← Chapters

အခန်း ၅၈၆

Vol. 40 Ch. 586

အခန်း ၅၈၆

Vol. 40 Ch. 586

အခန်း (၅၈၆) ကုန်သည်ဆိုင်ရှင်

ဆုမိုသည် သစ္စာတရား ထာဝရ ကျိရှူဟွာနှင့် ထိတွေ့ဆက်ဆံမှု အနည်းငယ်သာ ရှိခဲ့ပြီး နှစ်ကြိမ်ခန့်သာ ဆုံတွေ့ဖူးခြင်း ဖြစ်၏။ အစပိုင်းတွင် ဤရိချီချန်းချိုး ဟူသော အမည်နာမကို သူ သိပ်ပြီး ဂရုမစိုက်ခဲ့မိပေ။

သို့သော် ယခုတစ်ကြိမ်တွင်မူ သေမင်းနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် မိတ်ဆွေဖြစ်သူ၏ ယုံကြည်အပ်နှံမှုကို စိုးရိမ်ပူပန်နေဆဲ ဖြစ်သော တစ်ဖက်လူကို မြင်တွေ့လိုက်ရသောအခါ ဆုမို၏ ရင်ထဲတွင် လေးစားမှုများ အလိုအလျောက် ပေါ်ပေါက်လာတော့သည်။

ကိုယ့်စကားကို တည်ရန်အတွက် မိမိ၏ အသက်ကိုပင် ပေးဆပ်ရဲခြင်း။ နားထောင်ကြည့်လျှင် လွယ်ကူသယောင် ရှိသော်ငြားလည်း အမှန်တကယ် လက်တွေ့ လုပ်ဆောင်နိုင်သူ မည်မျှများ ရှိပါမည်နည်း။

ဆုမို မိမိကိုယ်ကိုယ် ပြန်လည် မေးခွန်းထုတ်ကြည့်လိုက်၏။ သူသည် သူရဲကောင်းဆန်သော ပုဂ္ဂိုလ်ကြီး တစ်ဦးတော့ လုံးဝ မဟုတ်ချေ။

ဆုထျန်းယန်နှင့် ယန်ရီဇီတို့တွင် သဘာဝအလျောက် ပါဝင်နေသော သူရဲကောင်း စိတ်ဓာတ်မျိုးကို ဆုမို အနေဖြင့် တစ်သက်လုံး သင်ယူနိုင်မည် မဟုတ်ပေ။

အကယ်၍သာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည့် အခြေအနေမျိုး ကြုံလာပါက သူသည် မိမိ၏ အသက်ရှင်သန်ရေးကိုသာ ပထမဦးစားပေးအဖြစ် ရွေးချယ်မည်ဖြစ်ပြီး အခြားကိစ္စရပ်များကို ဒုတိယနေရာတွင်သာ ထားရှိမည်သာ။

သို့ရာတွင် အချို့သော ကိစ္စရပ်များမှာ မိမိကိုယ်တိုင် မလုပ်ဆောင်နိုင်သောကြောင့်ပင်လျှင် လက်တွေ့ လုပ်ဆောင်နိုင်သူများကို ပိုမို၍ အထင်ကြီး လေးစားမိတတ်သည် မဟုတ်ပါလော။

ထို့ကြောင့် ဤအနက်ရောင်ဝတ် လူစုအပေါ် ဆုမိုသည် မည်သည့် သနားညှာတာမှုမျှ ထားရှိမည် မဟုတ်ချေ။

သူသည် အစွမ်းထက်လှသော 'သုံးရက်တာ နာကျင်ခြင်း' ဝေဒနာကို တိုက်ရိုက် အသုံးပြုလိုက်တော့၏။

လျူမိုက ထိုလူများကို ခေါ်ဆောင်သွားပြီးနောက် ဆုမိုသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး ကျိရှူဟွာ ယူဆောင်လာခဲ့သော သေတ္တာကို ထုတ်ယူလိုက်သည်။

ထူးဆန်းသော သံမဏိ ဆိုသည်မှာ အတိအကျ မည်သည့်အရာ ဖြစ်နေမည်ကို သူ သေချာပေါက် စစ်ဆေးကြည့်ရပေမည်။

ဤကိစ္စမှာ ဆုမို အနေဖြင့် 'လျှို့ဝှက် ယန္တရား' ကို ကူညီ ပို့ဆောင်ပေးခဲ့စဉ်ကနှင့် လုံးဝ ခြားနားနေခဲ့၏။

ထိုအချိန်က ပစ္စည်းကို လာရောက် အပ်နှံသွားစဉ် ဆုမို၏ စိတ်ထဲတွင် မိမိကိုယ်ကို ဤအရှုပ်အထွေးထဲမှ မည်သို့ ရုန်းထွက်ရမည်နည်း ဆိုသည်ကိုသာ အာရုံစိုက်နေခဲ့သည်။

