အခန်း ၃၉၈
Vol. 27 Ch. 398
အပိုင်း(၃၉၈) ၃နှစ်တာကာလ၊ သူတော်စင်(၃)ပါးပညာသင်ကျောင်း
အရွက်များ ခြောက်သွေ့ပြီး သစ်ပင်များတွင် အရွက်မရှိ။ ရေစီးသံလေးများက ရေခဲအဖြစ် ပြောင်းလဲသွားသည်။
ဆောင်းဦးတစ်ခု ကုန်ဆုံးသွားပြီး နွေဦးရာသီ ရောက်ရှိလာပြန်သည်။
အချိန်များက တစ်ရွေ့ရွေ့နှင့် (၃)နှစ်တာကာလကို ဖြတ်သန်းခဲ့ကြလေပြီ။
မဟာကျင်းတိုင်းပြည်က အချိန်ကာလ ရွေ့လျားလာသည်နှင့်အမျှ ပိုမိုတိုးတက်လာပြီး နေ့စဉ်နှင့်အမျှ အသွင်သစ်များဖြင့် ထွန်းကားနေကာ တိုးတက်ပြောင်းလဲမှုများမှာ လျင်မြန်လှပေသည်။
တောရိုင်းမြေကမ်းရိုးတန်းရှိ စစ်နယ်မြေကို ရုပ်သိမ်းလိုက်ပြီး သူရဲကောင်း ဂုဏ်ပြုမှတ်ကျောက်တိုင်များကို စိုက်ထူထားလိုက်သည်။ နှစ်စဉ်နှစ်တိုင်း လူများစွာ လာရောက်ပူဇော်ကြပြီး ရှေးခေတ်သူရဲကောင်းများကို ဂါရဝပြုကာ သင်္ချိုင်းများကို ရှင်းလင်းပေးကြသည်။
ဤမြေပြင်ပေါ်တွင် သေဆုံးသူများစွာ ရှိခဲ့သည်ဖြစ်ရာ သူတို့ကို ဤနေရာတွင်ပင် မြှုပ်နှံ၍ ထာဝရ အိပ်စက်စေခဲ့သည်။
ဆောင်းဦးအချိန်အခါ။
သူရဲကောင်း ဂုဏ်ပြုမှတ်ကျောက်တိုင် အစုအဝေးတွင် ခြောက်သွေ့နေသော အရွက်ဝါများ ပြည့်နှက်နေပြီး၊ သူတော်စင်(၃)ပါးပညာသင်ကျောင်းမှ ကျောင်းသား/သူများက ဆရာနှင့်အတူ သင်္ချိုင်းများကို လာရောက်၍ ရှင်းလင်းပြီး အရွက်ခြောက်များကို ရှင်းလင်းနေကြသည်။
အသက်(၆၀)ကျော် အဘိုးအိုတစ်ဦးသည် တက်ကြွလန်းဆန်းနေသည့် ကျောင်းသား ကျောင်းသူ အယောက်(၅၀)ခန့်ကို ဦးဆောင်လာသည်။ သူတို့၏အသက်အရွယ်မှာ မတူညီကြပေ။ အချို့မှာ ဆယ်ကျော်သက်အရွယ် စစ်သည်ကောင်းပုံစံမျိုး ရှိကြပြီး အချို့မှာ အသက်(၂)နှစ်၊ (၃)နှစ်သာ ရှိသေးသော်လည်း အလွန်လိမ္မာပါးနပ်သောပုံစံမျိုး ရှိကြသည်။
သူတို့က သူတော်စင်(၃)ပါးပညာသင်ကျောင်၏ အထူးချွန်ဆုံး ကျောင်းသားများ ဖြစ်ကြပြီး တက်ကြွလန်းဆန်းနေကြသည်။ ဇာတိမာန်အပြည့်ရှိသည့်ပုံစံဖြင့် သူရဲကောင်းမှတ်ကျောက်တိုင် အစုအဝေးသို့ ရောက်လာကြပြီး တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေကြသည်။
