← Chapters

အခန်း ၅၉၀

Vol. 40 Ch. 590

အခန်း ၅၉၀

Vol. 40 Ch. 590

အခန်း (၅၉၀) ရွှီလု စတင် လှုပ်ရှားခြင်း (အပိုင်း ၂)

သူ ခြေနှစ်လှမ်းခန့်မျှသာ လှမ်းရသေးချိန်တွင် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေ၏။ ထို့နောက် လူအုပ်ကြီးမှာ ဘေးတစ်ဖက်တစ်ချက်စီသို့ ကွဲဟသွားပြီး အဝေးဆီမှ မြင်းခွာသံများ လျင်မြန်စွာ နီးကပ်လာတော့သည်။

“ခွပ်..ခွပ်”

မြင်းပေါ်တွင် ထိုင်နေသူမှာ ရွှေငွေရတနာများ ဆင်ယင်ထားပြီး ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားရာ အဆင့်အတန်း မြင့်မားသူ တစ်ဦးဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ သူ၏ မျက်နှာပေါ်တွင် ဩဇာလွှမ်းမိုးမှု အငွေ့အသက်များ အပြည့်အဝ ရှိနေပြီး သူ၏ ရာထူးကြီးမားမှုကို ဖော်ပြနေလေ၏။

သူ၏ အကြည့်များက ဆုမိုနှင့် သူ၏ အဖွဲ့သားများကို တစ်ယောက်ချင်းစီ အကဲခတ်သွားပြီးနောက် မြင်းပေါ်မှ အလျင်အမြန် ဆင်းသက်ကာ လက်နှစ်ဖက် ဆုပ်၍ ဂါရဝပြုလိုက်သည်။

"ဇီယန် အာမခံဌာနက ခေါင်းဆောင်ဆု ကိုယ်တိုင် ကြွလာတယ် ဆိုတာကို ကျွန်တော် လုံးဝ မသိခဲ့ရဘူး... အဝေးကနေ ကြိုဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ကျန့်ယူဝမ် သေဒဏ် အကြိမ်တစ်ထောင် ထိုက်တန်ပါတယ်"

ဤသို့ ပြောဆိုရင်း သူသည် ဒူးထောက်မည့်ဟန်ပင် ပြင်လိုက်သေး၏။

ဆုမို၏ ဝတ်ရုံ လက်အောက်မှ လေပြင်းတစ်ချက် လွင့်ထွက်လာပြီး သူ၏ လက်ချောင်းများဖြင့် အသာအယာ ပင့်တင်လိုက်ရာ ကျန့်ယူဝမ်မှာ ချက်ချင်းပင် မတ်မတ် ပြန်လည် ရပ်တည်သွားရတော့သည်။ သူ မှင်သက်ထုံထိုင်း အံ့အားသင့်နေစဉ်မှာပင် ဆုမို၏ အားရပါးရ ရယ်သံကို ကြားလိုက်ရလေ၏။

"မဟာမိတ်ခေါင်းဆောင် ကျန့် က အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ... ကျွန်တော်က အာမခံဌာနရဲ့ ပထမအဆင့် အာမခံသိုင်းသမား တစ်ယောက် သက်သက်ပါ... ဒီလောက် ကြီးကျယ်တဲ့ ကြိုဆိုမှုမျိုးနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ... ပြီးတော့ ကျွန်တော် ဒီနေ့ ကျင်းယန်မြို့ကို လာမယ် ဆိုတာ မဟာမိတ်ခေါင်းဆောင် ကျန့် က ဘယ်လိုလုပ် သိနေတာလဲ"

ကျန့်ယူဝမ်၏ ခန္ဓာကိုယ်မှာ တင်းမာသွားပြီး ဆုမိုထံတွင် ထူးကဲသော စွမ်းရည်များ အမှန်တကယ် ရှိနေကြောင်း သဘောပေါက်သွားတော့သည်။

အစောက လှုပ်ရှားမှုမှာ အသံတိတ် ဖြစ်ပြီး သူကိုယ်တိုင်ပင် မသိလိုက်ဘဲ သေမင်းထံသို့ ရောက်ရှိမလို ဖြစ်ခဲ့ရ၏။

ထျန်းချွီမြို့တွင် ယူချွမ်ဂိုဏ်းချုပ်ကို လက်ချည်းသက်သက်ဖြင့် သတ်ဖြတ်ခဲ့ပြီး ထာဝရည မိစ္ဆာသခင်ကိုပါ အနိုင်ယူကာ တုန်းဟွမ်၏ ထိပ်တန်း သိုင်းပညာရှင်အဖြစ် သတ်မှတ်ခံထားရသည်မှာ အချည်းနှီး မဟုတ်ချေ။

အတိတ်က ထိုဇာတ်လမ်းများမှာ ချဲ့ကားထားသည်ဟု ထင်ရသော်ငြားလည်း ယခုအခါတွင်မူ အခြေအမြစ် မရှိသည်တော့ မဟုတ်ကြောင်း ထင်ရှားနေပေပြီ။

'ဒီကောင် တကယ်ပဲ ကြောက်စရာ ကောင်းတဲ့ ကောင်ပဲ... ခုနက သူ့လက်ချက်နဲ့ဆို ငါ သေမှန်းမသိ သေသွားနိုင်တယ်...'

