အခန်း ၅၈၇
Vol. 40 Ch. 587
အခန်း (၅၈၇) ကုန်သည်ဆိုင်ရှင် (အပိုင်း ၂)
ဆုမို တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် တိုးညင်းစွာ စကားဆိုလိုက်၏။
"ဇီယန် အာမခံဌာန ကို တိုးချဲ့ဖို့ ဆိုတာက ရှောင်လွှဲလို့ မရနိုင်တဲ့ လုပ်ရပ်ပဲ အစ်မယွင်..."
"ဒီတစ်ခေါက် အပြန်ခရီးမှာ ဆရာအဘိုး ဆီကနေ ကျွန်တော် ခွင့်ပြုချက် တောင်းခဲ့ပြီးပြီ... ဆရာအဘိုး က ဇီယန် အာမခံဌာန ထဲမှာ တပည့်တွေ လက်ခံဖို့ ကျွန်တော့်ကို ခွင့်ပြုထားတယ်"
"သူတို့ကို ဇီယန်ဂိုဏ်း ရဲ့ သုံးဆယ့်သုံးဆက်မြောက် မျိုးဆက်တွေ အဖြစ် သတ်မှတ်ပေးလိမ့်မယ်"
"ဒီကိစ္စသာ အောင်မြင်သွားရင်... အာမခံဌာန က သဘာဝကျကျကို ကွာခြားသွားတော့မှာ..."
"လော့ရှားမြို့ ထဲက တခြား အာမခံဌာန တွေနဲ့ ပတ်သက်လို့ကတော့... ဝူရှန်းခန်းမ ကိစ္စတွေ ပြီးသွားရင် သူတို့ အားလုံးဆီ ဖိတ်စာပို့ပြီး အာမခံဌာန တွေရဲ့ အစည်းအဝေးငယ်လေး တစ်ခု ခေါ်ဖို့ ကျွန်တော် စီစဉ်ထားတယ်"
"နင် ဆိုလိုချင်တာက..."
ယန်ရှောင်ယွင်၏ မျက်ဝန်းများ ရုတ်တရက် ပြူးကျယ်သွားပြီး ဆုမို၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သဘောပေါက်သွားဟန် ရှိပေသည်။
ဆုမိုက ခေါင်းကို ညင်သာစွာ ညိတ်လိုက်၏။
"ကွဲပြားမှုတွေကို ချန်ထားပြီး တူညီတဲ့ ရည်မှန်းချက်ကို ရှာဖွေတာက ရေရှည် မဟာဗျူဟာပဲလေ... သူတို့ ဘယ်လို ရွေးချယ်မလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့... အဲဒီလိုမှ မဟုတ်ရင် တကယ်တော့ ကျွန်တော်တို့ ဘာမှ လုပ်နေစရာတောင် မလိုပါဘူး... ဇီယန် အာမခံဌာန က အတိုင်းအတာ တစ်ခုအထိ ကြီးထွားလာတာနဲ့အမျှ သူတို့က အလိုလို ပျောက်ကွယ်သွားကြမှာပဲ"
"ကျွန်တော်က... သူတို့အတွက် ထွက်ပေါက် တစ်ခု ချန်ထားပေးချင်ရုံပါ"
ယန်ရှောင်ယွင်၏ မျက်ဝန်းများထဲတွင် အလင်းတန်း တစ်ချက် ယှက်ပြေးသွားတော့၏။
"ဒီလိုသာ ဆိုရင်တော့... ဇီယန် အာမခံဌာန က အခုကစပြီး အသွင်သစ် တစ်ခုနဲ့ လုံးဝကို ပြောင်းလဲသွားတော့မှာပဲဟယ်"
ဆုမိုသည် ခေါင်းကို အသာအယာ ညိတ်ပြလိုက်သော်လည်း ဤကိစ္စနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးမနေတော့ချေ။
ခရီးစဉ် လမ်းကြောင်းကို သဘောတူညီမှု ရရှိပြီးနောက် သူတို့ နှစ်ဦးသည် စာကြည့်ခန်း အတွင်းမှ ထွက်ခွာလာခဲ့ကြသည်။
ဆုမိုသည် ယန်ရှောင်ယွင်ကို သူ၏ အခန်းထဲသို့ ခေါ်ဆောင်ကာ အတူတကွ အနားယူလိုသော်ငြားလည်း သူမက မည်သို့ သဘောတူနိုင်ပါမည်နည်း။
သူမ၏ နှလုံးသား အတွင်း၌ မည်မျှပင် ဆန္ဒရှိနေပါစေ သူမတို့သည် လက်မထပ်ရသေးသူများ ဖြစ်၏။
