အခန်း ၅၉၉
Vol. 40 Ch. 599
အခန်း (၅၉၉) အသံတိတ် သတ်ဖြတ်ခြင်း ဓားသမား (အပိုင်း ၂)
"အာမခံခေါင်းဆောင်ဆု ရဲ့ ပြိုင်ဘက်ကင်း သိုင်းပညာတွေနဲ့ ကြီးမြတ်လှတဲ့ သဘောထားကို တကယ့်ကို လေးစားမိပါတယ်... ဒီနေ့ မြို့တော်ဝန် အိမ်တော်ကို ကိုယ်တိုင် လာရောက် လည်ပတ်တာကိုပဲ ကျွန်တော် ကျန့်ယူဝမ် က အတိုင်းမသိ ဝမ်းသာ ဂုဏ်ယူမိပါတယ်... ကဲ... ကျွန်တော့်မှာလည်း တခြား တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ ပေးစရာ မရှိပါဘူး... ဒီပစ္စည်းလေးကိုပဲ ကျွန်တော့်ရဲ့ လေးစားမှု သက်သက် အနေနဲ့ လက်ခံပေးပါ ခေါင်းဆောင်ဆု... ကျေးဇူးပြုပြီး မငြင်းပါနဲ့"
"မဟုတ်တာ... မလုပ်ပါနဲ့"
ဆုမိုက နှစ်ကြိမ်တိတိ ငြင်းဆန်လိုက်သော်ငြား ကျန့်ယူဝမ် က အတင်းအကြပ် ပေးအပ်နေသဖြင့် အဆုံးတွင် ထိုသေတ္တာလေးကို လက်ခံလိုက်ရုံမှတစ်ပါး အခြား မတတ်နိုင်တော့ချေ။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါမှ ကျန့်ယူဝမ် တစ်ယောက် အားရပါးရ ရယ်လိုက်တော့၏။
"ဒါဆိုရင်လည်း... နောက်ရက်မှပဲ ကျွန်တော်တို့ ထပ်ဆုံကြတာပေါ့"
"ကောင်းပါပြီ... မဟာမိတ်ခေါင်းဆောင် ကျန့် လည်း ပြန်နားပါတော့... ကျွန်တော်တို့လည်း ဒီအတိုင်း ကျင်းယန်မြို့ရဲ့ ညဘက် အလှအပလေးကို ခံစားရင်း လမ်းလျှောက်ပြန်လိုက်ပါ့မယ်"
"ဟားဟားဟား... ခေါင်းဆောင်ဆု က တကယ့်ကို အနုပညာ ဆန်တာပဲ... ဒါဆိုရင်လည်း ကျွန်တော် ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး... သွားနှင့်ပါတော့"
"ခွင့်ပြုပါဦး"
အချင်းချင်း ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် သူတို့သည် လက်နှစ်ဖက် ဆုပ်ကာ လမ်းခွဲလိုက်ကြ၏။ ထို့နောက်မှသာ ဆုမိုသည် ယန်ရှောင်ယွင် နှင့်အတူ လှည့်ထွက်လာခဲ့သည်။
ကျန့်ယူဝမ် သည် မြို့တော်ဝန် အိမ်တော်၏ တံခါးဝတွင် ရပ်ကာ သူတို့ ထွက်ခွာသွားသည်ကို အချိန်အတော်ကြာအောင် ငေးကြည့်နေခဲ့ပြီးနောက်မှသာ အိမ်တော် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့၏။ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့ကြပြီး အချိန်အတော် ကြာမြင့်သွားသောအခါမှ ယန်ရှောင်ယွင် က တိုးညင်းစွာ လွှတ်ခနဲ မေးလိုက်သည်။
"ငါတို့ အနောက်ကို တစ်ယောက်ယောက် လိုက်လာသေးလား"
"မရှိပါဘူး"
ဆုမိုက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။ ယနေ့ည သူတို့ မြို့တော်ဝန် အိမ်တော်သို့ လာရောက် လည်ပတ်ခဲ့ခြင်းမှာ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ 'ဝေရူဟန် နှင့် သူတို့၏ ပတ်သက်မှုကို ရှင်းလင်းပြတ်သားစွာ ပြသရန်' ပင်။
