အခန်း ၅၉၆
Vol. 40 Ch. 596
အခန်း (၅၉၆) ဝတ်ရုံဖြူ ဓားသမား (အပိုင်း ၂)
လူတစ်ယောက်က ချက်ချင်းပင် ရယ်ကာ စကားဆိုလိုက်၏။
"ဒီနေ့ မြို့တော်ဝန်ဇူ နဲ့ စကားပြောတုန်းက သူက ဒီကျင်းယန်မြို့ ကို ဖြတ်သွားရုံ သက်သက်ပါ လို့ အာမခံခေါင်းဆောင် ဆု က သေချာ ရှင်းပြသွားတာပဲလေ..."
"သူ့လက်ထဲမှာ ကူညီ ပို့ဆောင်ပေးရမယ့် အာမခံ ပစ္စည်းတွေ သေချာပေါက် ပါလာလို့ ဖြစ်ရမယ်... အဲဒါကြောင့်လည်း သူကိုယ်တိုင် စောင့်ကြပ်ပြီး လိုက်ပါလာတာပေါ့"
"ဒါနဲ့ စကားမစပ်... သူ့ကို မလေးစားဘဲတော့ မနေနိုင်ဘူးကွာ"
"သူ့ရဲ့ သိုင်းပညာတွေက ပြိုင်ဘက်ကင်း အဆင့်ကို ရောက်နေပြီ... လောကရဲ့ နံပါတ်တစ် သိုင်းပညာရှင် ကြီးတောင် ဖြစ်နေပြီလေ"
"ဒါပေမဲ့ သူက အာမခံဌာန နဲ့ ပတ်သက်တဲ့ သူ့ရဲ့ မူလ ရည်ရွယ်ချက်ကို မမေ့သေးဘူး... ငါတို့ မျိုးဆက်တွေ အတွက် တကယ့်ကို စံပြ ပုဂ္ဂိုလ် တစ်ယောက်ပါပဲ..."
"နောင်တစ်ချိန်မှာ ဘယ်လောက်ပဲ အောင်မြင် ကြီးပွားနေပါစေ... ကိုယ့်ရဲ့ မူလ ဇာစ်မြစ်ကို ဘယ်တော့မှ မမေ့သင့်ဘူးကွ"
အခြားသူများ ကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ဘေးဘက် စားပွဲရှိ လူမှာ တစ်ခဏမျှ ပြောစရာ စကားမဲ့သွားဟန် ရှိသော်ငြားလည်း နောက်တစ်ခဏတွင် သူက တိုးညင်းစွာ ရယ်လိုက်လေ၏။
"အာမခံခေါင်းဆောင် ဆု က ဘာပစ္စည်းကို ပို့ဆောင်ပေးနေတာလဲ ဆိုတာကို မိတ်ဆွေတို့ သိကြသလား"
"သူက တုန်းဟွမ် ရဲ့ ထိပ်တန်း သိုင်းပညာရှင် ကြီးလေ... သူကိုယ်တိုင် လိုက်ပါ စောင့်ကြပ်ပြီး ပို့ဆောင်ပေးနေတဲ့ ပစ္စည်း ဆိုမှတော့... သာမန်တော့ လုံးဝ မဖြစ်နိုင်ဘူး"
"ဒါကတော့..."
ထိုစကားကို ကြားသောအခါ လူအချို့မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြ၏။ သို့သော် သူတို့၏ ရင်ထဲတွင် စူးစမ်းလိုစိတ်များက တဖွဖွ ပေါ်ပေါက်လာတော့သည်။
"ဘာပစ္စည်းလဲ ဆိုတာ မင်း သိလို့လား"
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တပြိုင်တည်း မေးခွန်းထုတ်လိုက်ကြ၏။
ထိုလူက ပြုံးလိုက်ပြီး သူ၏ ခွက်ထဲသို့ သေရည် နောက်ထပ် တစ်ခွက်ကို ငဲ့ထည့်လိုက်၏။
"ဒါက ပြောရရင်တော့ ဇာတ်လမ်းက နည်းနည်း ရှည်တယ်ဗျ... မိတ်ဆွေတို့က ကျင်းဟုန် ဖေးရွှယ် အကြောင်းကိုတောင် သိနေကြတယ် ဆိုမှတော့... အများကြီး မြင်ဖူး ကြားဖူးတဲ့ သူတွေ ဆိုတာ ထင်ရှားပါတယ်..."
