အခန်း ၅၉၅
Vol. 40 Ch. 595
အခန်း (၅၉၅) ဝတ်ရုံဖြူ ဓားသမား
ထိုနေ့ည။
ကျင်းယန်မြို့သည် ညဉ့်နက်ချိန် ရောက်လာသော်ငြားလည်း တိတ်ဆိတ်မသွားခဲ့ဘဲ နေ့ခင်းဘက်၏ ဆူညံ ပွက်လောရိုက်မှုများက ဆက်လက် ရှင်သန်နေဆဲပင်။
လမ်းမများပေါ်တွင် ရထားလုံးများနှင့် မြင်းများက ယှက်သန်း သွားလာနေဆဲ ဖြစ်ပြီး လူအများအပြားမှာ မိမိတို့၏ အိမ်များမှ ထွက်ခွာလာကာ အေးချမ်း သာယာသော ညချမ်း၏ အလှအပကို ခံစားနေကြလေ၏။
မိတ်ဆွေ အပေါင်းအသင်းများ စုဝေးကာ မိသားစု အတင်းအဖျင်းများမှသည် သိုင်းလောက၏ ကောလဟာလ သတင်းများအထိ အစုံအလင် ဆွေးနွေး ပြောဆိုနေကြသည်။
အထူးသဖြင့် ယနေ့တွင် သူတို့၏ ဆွေးနွေးမှုများမှာ ပိုမို၍ပင် အသက်ဝင်နေတော့၏။
"ကျင်းကန် လေမိုးကြိုး လက်သီးသိုင်း ကို သုံးတဲ့ ဝမ်တင်းရှန်း က လွန်ခဲ့တဲ့ နှစ်တွေတုန်းက တကယ့်ကို ထူးကဲတဲ့ နာမည်ကျော် တစ်ယောက် ဖြစ်ခဲ့တာ..."
"သူက ငယ်စဉ်ကတည်းက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကျင်းကန် ပညာရပ်တွေကို သင်ယူခဲ့ပြီး... လက်သီးသိုင်းကို ပြီးပြည့်စုံအောင် တတ်မြောက်သွားတဲ့ အခါမှာတော့... သူ့ရဲ့ လက်သီးချက်တိုင်းက လေနဲ့ မိုးကြိုးတွေကိုတောင် ခေါ်ဆောင်လာနိုင်တယ် လို့ ပြောကြတယ်"
"အဲဒီအချိန်ကစပြီး သိုင်းလောက ထဲမှာ လှည့်လည်သွားလာခဲ့တာ... ပြိုင်ဘက်ကင်း ဖြစ်ခဲ့တာတော့ မဟုတ်ပေမဲ့ သူ့ကို ယှဉ်နိုင်မယ့်သူက လက်တစ်ဖက်စာတောင် မရှိခဲ့ဘူး"
"ဒါပေမဲ့ မထင်မှတ်ဘဲ သူက ဝမ်အာဂို ဆိုတဲ့ နာမည်နဲ့ ရုပ်ဖျက်ပြီး ကျင်းယန်မြို့ ကို ရောက်လာကာ တုန်းဟွမ် ရဲ့ နံပါတ်တစ် သိုင်းပညာရှင် ဆုမို ကို လာစိန်ခေါ်ရဲတယ်ပေါ့လေ..."
"ဒါက တကယ်ကို အံ့ဩစရာပဲ... ယုတ္တိကျကျ တွေးကြည့်မယ် ဆိုရင် သူက နာမည်ကြီးချင်တယ် ဆိုရင်တောင် ဒီလောက်အထိ အကွက်ဆင်စရာ မလိုပါဘူး"
"သူက သိုင်းလောက ထဲက နာမည်မရှိတဲ့ ငချွတ်လေး တစ်ယောက်မှ မဟုတ်တာ... ဘာကိစ္စ ဒီလောက် ပြဿနာ ကြီးအောင် လာလုပ်နေရတာလဲ"
တည်းခိုခန်း တစ်ခု အတွင်း၌ မိတ်ဆွေ အရင်းအချာ အချို့မှာ သေရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြရာမှ ဤအကြောင်းအရာသို့ ရောက်ရှိလာကြခြင်းပင်။
"ဘယ်သူက သိနိုင်မှာလဲ"
ထောင့်တစ်နေရာမှ လူတစ်ဦးက ခေါင်းခါယမ်းရင်း တိုးညင်းစွာ ရေရွတ်လိုက်၏။
"ဒါပေမဲ့ ဆုမို အကြောင်း ပြောရမယ် ဆိုရင်တော့... သူက တကယ့်ကို အံ့မခန်းပဲ... ဝမ်တင်းရှန်း ရဲ့ သိုင်းပညာတွေက သာမန် မဟုတ်ဘူးလေ... အဲဒါကိုတောင် ဆုမို ရဲ့ ဘေးနားက သာမန် လူတစ်ယောက် ကတောင် အဲဒီလောက် အစွမ်းအစ မျိုး ရှိနေတာ..."