အဘိုးအိုက လမ်းလျှောက်တုတ်ကို မြေကြီးပေါ် အသံမြည်အောင် ရိုက်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ငြိမ်ငြိမ်နေကြ။"
"သူရဲကောင်းမှတ်ကျောက်တိုင်ရှေ့မှာ မာန်မာနမရှိစေနဲ့။ လေးစားမှုထားရှိရမယ်။ စည်းမကျော်ရဘူး။"
"ရှေးခေတ်သူရဲကောင်းတွေကို ဂါရဝပြုကြ။။ သင်္ချိုင်းကို ရှင်းလင်းကြ။ ကျင့်စဉ်စွမ်းအားတွေကို လုံးဝ အသုံးမပြုရဘူး။ တစ်ယောက်ကို တံမြက်စည်းတစ်ချောင်းစီကိုင်ပြီး ရိုရိုသေသေ လုပ်ကြ။ ဒါက မင်းတို့ရဲ့ တက်ကြွလွန်းနေတဲ့ စိတ်အခြေအနေကို တည်ငြိမ်စေလိမ့်မယ်။"
ကလေးငယ်များက ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ သို့သော် သူတို့၏ တောက်ပသော မျက်လုံးလေးများသည် သူငယ်ချင်းများနှင့် အကြည့်ချင်း ဖလှယ်နေကြပြီး လျှို့ဝှက်စွာစကားပြောနေကြကာ အဘိုးအိုကို မည်မျှဂရုမစိုက်ကြောင်း ပြသနေသည်။
"ငါ မိတ်ဆွေတစ်ယောက်ဆီ အလည်သွားဦးမယ်။ မင်းတို့ အလုပ်တွေ ခွဲဝေယူကြ။ ဟွမ်ရှောင်ချင်း၊ မင်းက ကျောင်းသားတွေကို ကြီးကြပ်ပေးထား။" အဘိုးအိုက မှာကြားလိုက်သည်။
ဟွမ်ရှောင်ချင်းက ပြုံးရွှင်စွာဖြင့် ထွက်လာပြီး ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာ။"
လိမ္မာပါးနပ်သယောင် ဟန်ဆောင်ထားသော သူသည် အမှန်တကယ်တွင် ကလေးအုပ်စု၏ ခေါင်းဆောင် ဖြစ်သည်။ အသက် (၁၁)နှစ် (၁၂)နှစ်အရွယ် လူငယ်လေးဖြစ်ပြီး မျက်နှာမှာ ကြည့်ကောင်းကာ မျက်ခုံးများမှာ ဓားတစ်လက်ပမာ ထက်မြက်နေ၏။
ဆရာ ထွက်သွားပြီးနောက်။
ဟွမ်ရှောင်ချင်းက တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး လှံတစ်လက်ပမာ အသုံးပြုကာ အရွက်ခြောက်များကို ဝှေ့ယမ်းလိုက်ရာ လေပြင်းများ ဖြစ်ပေါ်လာပြီး အရွက်များကို ဘောလုံးသဏ္ဍာန် ဖြစ်အောင် လုပ်လိုက်ကာ အမြင့်ကြီး ပစ်မြှောက်လိုက်သည်။
သူက လက်သီးကို ဆုပ်လိုက်ပြီး လေထဲတွင် တစ်ချက်ထုလိုက်သည်။
ဝုန်း။
အရွက်ခြောက်များ ချက်ချင်းပင် အမှုန့် ဖြစ်သွားသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ကျောင်းသူ ကျောင်သားများအားလုံး အံ့အားသင့်ကာ လက်ခုပ်တီး၍ အားပေးကြသည်။ ဟွမ်ရှောင်ချင်း၏လက်ရာကို ကြည့်ပြီး အားလုံး မှင်သက်သွားကြသည်။