သေတ္တာထဲတွင် မည်သည့်အရာများ ပါဝင်နေမည်နည်း ဆိုသည်ကို သူ အနည်းငယ်မျှ စူးစမ်းလိုစိတ် မရှိခဲ့ချေ။

ထို့ကြောင့်ပင် ခရီးစဉ် တစ်လျှောက်လုံး၌ ထိုသေတ္တာထဲတွင် အတိအကျ မည်သည့်အရာ ရှိနေသနည်း ဆိုတာကို သူ တစ်ခါမျှ ဖွင့်မကြည့်ခဲ့ပါပေ။

ယခုမူ ကျိရှူဟွာက သေတ္တာထဲရှိ ပစ္စည်းအကြောင်းကို ရှင်းလင်းစွာ ပြောပြသွားခဲ့ပြီ ဖြစ်ရာ ဆုမို အနေဖြင့် ကိုယ်တိုင် စစ်ဆေးကြည့်ရှုရန်မှာ သဘာဝကျလှပေသည်။

သို့သော် လေးစားမှုများကို ဘေးဖယ်ထားလိုက်လျှင် သေတ္တာကို မဖွင့်မီ ဆုမိုသည် အလွန်အမင်း သတိကြီးစွာ ထားနေဆဲပင်။

သူသည် ယန်ရှောင်ယွင်ကို သူ၏ အနောက်ဘက်တွင် ပုန်းကွယ်နေစေပြီးနောက် 'လက်ချောင်းတောက်သိုင်း' ကို အသုံးပြု၍ သေတ္တာကို ဖွင့်လှစ်လိုက်၏။

ယခင် 'လျှို့ဝှက် ယန္တရား' အဖြစ်အပျက်တုန်းက ယွီလင်းရှင်းသည် သေတ္တာထဲတွင် 'အနိစ္စ မိုးရေစက် အပ်' ကို တိတ်တဆိတ် ထည့်သွင်းထားခဲ့ခြင်းက ယနေ့တိုင်အောင် ဆုမို၏ ရင်ထဲတွင် စိုးရိမ် ထိတ်လန့်မှုများကို ကျန်ရစ်စေခဲ့၏။

ကျိရှူဟွာ အနေဖြင့် ထိုကဲ့သို့သော သေစေနိုင်သည့် အရာမျိုးကို ဝှက်ထားမည်ဟု သူ မစိုးရိမ်သော်ငြားလည်း အခြားသော လှည့်ကွက်များ ရှိနေမည်ကိုမူ သူ စိုးရိမ်နေမိသည်။

သိုင်းလောက အတွင်းရှိ လူအများအပြားမှာ မျှော်လင့်မထားသော အရာများကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရလေ့ ရှိကြသည်။

ဆုမိုသည် အရာရာတိုင်းတွင် ပြီးပြည့်စုံသူ တစ်ဦး မဟုတ်သော်ငြားလည်း ကြိုတင် တွေးတောကာ သတိကြီးကြီး ထားခြင်းက သူ့ကို ဆုံးရှုံးမှု အချို့မှ အမြဲတစေ ကယ်တင်နိုင်စွမ်း ရှိပေသည်။

အကြိမ် တစ်ထောင်မျှ သတိထားခြင်းက အလဟဿ ဖြစ်သွားလျှင်တောင် တစ်ထောင့်တစ်ကြိမ်မြောက်တွင် အမှန်တကယ် အသက်ကယ်နိုင်ပေလိမ့်မည်။

လက်ချောင်းများဖြင့် လေထဲသို့ တောက်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သေတ္တာ၏ ယန္တရားများ ပွင့်သွားကာ အသံ တစ်သံ ထွက်ပေါ်လာတော့၏။

နောက်ထပ် တစ်ချက် ထပ်မံ တောက်လိုက်သောအခါ သေတ္တာ၏ အဖုံးမှာ နောက်ဆုံးတွင် ပွင့်ဟသွား၏။

မည်သည့် လျှို့ဝှက် တိုက်ခိုက်မှုမျှ ထွက်ပေါ်လာခြင်း မရှိသည်ကို မြင်သောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် အနားသို့ တိုးကပ်သွားကြသည်။ အမှန်တကယ်ပင် သေတ္တာထဲတွင် ထူးဆန်းသော သံမဏိများ ရှိနေခဲ့၏။

ထို့ပြင် တစ်တုံးတည်း မဟုတ်ချေ။

ကြီးမားသော အတုံးကြီး တစ်တုံး အပြင် သေးငယ်သော အတုံးလေးများလည်း အများအပြား ပါဝင်နေပြီး တစ်စစီ ကွဲကြေနေကာ ဖုန်များ အလိမ်းလိမ်း ပေကျံလျက် ရှုပ်ပွနေ၏။

ဆုမိုသည် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်၏။

"ဒီပစ္စည်းကို အစ်မယွင် သိလား..."