ချောချောမွေ့မွေ့ လွတ်မြောက်နိုင်ရန်အတွက်မူ တန်ဖိုး တစ်ခုကိုတော့ ပေးဆပ်ရမည်သာ။
အဆုံးတွင် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ဆုမို၏ ပါးပြင်ထက်သို့ အနမ်းတစ်ပွင့် ပေးသနားကာ သူမ လွတ်မြောက်အောင် ထွက်ပြေးသွားတော့သည်။
ဆုမိုသည် သူ၏ အခန်းသို့ ပြန်ရောက်လာသော်လည်း အနားမယူဖြစ်ခဲ့ပေ။
သူ၏ စိတ်အာရုံများက ရွှမ်ထျန်း ရတနာတံဆိပ်တော် နှင့် ပတ်သက်သော ကိစ္စရပ်များဆီသို့ မရည်ရွယ်ဘဲ ရောက်ရှိသွားပြန်၏။
သို့ရာတွင် အစမထင် အဆုံးမမြင်နိုင်သော ကျင်းလုံ အဖွဲ့ ၏ ဇာစ်မြစ်မှာ နားလည်နိုင်စွမ်း မရှိလောက်အောင်ပင် နက်နဲ ရှုပ်ထွေးနေဆဲ ဖြစ်သည်။
ကျင်းလုံ အဖွဲ့ သည် တာ့ရွှမ် မင်းဆက် ၏ အကြွင်းအကျန်များ ဖြစ်မည်ဟု သူ ယူဆမိသော်ငြားလည်း မည်သူက အသေအချာ အတည်ပြုနိုင်မည်နည်း။
အနက်ရောင်ဝတ် လူသား ပျောက်ကွယ်သွားခြင်းနှင့်အတူ ဝမ်လျန် အိမ်တော် အောက်ရှိ လုံမင်ဂိုဏ်း စန်းကျင့် မှတ်တမ်းအပါအဝင် သဲလွန်စ မြောက်မြားစွာမှာလည်း ရုတ်တရက် ပြတ်တောက်သွားခဲ့ရချေပြီ။
လောလောဆယ်တွင် တစ်ခုတည်းသော အစီအစဉ်မှာ ဝူရှန်းခန်းမ ဆီသို့ သွားရောက်ကာ အမှန်တရားကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းရေးပင်။
သို့သော် မည်မျှအထိ အကျိုးအမြတ် ရရှိမည် ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိနိုင်သေးချေ။
ဂနာမငြိမ်ဖွယ် တိတ်ဆိတ်မှုများနှင့်အတူ ညဉ့်ယံ အချိန်များ ကုန်ဆုံးသွားပြီးနောက် နောက်တစ်နေ့တွင် အာမခံဌာန ရှိ လူတိုင်းမှာ မိမိတို့၏ ကိုယ်ပိုင် အလုပ်ကိစ္စများဖြင့် အလုပ်ရှုပ်နေကြတော့၏။
အချို့မှာ မနေ့ညက သေလုမျောပါး ဖြစ်နေသော အနက်ရောင်ဝတ် လူ နှစ်ယောက်ခွဲ ကို စောင့်ကြပ်နေကြသည်။ ပို၍ တိကျစွာ ဆိုရသော် ယနေ့ နံနက်သို့ ရောက်သောအခါ နှစ်ယောက်သာ ကျန်ရှိတော့ခြင်းပင်။
ကျန်းရှောင်ရှောင် ၏ ခြေတစ်ချောင်းထောက် ကြေးနီတူဖြင့် ရိုက်သွင်းခံရကာ နံရံအတွင်း နစ်ဝင်နေသူမှာ ထိုညကိုပင် ကျော်လွန်အောင် မရှင်သန်နိုင်ခဲ့ချေ။
သန်းခေါင်ယံ အချိန်၌ အာမခံ သိုင်းသမားများက သူ၏ ရုပ်အလောင်းကို သယ်ထုတ်သွားပြီး မြို့ပြင်ရှိ လူသေအလောင်းပုံ အတွင်းသို့ ပစ်ချလိုက်ကြပြီ ဖြစ်၏။
ကျန်ရှိနေသော နှစ်ယောက်မှာမူ 'သုံးရက်တာ နာကျင်ခြင်း' ဝေဒနာကို ခံစားနေကြရပြီး လောလောဆယ်တွင် ဆုမို အနေဖြင့် သူတို့ကို အာရုံမစိုက်အားသေးပေ။
အချို့မှာ ကျိရှူဟွာ ၏ ထူးဆန်းသော သံမဏိ သေတ္တာကို စောင့်ကြပ်နေကြသည်။
လျူမို သည် ဖုဟန်ယွမ် နှင့်အတူ ကျိရှူဟွာ အတွက် ဖုန်းရွှေ ကောင်းသော မြေနေရာကို ရွေးချယ်ရန်နှင့် သင်္ဂြိုဟ်မည့် အချိန်အခါကောင်းကို တွက်ချက်ရန် အပြင်သို့ ထွက်ခွာသွားကြ၏။