"ဝမ်တင်းရှန်း ကိုတောင် ပါးတွေ ဖြန်းဖြန်းကွဲအောင် ရိုက်လိုက်သေးတယ်..."
"အကယ်၍ ဒီနေရာမှာတင် ရပ်သွားမယ် ဆိုရင်တော့ အဆင်ပြေလောက်ပါတယ်... ဘာပဲဖြစ်ဖြစ် အရှက်ကွဲသွားတာက ဝမ်အာဂို လေ... ဝမ်တင်းရှန်း မှ မဟုတ်တာ"
"ဒါပေမဲ့ ကံဆိုးတာက ဇီယန် အာမခံဌာန ရဲ့ ဒုတိယခေါင်းဆောင် က သူ့ရဲ့ ဇာစ်မြစ် အမှန်ကို ဖော်ထုတ်ပစ်လိုက်တော့... အဲဒီလိုနဲ့ပဲ တစ်သက်လုံး တည်ဆောက်လာခဲ့တဲ့ သူ့ရဲ့ ဂုဏ်သတင်းတွေ အကုန်လုံး ရေစုန်မျော သွားခဲ့ရတာပေါ့"
"အထူးသဖြင့် ဆုမို ပြောသွားတဲ့ စကားတစ်ခွန်းပဲ... 'မင်းက ငါ့လက်ထဲ သေဖို့တောင် မထိုက်တန်ဘူး' တဲ့..."
"ဒါကမှ ဇီယန် အာမခံဌာန ရဲ့ ခေါင်းဆောင် ပီသတာ... ဒါကမှ တုန်းဟွမ် ရဲ့ နံပါတ်တစ် သိုင်းပညာရှင် ပီသတာ... ဒါကမှ ဆုမို အစစ်ပဲကွ"
ဤအကြောင်းအရာသို့ ရောက်သောအခါ လူတစ်ယောက်က သေရည်ခွက်ကို ချက်ချင်း မြှောက်လိုက်၏။
"ဒီလို ထိုးထွင်းသိမြင်မှု မျိုးအတွက်... အမှန်တရား အတွက် ဂုဏ်ပြုလိုက်ကြရအောင်"
"သောက်ကြဟေး..."
လူတိုင်းက သူတို့၏ သေရည်ခွက်များကို မြှောက်ကာ တစ်ခွက်တည်းဖြင့် မော့သောက်လိုက်ကြပြီး အနည်းငယ် မူးယစ် ရီဝေသွားကြတော့၏။
ထိုအထဲမှ လူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ ဒီနေ့ အခင်းဖြစ်တဲ့ နေရာမှာ... အာမခံခေါင်းဆောင် ဆု ရဲ့ ဘေးနားက လူဟာ သူ့ရဲ့ ကိုယ်ပိုင် စွမ်းရည်နဲ့ဆိုရင် ဝမ်တင်းရှန်း ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး ဆိုတာကို သိုင်းပညာရှင် တချို့က သတိထားမိကြတယ် လို့ ငါ ကြားတယ်"
"သူတို့ ပြောကြတာက... ဝမ်တင်းရှန်း ကို အရှက်ခွဲဖို့ ရည်ရွယ်ချက်နဲ့ အနောက်ကနေ လျှို့ဝှက် လမ်းညွှန်ပေးနေတဲ့ လူတစ်ယောက် ရှိတယ် တဲ့..."