ဤကိစ္စကို သေချာစွာ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်၏။ အလွန်အမင်း ပွင့်လင်းလွန်းပါက သူတို့၏ ရည်ရွယ်ချက်ကို အလွယ်တကူ ရိပ်မိသွားစေနိုင်ပေသည်။ သို့သော် သိပ်ပြီး သိမ်မွေ့လွန်းပါကလည်း ဤလည်ပတ်မှုမှာ အချည်းနှီး သက်သက်သာ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် လိုအပ်သော အကျိုးသက်ရောက်မှု ရရှိစေရန် အနေတော် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရန်မှာ အလွန်တရာ အရေးကြီးလှ၏။
ကျန်ရှိနေသော ကိစ္စရပ်များကိုမူ ကျန့်ယူဝမ် ကိုယ်တိုင် စဉ်းစား တွေးတော
အဖြေရှာရန်သာ ချန်ထားရစ်ခဲ့၏။ သို့သော် ကျန့်ယူဝမ်အနေနှင့် အချိန်အကြာကြီး စဉ်းစားနေစရာ လိုမည်မဟုတ်ကြောင်း သူတို့ တွက်ဆထားပြီးသားပင်။ ဝေရူဟန် က များမကြာမီ လှုပ်ရှားလာတော့မည် ဖြစ်ရာ ထိုအခါ သူ.. ထပ်မံ စဉ်းစားနေရန်ပင် လိုအပ်တော့မည် မဟုတ်ချေ။
ယခု သူတို့ လုပ်ဆောင်နေသည်မှာ ဝေရူဟန် ၏ ပိုက်ကွန်ကို ဘေးမှနေ၍ ကူညီ ဆွဲတင်ပေးနေခြင်း သက်သက်သာ။ သေချာသည်မှာ ယခုအချိန်သည် ထိုကိစ္စရပ်များကို ဆက်လက် ဆွေးနွေးရမည့် အချိန် မဟုတ်သေးပေ။ ဆုမိုသည် ယန်ရှောင်ယွင် ၏ လက်ကို ဆွဲကာ စိတ်အပန်းပြေစေရန် စည်ကားလှသော လမ်းမကြီးဆီသို့ ဦးတည် လျှောက်လှမ်းသွားတော့၏။
"ဒီတစ်ခေါက် ရှောင်ရှောင် ကို ခေါ်မလာခဲ့ရဘူး... သူ့အတွက် စားစရာ တချို့ ဝယ်သွားကြရအောင်"
လမ်းဘေး ဝဲယာရှိ စားသောက်ဆိုင် မျိုးစုံကို မြင်လိုက်ရသောအခါ ဆုမို၏ စိတ်ထဲတွင် စိတ်ဝင်စားမှုများ ရုတ်ချည်း ပေါ်ပေါက်လာတော့သည်။ ယန်ရှောင်ယွင် က ခစ်ခနဲ ရယ်လိုက်လေ၏။
"ပုံမှန်ဆိုရင် သူ့ကို အကြောက်ဆုံး လုပ်နေတာက နင်ပဲ... ဒါပေမဲ့ အရသာရှိတာလေး မြင်တော့လည်း သူ့ကို အရင်ဆုံး သတိရနေပြန်ရော"
ဆုမိုက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
"ဒီတစ်ခေါက် တုန်းချန် ကို ခရီးထွက်ရတုန်းက... သူက အစ်မယွင် ရဲ့ ဘေးနားမှာ ရှိနေပေးလို့သာ ကျွန်တော် နည်းနည်း စိတ်အေးလက်အေး ရှိနိုင်ခဲ့တာလေ... သူ့ကို တစ်ခါတလေ စနောက်ပြီး ထမင်းစားစရိတ် ဖြတ်မယ် လို့ ခြိမ်းခြောက်တာက တစ်ပိုင်းပေါ့... ဒါပေမဲ့ သူ့ကို တကယ်ကြီး ဗိုက်ဆာအောင်တော့ ဘယ်တော့မှ မလုပ်ရက်ပါဘူး"
"အဲဒါလည်း ဟုတ်တာပါပဲ"
ယန်ရှောင်ယွင် က ခေါင်းညိတ် ထောက်ခံလိုက်၏။
"ရှောင်ရှောင် က တကယ့်ကို ရိုးသား ဖြူစင်လွန်းတယ်... လောကကြီးရဲ့ အရှုပ်အထွေးတွေကို ဘာမှ နားမလည်ရှာဘူး... သူ့အတွက်ကတော့ စားဖို့ကလွဲရင် ကျန်တာ ဘာမှ အရေးမကြီးဘူးလေ... ဒါတွေကလွဲပြီး သူ ဘာကိုမှ ပူပန်နေတတ်တာ မဟုတ်ဘူး... အဲဒီအချက်ကို ကြည့်ရင်... တကယ်တော့ သူက ကျွန်တော်တို့အားလုံး ထဲမှာ အပူအပင် အကင်းဆုံးနဲ့ အလွတ်လပ်ဆုံး ဘဝကို ဖြတ်သန်းနေရတဲ့ သူပဲ... ကျွန်တော်တို့လို အဆုံးအစမရှိတဲ့ ပြဿနာတွေ ကြားမှာ လုံးပန်းနေရတာမှ မဟုတ်တာ... အနားရချိန် ဆိုတာက တကယ့်ကို ရှားပါးလွန်းပါတယ်"
