အခန်း ၅၉၃
Vol. 40 Ch. 593
အခန်း (၅၉၃) မင်းက ငါ့လက်ထဲ သေဖို့တောင် မထိုက်တန်ဘူး (အပိုင်း ၂)
ဤစကားသည် သိုင်းလောကတစ်ခွင်သို့ မျက်စိတစ်မှိတ်အတွင်း ဂယက်ထသွားတော့မည်မှာ မြေကြီးလက်ခတ် မလွဲပင်။
ပြောပြီးသားစကားကို ပြန်ရုပ်သိမ်းရန် မဖြစ်နိုင်တော့မှန်း ဆုမို သဘောပေါက်သွား၏။ ထို့ကြောင့် သူသည် ကျန့်ယူဝမ်ဘက်သို့ လှည့်ကာ လက်နှစ်ဖက် ဆုပ် နှုတ်ဆက်လိုက်သည်။
"မဟာမိတ်ခေါင်းဆောင် ကျန့်... ကျွန်တော့်မှာ အရေးတကြီး ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေသေးလို့ ခွင့်ပြုပါဦး"
"နောက်ရက်တွေ အားလပ်ချိန်ရရင် ကိုယ်တိုင်ကိုယ်ကျ လာရောက် နှုတ်ဆက်ပါ့မယ်"
"ဒီလောက်ကြီးလည်း အားနာနေစရာ မလိုပါဘူး"
ကျန့်ယူဝမ်မှာ အတွေးကမ္ဘာထဲမှ လန့်နိုးလာပြီး မျက်ဝန်းထဲရှိ လှိုင်းထနေသော ခံစားချက်များကို အလျင်အမြန် ဖုံးကွယ်လိုက်၏။ သို့သော် သူ ထပ်မံ စကားဆိုရန် ဟန်ပြင်လိုက်ချိန်တွင် လည်ချောင်းထဲ၌ တစ်စို့နေပြီး စကားလုံးများ ပျောက်ရှသွားတော့သည်။
ဆုမိုနှင့် သူ၏အပေါင်းအပါများ ခပ်သုတ်သုတ် ထွက်ခွာသွားသည်ကိုသာ ငေးကြည့်နေရုံမှတစ်ပါး အခြား မတတ်နိုင်ချေ။
ဝမ်တင်းရှန်းက သူတို့ကို ဆက်လက် နှောင့်ယှက်ချင်နေဆဲပင်။ လူအုပ်ကြီး သူ၏အနားမှ ဖြတ်သွားချိန်တွင် အကောင်းပကတိ ကျန်ရှိနေသေးသော လက်တစ်ဖက်ဖြင့် ကျန်းရှောင်ရှောင်၏ ခြေကျင်းဝတ်ကို လှမ်းဆွဲလိုက်၏။
သူသည် ဤဧရာမလူထွားကြီးကို ရပ်တန့်သွားစေရန် ရည်ရွယ်ခဲ့သော်ငြားလည်း နောက်တစ်ခဏ၌ သူကိုယ်တိုင်သာ မြေပြင်ပေါ်တွင် တရွတ်တိုက် ပါသွားတော့သည်။ ဒဏ်ရာအပြင်းအထန် ရရှိထားပြီးဖြစ်ရာ ဤသို့ဆွဲငင်ခံရမှုကြောင့် အရိုးကွဲမတတ် နာကျင်လွန်းလှသော်လည်း ခေါင်းမာမှု သက်သက်ဖြင့် ကျန်းရှောင်ရှောင်၏ ခြေကျင်းဝတ်ကို အတင်းအကြပ် ဆုပ်ကိုင်ထား၏။
ခြေထောက်မှ တစ်စုံတစ်ခုကို ခံစားမိသွားသော ကျန်းရှောင်ရှောင်က အောက်သို့ ငုံ့ကြည့်လိုက်၏။ ထို့နောက် ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး ရုတ်တရက် ဆောင့်ကန်ချလိုက်တော့သည်။
"ထွက်သွားစမ်း"
ဝှစ်ခနဲ အသံနှင့်အတူ ဝမ်တင်းရှန်း၏ ခန္ဓာကိုယ်ကြီး လေထဲသို့ မြောက်တက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် လူအုပ်ကြီး၏ အမြင်အာရုံမှ ပျောက်ကွယ်သွားလေ၏။
ကျန်းရှောင်ရှောင်က မျက်လုံးကို လက်ဖြင့် ကွယ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ သို့သော် လူအုပ်ကြီး ထူထပ်နေသဖြင့် တစ်စုံတစ်ယောက်ကို သွားမှန်သလား၊ ပန်းပင် သစ်ပင်များကို သွားဖျက်မိသလား ဆိုသည်ကိုတော့ သေချာ မသိနိုင်တော့ချေ။
