← Chapters

အခန်း ၅၉၇

Vol. 40 Ch. 597

အခန်း ၅၉၇

Vol. 40 Ch. 597

အခန်း (၅၉၇) ဝတ်ရုံဖြူ ဓားသမား (အပိုင်း ၃)

ပြုတ်ကျလာသော ဦးခေါင်းပြတ်ကြီးကို လူနှစ်ယောက်က လေထဲတွင်ပင် ဖမ်းယူလိုက်၏။ တစ်ယောက်က ဆံပင်များကို ဆုပ်ကိုင်လိုက်ပြီး ချက်ချင်း လှည့်ထွက်သွားတော့သည်။

တိတ်ဆိတ်နေသော ညဉ့်ယံသည် ပိုမို လေးနက်သွားပြီး အခင်းဖြစ်ပွားရာ နေရာတွင် ခေါင်းမဲ့ ကိုယ်လုံးကြီး တစ်ခုသာ ကျန်ရစ်ခဲ့၏။ ၎င်းက ရင်ကွဲမတတ် ကြောက်မက်ဖွယ် ကောင်းလှသော မြင်ကွင်းပင်။

သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင် ဝမ်တင်းရှန်း၏ ရုပ်အလောင်းရှေ့သို့ အရိပ်တစ်ခု အသံတိတ် ရောက်ရှိလာသည်။

သူက ခေါင်းမဲ့ ကိုယ်လုံးကြီးကို အရင်ဆုံး ကြည့်လိုက်ပြီးနောက် ဝတ်ရုံဖြူ ဓားသမား နှစ်ဦး ထွက်ခွာသွားသော လမ်းကြောင်းကို လှမ်းကြည့်လိုက်၏။ ထို့နောက် မျက်နှာကို ရှုံ့မဲ့လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။

"ဒီကောင်တွေက ဘယ်လို လူစားမျိုးတွေပါလိမ့်..."

ထိုသူမှာ အခြားသူ မဟုတ်ဘဲ ရွှီလု သာလျှင်။

ယနေ့ တည်းခိုခန်းသို့ အပြန်လမ်းတွင် သူ အလွန်အမင်း ပျော်ရွှင်နေစဉ် ဆုမိုက ဝမ်တင်းရှန်း အနောက်သို့ တိတ်တဆိတ် လိုက်ပါရန် အမိန့်ပေးခဲ့၏။

ဝမ်တင်းရှန်းမှာ ကျန်းရှောင်ရှောင်၏ ကန်ချက်ဖြင့် လွင့်စင်သွားခဲ့သော်လည်း ဒဏ်ရာ အပြင်းအထန် ရရှိထားသဖြင့် သူ့ကို ရှာဖွေရန် သိပ်မခက်ခဲလှချေ။ ရွှီလုသည် သူ့ကို အလွယ်တကူ ရှာတွေ့ခဲ့ပြီး အမှောင်ထဲမှနေ၍ စောင့်ကြည့်နေခဲ့သည်။

သူ၏ စောင့်ကြည့်မှုက ယခုအချိန်အထိ ကြာမြင့်ခဲ့၏။ ဘာမှ ထူးခြားမည် မဟုတ်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဤမျှ ရှုပ်ထွေးသော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။

'ဒီအလောင်းကြီးကို ဒီမှာ ဒီတိုင်း ပစ်ထားခဲ့ရင် တစ်ယောက်ယောက်က မှတ်မိသွားပြီး အာမခံခေါင်းဆောင်ဆု ရဲ့ လက်ချက်လို့ ထင်သွားရင် ပြဿနာ တက်တော့မှာပဲ... ဒါပေမဲ့ ဟိုနှစ်ယောက် နောက်ကိုလည်း ဆက်လိုက်ပြီး ဘာတွေ ကြံစည်နေလဲ ဆိုတာ ကြည့်ရဦးမယ်... အလောင်းကြီးကို သယ်သွားဖို့ ဆိုတာကလည်း... ထားလိုက်ပါတော့ကွာ'