"အို... ဒါဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူးပေါ့... အဲဒီ လျှို့ဝှက် လမ်းညွှန်ပေးတဲ့သူက အာမခံခေါင်းဆောင် ဆု ကလွဲရင် တခြား ဘယ်သူမှ မဖြစ်နိုင်ဘူး"
"ဝမ်တင်းရှန်း က အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလေ... သူ့ကို ပါးရိုက်လိုက်တာကတောင် သက်သာလွန်းနေပါသေးတယ်"
"ပြီးတော့ ဝင်တိုက်ခိုက်ခဲ့တဲ့ လူက သိုင်းပညာ အားနည်းတယ် ဆိုပေမဲ့ သူ့ရဲ့ ကိုယ်ဖော့ပညာ က အရမ်းကို ပြောင်မြောက်တယ်... အကယ်၍ သူက ရှောင်တိမ်းနေရုံ သက်သက် ဆိုရင် ဝမ်တင်းရှန်း အနေနဲ့ သူ့ရဲ့ အင်္ကျီစ ကိုတောင် ထိနိုင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ အဲဒီလူက ဘယ်သူများ ဖြစ်နိုင်မလဲ"
ဤမေးခွန်း ထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိ မိတ်ဆွေများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူကမျှ အဖြေ မပေးနိုင်ခဲ့ချေ။
သို့သော် ဘေးဘက် စားပွဲဆီမှ ရယ်သံ တစ်ခု ထွက်ပေါ်လာတော့၏။
"အဲဒီလူ ဘယ်သူလဲ ဆိုတာ ငါ သိတယ်"
လူတိုင်းမှာ အံ့အားသင့်သွားပြီး ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ ဘေးဘက် စားပွဲတွင် ထိုင်နေသော ဧည့်သည် တစ်ဦးကို တွေ့လိုက်ရသည်။
သူတို့၏ အာရုံစိုက်မှုကို ရရှိသွားသောအခါ ထိုသူက ပြုံးကာ လက်နှစ်ဖက် ဆုပ်လျက် စကားဆိုလိုက်၏။
"မိတ်ဆွေတို့... ဝင်ရောက် နှောင့်ယှက်မိတဲ့ အတွက် ခွင့်လွှတ်ပါ... ခင်ဗျားတို့ရဲ့ ဆွေးနွေးမှုတွေကို မတော်တဆ ကြားသွားမိလို့ပါ... ဝင်မပါချင်ပေမဲ့ အဲဒီလူ ဘယ်သူလဲ ဆိုတာကို ကျွန်တော် သိနေတော့ မနေနိုင်ဘဲ ဝင်ပြောမိသွားတာပါ..."
"အို... ရပါတယ်ဗျာ... ဘယ်သူများလဲ ဆိုတာ ရှင်းပြပေးပါဦး"
ထိုလူက ရယ်လိုက်၏။
"အဲဒီလူမှာ နာမည်ဝှက် တစ်ခု ရှိတယ်... 'ကျင်းဟုန် ဖေးရွှယ်' တဲ့... မိတ်ဆွေတို့ မှတ်မိကြသေးလား"
စားပွဲဝိုင်းရှိ လူများမှာ အတင်းအဖျင်း သတင်းများကို စိတ်ဝင်စားသူများ ဖြစ်ကြရာ 'ကျင်းဟုန် ဖေးရွှယ်' ဟူသော နာမည်မှာ ရင်းနှီးနေသယောင် ရှိသော်ငြားလည်း အတိအကျ ဘယ်သူမှန်းတော့ စဉ်းစား၍ မရနိုင်ခဲ့ချေ။
ရုတ်တရက် လူတစ်ယောက်က အော်ဟစ်လိုက်ပြီး မတ်တတ်ရပ်ကာ စားပွဲကို ရိုက်ချလိုက်တော့၏။
"ဟို... သူခိုး ရွှီ လေကွာ"
ဤသို့ ပြောလိုက်သည်နှင့် တခြားသူများလည်း ချက်ချင်း သဘောပေါက်သွားကြသည်။
"ကျင်းဟုန် ဖေးရွှယ်... နှင်းပွင့်တွေ ကြွေကျနေတာတောင် ထိမှန်မှု မရှိဘူး ဆိုတဲ့ကောင်... သူက ရွှီလု ပဲ ဖြစ်ရမယ်..."
"ဒါကြောင့် သူ့ရဲ့ ကိုယ်ဖော့ပညာ က ဒီလောက်တောင် ပြောင်မြောက်နေတာကိုး..."