ယန်ရှောင်ယွင်က ခေါင်းကို ပြတ်သားစွာ ခါယမ်းလိုက်သည်။

"ငါ မသိဘူး..."

သူမသည် လက်နက်များကို နှစ်သက်သော်ငြားလည်း ၎င်းမှာ သိုင်းပညာများ လေ့ကျင့်ရာတွင် လက်နက်များက အသုံးဝင်သောကြောင့်သာ ဖြစ်၏။

သို့သော် လက်နက်များကို ကိုယ်တိုင် သွန်းလုပ်ရန် တစ်ခါမျှ မတွေးတောခဲ့ဖူးသဖြင့် ထိုအရာများနှင့် ပတ်သက်၍ များများစားစား မသိရှိခဲ့ပေ။

ဆုမို ကိုယ်တိုင်လည်း ဤအရာများနှင့် ပတ်သက်၍ ကျွမ်းကျင်လှသည် မဟုတ်ချေ။

သို့သော် သေချာစွာ အကဲခတ် ကြည့်ရှုလိုက်သောအခါ ဤထူးဆန်းသော သံမဏိ ဆိုသည်မှာ အမှန်တကယ်ပင် ထူးခြားသည့် ဝိသေသ လက္ခဏာအချို့ ရှိနေကြောင်း သူ သတိပြုမိလိုက်၏။

၎င်းမှာ အနက်ရောင်နှင့် ရောယှက်နေသော အပြာရင့်ရောင် အဆင်း ရှိပြီး အတွင်း၌ တောက်ပသော အလင်းမှုန်လေးများ ပါဝင်နေသယောင် သဲ့သဲ့မျှ မြင်တွေ့ရပေသည်။

အစိတ်အပိုင်း အများစုမှာ သာမန် ကျောက်တုံးများ အတွင်း၌ ရောနှော ဖုံးကွယ်နေသဖြင့် အလုံးစုံကို အတိအကျ မြင်တွေ့နိုင်ရန်မှာ ခက်ခဲလှ၏။

ဆုမိုသည် တစ်ခဏမျှ စဉ်းစား တွေးတောလိုက်ပြီးနောက် သေတ္တာကို ပြန်ပိတ်လိုက်သည်။ ထိုအချိန်မှာပင် ဖုဟန်ယွမ်နှင့် အခြားသူများ ပြန်လည် ရောက်ရှိလာကြရာ ဆုမိုသည် သူတို့ကို ချိပ်တံဆိပ် တစ်ခု ယူဆောင်လာစေပြီး သေတ္တာကို ချိပ်ပိတ်လိုက်တော့၏။

ထို့နောက် သေတ္တာကို ဖုဟန်ယွမ်ထံသို့ ကမ်းပေးလိုက်၏။

"ဒါကို ယူသွားပြီး သေချာ စောင့်ကြပ်ခိုင်းထားလိုက်ပါ... နောက်ရက်အနည်းငယ် အတွင်း ကျိဖန်တောင် ဆီကို ငါ ထွက်ခွာမယ်..."

"ဟုတ်ကဲ့ပါ ခေါင်းဆောင်..."

ဖူဟန်ယွမ်က ခေါင်းညိတ် သဘောတူလိုက်ပြီး သေတ္တာကို ယူဆောင်ကာ ထွက်ခွာသွားတော့သည်။

ဆုမိုက လက်ကို ဝှေ့ယမ်းပြလိုက်၏။

"ကောင်းပြီ... အားလုံးပဲ သွားနားကြပါတော့..."

ဟူစန်းတောက်နှင့် ကျန်းရှောင်ရှောင်တို့လည်း ချက်ချင်း ထွက်ခွာသွားကြပြီးနောက် ဆုမိုသည် ယန်ရှောင်ယွင်ကို ခေါ်ဆောင်ကာ ကျိဖန်တောင်သို့ သွားမည့် ခရီးစဉ်ကို စီစဉ်ရန် စာကြည့်ခန်းသို့ ပြန်လာခဲ့ကြသည်။

အမှန်တကယ်ပင် ဝူရှန်းခန်းမ သို့ သွားရမည့် ခရီးလမ်းမှာ သူတို့အတွက် လုံးဝ စိမ်းသက်နေသော နယ်မြေသစ် တစ်ခု ဖြစ်နေလေ၏။

ယန်ရှောင်ယွင်နှင့် ဆုမိုတို့၏ အသိပညာများအရ ဆုထျန်းယန် သက်ရှိထင်ရှား ရှိစဉ်က ဝူရှန်းခန်းမ သို့ ခရီးထွက်ခဲ့ဖူး၏။