သူ၏ ဦးနှောက်က အလျင်အမြန် အလုပ်လုပ်နေပြီး ဆုံးဖြတ်ချက်ကို ချက်ချင်း ချမှတ်ရမည်သာ။ သို့မဟုတ်ပါက ထိုနှစ်ယောက် အဝေးသို့ ရောက်ရှိသွားပြီး ခြေရာခံ လွတ်သွားတော့မည်။

အကယ်၍ သူသာ အာမခံခေါင်းဆောင် ဆုကို ဒေါသထွက်စေပြီး အဆိပ်ဖြေဆေး မရခဲ့လျှင် နှိပ်စက်ခံရပြီး သေဆုံးရမည် မဟုတ်ပါလော။ ထပ်မံ တွေးတောမနေတော့ဘဲ လည်ပင်းမှ သွေးများ ပန်းထွက်နေဆဲ ဖြစ်သော ဝမ်တင်းရှန်း၏ ကိုယ်လုံးကြီးကို ကောက်မလိုက်၏။

ထို့နောက် လေထဲသို့ ခုန်တက်လိုက်ပြီး ညအမှောင်ထုကို အကာအကွယ်ယူကာ ထိုလူနှစ်ယောက်၏ အနောက်သို့ လိုက်ပါသွားတော့သည်။

အလောင်းနှင့် ပတ်သက်၍မူ တစ်ချိန်ချိန်တွင် သွေးထွက် ရပ်တန့်သွားမည်သာ။ အလုပ်ကိစ္စ ပြီးစီးသွားပါက လူသူကင်းမဲ့သော နေရာတစ်ခုတွင် ပစ်ချထားခဲ့ရုံပင်။

ကိစ္စပြီး၍ သတိရနေသေးလျှင် ပြန်လာပြီး တွင်းတူး မြှုပ်နှံပေးလိုက်မည်။ အကယ်၍ မေ့သွားခဲ့လျှင်တော့ တောထဲမှ ခွေးရိုင်းများအတွက် အစာ အဖြစ် ချန်ထားရစ်ခဲ့ရုံသာ ရှိတော့၏။ ကြည့်ရသည်မှာ ရက်စက်လွန်းလှသော်လည်း ဤအရာက သိုင်းလောက၏ သာမန် ဓလေ့စရိုက် တစ်ခုသာ မဟုတ်ပါလော။

အနောက်မှ လိုက်ပါသွားရင်း ထိုအရပ်ပုပု ဓားသမား နှစ်ဦး၏ ကိုယ်ဖော့ပညာမှာ အလွန်တရာ ပြောင်မြောက်လှကြောင်း ရွှီလု အံ့ဩစွာ သတိပြုမိလိုက်သည်။

လူသေအလောင်းကြီး တစ်ခုကို သယ်ပိုးထားရသော်ငြားလည်း ရွှီလု အနေဖြင့် သူတို့ကို ခြေရာခံရန် မခက်ခဲလှချေ။ သို့သော် ကိုယ်ဖော့ပညာ သက်သက်ကိုသာ နှိုင်းယှဉ်ကြည့်မည် ဆိုပါက ထိုနှစ်ယောက်၏ စွမ်းရည်မှာ သာမန် သိုင်းလောကသားများထက် မည်မျှပင် သာလွန်နေမည်ကို ခန့်မှန်းရန် ခက်ခဲလှ၏။

ဝမ်တင်းရှန်းကို သတ်ဖြတ်စဉ်က ထိုနှစ်ဦး ပြသခဲ့သော ဓားသိုင်းပညာ ကိုတော့ ပြောစရာပင် မလိုတော့ချေ။ လျင်မြန် တိကျပြီး အလွန်အမင်း ရက်စက် ကြမ်းကြုတ်လှသည်။ သူတို့၏ အဆင့်မြင့် ကိုယ်ဖော့ပညာနှင့် ဓားသိုင်းများက ရွှီလုကို ကိုယ့်ကိုယ်ကိုယ် ပြန်လည် သတိပေးရန် ဖိအားပေးနေသကဲ့သို့ ရှိ၏။