"အခုတော့ ကျွန်တော်တို့လည်း နည်းနည်းပါးပါး အနားယူလို့ ရနေပြီလေ... အင်း... ဟိုဘက်က ဝက်ခြေထောက်ကင် က တော်တော်လေး စားချင်စရာ ကောင်းတဲ့ ပုံပဲ... ရှောင်ရှောင် စားဖို့ နည်းနည်းလောက် သွားဝယ်လိုက်ရအောင်"
ဆုမိုက လက်ညှိုးထိုးပြလိုက်၏။ ဝက်ခြေထောက်ကင် ၏ အရောင်အဆင်းမှာ အလွန်တရာ ဆွဲဆောင်မှု ရှိလှသဖြင့် ယန်ရှောင်ယွင် ပင်လျှင် အနည်းငယ် သွားရည်ကျသွားသယောင် ရှိပေသည်။
"သူနဲ့အတူတူ စားလို့ရအောင် နည်းနည်း ပိုဝယ်သွားရင်ရော ဘယ်လိုလဲ"
"ကောင်းသားပဲ"
မြို့တော်ဝန် အိမ်တော် သို့ သွားရောက် လည်ပတ်ခဲ့ကြသည် ဆိုသော်ငြားလည်း ထိုခရီးစဉ်မှာ လျှို့ဝှက် ရည်ရွယ်ချက် များစွာဖြင့် ပြည့်နှက်နေခဲ့သည် မဟုတ်ပါလော။ ထိုကဲ့သို့သော အခြေအနေမျိုး အောက်တွင် မည်သူက အစားအသောက် အပေါ် အာရုံစိုက်နိုင်ပါမည်နည်း။
ဆုမိုနှင့် ယန်ရှောင်ယွင် တို့ အနေဖြင့် အပြည့်အဝ စိတ်အေးလက်အေး မစားသောက်နိုင်ခဲ့သည်မှာ သေချာလှသလို ကျန့်ယူဝမ် ကိုယ်တိုင်လည်း အရသာရှိရှိ စားသောက်နိုင်ခဲ့မည် မဟုတ်ချေ။
ယခု အိမ်တော် သို့ ပြန်ရောက်သွားပြီ ဖြစ်ရာ သူလည်း အလောတကြီး စားသောက်နေလောက်ချေပြီ။
ဤအတွေးများဖြင့် ဝက်ခြေထောက်ကင် အချို့ကို မှာယူလိုက်ပြီး ဆိုင်ရှင်ကို ထုပ်ပိုးပေးရန် ပြောလိုက်ကြသည်။
ယန်ရှောင်ယွင် က ငွေရှင်းရန် ငွေစတချို့ကို ထုတ်ယူလိုက်စဉ်မှာပင် ဆုမိုသည် အနောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူမ လည်း ဆုမို၏ အကြည့်များနောက်သို့ ချက်ချင်း လိုက်ကြည့်လိုက်ရာ ညအမှောင်ထု အတွင်း ပြေးလွှားသွားသော အရိပ်သုံးခု ကို မြင်လိုက်ရတော့သည်။
"အရှေ့ဆုံးက တစ်ယောက်က... ရွှီလု နဲ့ တူတယ်နော်"
သူမ စကားပြောနေစဉ်မှာပင် ထိုအရိပ်သုံးခုမှာ မီးရောင်များ လင်းထိန်နေသော လမ်းမကြီးကို ဖြတ်ကျော်ကာ ညအမှောင်ထု အတွင်းသို့ ပျောက်ကွယ်သွားခဲ့လေပြီ။ ဆုမို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွား၏။
"ကြည့်ရတာ သူ တစ်ခုခုတော့ သဲလွန်စ ရလာတဲ့ပုံပဲ... ဒါပေမဲ့ အခြေအနေကတော့ ကျွန်တော် မျှော်လင့်ထားတာနဲ့ နည်းနည်း ကွာခြားနေတယ်"
စကားပြောနေရင်း သူသည် ယန်ရှောင်ယွင် ၏ လက်ကို ဆွဲကာ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်၏။ ခြေလှမ်း အနည်းငယ်မျှ လှမ်းလိုက်ရုံဖြင့် အမီ လိုက်နိုင်တော့မည့် အချိန်တွင် သူ၏ ခြေလှမ်းများမှာ ရုတ်တရက် အနည်းငယ် ရပ်တန့်သွား၏။ ထိုအခါမှသာ ယန်ရှောင်ယွင် တစ်ယောက် စကားပြောခွင့် ရတော့သည်။
"သူတို့က ပိုက်ဆံအမ်းတာတောင် မပေးရသေးဘူးလေ..."