"ဒါဆိုရင် ရိချီချန်းချိုး အကြောင်းကိုလည်း မိတ်ဆွေတို့ သေချာပေါက် သိကြမှာပေါ့"
"ရိချီချန်းချိုး ( သစ္စာတရား ထာဝရ) ကျိရှူဟွာ လား"
လူအချို့က ချက်ချင်းပင် လေးစားမှုများဖြင့် ရေရွတ်လိုက်ကြသည်။
"ဒီနေ့ခေတ် သိုင်းလောက ထဲမှာ ငါတို့ အလေးစားရဆုံး သူတွေ အကြောင်း ပြောရမယ် ဆိုရင်... ရုတ်တရက် နာမည်ကြီးလာတဲ့ အာမခံခေါင်းဆောင် ဆု ကလွဲရင်... ကျိရှူဟွာ ကလည်း သေချာပေါက် အဲဒီထဲက တစ်ယောက် အပါအဝင်ပဲကွ"
"အဲဒါ အမှန်ပဲ... ဒီလူက တရားမျှတမှုကို တန်ဖိုးထားပြီး ကတိသစ္စာ တည်တယ်လေ... နေရာတိုင်းမှာ သူ့ရဲ့ မိတ်ဆွေတွေ ချည်းပဲ... သူ့ကို လူချင်း မတွေ့ဖူးတာ တကယ့်ကို နှမြောစရာပဲကွာ"
ထိုစကားများကို ကြားသောအခါ ဘေးဘက် စားပွဲရှိ လူက သက်ပြင်းချလိုက်လေ၏။
"မိတ်ဆွေတို့က သူ့ကို တွေ့ချင်နေရင်တောင်... အခုတော့ မဖြစ်နိုင်တော့ဘူး ထင်တယ်"
"ဟင်"
"ဘာလို့ အဲဒီလို ပြောရတာလဲ"
ထိုလူက ခေါင်းကို မော်ကာ သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
"ဘာလို့လဲဆိုတော့ သူ သေသွားပြီလေ"
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဤစားပွဲဝိုင်းရှိ လူများသာမက ထိုစကားကို ကြားလိုက်ရသော သေရည်ဆိုင် ဒုတိယထပ်ရှိ လူတိုင်း၏ မျက်နှာအဆင်းအရောင်မှာ ချက်ချင်း ပြောင်းလဲသွားကြတော့၏။
သူတို့သည် ထိုလူ့ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ကြပြီး အချို့မှာ မျက်နှာများ ဖြူရော်ကာ တုန်ရီလာသဖြင့် သေရည်ခွက်များကိုပင် မနည်း ကိုင်ထားရ၏။
"ဘာပြောလိုက်တာလဲ... အစ်.. အစ်ကိုကျိက ..သေသွားပြီ ဟုတ်လား"
"ဟုတ်တယ်"
ထိုလူက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။
"သူ သေသွားပြီ... ပြီးတော့ သူ သေသွားတာက ဇီယန် အာမခံဌာန ထဲမှာပဲ"
"ဟာ"
"အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲဗျာ"
ကျိရှူဟွာ ၏ ဂုဏ်သတင်းမှာ ယနေ့ခေတ် ဆုမို ကဲ့သို့ မကြီးမားလှသော်ငြားလည်း ထိုနေရာရှိ လူများအတွက်မူ ခြားနားသော အဓိပ္ပာယ် တစ်ခု ရှိနေခဲ့ပေသည်။
သူ၏ သိုင်းပညာများမှာ သာမန်သာ ဖြစ်သော်လည်း သူ၏ ဂုဏ်သိက္ခာမှာ အလွန်တရာ ကြီးမားလှ၏။
သူ့တွင် သိုင်းလောက တစ်ခွင်၌ နေရာအနှံ့အပြားတွင် မိတ်ဆွေများ ရှိပြီး ဤသေရည်ဆိုင် အတွင်း၌ပင် သူ၏ မိတ်ဆွေများ ရှိနေသေးသည်။
ဤဆိုးရွားလှသော သတင်းကို ကြားလိုက်ရသောအခါ သူတို့၏ ရင်ထဲတွင် ဝမ်းနည်း ပူဆွေးမှုများက လွှမ်းမိုးသွားတော့၏။
လူတစ်ယောက်က ချက်ချင်းပင် မတ်တတ်ထရပ်ကာ ထိုလူ့အနီးသို့ ချဉ်းကပ်သွား၏။
"မင်း.. ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာ အသေးစိတ် ပြောပြစမ်းပါ... သူက ဘာလို့ ဇီယန် အာမခံဌာန ထဲမှာ သွားသေရတာလဲ"
"သူ... သူ ဘယ်လို သေသွားတာလဲ"
"ဖြစ်နိုင်တာက... ဖြစ်နိုင်တာက..."