သူ၏ ကိုယ်ဖော့ပညာမှာ ပြိုင်ဘက်ကင်း ဖြစ်သော်ငြားလည်း တိုက်ခိုက်ရေး စွမ်းရည်တွင်မူ မည်သည့် အစွမ်းအစမျှ မရှိချေ။ ဟူစန်းတောက်ကို အကြွားအဝါ လုပ်ခဲ့သည်မှာ သီးခြား ကိစ္စတစ်ခု ဖြစ်သော်လည်း ဝမ်တင်းရှန်းကို သူ မည်သို့ ပါးရိုက်နိုင်ခဲ့သနည်း ဆိုသည်ကို သူကိုယ်တိုင် အသိဆုံးပင်။ ဤနှစ်ယောက် အနောက်သို့ လိုက်ပါသွား၍ သဲလွန်စ တစ်ခုခု ရှာတွေ့ခဲ့လျှင် အာမခံခေါင်းဆောင်ကို သေချာပေါက် သတင်းပို့ရမည်သာ။

အကယ်၍ ဘာသဲလွန်စမှ ရှာမတွေ့ဘဲ သူတို့၏ သတိထားမိခြင်းကိုသာ ခံလိုက်ရပါက.. ခြေဖဝါးတွင် ဆီသုတ်ထားသကဲ့သို့ အလျင်အမြန် လှည့်ပြေးရုံသာ ရှိတော့၏။

မိမိသည် အလောတကြီး သူရဲကောင်း ဝင်လုပ်၍ မဖြစ်ချေ။ ထိုလုပ်ရပ်က သူရဲကောင်း ဆန်ခြင်း မဟုတ်ဘဲ ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်သွားလိမ့်မည်။

ရွှီလုသည် မိမိ၏ အကန့်အသတ်ကို အမြဲတစေ သိရှိသူ တစ်ဦး ဖြစ်ပြီး မိမိ စွမ်းရည်ထက် ကျော်လွန်သော ကိစ္စများကို မည်သည့်အခါမျှ အရမ်းကာရော လုပ်ဆောင်လေ့ မရှိချေ။ ယနေ့ ဝမ်တင်းရှန်းနှင့် ကစားရန် သူ ကိုယ်တိုင် အစပျိုးခဲ့ခြင်းမှာလည်း ထိုလူ၏ စော်ကားသော စကားများကို သည်းမခံနိုင်သောကြောင့်သာ။ ဒါက သူ၏ ကိုယ်ဖော့ပညာကို အသုံးချကာ အပျော်သဘော ကစားခဲ့ခြင်း သက်သက်ပင်။

ဝမ်တင်းရှန်းက သူ့ကို အသေအလဲ ယှဉ်ပြိုင် တိုက်ခိုက်လိုချိန်တွင် သူသည် နောက်ဆုတ်ရန် တစ်ခဏမျှပင် တွေဝေမနေခဲ့ချေ။

ဆုမို၏ လျှို့ဝှက် အသံလှိုင်း ပို့လွှတ်မှုသာ မရှိခဲ့လျှင် နေရောင်အောက်တွင် ကျင်းဟုန် ဖေးရွှယ်၏ ပြင်းထန်သော တိုက်ခိုက်မှု မြင်ကွင်းမျိုး လုံးဝ ပေါ်ပေါက်လာမည် မဟုတ်ပေ။