သူ၏ စိတ်အာရုံများမှာ တုန်လှုပ်နေသော်လည်း အတွေးများကမူ နှေးကွေးမသွားဘဲ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"ခေါင်းဆောင်ဆု က သူ့ရဲ့ လမ်းကြောင်းကို ဖုံးကွယ်မထားခဲ့ဘူးလေ... ကျင်းယန်မြို့ နယ်မြေထဲကို ဝင်လာတာနဲ့ ကျွန်တော် သတင်းရလိုက်တယ်... အဲဒါနဲ့ ကြိုဆိုဖို့ အမြန် ထွက်လာခဲ့တာ... ဒါပေမဲ့ ခင်ဗျားတို့က ဒီလောက် မြန်မြန် ရောက်နေပြီလို့ မထင်ထားခဲ့ဘူး... ကျွန်တော် တာဝန် ပျက်ကွက်ခဲ့တာ အမှန်ပါပဲ"

ဆုမိုက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး ပြုံးလျက် ရှင်းပြလိုက်၏။

"မဟာမိတ်ခေါင်းဆောင် ကျန့် က အရမ်း အားနာလွန်းနေပါပြီ... ကျွန်တော်က ကုန်ပစ္စည်း တချို့ ပို့ရင်း ကျင်းယန်မြို့ကို ဖြတ်သွားရုံ သက်သက်ပါ... ကြိုတင် အကြောင်းမကြားခဲ့မိလို့ တောင်းပန်ပါတယ်... ဒါက ကျွန်တော့်ရဲ့ လစ်ဟင်းမှုပါ"

"မဟုတ်တာ... လုံးဝ မဟုတ်ရပါဘူး"

ကျန့်ယူဝမ်က ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ပြီး စကားဆက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုစဉ် သူ၏ အထက်ဘက်ဆီမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့၏။

"အောက်က တစ်ယောက်က... ရွှမ်ကျီ တောင်ကြားမှာ ဓားတစ်လက်တည်းနဲ့ အမိန့်တော် သုံးရပ်ကို အကောင်အထည် ဖော်ခဲ့ပြီး... ထျန်းချွီမြို့မှာ ယူချွမ်ဂိုဏ်းချုပ်ကို လက်ချည်းသက်သက် သတ်ပစ်ခဲ့တဲ့... လျူယင်မြို့ တံတိုင်းအောက်မှာ ထာဝရည မိစ္ဆာသခင်ကို လက်သီးတွေနဲ့ အနိုင်ယူခဲ့တဲ့... ဇီယန် အာမခံဌာနက တုန်းဟွမ်ရဲ့ ထိပ်တန်း သိုင်းပညာရှင် ဆုမို ဆိုတာလား"

ထိုအသံမှာ အလွန်တရာ ကျယ်လောင်ပြီး အရပ်မျက်နှာ အသီးသီးရှိ ကောင်းကင်ယံကိုပင် တုန်ခါသွားစေသည်။

"အပေါ်က ဘယ်ကောင်လဲကွ... ခေါင်းဆောင်ဆု ရဲ့ နာမည်က မင်း ပါးစပ်ကနေ ပေါ့တီးပေါ့ပျက် ခေါ်ချင်တိုင်း ခေါ်လို့ ရတာ မဟုတ်ဘူး”

ဆုမို တစ်စုံတစ်ရာ မပြောရသေးမီမှာပင် ကျန့်ယူဝမ်သည် ဒေါသတကြီး အထက်သို့ မော်ကြည့်လိုက်၏။

ဆုမို၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"မဟာမိတ်ခေါင်းဆောင် ကျန့်... အရမ်း အလေးအနက် မထားပါနဲ့... နာမည် တစ်ခု သက်သက်ပါပဲ... ခေါ်လည်း ဘာမှ မဖြစ်ပါဘူး... အပေါ်က မိတ်ဆွေက ဘယ်သူများလဲ လို့ မေးလို့ ရမလား"

"ဟားဟားဟားဟား"