စကားပြောနေစဉ်မှာပင် သူ၏ မျက်နှာမှာ ဖြူရော်နေပြီး မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေတော့၏။
သူတို့ အကြောက်ဆုံး အရာမှာ ကျိရှူဟွာ သည် ဆုမို၏ လက်ချက်ဖြင့် သေဆုံးသွားခြင်းပင်။
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်ခဲ့ပါက သူတို့ အနေဖြင့် လက်စားချေလိုလျှင်တောင် လူသတ်သမားကို ယှဉ်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
"အလောတကြီး ကောက်ချက် မချကြပါနဲ့ဦး"
သတင်းသိထားသူက အလျင်အမြန် ရှင်းပြလိုက်၏။
"ဒီကိစ္စက အာမခံခေါင်းဆောင် ဆု နဲ့ ဘာမှ မသက်ဆိုင်ပါဘူး... တကယ်တော့ သူရဲကောင်းကျိ က ဇီယန် အာမခံဌာန ဆီကို အကူအညီ တောင်းဖို့ သွားခဲ့တာပါ"
"ဟင်... ဘာ... ဘာတွေ ဖြစ်ခဲ့လို့လဲ"
"ဟူး... မိတ်ဆွေတို့က မသိကြသေးပါဘူး"
ထိုလူက တစ်ခဏမျှ စဉ်းစား တွေးတောလိုက်ပြီးနောက် ဆက်လက် စကားဆိုလေ၏။
"မိတ်ဆွေတို့ အားလုံး သိကြတဲ့အတိုင်း သူရဲကောင်းကျိ က နေရာတိုင်းမှာ မိတ်ဆွေ ဖွဲ့တတ်တယ်လေ... သိုင်းပညာရှင် တွေပဲ ဖြစ်ဖြစ်၊ သာမန် လမ်းသွားလမ်းလာ တွေပဲ ဖြစ်ဖြစ် သူ့မှာ မိတ်ဆွေတွေ နေရာတိုင်းမှာ ရှိတယ်"
"မကြာသေးခင်က... သူက မိတ်ဆွေ တစ်ယောက်နဲ့ မတော်တဆ ဆုံခဲ့တယ်"
"အဲဒီလူ ကလည်း သိုင်းလောက ထဲက ထူးဆန်းတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါပဲ... ဂုဏ်သတင်း နဲ့ စည်းစိမ်ဥစ္စာ တွေကို ဂရုမစိုက်ဘဲ ထူးခြားဆန်းပြားတဲ့ တောင်တန်းတွေ မြေပြင်တွေ ဆီကို ခရီးသွားရတာကိုပဲ သဘောကျတယ်... ရှုခင်းတွေကို ခံစားပြီး ရှားပါး ရတနာတွေကို စုဆောင်းလေ့ ရှိတယ်"
ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်က ချက်ချင်းပင် ဝင်ရောက် မေးခွန်းထုတ်လိုက်၏။
"အစ်ကို ပြောတဲ့လူက... 'သမုဒ္ဒရာ လေးစင်းကို ဖြတ်သန်းပြီး တိမ်တိုက်တွေလို လွတ်လပ်စွာ သွားလာနေတဲ့' လန်ထျန်းယွမ် ဆိုတဲ့ လူလား"
"အတိအကျပဲ"
ထိုလူက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"ဒီ သမုဒ္ဒရာ လေးစင်း လှည့်လည်သူ အကြောင်းကို လူအများကြီး သိချင်မှ သိကြလိမ့်မယ်..."