ဟွမ်ရှောင်ချင်းက ကျေနပ်စွာဖြင့် နှာခေါင်းကို ပွတ်သပ်ကာ လက်ကာပြလိုက်သည်။
"ငါ ဒါကို ကြွားဖို့လုပ်တာ မဟုတ်ဘူး။ အားလုံးအတွက် အလုပ်ကို ဝေမျှပေးတာပါ။"
"ရိုးရိုးရှင်းရှင်းနဲ့ လုပ်လို့ရတာကို ဘာလို့ ဒီလိုတွေလုပ်နေရတာလဲ။ လူသေရင် ပြန်မရှင်လာတော့ဘူး။ စက္ကူငွေ နည်းနည်းလေး မီးရှို့ပြီးပူဇော်လိုက်ရင် ပြီးရော။ ဒီလိုအခမ်းအနားတွေ လုပ်နေတာ ခေါင်းကိုက်စရာပဲ။"
ကျောင်းသားများမှာ ချက်ချင်းပင် လက်ခုပ်တီး၍ ချီးကျူးကြပြန်သည်။
ဟွမ်ရှောင်ချင်းက စိတ်မထိန်းနိုင်ဘဲ တက်ကြွသောစိတ်ဖြင့် အရွက်များကို လှည်းယူကာ ဘောလုံးကစားသကဲ့သို့ ကစားနေသည်။
သူ၏လုပ်ဆောင်ချက်များမှာ အမျိုးမျိုးပင်။
ကင်းမြီးကောက်အမြီး၊ နဂါးပုလဲမျိုချခြင်း၊ ဇာမဏီငှက်တောင်ပံဖြန့်။ လူဝံဖြူသစ်သီးကမ်း စသည်ဖြင့်။
တစ်ခဏချင်းမှာပင် သူရဲကောင်းမှတ်ကျောက်တိုင်အစုအဝေးမှာ ဟွမ်ရှောင်ချင်း တစ်ယောက်တည်း၏ လေ့ကျင့်ရာနေရာ ဖြစ်သွားတော့သည်။
လူအုပ်၏နောက်ဆုံးတွင် ရှိနေသော အသက် (၅)နှစ် (၆)နှစ်အရွယ် ကလေးငယ်အချို့က ကြည့်မကောင်း၍ တိတ်တဆိတ် ပြောဆိုနေကြသည်။
"ဟွမ်ရှောင်ချင်းက ဘယ်သူလဲ။ အားလုံးက သူတော်စင်(၃)ပါးပညာသင်ကျောင်း ကျောင်းသားတွေပဲ။ အိမ်မှာ ဘယ်သူမဆို အထောက်အပံ့ ရှိကြတာပဲ။ လူတွေက သူ့ကို ဘာလို့လိုက်ချီးကျူးနေကြတာလဲ"
"ဟမ်။ နင် မသိဘူးလား။ မုကျိုးအုပ်ချုပ်ရေးမှူးရဲ့ မြေးရင်းလေ။ ကောင်းကင်ထောက်တိုင်နယ်ပယ် တစ်ပိုင်း အဆင့်ရှိတဲ့ သူကြီးပဲ။ ဧကရီဆီကနေ ဝိုင်တစ်ခွက်တောင် ဆုချီးမြှင့်ခံရဖူးတယ်။ မကြမ်းဘူးလား။"
"အဲဒါတင် မကသေးဘူး။ ဟွမ်ရှောင်ချင်းက မွေးကတည်းက ဧကရာဇ်အဆင့် ပါရမီပါလာတာ။ မွေးကတည်းက အဆင့်(၉) သိုင်းပညာရှင် ဖြစ်နေပြီ။ (၃)နှစ်မှာ အဆင့်(၁) ရောက်တယ်။ (၆)နှစ်မှာ တိမ်တက်နယ်ပယ်၊ (၁၀)နှစ်မှာ တိမ်တက်နယ်ပယ် အထွတ်အထိပ် ရောက်တယ်။ အခု (၁၂)နှစ်မှာတော့ တောင်ရွှေ့နယ်ပယ်အထိ ရောက်နေပြီ။"
"ဟူး။ အရမ်းကို စွမ်းတာပဲ။ အိမ်မှာ ကောင်းကင်ထောက်တိုင်နယ်ပယ် အထောက်အပံ့လည်း ရှိသလို ကိုယ်တိုင်လည်း ပါရမီရှင်ဖြစ်နေတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တာ မဆန်းပါဘူး။"