ရွှီလု ၏ နာမည်ကို ကြားလိုက်ရသောအခါ ရှိနေသူများ အားလုံး နောက်ဆုံးတွင် နားလည်သွားကြတော့၏။ ဤ ကိုယ်ဖော့ပညာ ရှင်မှာ အမှန်တကယ်ပင် နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်ပေသည်။
သို့သော် ဤအချက်က နောက်ထပ် မေးခွန်းတစ်ခုကို ပေါ်ပေါက်လာစေပြန်၏။
"ကျင်းဟုန် ဖေးရွှယ်... နာမည်က နားထောင်လို့ ကောင်းပေမဲ့ ရွှီလု ဆိုတာ တကယ်တော့ သူခိုး တစ်ယောက်ပဲလေ"
"သူက ဘယ်လိုလုပ်ပြီး အာမခံခေါင်းဆောင် ဆု ရဲ့ ဘေးကို ရောက်သွားရတာလဲ"
"ခေါင်းဆောင်ဆု က အာမခံဌာန ကို ဦးစီးနေတာ... သူ တာဝန်ယူကတည်းက ကြီးကျယ်ခမ်းနားတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး သိုင်းလောက တစ်ခွင်မှာ နာမည်ကျော်ကြားလာခဲ့တာလေ... ဇီယန် အာမခံဌာန ဆိုတာ တစ်လောကလုံးရဲ့ ချီးကျူးမှုကို ခံနေရတာ..."
"ဒါကို ဘာလို့ ဒီသူခိုး က ရုတ်တရက်ကြီး သူ့ဘေးနားကို ရောက်လာရတာလဲ... အကြောင်းရင်းက ဘာများ ဖြစ်နိုင်မလဲ"
"ဒါက တကယ်ကို ခန့်မှန်းရ ခက်တဲ့ ကိစ္စပဲ..."
အခြား လူတစ်ဦးက ရယ်ရင်း ဝင်ပြောလိုက်၏။
"ရွှီလု က သူခိုး ဆိုပေမဲ့... သူက ပစ္စည်းကိုပဲ ခိုးတာ... လူတွေကို ဘယ်တော့မှ ဒုက္ခမပေးဘူး... သူက မုန်းစရာ ကောင်းပေမဲ့ သေဒဏ်ပေးလောက်တဲ့ အထိတော့ အပြစ်မကြီးပါဘူး"
"ဖြစ်နိုင်တာက အာမခံခေါင်းဆောင် ဆု က သူ့ကို ဖမ်းမိသွားပြီး... သူ့ဆီမှာ အလားအလာ ကောင်းတွေ ရှိနေတာကို မြင်သွားလို့ လမ်းမှန်ပေါ် ရောက်လာအောင် ဘေးနားမှာ ခေါ်ထားတာလည်း ဖြစ်နိုင်တာပဲလေ"
"ပြောတာ ကောင်းတယ်"
လူအုပ်ကြီးက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ခေါင်းဆောင်ဆု က သိုင်းလောက ထဲကို စတင် ဝင်ရောက်လာကတည်းက... ရွှမ်ကျီ တောင်ကြား မှာ ယူချွမ်ဂိုဏ်း က လူယုတ်မာတွေကို နှိမ်နင်းခဲ့တယ်... ပြီးတော့ တုန်းချန် ကို သွားတဲ့ ခရီးစဉ်မှာဆိုရင် ယူချွမ် ဂိုဏ်းချုပ် နဲ့ ထာဝရည မိစ္ဆာသခင် နှစ်ယောက်စလုံးကိုတောင် သတ်ပစ်ခဲ့သေးတာပဲ"
"သူက ပြိုင်ဘက်ကင်းတဲ့ သတ္တိနဲ့ တရားမျှတမှုကို အမြဲ ပြသခဲ့တယ်"
"သူက ရွှီလု ကို သူ့ဘေးနားမှာ ခေါ်ထားတယ် ဆိုမှတော့ တခြား ရည်ရွယ်ချက် တစ်ခုခု သေချာပေါက် ရှိမှာပဲ... တကယ့်ကို လေးစားစရာ ကောင်းတဲ့ လုပ်ရပ်ပါပဲဗျာ"
ဘေးဘက် စားပွဲရှိ လူမှာ ဤစကားများကို ကြားသောအခါ ရယ်လိုက်ပြန်၏။
"မိတ်ဆွေတို့ ပြောတာက ယုတ္တိရှိပါတယ်... ဒါပေမဲ့ ဒီအကြောင်း ပြောရမယ် ဆိုရင်... အာမခံခေါင်းဆောင် ဆု က ဘာလို့များ ကျွန်တော်တို့ရဲ့ ကျင်းယန်မြို့ ကို ရုတ်တရက် ရောက်လာရတာလဲ ဆိုတာ မိတ်ဆွေတို့ သိကြသလား"
"ဘာများလဲဗျ"
ဤမေးခွန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ နားစွင့်ကာ စိတ်ဝင်တစား စောင့်ဆိုင်းနေကြတော့သည်။
--