သူမသည် ရင်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဤနေရာက ဇီယန် အာမခံဌာန မဟုတ်သည့်အတွက်သာ တော်သေးသည်ဟု တွေးလိုက်မိ၏။ တစ်ခုခု ပျက်စီးသွားလျှင်လည်း ပျက်စီးပါစေတော့။ အနည်းဆုံးတော့ ခေါင်းဆောင်က သူမ၏ ထမင်းစားစရိတ်ကို ဖြတ်တောက်တော့မည် မဟုတ်ပါလော။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုမိုနှင့် သူ၏အဖွဲ့သားများ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့ချေပြီ။ သို့တိုင်အောင် ဘေးမှ ကြည့်ရှုနေသူများ၏ တီးတိုး ဆွေးနွေးသံများကမူ ဆူညံနေဆဲပင်။
ကျန့်ယူဝမ်၏ မျက်နှာပေါ်ရှိ ဖားယားလိုသော အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားတော့၏။ သူသည် မျက်ခုံးကို တင်းကြပ်စွာ စုကျုံ့ထားရင်း မည်သည့်အရာကို စဉ်းစားနေမှန်း မသိနိုင်အောင် ရပ်နေမိ၏။
ယခုအချိန်တွင် ဆုမို အနေဖြင့် သာမန် 'မြေအဆင့်' အခန်းများတွင် တည်းခိုရန် မလိုအပ်တော့ချေ။ အကောင်းဆုံး အဆင့်မြင့် အခန်းသုံးခန်းကို ငှားရမ်းလိုက်ပြီး သူက တစ်ခန်း၊ ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်က တစ်ခန်း၊ နောက်ဆုံး တစ်ခန်းကိုမူ ဟူစန်းတောက်နှင့် ရွှီလုတို့က အသုံးပြုကြ၏။
တည်းခိုခန်းသို့ လာရာလမ်း တစ်လျှောက်လုံးတွင် ရွှီလု တစ်ယောက် စကားပြောဖော် ရသွားခဲ့သည်။ သူသည် ဟူစန်းတောက်ကို လမ်းတစ်ဝက်တိတိ ပါးစပ်မပိတ်တမ်း တတွတ်တွတ် ပြောဆိုလာခဲ့ခြင်းပင်။
ကျန်းရှောင်ရှောင်ကမူ သူ၏ အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး ထမင်းစားချိန်ကိုသာ စောင့်ဆိုင်းနေတော့၏။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ နှစ်ဦးကတော့ အတူတကွ ဝင်ထိုင်လိုက်ကြသည်။
"ဒီနေ့ ဝမ်တင်းရှန်းရဲ့ ကိစ္စက တော်တော်လေး ထူးဆန်းနေတယ်နော်"
အခန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ရှိသဖြင့် ယန်ရှောင်ယွင်က စကားကို လှည့်ပတ်မနေတော့ဘဲ လိုရင်းကိုသာ တည့်မေးလိုက်၏။
ဆုမိုက ပြုံးလိုက်သည်။
သူသည် အလောတကြီး ပြန်မဖြေသေးဘဲ လက်ဖက်ရည် နှစ်ခွက်ကို အေးအေးဆေးဆေး ငဲ့လိုက်၏။ လက်ဖက်ရည်ခွက် တစ်ခွက်ကို ယန်ရှောင်ယွင် အရှေ့သို့ တွန်းပို့ပေးလိုက်ရာ သူမက တစ်ချက် စစ်ဆေးကြည့်ပြီးနောက် အသာအယာ သောက်လိုက်သည်။
ထို့နောက် ဆုမို၏ စကားသံကို ကြားလိုက်ရလေ၏။
"ဒီနေ့ ကိစ္စက လုံးဝ တိုက်ဆိုင်မှု မဟုတ်ဘူး"