သူတော်စင်(၃)ပါးပညာသင်ကျောင်းကို လွန်ခဲ့သောတစ်နှစ်က တည်ထောင်ခဲ့သည်။
ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်းများ ဖြစ်ကြသော ရှီကျန့်ဂိတ်မှူး၊ ပျက်စီးကမ်းပါးဘုရင်နှင့် ကောင်းကင်ဗိုလ်ချုပ်တို့က ကျောင်းအုပ်ကြီး(၃)ယောက်အဖြစ် တာဝန်ယူထားသည်။
အဘယ်ကြောင့် ဤသုံးဦး ဖြစ်ရသနည်း။
ဓား၊ လှံ၊ ဓားရှည်ဆိုသည်မှာ လောကရှိ အဓိကအသက်မွေးဝမ်းကြောင်း သုံးမျိုး ဖြစ်၍ပင်။ အထူးသဖြင့် တောရိုင်းမြေတွင် ဓားပညာရှင် ဖြစ်လာရန် မည်သူမဆို တောင့်တကြသည်။ တစ်နေ့နေ့တွင် ဧကရာဇ်၏ လမ်းညွှန်မှုကိုရရှိပါက အလွန်ပင် ကံကောင်းပေလိမ့်မည်။
သူတော်စင်(၃)ပါးပညာသင်ကျောင်းတွင် ဝင်ရောက်ခွင့်ရရန်စံနှုန်းမှာ "နည်းလေကောင်းလေ" ဟူ၍ ဖြစ်သည်။
ထို့ကြောင့် တိုင်းပြည်၏ အဖွဲ့အစည်းအားလုံးမှာ ပါရမီရှင်များကိုရှာဖွေပြီး သူတော်စင်(၃)ပါး ပညာသင်ကျောင်းသို့ ပေးပို့ရန် ကြိုးစားနေကြသည်။
ဤနေရာတွင် နောက်ကွယ်မှာ အင်အားကြီးအဖွဲ့အစည်းများ ရှိနေကြသည်။
သို့သော် အကြီးအကဲများက အချိန်နှင့်ခွန်အားများကို စွန့်လွှတ်ပြီး ပါရမီရှင်များကို ပညာသင်ပေးရန် သူတော်စင်(၃)ပါးပညာသင်ကျောင်းကို ပေးပို့ရသည့် အဓိကအကြောင်းရင်းမှာ...
ပစ္စုပ္ပန်ရွာရှိ မဟာကျင်းတိုင်းပြည်၏ အဓိကအကြံပေးတစ်ဦး အရက်မူးပြီး မတော်တဆ ပြောခဲ့မိ၍ပင်။
[မဟာကျင်းတိုင်းပြည်ရဲ့ တစ်ဦးတည်းသောမင်းသမီးလေးက သူတော်စင်(၃)ပါး ပညာသင်ကျောင်းမှာ တိတ်တဆိတ် ပညာသင်ယူနေနိုင်တယ်]
၎င်းက သတင်းကြီပင်။
တစ်တိုင်းပြည်လုံး လှုပ်ခါသွား၏။ လူတိုင်းက သူတို့၏ ပါရမီရှင်ကလေးများကို ဤကျောင်းသို့ ပေးပို့ရန် ကြိုးစားနေကြသည်။
အကယ်၍ မင်းသမီးလေးနှင့်ရင်းနှီးသွားပါက ဧကရာဇ်နှင့်ဧကရီတို့နှင့် ဆက်ဆံရေး ပိုမိုနီးကပ်သွားမည် မဟုတ်ပါလား။
သို့သော် ဤအရာများကို။
လူကြီးများက သိကြသော်လည်း ကလေးများက မည်သို့ သိကြမည်နည်း။
ကလေးငယ်များ တိတ်တဆိတ် ဆွေးနွေးနေချိန်တွင် ထောင့်တစ်နေရာ၌ တစ်ယောက်တည်း တိတ်တဆိတ် တံမြက်လှည်းနေသော မိန်းကလေးငယ်တစ်ဦး၏ စုပုံထားသော အရွက်ခြောက်များမှာ ဟွမ်ရှောင်ချင်း၏လေကြောင့် လွင့်စင်သွားခဲ့ရသည်။