လသာဆောင်ပေါ်ရှိ လူက ထိုစကားကို ကြားသောအခါ အားရပါးရ ရယ်လိုက်တော့၏။ နောက်တစ်ခဏတွင် သူသည် လေထဲသို့ ခုန်ပျံတက်သွားပြီး လေထဲတွင် အကြိမ်ကြိမ် နေရာပြောင်းလဲကာ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

သူ၏ ခြေဖျားလေးများဖြင့် ညင်သာစွာ ထောက်လိုက်ရာ မြေပြင်မှ ဖုန်မှုန့်တစ်စက်မျှပင် လွင့်စင်လာခြင်း မရှိချေ။ သူ၏ မျက်ဝန်းများက လူအုပ်ကြီးကို အကဲခတ်သွားပြီးနောက် နောက်ဆုံးတွင် ဆုမိုထံ၌ ရပ်တန့်သွား၏။

"တကယ်ပဲ ခေါင်းဆောင်ဆု ကိုယ်တိုင်လား"

"များများစားစား မဟုတ်ပေမဲ့ ကျွန်တော် ဆုမို အစစ်ပါပဲ"

ဆုမိုက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

"မိတ်ဆွေရဲ့ ဂုဏ်အမည်ကို သိခွင့်များ ရမလား"

"ငါ့နာမည် ဝမ်အာဂို ပဲ"

ထိုလူက လှောင်ပြောင်သော လေသံဖြင့် သူ၏ အမည်ကို ပြောပြလိုက်၏။

"မကြာသေးခင်က မင်းနာမည်ကို ငါ့နားတွေ ပင်းမတတ် ကြားနေရတာ တကယ့်ကို မျက်စိနောက်စရာ ကောင်းလွန်းတယ်... ဒီနေ့ မင်းကို တွေ့လိုက်ရတော့လည်း တကယ်တော့ ဘာမှ မထူးခြားပါလား... အရှေ့ပိုင်းမြို့က လူတွေ အားလုံးက အတုံးအအတွေချည်းပဲလားကွ... မင်းလိုကောင်က ယူချွမ်ဂိုဏ်းချုပ်ကို သတ်ပြီး ထာဝရည မိစ္ဆာသခင်ကို အနိုင်ယူခဲ့တယ် ဆိုတာကို ယုံရအောင်လို့... အကယ်၍ အဲဒါ တကယ် မှန်နေရင်တောင် ဒီ ယူချွမ်ဂိုဏ်းချုပ်နဲ့ ထာဝရည မိစ္ဆာသခင် ဆိုတာတွေက သုံးစားလို့ မရတဲ့ လိမ်လည်လှည့်ဖြားနေတဲ့ ကောင်တွေ သက်သက်ပဲ ဖြစ်ရမယ်"

ယန်ရှောင်ယွင်မှာ ထိုစကားများကို ကြားသောအခါ အလွန်အမင်း ဒေါသထွက်သွားပြီး သူမ၏ လက်ထဲရှိ နဂါးချောက်နက် တျန်ယွမ် လှံတံကို ဒိုင်း ခနဲ မြေကြီးပေါ် ဆောင့်ချလိုက်တော့သည်။

"နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလို့ ငါတို့ ခေါင်းဆောင် ရှေ့မှာ လာပြီး ရိုင်းစိုင်းနေရတာလဲ... ငါတို့ ခေါင်းဆောင်က သဘောထား ကြီးမြတ်လို့ နင့်လို အဆင့်အတန်း နိမ့်တဲ့ ကောင်ကို အဖက်မလုပ်ပေမဲ့... ဆံပင်ရှည်ပြီး ဉာဏ်တိုတဲ့ မိန်းမ တစ်ယောက် ဖြစ်တဲ့ ငါကတော့ ဒီနေ့ မင်းကို လာပြီး အတင့်ရဲခွင့် ပေးမှာ မဟုတ်ဘူး"

"ဟားဟားဟားဟား... ကြည့်ရတာ ခေါင်းဆောင်ဆု ဆိုတာ တကယ်ပဲ အပိုတွေ ချဲ့ကားထားတာကိုး... ငါက ဒီလောက်အထိ ရန်စနေတာတောင် မိန်းမ တစ်ယောက်ကိုပဲ ရှေ့ထွက်ခိုင်းတယ်ပေါ့လေ... လိပ်တစ်ကောင် အခွံထဲ ပုန်းနေသလို မိန်းမတစ်ယောက် နောက်မှာ ပုန်းနေတာလားကွ"

ဝမ်အာဂို က အားရပါးရ ရယ်လိုက်၏။ ဆုမိုသည် သည်းခံနိုင်စွမ်း အလွန် မြင့်မားသူ ဖြစ်သော်ငြားလည်း အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

