမ်းများ။
ယခုတွင်မူ ထူးဆန်းသည်ကို သတိပြုမိသွားသဖြင့် ပျော်ရွှင်မှုများမှာ လုံးဝ ပျောက်ကွယ်သွား၏။
"နောက်တစ်ခါ ထပ်ပြောမယ်။ အခုချက်ချင်း ထွက်သွားတော့။ မဟုတ်ရင် ထွက်မသွားရတော့ဘူး။ ဒီမှာပဲ ထာဝရ နေရစ်ခဲ့တော့။" မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်သည်။
ချီကျိ၏ မျက်နှာအမူအရာမှာ မရေမရာ ဖြစ်နေသည်။ အချိန်အတော်ကြာ တုံ့ဆိုင်းပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်ပြီး သူ၏အရှေ့တွင် ပေါ်လာသော အချိန်-နေရာလွတ်ဝဲဂယက်ကို ကြည့်ကာ ခြေလှမ်းလိုက်ပြီး ဝင်သွားတော့သည်။
တစ်ခဏချင်းမှာပင်။
သူက ကြယ်စုများဖြင့် တည်ဆောက်ထားသော ယဇ်ပလ္လင်ပေါ်သို့ ပြန်ရောက်လာပြီး အနက်ရောင်ဝတ် လူငယ်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။
"မင်း အချိန်-နေရာလွတ်တာအိုကနေတစ်ဆင့် ငါ့ဆီကနေ တစ်ခုခုကို သိသွားတာလား။" ချီကျိက ထွက်မသွားခင်တွင် နောက်လှည့်ကြည့်ပြီး တုံ့ဆိုင်းစွာ မေးလိုက်သည်။
သူက စိုးရိမ်နေသည်။ အခုအချိန်တွင် ရှိနေသော အချိန်-နေရာလွတ် ဓားသူတော်စင်ကို ရင်ဆိုင်ရချိန် သူက အဝတ်ဗလာနှင့် ရပ်နေရသလိုမျိုး၊ ကိုယ်ရေးကိုယ်တာ ဘာတစ်ခုမှ ဖုံးကွယ်ထား၍ မရတော့သလိုမျိုး သူ ခံစားနေရသည်။
မုန့်ချင်ကျိုးက တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။"
"ကျုပ် ခင်ဗျားရဲ့ အချိန်-နေရာလွတ်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးတော့ ခင်ဗျားရဲ့မှတ်ဉာဏ်တွေကို လှန်လှောကြည့်ရှုခဲ့တယ်။ လျှို့ဝှက်ချက်တွေ အတော်များများကို သိသွားပြီ။ ကောင်းကင်ကြည့်ဆောင် တည်ထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ လူသားဧကရာဇ်ရဲ့ အတိတ်ကကိစ္စတော်တော်များများလည်း ပါတယ်။"
"ပြောရရင်တော့ တကယ့်ကို ဝမ်းနည်းစရာကောင်းတာပဲ။"
ထိုစကားကိုကြားသောအခါ ချီကျိ၏မျက်နှာအမူအရာ အပြင်းအထန် ပြောင်းလဲသွားပြီး မျက်ဆံများ ကျုံ့ဝင်သွားကာ နောက်ဆုံးသောကာလအတွင်း ခံစားခဲ့ရသည့် ထူးဆန်းသော ခံစားချက်ကို သတိရသွားသည်။ တစ်စုံတစ်ယောက်က သူ့ကိုယ်ခန္ဓာကို ပွတ်သပ်နေသလိုမျိုးပင်...