မိန်းကလေးငယ်က မျက်နှာလေးမှာ အလွန်ပင် ကြည့်ကောင်းပြီး နီရဲနေကာ၊အနီရောင်ဝတ်စုံလေး ဝတ်ထားသည်။ အသက် (၂)နှစ်၊ (၃)နှစ်သာ ရှိသေးသော်လည်း အလွန်လှပသော မိန်းကလေးတစ်ယောက် ဖြစ်လာမည့် အရိပ်အယောင် ရှိနေသည်။
"ဆရာက စည်းကမ်းထိန်းသိမ်းခိုင်းတာ၊ အနှောင့်အယှက်လုပ်ခိုင်းတာ မဟုတ်ဘူး။ ဒါ သူရဲကောင်းတွေ အိပ်စက်ရာနေရာပဲ။ နင့်ရဲ့အပြုအမူတွေကို ခွင့်မပြုနိုင်ဘူး။" မိန်းကလေးငယ်က ဟွမ်ရှောင်ချင်းကို မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
ဟွမ်ရှောင်ချင်း၏အကြည့်များက ထိုမိန်းကလေးငယ်ဆီသို့ ရောက်သွားသည်။ သူ၏အပြုအမူများကို လုံးဝဂရုမစိုက်သဖြင့် သူ့ကို အာရုံစိုက်လာအောင် အရွက်များကို လေဖြင့် တိုက်ချလိုက်ခြင်းပင်။
မည်သူထင်မည်နည်း။ မိန်းကလေးငယ်က သူ့ကို တိုက်ရိုက်ဝေဖန်လိုက်သည်။ ဟွမ်ရှောင်ချင်းက ရှက်ရွံ့သွားပြီး လက်လွန်သွားကာ အရွက်များကို ဖရိုဖရဲ ဖြစ်သွားစေသည်။
"ငါက နင်တို့ကို အချိန်သက်သာအောင် လုပ်ပေးတာလေ။ မကျေးဇူးတင်ရင်လည်း နေပါတော့။ ချီးကျူးစကားတောင် မပြောဘူး။" ဟွမ်ရှောင်ချင်းက ပြောလိုက်သည်။
မိန်းကလေးငယ်၏ ဖန်သားလိုတောက်ပသော မျက်လုံးလေးများသည် ဟွမ်ရှောင်ချင်းကို စိုက်ကြည့်ကာ တံမြက်စည်းကိုကိုင်၍ ပြောလိုက်သည်။
"ကျင့်ကြံခြင်းဆိုတာ ရေဆန်မှာလှေလှော်သလိုပဲ။ မတိုးတက်ရင် ဆုတ်ယုတ်သွားမှာပဲ။ အချိန်ကို သက်သာအောင်လုပ်တာက အလျင်စလိုဖြစ်တာရဲ့ လက္ခဏာပဲ။ နင် ဒီလိုလုပ်မယ်ဆိုရင် ကျင့်ကြံခြင်းကို နှောင့်နှေးစေရုံသာမကဘဲ သူရဲကောင်းတွေကိုပါ စော်ကားရာရောက်တယ်။"
"တောရိုင်းမြေသမိုင်းကို မသင်ခဲ့ရဘူးလား။ ဧကရာဇ်နဲ့ဧကရီ။ ပြီးတော့ စစ်သည်တွေရဲ့ တိုက်ပွဲကြောင့် ဒီနေ့ခေတ်ကို ရောက်လာတာ။ ဒီနေရာကို ရောက်လာရင် လေးစားရမယ်။ မဆင်မခြင် မလုပ်ရဘူး။ နားလည်လား။"
ဟွမ်ရှောင်ချင်းမှာ ဤစကားကို ကြားပြီး အံ့အားသင့်သွား၏။
ပတ်ဝန်းကျင်ရှိ ကျောင်းသား ကျောင်းသူများမှာလည်း နားလည်သွားကြပြီး ရှက်ရွံ့သော မျက်နှာထားများ ဖြစ်သွားကြသည်။
...
...