သူ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ရှုပ်ယှက်ခတ်နေစဉ်မှာပင် သူတို့ သုံးဦးစလုံး ကျင်းယန်မြို့မှ ထွက်ခွာလာခဲ့သည်မှာ အတန်ကြာခဲ့ပြီ ဖြစ်၏။ သို့သော် တောအုပ်ငယ် တစ်ခုကို ဖြတ်သန်းပြီးနောက် ထိုဝတ်ရုံဖြူ ဓားသမား နှစ်ဦးသည် ဘာကြောင့်မှန်း မသိဘဲ လမ်းကြောင်း ပြောင်းသွားကြသည်။

ရွှီလုမှာ ဆက်လက် လိုက်ပါရန်သာ ရှိတော့၏။ ထို့နောက် သူတို့သည် ကျင်းယန်မြို့ အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သူ သတိပြုမိလိုက်တော့သည်။

"..."

'ဒါက ငါ့ကို အရူးလုပ်ပြီး လှည့်ပတ် ပြေးခိုင်းနေတဲ့ ကစားပွဲ တစ်ခုများလား... ငါ လိုက်လာတာကို သူတို့ သတိထားမိသွားလို့များ ဒီလောက် ဝေးတဲ့ လမ်းကြောင်းကို လှည့်ပတ် သွားနေခဲ့တာလား...'

ရွှီလုမှာ ဒေါသထွက်လွန်းသဖြင့် ကျယ်လောင်စွာ ဆဲရေးတိုင်းထွာ မမိလို ဖြစ်သွားရ၏။

တစ်ခဏတာမျှ သူသည် သံသယ ဝင်သွားပြီး မသေမချာ ဖြစ်သွားရသည်။

သို့သော် သူ အတွေးလွန်နေခြင်း ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွား၏။ ဤလူနှစ်ယောက် ဤကဲ့သို့ လှည့်ပတ် သွားလာနေခြင်းမှာ ကြိုတင် ကာကွယ်မှု တစ်ခု သက်သက်သာ ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က သူတို့ အနောက်မှ လိုက်လာခဲ့လျှင် သာမန်လူ တစ်ယောက် အနေဖြင့် သူတို့၏ ကိုယ်ဖော့ပညာကို အမီ လိုက်နိုင်မည် မဟုတ်ချေ။ အကယ်၍ တောအုပ်ငယ် အတွင်းသို့ ဝင်ရောက်လာခဲ့လျှင်တောင် လျှို့ဝှက် အန္တရာယ်များကို ကြောက်ရွံ့သဖြင့် ရှေ့ဆက်ရန် တွန့်ဆုတ်သွားနိုင်ပေ၏။

အကယ်၍ အတင်းအကြပ် ဝင်ရောက်လာခဲ့လျှင်လည်း သူတို့၏ သတိပြုမိခြင်းကို ခံရမည်သာ။ ဤကဲ့သို့ အလွှာလိုက် လုံခြုံရေး အစီအမံများကို လုပ်ဆောင်ပြီးနောက်မှ မည်သူမျှ လိုက်မလာကြောင်း သူတို့ အသေအချာ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့က ကျင်းယန်မြို့ အတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ကြခြင်းပင်။

လမ်းမီးရောင်များ မရောက်ရှိနိုင်သော ကျင်းယန်မြို့၏ အမှောင်ထု အတွင်းသို့ ဝတ်ရုံဖြူ ဓားသမား နှစ်ဦးက ခုန်ချသွားကြ၏။ ရွှီလု ကလည်း အလွန်အမင်း သတိထားကာ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။

သူ၏ ရင်ခွင်ထဲတွင် ခေါင်းမဲ့ အလောင်းကြီး တစ်လောင်းကို ပွေ့ချီထားရဆဲ ဖြစ်ကြောင်းကိုပင် သူ မေ့လျော့နေခဲ့လေပြီ။ ထိုမြင်ကွင်းမှာ အတော်လေး ရယ်စရာ ကောင်းနေသလို ကြောက်မက်ဖွယ်လည်း ကောင်းလှပေသည်။