"ကျန့်ယူဝမ်က လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ စတုတ္ထမြောက် အကြီးအကဲ ဖြစ်သလို ကျင်းယန်မြို့ရဲ့ မြို့တော်ဝန်လည်း ဖြစ်တယ်"
"သူက ရာထူး ကြီးမားပြီး ဩဇာအာဏာလည်း ကြီးမားတယ်... အထင်သေးလို့ ရတဲ့သူ မဟုတ်ဘူး"
"ဒါပေမဲ့ ဒီနေ့ သူ့ရဲ့ အပြုအမူက အရမ်းကို အောက်ကျနောက်ကျ နိုင်လွန်းလို့ ရယ်စရာတောင် ကောင်းနေတယ်... သူက ကျွန်တော့် ရှေ့မှာ ချက်ချင်း ဒူးထောက်မလို့တောင် လုပ်သေးတာ... အစ်မယွင် ယုံလား"
ယန်ရှောင်ယွင်က ခေါင်းညိတ်လိုက်၏။ ယနေ့ ကျန့်ယူဝမ်က လက်နှစ်ဖက် ဆုပ်ကာ ဒူးထောက်လုနီးပါး ဖြစ်သွားသည်ကို သူမလည်း သတိပြုမိခဲ့သည်။ သို့သော် ထိုလုပ်ရပ်က ပို၍ပင် ထူးဆန်းနေစေ၏။
"နင်က အခု တုန်းဟွမ်ရဲ့ နံပါတ်တစ် သိုင်းပညာရှင် အဖြစ် နာမည်ကြီးနေတယ် ဆိုပေမဲ့... ကျန့်ယူဝမ်က သူ့ကိုယ်သူ ဒီလောက်အထိ အောက်ကျို့ ခံမှာ မဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ် သူကလည်း လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ စတုတ္ထမြောက် အကြီးအကဲပဲလေ"
"သူ့ရဲ့ သိုင်းပညာက နိမ့်ကျနေရင်တောင် ဒူးထောက်ရလောက်တဲ့ အထိတော့ လုံးဝ မဖြစ်နိုင်ဘူး"
"သူက သူ့ကိုယ်သူ ကိုယ်စားပြုရုံတင် မကဘူး... လော့ဖုန်း မဟာမိတ်အဖွဲ့ တစ်ခုလုံးကို ကိုယ်စားပြုနေတာ"
"အကယ်၍... နင်က လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ မဟာမိတ်ခေါင်းဆောင် ဖြစ်နေရင်တော့... ဒီလို ဖြစ်နိုင်ခြေ ရှိနိုင်တာပေါ့"
"အစ်မယွင်... အကယ်၍ ဒီနေ့ ကျန့်ယူဝမ်သာ တကယ် ဒူးထောက်လိုက်ပြီး အဲဒီသတင်း ပြန့်သွားမယ် ဆိုရင် လူတွေက ဘယ်လို ပြောကြမလဲ"
ဆုမိုက ယန်ရှောင်ယွင်ကို မော်ကြည့်ကာ မေးလိုက်၏။
ယန်ရှောင်ယွင်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
"နင်က လော့ဖုန်း မဟာမိတ်အဖွဲ့ကို သိမ်းပိုက်လိုက်ပြီလို့ သူတို့ ပြောကြမှာပေါ့... ပြီးတော့ အမြင့်ဆုံး ရာထူးကို ရယူလိုက်ပြီလို့ ထင်ကြလိမ့်မယ်... အဲဒီလိုမှ မဟုတ်ရင် ဒီလို ဖြစ်နိုင်ခြေ လုံးဝ မရှိဘူးလေ"
"အဲဒါ အမှန်ပဲ"
ဆုမို၏ လက်ချောင်းများက လက်ဖက်ရည်ခွက် နှုတ်ခမ်းသားကို ညင်သာစွာ ပွတ်သပ်သွား၏။ အပြုံးသဲ့သဲ့လေးနှင့်အတူ ခွက်ကို မြှောက်ကာ တစ်ငုံ သောက်လိုက်သည်။
"ဒါဆိုရင်... ဒီကိစ္စကြောင့် ဘယ်သူ အပျော်ဆုံး ဖြစ်မလဲလို့ အစ်မယွင် ထင်လဲ"
"...ဝေရူဟန် လား"
ယန်ရှောင်ယွင်က ဤနာမည်ကို အလိုအလျောက်ပင် တွေးမိသွားတော့၏။
"သူက နင့်ရဲ့ နာမည်ကို အသုံးချပြီး လော့ဖုန်း မဟာမိတ်အဖွဲ့ထဲ ဆွဲသွင်းချင်နေတာ ကြာပြီလေ"