ဤကဲ့သို့ပြောဆိုမှုများမှာ ဟွမ်ရှောင်ချင်း၏ နားထဲသို့ ရောက်သွားသည်။
သူ့နာမည်ကို မပြောလိုက်သော်လည်း သူ၏လုပ်ရပ်ကို ဝေဖန်လိုက်ခြင်းပင်။
တစ်ခဏချင်းမှာပင်။
ဟွမ်ရှောင်ချင်းမှာမျက်နှာ နီရဲသွားပြီး ရှက်ရွံ့စွာဖြင့် မိန်းကလေးငယ်ကို လက်ညိုးထိုးကာ အော်လိုက်သည်။
"နင့်လို ကလေးလေးက ဘာနားလည်လို့လဲ။"
"ကျင့်ကြံခြင်းဆိုတာ ရေဆန်မှာလှေလှော်သလိုပဲ။ မတိုးတက်ရင် ဆုတ်ယုတ်သွားမှာပဲ။ တောက်။ ဒီလိုစကားတွေက လူမိုက်တွေမှ ပြောတတ်တဲ့ စကားတွေပဲ။"
"ပိုစွမ်းတဲ့သူက ပိုမြန်မြန် ကျင့်ကြံနိုင်တယ်။ ဥပမာပြောရရင် ဧကရာဇ်နဲ့ ဧကရီတို့လိုပေါ့။"
ဤစကားကို ကြားသောအခါ။
မိန်းကလေးငယ်၏မျက်လုံးများတွင် ဒေါသများ ထွက်ပေါ်လာပြီး ချစ်စရာကောင်းသော မျက်နှာလေးမှာ ဒေါသထွက်နေသည့်အမူအရာ ပေါ်လာကာ ပြောလိုက်သည်။
"နင် ဘယ်သူ့ကို လူမိုက်လို့ ပြောလိုက်တာလဲ။"
"ပြန်ပြောရဲရင် ပြောကြည့်စမ်း။"
မိန်းကလေးငယ် ဒေါသထွက်သွားသည်ကိုမြင်သော် ဟွမ်ရှောင်ချင်း စိတ်သက်သာရာ ရသွားသည်။ သူ ဘာမှလုပ်ရန် မရည်ရွယ်ပေ။ အရှက်ကွဲရမည်ကို ကြောက်၍သာ လှည့်စားလိုက်ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထိုကောင်မလေးက သူ လျှို့ဝှက်စွာသဘောကျနေသူ မဟုတ်ပါလား။
"သေချာပေါက် ပြောမှာပေါ့။ ကျင့်ကြံခြင်းဆိုတာ ရေဆန်မှာလှေလှော်သလိုပဲလို့ ပြောတဲ့သူကို ပြောတာပါ။ ကြည့်ရတာ အဆင့်အတန်းမရှိတဲ့သူပဲ..." ဟွမ်ရှောင်ချင်း စိတ်ပါလက်ပါ ပြောလိုက်သည်။
ပြောရင်းဖြင့် ဟွမ်ရှောင်ချင်းမှာ အခြေအနေ တင်းမာလာကြောင်း သတိပြုမိသွားသည်။
သူ မြင်လိုက်ရသည်မှာ မိန်းကလေးငယ်က လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး လှပသောမျက်လုံးများ ပြူးကျယ်သွားကာ ဒေါသထွက်နေသော ကျားပေါက်လေးတစ်ကောင်အလား တစ်လုံးချင်းစီ ပြောလိုက်သည်။
"နင်က ငါ့ဖေဖေ့ကို ဆဲတာလား။"
ဟွမ်ရှောင်ချင်း၏မျက်နှာအမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွား၏။
ဘာလားဟ။
ဒီစကားပြောတာ နင့်ရဲ့ဖေဖေ ဟုတ်လား။ နင်က ဘာလို့ ခုနက မပြောတာလဲ။
သွားပြီ။ ငါ့ရဲ့ အချစ်ဦးလေးရဲ့ဖေဖေကို လူမိုက်လို့ဆဲမိပြီ။ နောက်ဆိုရင် ဘယ်လို ချဉ်းကပ်ရမလဲ။
"ငါ မသိဘူး..." ဟွမ်ရှောင်ချင်း အမြန်ရှင်းပြလိုက်သည်။
"ငါ့ဖေဖေ့ကိုဆဲတဲ့သူကို ရိုက်မှာပဲ။" မိန်းကလေးငယ်က ပြောပြီးနောက်တွင် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ နေရာမှာတင် ပျောက်ကွယ်သွားပြီး ဟွမ်ရှောင်ချင်း၏အရှေ့သို့ ရောက်လာကာ လက်သီးလေးဖြင့် ဟွမ်ရှောင်ချင်း၏ရင်ဘတ်ကို ထိုးလိုက်သည်။
ဝုန်း။
အရိုးကျိုးသွားသည့်အသံ ထွက်ပေါ်လာ၏။
ဟွမ်ရှောင်ချင်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မည်သို့မည်ပုံ ဖြစ်သွားမှန်း မသိလိုက်ရဘဲ အဝေးသို့ လွင့်စင်သွားတော့သည်။
ထွီး...
"တောင်... တောင်ရွှေ့နယ်ပယ်လား။" ဟွမ်ရှောင်ချင်းမှာ မြေပြင်ပေါ်လဲကျသွားပြီး မိန်းကလေးငယ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ချင်းအန်းအန်း၊ နင်..."