"မလောပါနဲ့... နောက်မှ ရွှီလု ကို ခေါ်ပြီး အတူတူ သွားစားကြတာပေါ့"
ခေါင်မိုးစွန်း ကို တွယ်ကိုင်ထားရင်း ဆုမိုက ဆက်ပြောလိုက်၏။
"ဒါနဲ့... သူ ဘာတွေ လုပ်နေတာလဲ... ကျင်းယန်မြို့ ကို တစ်ပတ် ပတ်ပြေးနေတာလား"
အမှန်တကယ်ပင် ရွှီလု သည် ကျင်းယန်မြို့ ကို တစ်ပတ် ပတ်ပြေးနေခြင်းပင်။ အခြေအနေများက လုံးဝ ပြောင်းပြန် ဖြစ်သွား၏။
အစပိုင်းတွင် သူသည် ဝတ်ရုံဖြူ ဓားသမား များ၏ အနောက်မှ တိတ်တဆိတ် လိုက်ပါသွားခဲ့ခြင်းပင်။ သို့သော် ယခုအခါတွင်မူ ရွှီလု က အရှေ့မှ ပြေးနေပြီး ဝတ်ရုံဖြူ ဓားသမား နှစ်ဦးက သူ၏ အနောက်မှ အသည်းအသန် လိုက်လံ ဖမ်းဆီးနေကြလေသည်။ သို့တိုင်အောင် ရွှီလု ၏ ကိုယ်ဖော့ပညာ မှာ ပြိုင်ဘက်ကင်း ဖြစ်ရာ သူတို့ နှစ်ဦး အနေဖြင့် သူ့ကို ဖမ်းဆီးနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
သို့သော် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်လာရခြင်းမှာ ရွှီလု ၏ တွန့်ဆုတ်မှုများကြောင့်သာ။ မဟုတ်ပါက အလောင်းကို ပစ်ချပြီးနောက် မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ လွတ်မြောက် ပျောက်ကွယ်သွားနိုင်ပေ၏။
သို့ရာတွင် သူသည် အာမခံခေါင်းဆောင် ဆု ၏ အမိန့်ကို နာခံကာ နောက်ကွယ်မှ အမှန်တရားကို စူးစမ်းရန် လာခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလော။
တစ်ခဏတာ သနားညှာတာစိတ် ဝင်သွားမှုကြောင့်သာ သူ၏ တည်နေရာကို သတိပြုမိသွားခဲ့ခြင်းပင်။
အကယ်၍ သူသာ လက်ဗလာဖြင့် စုတ်ပြတ်သတ်စွာ ပြန်သွားခဲ့လျှင် ခေါင်းဆောင်ဆု ကို သူ မည်သို့ ရှင်းပြရပါမည်နည်း။
ထို့ကြောင့် ရွှီလုသည် ရည်ရွယ်ချက်ရှိရှိ ခြေလှမ်းများကို နှေးကွေးစေကာ သူတို့ကို အနောက်မှ လိုက်လာစေရန် မြှူဆွယ်ခဲ့ခြင်းပင်။
သူတို့ကို မည်သို့ ကိုင်တွယ် ဖြေရှင်းရမည် ဆိုသည်ကိုမူ သူ အသေအချာ မဆုံးဖြတ်ရသေးပေ။
ဤလူနှစ်ယောက်ကို ခေါင်းဆောင်ဆု ၏ အရှေ့သို့ တိုက်ရိုက် ခေါ်ဆောင်သွားရန် သူ စဉ်းစားမိသော်ငြားလည်း ထိုသို့လုပ်လျှင် ပြဿနာက ဖြေရှင်းပြီးသား မဖြစ်သေးချေ။
ထိုသို့ လုပ်ဆောင်ခြင်းက ပြဿနာများကို ပြန်လည် သယ်ဆောင်သွားခြင်း သာ ဖြစ်ရာ ခေါင်းဆောင်ဆု က သူ့ကို မည်သို့ ထင်မြင်ပါမည်နည်း။
ဖြေရှင်းနည်း မရှာတွေ့သေးသဖြင့် အချိန်ဆွဲကာ စဉ်းစားရန်သာ သူ ဆုံးဖြတ်လိုက်တော့၏။
အချိန်ဆွဲသည့် သူ၏ နည်းလမ်းမှာ ဤလူနှစ်ယောက်ကို ကျင်းယန်မြို့ တစ်ပတ် ဆက်လက် ပြေးလွှား ဖမ်းဆီးစေခြင်းပင် ဖြစ်တော့၏။
--