ယခုမှ ပြန်စဉ်းစားကြည့်လိုက်ရာ ၎င်းမှာ သူ၏အချိန်-နေရာလွတ်ကို ကျူးကျော်ပြီး မှတ်ဉာဏ်များကို လှန်လှောကြည့်ရှုနေခြင်း ဖြစ်နေသည်လား။
"မင်း... မင်းက ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး လုပ်နိုင်ရတာလဲ။ အောက်တန်းကျလိုက်တာ။" ချီကျိ ဒေါသထွက်ပြီး တုန်ယင်နေသောလက်ဖြင့် ထောက်ပြလိုက်သည်။
မုန့်ချင်ကျိုးက အေးစက်စက်နှင့် ပြောလိုက်သည်။
"အောက်တန်းကျတယ်လား။ ကျုပ်တော့ မထင်ဘူး။ ဒါက ကစားပွဲတစ်ခုပဲလေ။ ခင်ဗျားက အချိန်-နေရာလွတ် တာအိုကို ခိုးကြည့်ချင်တယ်၊ [တာအိုခိုးယူခြင်း] နဲ့ အချိန်-နေရာလွတ်တာအိုကို လုယူဖို့ ကြိုးစားတာကရော မကောင်းတဲ့အကြံအစည် မဟုတ်ဘူးလား"
"ကျုပ်တို့က အချင်းချင်း ဘာတွေကြံစည်နေလဲဆိုတာကို သိနေကြတာပဲ။ ဘယ်သူ့နည်းလမ်းက ပိုသာသလဲဆိုတာက အရေးကြီးတာပါ။"
"ရှုံးသွားရင်တော့ ရှုံးသွားတာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်တုန်းက ခင်ဗျား အခုလိုပုံစံမျိုး မဟုတ်ခဲ့ပါဘူး။ လူသားဧကရာဇ်လက်ရုံးတွေရဲ့နာမည် မပျက်စေနဲ့။"
"ထွက်သွားတော့။"
ချီကျိက စကားမပြောနိုင်တော့ဘဲ အရှက်ကွဲစွာဖြင့် ခေါင်းငုံ့သွားသည်။
အမှန်ပင်။
သူကိုယ်တိုင်လည်း သိသည်။ သို့သော် အခွင့်အရေးကို လိုချင်လွန်းသဖြင့် အန္တရာယ်ကို မေ့ထားခဲ့သည်။ ယခု အရေးနိမ့်သွားပြီဖြစ်ရာ အရှက်ကွဲရခြင်းမှာ ဖြစ်သင့်သော အကျိုးဆက်ပင်။
"ဒါဆို မင်းက ကောင်းကင်ကြည့်ဆောင် ဘယ်မှာရှိမှန်း သိသွားပြီပေါ့။"
"စစ်မင်နတ်ဘုရားမြို့တော်။"
ချီကျိ တိတ်ဆိတ်သွား၏။
ကောင်းလိုက်တာ။ ဒီလောက်တောင် ပွင့်ပွင့်လင်းလင်း ဖြစ်နေစရာ မလိုပါဘူး။ အလိမ်အညာတောင် မသုံးတတ်ဘူးလား။
လခွမ်းတဲ့မှ။
တစ်ခါလောက် လောဘကြီးမိတာနဲ့ အကုန်လုံး ပေါ်ကုန်တော့တာပဲ။ ဘယ်လိုလုပ် ရှင်းပြရမလဲ။
ချီကျိမှာ အရှက်ကွဲသွားသလို စိတ်ပျက်သွား၏။
"ငါ..." ချီကျိက စကားအသွားအလာ ရပ်တန့်သွားသည်။ တစ်ခုခု ပြန်ပြင်ဆင်ရန် ကြိုးစားချင်သည်။ ကောင်းကင်ကြည့်ဆောင်က မကြာခင်တွင် ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ပြောလျှင်ပင် အလကား ဖြစ်ပေလိမ့်မည်။
ကောင်းကင်ကြည့်ဆောင်၏အခြေစိုက်စခန်းကို သိနေပြီဖြစ်ရာ ကြိုတင်၍ အစီအစဉ်ဆွဲထားမည်မှာ အသေအချာပင်။ မည်သည့် ပြောင်းလဲမှု ဖြစ်လာပါစေ အချိန်-နေရာလွတ် တာအို၏ တိကျသေ စွမ်းအားဖြင့် ကြိုတင်သိရှိနိုင်လိမ့်မည်။