မုန့်အန်းအန်းက အသက်ရှူသံ ပုံမှန်ဖြစ်အောင် လုပ်လိုက်သည်။ သူ၏မျက်နှာလေးမှာ နီရဲနေပြီး စိတ်လှုပ်ရှားနေသည်။ ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းမှာ မဆိုးလှပေ။
ဟီးဟီး။
အန်းအန်း ဒီနေ့ ဖေဖေ့ကိုယ်စား ဒေါသထွက်ပေးလိုက်ပြီ။
"အခု တရားမျှတသွားပြီ။ ငါတို့တွေ နောက်ဆိုရင် သူငယ်ချင်းတွေ လုပ်ကြတာပေါ့။" မုန့်အန်းအန်းက ခေါင်းကိုစောင်းပြီး ပြုံးကာပြောလိုက်သည်။
သို့သော် နောက်တစ်ခဏတွင်။
ဟွမ်ရှောင်ချင်းမှာ မျက်လုံးများပြူးကျယ်သွားပြီး သတိလစ်သွားတော့သည်။
"အာ။" မုန့်အန်းအန်းမှာ မှင်သက်သွား၏။ သွေးအန်ပြီး သတိလစ်သွားသော ဟွမ်ရှောင်ချင်းကို ကြည့်ပြီး မျက်နှာလေးမှာ ဖြူရော်သွားကာ မည်သို့လုပ်ရမှန်းမသိဘဲ ရပ်နေမိသည်။
ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ ရှုပ်ထွေးသွားပြီး သေသွားပြီဟု အော်ဟစ်ကာ ဆရာကို ခေါ်ရန် ပြေးသွားကြသည်။
သေသွားပြီလား။
မုန့်အန်းအန်း၏ခေါင်းထဲတွင် ယင်ကောင်များ အုံလိုက်ကျင်းလိုက် မြည်ဟည်းနေသကဲ့သို့ ဖြစ်သွားပြီး လက်ခြေများတုန်ယင်ကာ လှုပ်ရှား၍ မရတော့ပေ။
အဘိုးအို ပြန်ရောက်လာပြီး မုန့်အန်းအန်းကို ဒေါသတကြီး အပြစ်တင်လိုက်သည်။
ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာလည်း အေးဆေးစွာ ကြည့်နေကြသည်။
ထို့နောက်။
အဘိုးအိုက ဟွမ်ရှောင်ချင်းကိုကုသရန် ခေါ်သွားပြီး မိဘနှစ်ပါးစလုံးကို အကြောင်းကြားလိုက်သည်။ သို့သော် မုန့်အန်းအန်းကို မေးမြန်းသည့်အခါ သူက လုံးဝ မပြောချင်ပေ။
"ချင်းအန်းအန်း။ သမီးရဲ့ အဖေနဲ့အမေ ဘယ်မှာလဲ။ သူတို့ကို ခေါ်လာခဲ့။ သမီးက ဟွမ်ရှောင်ချင်းကို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် လုပ်လိုက်တာ သိလား။"
"ဟွမ်ရှောင်ချင်းရဲ့အဘိုးက အုပ်ချုပ်ရေးမှူးဟွမ်ပဲ။ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်သွားတာ သမီးရဲ့မိဘတွေ မလာမဖြစ် လာရမယ်။"
အဘိုးအိုက စားပွဲကို ရိုက်၍ အော်ဟစ်လိုက်သည်။
မုန့်အန်းအန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး စိုးရိမ်တကြီးဖြင့် မျက်ရည်များကျလာကာ တိုးတိုးလေး ပြောလိုက်သည်။
"အန်းအန်းရဲ့ ဖေဖေနဲ့မေမေမှာ အချိန်မရှိဘူး။ ဆရာ။ သူတို့ကို မခေါ်ပါနဲ့။"
တကယ်တမ်းတွင် သူက ဖေဖေနှင့်မေမေကို စိတ်ပူအောင် မလုပ်ချင်ခြင်း ဖြစ်သည်။ သူက ဒုက္ခပေးသေ ကလေး မဖြစ်ချင်ပေ။
အပြင်တွင် မေမေက လုံးဝ မဖော်ထုတ်ဘဲ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းကို သင်ပေးခဲ့သည်။
ယခုတွင် ဤမျှလောက်ကြီးမားသော ဒုက္ခဖြစ်လာရာ မုန့်အန်းအန်းမှာ ဘာလုပ်ရမှန်း မသိတော့ဘဲ မိဘတွေကို မခေါ်လာရန်သာ စဉ်းစားနေသည်။
"မရဘူး။ ဒီကိစ္စကြာင့် အုပ်ချုပ်ရေးမှူးဟွမ်ကို စိတ်ဆိုးနေတယ်။ သူ လမ်းမှာ ရောက်နေပြီ။ သမီးရဲ့ မိဘတွေမရှိရင် ငါက ဘယ်လို ရှင်းပြရမလဲ။" အဘိုးအိုက အော်ပြောလိုက်သည်။
မုန့်အန်းအန်းက တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ ဟွမ်ရှောင်ချင်းက စပြီးတော့ အနှောင့်အယှက်လုပ်တာလေ။ ပြီးတော သမီးရဲ့ဖေဖေ့ကိုဆဲလို့ သူ့ကို သင်ခန်းစာပေးလိုက်တာ။ သူက ဒီလောက်တောင် အားနည်းမယ်လို့ မထင်ထားဘူး..."