နောက်ဆုံးတွင် ထိုဝတ်ရုံဖြူ ဓားသမား နှစ်ဦးသည် ခြံဝင်းတစ်ခု၏ အရှေ့၌ ရပ်တန့်သွားကြသည်။ ခြံဝင်းမှာ မသေးငယ်ဘဲ သပ်ရပ် သေသပ်စွာ ပြင်ဆင်ထားရာ သာမန် လူတစ်ယောက်၏ နေအိမ် မဟုတ်ကြောင်း သိသာ ထင်ရှားလှ၏။

ဝတ်ရုံဖြူ ဓားသမား နှစ်ဦးသည် ခြံတံတိုင်းကို ကျော်ဖြတ်ကာ အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။

အစပိုင်းတွင် ရွှီလုက သူတို့ တွေ့ဆုံမည့်သူများ ဤခြံဝင်း အတွင်း၌ ပုန်းကွယ်နေမည်ဟု ထင်မှတ်ထားခဲ့၏။

သို့သော် အခြေအနေမှာ ထိုသို့ မဟုတ်ကြောင်း သူ ချက်ချင်း သတိပြုမိလိုက်သည်။

သူတို့သည် ခြံဝင်း အတွင်းရှိ အပြင်အဆင်များနှင့် အလွန်အမင်း ရင်းနှီး ကျွမ်းဝင်နေသော်ငြားလည်း ခိုးကြောင်ခိုးဝှက် သွားလာနေကြပြီး အခြားသူများ၏ သတိထားမိခြင်းကို လုံးဝ မခံလိုကြောင်း သိသာလှပေ၏။

တစ်ခဏ အတွင်းမှာပင် ထိုနှစ်ဦးသည် အိပ်ခန်းတံခါး တစ်ခုရှေ့သို့ ရောက်ရှိသွားကြသည်။ ပြတင်းပေါက်ကို ညင်သာစွာ ထိတွေ့ပြီးနောက် တစ်ချက် တွန်းလိုက်ရာ ပြတင်းတံခါး ပွင့်သွားလေ၏။ သူတို့ နှစ်ဦးသည် အခန်းတွင်းသို့ ခုန်ဝင်သွားကြပြီး အသံတိတ် ညင်သာစွာ ဆင်းသက်လိုက်ကြသည်။

သူတို့သည် ပြတ်တောက်နေသော ဦးခေါင်းကြီးကို ကိုင်ဆောင်ကာ ကုတင်၏ ဘယ်ညာ တစ်ဖက်စီမှနေ၍ ချဉ်းကပ်သွားကြတော့သည်။ ကုတင်ပေါ်တွင် လူလတ်ပိုင်း ဇနီးမောင်နှံ နှစ်ဦး အိပ်မောကျနေ၏။ ဝတ်ရုံဖြူ ဓားသမား နှစ်ဦးက အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီးနောက် ဦးခေါင်းပြတ်ကြီးကို ယူကာ ထိုလူ၏ မျက်နှာကို ဆံပင်များဖြင့် ပွတ်သပ်လိုက်သည်။

အိပ်မောကျနေချိန်တွင်ပင် ယားယံသော ခံစားချက်ကြောင့် ဂနာမငြိမ် ဖြစ်လာတော့၏။ လူလတ်ပိုင်း အမျိုးသားသည် သူ၏ မျက်နှာကို နှစ်ချက်ခန့် ပွတ်သပ်လိုက်ပြီး ရုတ်တရက် လန့်နိုးလာကာ အော်ဟစ်လိုက်သည်။

"ဘယ်သူလဲကွ"

စကားပြောနေစဉ်မှာပင် သူသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကြည့်လိုက်၏။ သူ မြင်လိုက်ရသည်မှာ ဝတ်ရုံဖြူ ဓားသမား နှစ်ဦး မဟုတ်ဘဲ သွေးသံရဲရဲ ဖြစ်နေသော ခေါင်းပြတ်ကြီး တစ်ခုပင် ဖြစ်နေတော့သည်။

--

All Chapters