ကျိရှူဟွာ မှာ သိုင်းလောက တစ်ခွင်၌ မိတ်ဆွေများစွာ ရှိသော်လည်း ဆွေမျိုးသားချင်း မရှိသော အထီးကျန်သူ တစ်ဦးပင်။
သူသည် တစ်သက်လုံး သိုင်းလောက အတွင်း ကျင်လည်ခဲ့သော်ငြားလည်း အိမ်ဟူ၍ တစ်ခါမျှ မရှိခဲ့ချေ။
သူ၏ မိတ်ဆွေများမှာလည်း... ရေတွက်၍ မရနိုင်လောက်အောင်ပင် များပြားလွန်းလှပေသည်။
သဘာဝကျကျပင် သူတို့ တစ်ဦးချင်းစီကို အကြောင်းကြားရန်မှာ မဖြစ်နိုင်သဖြင့် ဈာပန အခမ်းအနားကို ရိုးရှင်းစွာသာ ကျင်းပရမည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ဦးလေးဖူ နှင့် အခြားသူများက ယနေ့ လာရောက်မည့် ဧည့်သည်များကို အာမခံဌာန အတွင်း၌ စောင့်ဆိုင်းနေကြသည်။
သို့သော် ဆုမို အနေဖြင့် ထိုသူများနှင့် ဆက်ဆံ ဖြေရှင်းနေရန် မလိုအပ်တော့ချေ။ ဦးလေးဖူ တစ်ယောက်တည်းဖြင့်ပင် လုံလောက်နေပြီ ဖြစ်၏။
ဆုမိုသည် ယန်ရှောင်ယွင်၊ ကျန်းရှောင်ရှောင် တို့နှင့်အတူ မြို့တော်ဝန် အိမ်တော် သို့ သွားရောက်ကာ ဝေရူဟန် ကို တွေ့ဆုံခဲ့၏။
သို့ရာတွင် ထူးထူးခြားခြား ပြောဆိုစရာတော့ များများစားစား မရှိလှပေ။
ဆုမို၏ ဤလည်ပတ်မှုမှာ ဝေရူဟန် အား မျက်နှာသာ ပေးလိုက်ခြင်း ဖြစ်ပြီး သူ၏ ရပ်တည်ချက် သဘောထားကိုလည်း ပြသလိုက်ခြင်းပင်။
ထို့ထက်ပို၍ မည်သည့်အရာမျှ မရှိတော့ချေ။
လော့ဖုန်း မဟာမိတ်အဖွဲ့ ၏ ခေါင်းဆောင်နေရာ အတွက် နောက်ဆုံး ဆုံးဖြတ်ချက်မှာ နောက်ထပ် လအနည်းငယ်ခန့် စောင့်ဆိုင်းရဦးမည်သာ။
ဝေရူဟန် က ဆုမိုအား ရက်ချိန်း သတ်မှတ်ပေးစေလိုသော်လည်း ဆုမို ကမူ ဂရုမစိုက်အားပေ...။
ထိုအဘိုးအို တွင် အခြားသော လျှို့ဝှက် ရည်ရွယ်ချက်များ ရှိနေသည် မဟုတ်ပါလော။ အကယ်၍ ဆုမိုသာ အမှန်တကယ် သဘောတူလိုက်ပါက ရပ်တည်ချက် ပြသရုံ သက်သက်တော့ လုံးဝ မဟုတ်တော့ချေ။
ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုး ချမှတ်လိုက်ခြင်းဖြင့် ဆုမိုသည် လော့ဖုန်း မဟာမိတ်အဖွဲ့ ၏ လူတစ်ယောက် အဖြစ် အခြားသူများက သတ်မှတ်သွားကြမည် မဟုတ်ပါလော။
ဝေရူဟန် မှာ သဘာဝကျကျပင် စိတ်ပျက်သွားသော်ငြားလည်း ဤကိစ္စကို ဆက်လက် ဖိအားမပေးခဲ့ချေ။
သူသည် ဝေဇီယီ နှင့် ပတ်သက်သော ကိစ္စများကိုပင် ထည့်သွင်း ပြောဆိုခြင်း မရှိခဲ့ပေ။
ဖော်ပြရန် ထိုက်တန်သည်မှာ ဝေဇီယီ သည် ထျန်းယွီမြို့ သို့ ပြန်သွားခဲ့ပြီ ဖြစ်ကြောင်းပင်။
သူမသည် ဆုမိုထံသို့ မည်သည့် စကားတစ်ခွန်းမျှ မချန်ရစ်ခဲ့ဘဲ တိတ်တဆိတ် ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။