"(၃)နှစ်ထဲမှာ သူက အတော်ဆုံးလို့ ထင်ထားတာ..."
"ဟီးဟီး။"
စကားပြောရင်း မုန့်အန်းအန်းမှာ စိတ်ထဲတွင် ရယ်မောလိုက်မိသည်။
အဘိုးအိုမှာ ဒေါသထွက်ပြီး မျက်နှာမည်းသွားကာ မုန့်အန်းအန်း၏နဖူးကို လက်ညိုးဖြင့် ထိုး၍ အော်ဟစ်လိုက်သည်။ "နင်က ရယ်နေတုန်းပဲလား။။"
"အုပ်ချုပ်ရေးမှူးဟွမ် ဒေါသထွက်ရင် နင့်ရဲ့မိဘတွေ တာဝန်ယူနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ နင်ကပါ ကျောင်းတက်လို့ရတော့မှာ မဟုတ်ဘူး။"
ထိုအချိန်မှာပင်။
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
"ညစ်ပတ်နေတဲ့လက်ကို ရုပ်သိမ်းလိုက်စမ်း။ ကျုပ်သမီးရဲ့ခေါင်းကို ထပ်ထိရင် ခင်ဗျားရဲ့ခေါင်းကို ရိုက်ခွဲပစ်မယ်။"
"ပြီးတော့ ခင်ဗျားပြောတာ အုပ်ချုပ်ရေးမှူဟွမ်က ကျုပ်ရဲ့မိသားစုကို တာဝန်ယူခိုင်းမယ်၊ ကျုပ်သမီးကို ကျောင်းက ထုတ်မယ်ပေါ့ ဟုတ်လား။ စွမ်းလိုက်တာ။ ကျုပ် ကြည့်ချင်မိတယ်။ ဒီအုပ်ချုပ်ရေးမှူးဟွမ်ဆိုတာက ဘယ်သူလဲဆိုတာကိုပေါ့။"
ပြောရင်းနှင့်။
အနက်ရောင်ဝတ် လူငယ်တစ်ဦး ဝင်ရောက်လာပြီး အေးစက်သောအမူအရာဖြင့် ကြည့်ရှုလိုက်သည်။ ထို့နောက် နူးညံ့စွာပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ "အန်းအန်း၊ ဒီကိုလာခဲ့။"
မုန့်အန်းအန်း၏မျက်လုံးလေးများ တောက်ပသွားပြီး အော်ခေါ်လိုက်သည်။ "ဖေဖေ။"
အဘိုးအိုက ဤမြင်ကွင်းကို ကြည့်လိုက်ပြီး မျက်လုံးများတောက်ပသွားကာ ဒေါသထွက်မည့်အစား ဝမ်းသာသွားသည်။ "ကောင်းပြီလေ။ မင်းက ချင်းအန်းအန်းရဲ့ အဖေပေါ့။ စောင့်နေလိုက်။ အုပ်ချုပ်ရေးမှူးဟွမ် ခဏနေ ရောက်လာတော့မယ်။"
အနက်ရောင်ဝတ်လူငယ်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"စိတ်ချပါ။ ကျုပ် ဘယ်မှမသွားပါဘူး။”
...