"ငါ့ကို လာစိန်ခေါ်တဲ့ ခွေးတွေ ကြောင်တွေ တိုင်းကို လမ်းပေါ်မှာ သွားဖြီးပြီး ပြန်ဟောင်ပြနေရမှာလား... မင်းရဲ့ စော်ကားတဲ့ စကားတွေက တကယ့်ကို နားလည်ရ ခက်လွန်းတယ်... ကြည့်ရတာ ဒီနေ့တော့ ငါ တကယ်ပဲ သင်ခန်းစာ သေးသေးလေး တစ်ခုလောက် ပေးမှ ရတော့မယ် ထင်တယ်"

"လုပ်ကြည့်လိုက်စမ်းပါ... တုန်းဟွမ်ရဲ့ နံပါတ်တစ် သိုင်းပညာရှင် ဆိုတဲ့ကောင် ဘယ်လောက် အစွမ်းအစ ရှိလဲ ဆိုတာကို ငါ မြင်ချင်သေးတယ်"

ဝမ်အာဂို က နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။ မြေပြင်ကို ခြေတစ်ဖက်ဖြင့် ဆောင့်နင်းလိုက်၏။ အက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။ အပြာရောင် ကျောက်ပြား လမ်းမကြီးမှာ ချက်ချင်းပင် စိစိညက်ညက် ကျေသွားတော့၏။

ဤလုပ်ရပ်က သူ၏ သိုင်းပညာ စွမ်းရည်ကို ထုတ်ဖော် ပြသလိုက်ခြင်းပင်။ လိုအပ်ချိန်တွင် ငှက်မွေး တစ်ခုအလား ပေါ့ပါးနိုင်သော်လည်း၊ အင်အားသုံးရန် လိုအပ်ချိန်တွင် ထိုက်တောင်ကြီး တစ်ခုအလား လေးလံ ပြင်းထန်နိုင်ပေသည်။ အပျော့နှင့် အမာ ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်စွမ်း ရှိသူဖြစ်ရာ သူသည် သာမန်လူ တစ်ယောက် လုံးဝ မဟုတ်သည်မှာ ထင်ရှားလှ၏။ ကျန့်ယူဝမ် က နှာခေါင်းရှုံ့လိုက်သည်။

"လော့ဖုန်း မဟာမိတ်အဖွဲ့မှာ အရည်အချင်းရှိတဲ့သူ မရှိဘူးလို့ မင်း ထင်နေတာလား... ဒီနေ့ ငါ ဇူ..."

သူ စကားမဆုံးမီမှာပင်

လူတစ်ယောက်သည် ဆုမို၏ အနောက်မှနေ၍ ရိပ်ခနဲ ထွက်ပေါ်လာ၏။ ဝမ်အာဂို၏ နံဘေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဝမ်အာဂိုမှာ အငိုက်မိသွားသည်။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုဟု ထင်မှတ်ကာ မစဉ်းစားမဆင်ခြင်ဘဲ လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့၏။ မည်သူ၏ လက်သီးသိုင်း ကို သင်ယူထားသည် မသိ။ ထိုလက်သီးချက်မှာ မိုးကြိုးပစ်ချသကဲ့သို့ အလွန်တရာ ကြမ်းတမ်း ပြင်းထန်လှပေသည်။

သို့သော် ထိုးနှက်ပြီးနောက် သူ၏ လက်သီးအောက်တွင် လေဟာနယ်ကိုသာ တွေ့လိုက်ရ၏။ မျက်လုံးထောင့်မှနေ၍ အရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသဖြင့် ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူ၏ အနောက်တွင် မည်သူမျှ ရှိမနေခဲ့ချေ။

ဝမ်အာဂို ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သူ၏ ခြေထောက်များဆီမှ ရုတ်တရက် အေးစိမ့်သွားသော ခံစားချက်ကို ရလိုက်၏။ ထို့နောက် ပတ်ဝန်းကျင်မှ အားရပါးရ ပွဲကျရယ်သံကြီးများကို ကြားလိုက်ရ၏။

"မင်းတို့ အားလုံး ဘာတွေ ရယ်နေကြတာလဲ"

ဝမ်အာဂို က ဒေါသတကြီး အော်ဟစ်လိုက်စဉ် လူတစ်ယောက်က သူ၏ ခန္ဓာကိုယ် အောက်ပိုင်းကို လက်ညှိုးထိုးပြနေသည်ကို မြင်လိုက်ရတော့သည်။

"မင်းရဲ့ ဘောင်းဘီ ကျွတ်ကျနေပြီကွ”

--

All Chapters