"သူက ထူးခြားတဲ့ နေရာတွေကို ရှာဖွေလေ့ ရှိပြီး အရမ်းကို စူးရှတဲ့ မျက်လုံးတွေ ရှိတယ်... ဘယ်လောက်ပဲ ထူးဆန်းတဲ့ ရတနာ ဖြစ်ဖြစ် သူ့ရဲ့ အမြင်အာရုံကနေ လွတ်မြောက်သွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး"
"ဒါပေမဲ့ သူက သူရဲကောင်းကျိ နဲ့ သိနေတာ ကြာလှပြီလေ... မကြာသေးခင်ကမှ ပြန်ဆုံတဲ့ အချိန်မှာ ရတနာ တစ်ခုကို သူရဲကောင်းကျိ ဆီ အပ်နှံလိုက်တယ်..."
"အဲဒါက သိုင်းလောက ထဲမှာ ရှာတွေ့ဖို့ အရမ်း ခက်ခဲတဲ့ ရှားပါး ရတနာ တစ်ခုပဲ... ပြီးတော့ သိုင်းလောကသား အများအပြား အိပ်မက်ထဲမှာတောင် လိုချင်တပ်မက်နေကြတဲ့ အဖိုးတန် ပစ္စည်း တစ်ခုပေါ့"
ဤသို့ ပြောဆိုရင်း သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူတိုင်း၏ အာရုံစိုက်မှုများက သူ့ထံတွင် ရောက်ရှိနေကြောင်း မြင်တွေ့ရသဖြင့် နောက်ဆုံးတွင် ထိုရတနာ၏ အမည်ကို ဖွင့်ဟလိုက်တော့၏။
"ကြယ်စင် ပင်လယ် ဥက္ကာပျံ သံမဏိ..."
...
...
ကျင်းယန်မြို့ ၏ စည်ကားလှသော ညဘက် လမ်းမများပေါ်တွင် မီးရောင် မရောက်နိုင်သော မှောင်မိုက်သည့် နေရာအချို့လည်း ရှိနေဆဲပင်။
ညအမှောင်ထု လွှမ်းခြုံနေသော ကျဉ်းမြောင်းသည့် လမ်းကြားလေး တစ်ခု အတွင်း၌ လူတစ်ယောက်သည် နံရံကို မှီကာ တရားထိုင်နေလေ၏။
ရုတ်တရက် တရားထိုင်နေသူက မျက်လုံးများကို ဖွင့်လိုက်ပြီး အမှောင်ထဲမှ ချဉ်းကပ်လာသော အရိပ်နှစ်ခုကို မြင်လိုက်ရသည်။
ထို အရပ်ပုပု လူနှစ်ဦးစလုံးမှာ လက်အိုးကျယ် ဝတ်ရုံဖြူ များကို ဆင်မြန်းထားကြ၏။
သူတို့၏ ခြေလှမ်းများမှာ တည်ငြိမ်ပြီး အသံတိတ်နေ၏။
"...ကုန်သည်ဆိုင်ရှင် က မင်းတို့ကို လွှတ်လိုက်တာလား"
တရားထိုင်နေသူမှာ ဝမ်တင်းရှန်း ပင် ဖြစ်၏။
ရောက်လာသူ နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တပြိုင်တည်း ခေါင်းညိတ်ပြလိုက်ကြ၏။
ဝမ်တင်းရှန်း မှာ သက်သာရာရသွားပုံဖြင့် သက်ပြင်းချလိုက်သည်။
"ဒီ ဆုမို က..."
ဝမ်တင်းရှန်း စကားပြောရန် စတင်လိုက်စဉ်မှာပင် သူ၏ မျက်လုံးအိမ်များက ရုတ်ချည်း ကျုံ့ဝင်သွားတော့၏။
အသံတိတ်ပြီး လျင်မြန်လှသော ဓားမြှောင် နှစ်လက်က သူ၏ လည်ချောင်းကို ဖောက်ထွင်း ဝင်ရောက်သွားခဲ့ပြီတည်း။
ထို့နောက် အနည်းငယ် အရပ်ပုသော ထိုဓားသမား နှစ်ဦးသည် ကိုယ်ကို တစ်ချက် လှည့်ပတ်လိုက်ရာ သူတို့၏ ဓားရှည်များမှာ ညအမှောင်ထု အတွင်းသို့ ချက်ချင်း ပျောက်ကွယ်သွားလေ၏။
ဓားများကို သူတို့၏ ဝတ်ရုံများ အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်ချိန်တွင်မူ ဝမ်တင်းရှန်း ၏ ဦးခေါင်းကြီးမှာ လေထဲသို့ လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။
--