ဤအရာက ဆုမိုကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသည်။ ထိုမိန်းကလေး နှင့် ပတ်သက်၍ တစ်ခုခု လွဲချော်နေကြောင်း သူ ခံစားမိသော်ငြားလည်း အတိအကျ ဘာမှန်းတော့ မဆုပ်ကိုင်နိုင်ခဲ့ချေ...။
ဤလည်ပတ်မှုတွင် အကြီးမားဆုံးသော အကျိုးအမြတ်ကို ရရှိသွားသူမှာ ကျန်းရှောင်ရှောင် ပင်။
ဟွမ်ယွမ် သည် ကျန်းရှောင်ရှောင် ကို မြင်လိုက်ရသည်နှင့် ခေါင်းကိုက် ဝေဒနာများ စတင်လာတော့၏။
မီးဖိုချောင် တစ်ခုလုံးမှာ ချက်ချင်းပင် အလုပ်ရှုပ်ကာ ဆူညံ ပွက်လောရိုက်သွားတော့သည်။
ဝေရူဟန် မှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ကာ စားသောက်မှု နည်းပါးသော်ငြားလည်း ကျန်းရှောင်ရှောင် ၏ လည်ပတ်မှုကြောင့် မီးဖိုချောင်ရှိ ရိက္ခာများမှာ သေချာပေါက် ကုန်ခမ်းသွားရလေ၏။
မြို့တော်ဝန် အိမ်တော် မှာ ချမ်းသာကြွယ်ဝပြီး ကြီးမား ကျယ်ဝန်းလှသဖြင့်သာ တော်သေးသည်။ သို့မဟုတ်ပါက ဟွမ်ယွမ် သည် တံခါးဝတွင် ရပ်ကာ ဇီယန် အာမခံဌာန ရှိရာ အရပ်သို့ လက်ညှိုးထိုး၍ ဆဲရေးတိုင်းထွာ နေလောက်ပြီ ဖြစ်၏။
နောက်ထပ် တစ်နေ့ ကုန်လွန်သွားပြန်ပြီး ထိုနေ့ကို ဟူစန်းတောက် ၏ နောက်တွင် ပါလာသော သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို နေရာချထားပေးခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။
ဝေဇီယီ ချန်ရစ်ခဲ့သော ခြံဝင်းကို သေချာစွာ ရှင်းလင်း ပြင်ဆင်ပြီးနောက် သူတို့၏ အိမ်သစ်အဖြစ် တရားဝင် သတ်မှတ်ပေးလိုက်၏။
ထို့နောက် အာမခံဌာန တွင် အလုပ်လုပ်ရန် သင့်တော်သော လူများကို ရွေးချယ်ခဲ့ပြီး၊ အရည်အချင်းရှိသော အမျိုးသမီးများကမူ အာမခံဌာန အတွင်းရှိ အထွေထွေ ကိစ္စရပ်များကို ကူညီ လုပ်ကိုင်ပေးကြသည်။
အလုပ်မလုပ်နိုင်သော သက်ကြီးရွယ်အိုများနှင့် ခွန်အားနည်းပါးသူများကိုမူ ထိုခြံဝင်း အတွင်း၌သာ အေးချမ်းစွာ နေထိုင်ဖြတ်သန်းခွင့် ပြုထားလိုက်လေ၏။
ဤအသေးအဖွဲ ကိစ္စရပ်များ အားလုံးကို ကိုင်တွယ် ဖြေရှင်းပြီးသွားသောအခါ...
နောက်ဆုံးတွင် ဆုမိုသည် ထို အနက်ရောင်ဝတ် လူ နှစ်ဦးကို ခေါ်ယူလိုက်တော့သည်။
'ဒုက္ခသည် သိုင်းကျမ်း' ကို သူ ရရှိခဲ့ပြီးကတည်းက ဤမျှ ရှည်လျားသော အချိန်ကာလအထိ မည်သူ့ကိုမျှ ဝေဒနာ ခံစားစေခြင်းမျိုး ဒါက ပထမဆုံးအကြိမ်ပင်။
တုန်းချန် တွင်တုန်းက အငတ်ဘေးဂိုဏ်း၏ တပည့်ကို ဖမ်းဆီးရမိစဉ်က ထိုအဘိုးအိုမှာ တစ်ရက်နှင့် တစ်ည ကျော်ကျော်ခန့်သာ နှိပ်စက်ခံခဲ့ရခြင်း ဖြစ်၏။
သူ့ကို လွှတ်ပေးလိုက်သောအခါ ဝန်ခံလိုစိတ် ပြင်းပြလွန်းလှသဖြင့် ငယ်စဉ်က အိမ်နီးချင်း အစ်မ ရေချိုးသည်ကို ချောင်းကြည့်ခဲ့သည့် မှတ်ဉာဏ်များကိုပင် လွှတ်ခနဲ ထုတ်ပြောမိသွားလေသည်။
--