ထို့အပြင် လော့ရှားမြို့ တစ်မြို့လုံး၌ ယန်ဝေ အာမခံဌာန တစ်ခုတည်းသာ ဤခရီးလမ်းကြောင်းကို တာဝန်ယူ ပြေးဆွဲလေ့ ရှိ၏။

သို့သော် ယခုအခါ သူမတို့ ကိုယ်တိုင် သွားရောက်ရမည် ဖြစ်ရာ ရှေ့ဆက်ရမည့် ခရီးလမ်းကြောင်း အခြေအနေကို ယန်ဝေ အာမခံဌာန ထံမှ သွားရောက် မေးမြန်းရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။

ထိုအာမခံဌာန မှ လူများ အနေဖြင့် တုန်းဟွမ်၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်သော ဆုမိုကို ထင်ထင်ရှားရှား ဆန့်ကျင်ရန် မဝံ့ရဲကြလျှင်တောင် စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲနေကြမည်မှာ အသေအချာပင်။

ဤလုပ်ရပ်မှာ စီးပွားရေး လုယူခြင်း သက်သက် မဟုတ်ဘဲ သူတို့၏ ထမင်းအိုးကို ရိုက်ခွဲပစ်သကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။

အမှန်စင်စစ် ဇီယန် အာမခံဌာန ကြီးထွား အားကောင်းလာသည်နှင့်အမျှ လော့ရှားမြို့၏ မူလ အာမခံဌာနကြီး သုံးခု အနက်မှ ယန်ဝေ အာမခံဌာန တစ်ခုတည်းသာ ကျန်ရှိတော့ပြီး ဇီယန် အာမခံဌာနနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ချေ။

ယခင်ကမူ သူတို့ကြားတွင် မည်သည့် စီးပွားရေး ပဋိပက္ခမျှ ရှိမနေခဲ့ပေ။

သံမဏိသွေး အာမခံဌာန က တုန်းချန် ခရီးလမ်းကြောင်းကို ပြေးဆွဲပြီး၊ ကောင်းကင်တံခါး အာမခံဌာန က ထျန်းချူဂိုဏ်း လမ်းကြောင်းကို တာဝန်ယူကာ ယန်ဝေ အာမခံဌာန က ဝူရှန်းခန်းမ လမ်းကြောင်းကို ချုပ်ကိုင်ထားခဲ့ခြင်း ဖြစ်၏။

မူလက ဇီယန် အာမခံဌာန သည် အနောက်ဘက်သို့ နယ်မြေချဲ့ထွင်ခြင်း မရှိဘဲ သံမဏိသွေး အာမခံဌာန နှင့် ကောင်းကင်တံခါး အာမခံဌာန တို့၏ ခရီးလမ်းကြောင်းများကိုသာ လွှဲပြောင်း ရယူခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ယန်ဝေ အာမခံဌာန၏ ခရီးလမ်းကြောင်းနှင့် မလွှဲမရှောင်သာ ထပ်တူကျသွားခဲ့လေပြီ။

ဤအခြေအနေကို ကြည့်ရသည်မှာ ရှုပ်ထွေးမှု အချို့တော့ သေချာပေါက် ပေါ်ပေါက်လာမည့်ဟန် ရှိပေသည်။

"လော့ရှားမြို့ ထဲမှာ ယန်ဝေ အာမခံဌာန အပါအဝင် နေရာအနှံ့ ပြန့်ကျဲနေတဲ့ အာမခံဌာန အသေးအကြီး ကိုးခုလောက် ရှိသေးတယ်..."

"အရင်တုန်းက လော့ရှားမြို့ မှာ အာမခံဌာနကြီး သုံးခု ထီးတည်း ရပ်တည်နေခဲ့ချိန်တုန်းကတောင် တခြားသူတွေရဲ့ စီးပွားရေး လမ်းကြောင်းတွေကို လုံးဝ ဖြတ်တောက် ပိတ်ပင်ပစ်တာမျိုး မလုပ်ခဲ့ကြဘူးလေ..."

"အခု ငါတို့ရဲ့ ဇီယန် အာမခံဌာန က အကြီးအကျယ် အောင်မြင် ကြီးပွားလာပြီ ဆိုတော့ ရည်ရွယ်ချက် မရှိရင်တောင်မှ တခြားသူတွေရဲ့ ငွေရှာတဲ့ လမ်းကြောင်းတွေကို ထိခိုက်မိဖို့က ရှောင်လွှဲလို့ မရတော့ဘူး..."

"ရှောင်မို... ဒီကိစ္စကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာ နင် တွေးထားပြီးပြီလား..."

ယခု ဤပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးနေကြပြီ ဖြစ်ရာ ယန်ရှောင်ယွင် သည် ထိုကိစ္စကိုပါ ဆုမိုနှင့် တစ်ပါတည်း တိုင်ပင် ဆွေးနွေးလိုက်ပါ၏။

--

All Chapters