ဆိုလိုသည်မှာ ကောင်းကင်ကြည့်ဆောင်က ဖုံးကွယ်ထားနိုင်မည် မဟုတ်တော့ပေ။
ဤအချက်ကို တွေးမိသည်နှင့် ချီကျိ စိတ်ပျက်သွားပြန်သည်။
နှစ်ပေါင်းသောင်းချီ ပုန်းအောင်းနေခဲ့ရသည်။ အချိန်-နေရာလွတ်တာအို ပေါ်ပေါက်လာရန်ကို မနည်း စောင့်ခဲ့ရသည်။
နောက်ဆုံးအဆင့်ကျမှ အကုန်လုံး ပေါ်ကုန်တာပဲ။
အခုဆိုရင် တစ်ဖက်နဲ့တစ်ဖက် ပွင့်ပွင့်လင်းလင်းပဲ တိုက်ရိုက်ရင်ဆိုင်ကြတော့မှာပေါ့။
"ငါ... လူသားဧကရာဇ်ရဲ့ ယုံကြည်မှုကို မစောင့်ထိန်းနိုင်ခဲ့ဘူး။" ချီကျိက အသက်မရှိတော့သလို စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
မုန့်ချင်ကျိုး ဂရုမစိုက်ပေ။
လူသားဧကရာဇ်ကြောင့်သာ မဟုတ်ပါက သူသည် ချီကျိ၏အသက်ကို ချမ်းသာပေးမည် မဟုတ်ပေ။
သနား၍မဟုတ်ဘဲ စွမ်းအားကြီးမားသော ယုံကြည်ချက်ကြောင့်သာ။
ချီကျိ ထွက်မသွားခင် နောက်လှည့်၍ ပြောလိုက်သည်။
"မင်း အတော်များများ သိသွားပြီဆိုတော့။ ငါ သတင်းတစ်ခု လက်ဆောင်ပေးမယ်။"
"ပြော။"
ချီကျိက မျက်နှာအမူအရာကိုပြင်လိုက်ပြီး လေးနက်သွားသည်။
"ဂိုဏ်းချုပ်ရဲ့ ခန့်မှန်းချက်အရ နောက်ထပ်(၁၀)နှစ်ကြာရင် ကောင်းကင်တာအိုက အပြီးသတ် ပြန်လည် နိုးထလာလိမ့်မယ်။ ဖိနှိပ်ထားလို့ မရတော့ဘူး။ အဲဒီအခါကျရင် အဆုံးသတ်ပဲ။"
"ရှေးခေတ်နဲ့ အခုခေတ်ကံကြမ္မာတွေအားလုံးက (၁၀)နှစ်ကြာရင် အဆုံးသတ်သွားလိမ့်မယ်။"
"ဒီ(၁၀)နှစ်အတွင်းမှာ ကောင်းကင်ကြည့်ဆောင်က လောကကြီးကို လာနှောင့်ယှက်မှာ မဟုတ်ဘူး၊ နယ်မြေနှစ်ခုကို ငြိမ်းချမ်းစေရမယ်။ ဘေးဒုက္ခတွေရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ (၁၀)နှစ် ကျော်သွားရင်တော့ မင်းနဲ့ ဧကရီတို့က ကံကြမ္မာရဲ့ အစကနဦးဆီကို မဖြစ်မနေသွားရလိမ့်မယ်"
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး၏မျက်ခွံများ အနည်းငယ် ကျဆင်းသွားပြီး အေးဆေးစွာ ပြောလိုက်သည်။
"သိပါပြီ။"
ချီကျိက လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ "ငါ သွားပြီ။"
စကားဆုံးသည်နှင့် ချီကျိ ပျောက်ကွယ်သွား၏။
အချိန်အတော်ကြာပြီးနောက်...
မုန့်ချင်ကျိုး ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။ "(၁၀)နှစ်တဲ့လား။၊ (၁၀)နှစ်အတွင်း ဘယ်သူက အနိုင်ရမလဲဆိုတာ စောင့်ကြည့်တာပေါ့။”
...