"ငါတို့ဘက်က လော့ဖုန်း မဟာမိတ်အဖွဲ့ကို အားကိုးချင်တယ် ဆိုပေမဲ့... ဒီလို ပုံစံမျိုးနဲ့တော့ သူတို့ဆီမှာ အကြွေးမတင်ခံနိုင်ဘူး"
"နင်က ဝေဇီယီကို တကယ် လက်ထပ်လိုက်မှသာ အဆင်ပြေမှာ... အဲဒီလိုမှ မဟုတ်ရင် ဒီအပေးအယူက တန်မှာ မဟုတ်ဘူး"
"နင်က လော့ဖုန်း မဟာမိတ်အဖွဲ့ထဲ ဝင်သွားပြီလို့ တစ်လောကလုံးက သိသွားချိန်ကျရင်... တကယ်တမ်းကျတော့ နင်က သူတို့ရဲ့ ကိစ္စတွေကို ဘာမှ ဝင်စွက်ဖက်ခွင့် မရှိတဲ့ အပြင်လူ တစ်ယောက် ဖြစ်နေတုန်းပဲ... ဒါပေမဲ့ သူတို့ ပြဿနာ တက်လာတဲ့ အခါကျရင်တော့... တခြား လူလတ်တန်းစားတွေကို ခြိမ်းခြောက်ဖို့ နင့်နာမည်ကို တရားဝင် အသုံးပြုသွားကြတော့မှာ"
"အဲဒါကြောင့်... ကြည့်ရတာ ဒီလုပ်ရပ်က ဝေရူဟန် အတွက် အကျိုးအမြတ် အများဆုံး ဖြစ်မယ့်ပုံပဲ"
ဆုမိုက ခေါင်းညိတ်လိုက်၏။
"အစ်မယွင် ပြောတာ တကယ့်ကို အမှန်ပဲ"
ထိုစကားကို ကြားသောအခါ ယန်ရှောင်ယွင်၏ ရင်ထဲတွင် ကြည်နူး ကျေနပ်မှုများ ဖြစ်ပေါ်လာသော်လည်း ချက်ချင်းပင် မျက်မှောင် ပြန်ကြုတ်သွား၏။
"ဒါပေမဲ့... တစ်ခုခုတော့ လွဲနေသလိုပဲ"
သူမသည် ဆုမိုကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိ၏။
သို့သော် ဆုမို၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး အတော်လေး အရှက်မရှိသည့် ပုံပေါက်နေသဖြင့် ဒေါသတကြီး မျက်စောင်းထိုးလိုက်တော့သည်။
ဆုမိုမှာ သူ၏ အပြုံးကို အမြန် ထိန်းချုပ်လိုက်ရပြီး ဆက်လက် ရှင်းပြလိုက်၏။
"လွဲနေတာက အစ်မယွင် ဝေရူဟန်ကို အထင်သေးသွားလို့ပဲ"
"အစကတည်းက... သခင်မလေးဝေနဲ့ ကျွန်တော့်ရဲ့ ပတ်သက်မှုအပေါ် သူ ဘယ်တုန်းကမှ ဇွတ်အတင်း ပြဿနာ လုပ်ခဲ့တာ မရှိဘူး"
"အခုမှ ရုတ်တရက်ကြီး ဒီလို ပြဇာတ်မျိုး ခင်းပြီး... ကျွန်တော့် အမြင်မှာ သူ အဆိုးမြင်ခံရအောင် လုပ်ပါ့မလား"
"သခင်မလေးဝေနဲ့ ကျွန်တော့် အကြောင်းကို ပြင်ပလောကမှာ ကောလဟာလတွေ မျိုးစုံ ထွက်နေတယ် ဆိုပေမဲ့... လော့ဖုန်း မဟာမိတ်အဖွဲ့ကတော့ ပြင်ပလူတွေထက် ဒီကိစ္စကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သိထားတယ်"
"ကောလဟာလ တွေထဲကလို မဟုတ်ဘူး ဆိုတာကို သူတို့ ကောင်းကောင်း သိတယ်"
"ဒီလို အချိန်အခါမျိုးမှာ ကျန့်ယူဝမ် က ရုတ်တရက်ကြီး ဒီလို ပြဇာတ် လာကပြတာက သွေးခွဲချင်တဲ့ ဗျူဟာ တစ်ခု သက်သက်ပဲ"
"ကျွန်တော်က ဝေရူဟန် အပေါ် အမြင်စောင်းသွားတာနဲ့... ကျွန်တော့်ရဲ့ လွှမ်းမိုးမှုကို အသုံးချပြီး ဝေဇီယီ တည်ဆောက်ထားတဲ့ ခြေသုံးချောင်းထောက် အင်အားချိန်ခွင်လျှာ ညီမျှမှုက ချက်ချင်းကို ပြိုလဲသွားတော့မှာလေ”
--