အခန်း ၆၀၀
Vol. 40 Ch. 600
အခန်း (၆၀၀) အသံတိတ် သတ်ဖြတ်ခြင်း ဓားသမား (အပိုင်း ၃)
အမှန်တကယ်ပင် သူတို့ နှစ်ဦးက ရွှီလုကို လုပ်ကြံ သတ်ဖြတ်လိုကြသော်လည်း သူ့ကို ဒီအတိုင်း ထွက်ပြေး လွတ်မြောက်ခွင့်တော့ မပေးနိုင်ကြချေ။
သူ၏ ကိုယ်ဖော့ပညာဖြင့် သူတို့ကို လှည့်ပတ် ပြေးနေခြင်းက ကလေးကစားသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော... သူတို့သာ သူ့ကို ထောင့်ကျပ်ရိုက်ပြီး ကိုယ်ဖော့ပညာ အသုံးမပြုနိုင်အောင် မပိတ်ဆို့နိုင်သမျှ ကာလပတ်လုံး၊ သူက သူတို့ကို အမောဆို့ သေသွားသည်အထိ လှည့်ပတ် ပြေးခိုင်းနိုင်စွမ်း ရှိပေသည်။
သို့သော် ဤကဲ့သို့ အမြဲတမ်း ပြေးနေခြင်းကလည်း ဖြေရှင်းနည်း တစ်ခုတော့ မဟုတ်ချေ။ ဤအခြေအနေကို မည်သို့ ချိုးဖျက်ရမည်နည်း။
ထိုအကြောင်းကို စဉ်းစား တွေးတောနေရင်းမှာပင် သူသည် ကျင်းယန်မြို့ကို နောက်ထပ် တစ်ပတ်တိတိ ပတ်ပြေးပြီးသွားခဲ့ပြီ ဖြစ်၏。
သူ သတိမထားမိလိုက်သော်ငြားလည်း ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးထောင့်မှ လူနှစ်ယောက်ကို ရိပ်ခနဲ မြင်တွေ့လိုက်ရ၏။
ထိုလူနှစ်ယောက်မှာ ခေါင်မိုးစွန်းတွင် ထိုင်နေကြပြီး တစ်ယောက်က ဝက်ခြေထောက်ကင်ကို ကိုင်ကာ အရသာခံ စားသောက်နေခြင်းပင်။
ရွှီလု တစ်ယောက် ခြေခေါက်ပြီး ခေါင်မိုးပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရတော့၏။
သဘာဝကျကျပင် ထိုနှစ်ဦးမှာ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ဖြစ်ကြသည်။
ရွှီလုမှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် မှားသွားရလေ၏။
သူ တစ်ယောက်တည်း ခြေဖဝါးမှ မီးခိုးထွက်မတတ် အသည်းအသန် ပြေးလွှားနေရချိန်တွင် ဤနှစ်ယောက်ကမူ ခေါင်မိုးပေါ်တွင် ထိုင်ကာ ညကောင်းကင်ယံကို ငေးမောကြည့်ရှုရင်း ဝက်ခြေထောက်ကင်ကို အရသာရှိရှိ စားသောက်ကာ ပွဲကြည့်နေကြသည် မဟုတ်ပါလော...
ထိုပွဲ ဆိုသည်မှာလည်း သူ့ကို ကြည့်နေကြခြင်းပင် ဖြစ်၏။
သူ စကားတစ်ခွန်းခု ပြောရန် ဟန်ပြင်လိုက်သော်လည်း သူ၏ အနောက်မှ ဓားသွား တစ်ခုက လေခွင်းသံနှင့်အတူ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ရွှီလု တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် လေထဲသို့ ခုန်တက်လိုက်၏။ သို့သော် အထက်သို့ မော်ကြည့်လိုက်သောအခါ ကောင်းကင်ယံမှ ဇောက်ထိုး ကျဆင်းလာသော ဓားရှည်တစ်လက်ကို တွေ့လိုက်ရပြီး ဓားသွားက သူ၏ ဦးခေါင်းထက်ရှိ ပိုင်ဟွေ သွေးကြောကွက် ဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေတော့သည်။
ထိုအခိုက်အတန့်၌ လေထဲတွင် တွဲလွဲခိုနေရသဖြင့် သူ လှုပ်ရှားချင်လျှင်တောင် အားပြုရန် နေရာ လုံးဝ မရှိတော့ချေ။
သူ၏ ကိုယ်ဖော့ပညာမှာ ပြောင်မြောက်လှသော်ငြားလည်း ၎င်းမှာ ကိုယ်ဖော့ပညာသာ ဖြစ်ပြီး ကောင်းကင်ပျံသန်းခြင်း မဟုတ်ရာ အကောင်အထည် ဖော်ရန်အတွက် အားပြုစရာ တစ်ခုခုတော့ လိုအပ်သည် မဟုတ်ပါလော။
ယခုအခါ မျက်လုံးမှိတ်ပြီး သေမင်းကို စောင့်ဆိုင်းရန်သာ ရှိတော့၏။
သို့ရာတွင် ရွှီလုမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိခဲ့ချေ။
အကြောင်းမူကား ဆုမို အနားသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရပြီး လေထုကို ခွင်းကာ ထွက်ပေါ်လာသော အသံတစ်သံကို ကြားလိုက်ရသောကြောင့်ပင်။
သူ၏ မျက်လုံးထောင့်မှနေ၍ အဆီတဝင်းဝင်းဖြင့် တုန်ခါနေသော အရာတစ်ခု သူ့ထံသို့ လျင်မြန်စွာ ပျံသန်းလာသည်ကိုပင် မြင်လိုက်ရသေး၏။ ၎င်းမှာ ဆွဲဆောင်မှု ရှိလှသော ဝက်ခြေထောက်ကင် တစ်ခုပင်တည်း။
ဆုမိုက ဤဝက်ခြေထောက်ကင်ကို လျှို့ဝှက် လက်နက်တစ်ခု အဖြစ် အသုံးပြုကာ ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။
အထက်ဘက်ရှိ ဝတ်ရုံဖြူ ဓားသမားက ဤကြောက်မက်ဖွယ်ကောင်းသော လေပြင်းသံကို ကြားလိုက်ရပြီး အလျင်အမြန် လှည့်ကြည့်ကာ ဓားရှည်ကို လှည့်ပတ်ပြီး ချက်ချင်းပင် ရိုက်ထုတ်လိုက်တော့၏။
သို့သော် သူ၏ ဓားဖြင့် ထိုးဖောက်လိုက်မိသော အရာကြောင့် သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်သွားရသည်။
'ဘာလို့ ဝက်ခြေထောက်ကင် ကြီး ဖြစ်နေရတာလဲ...'
အငိုက်မိသွားချိန်တွင် ဝက်ခြေထောက်ကင်မှာ ဖောက်ထွင်းခံလိုက်ရပြီး သူ၏ ဓားသွားပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာတော့၏။
ဖောင်း ခနဲ အသံနှင့်အတူ ဝက်ခြေထောက်ကင်၏ အသားနှင့် အရေခွံများမှာ အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကျဲသွားပြီး အပိုင်းအစ တိုင်းတွင် ပြင်းထန်လှသော အတွင်းအားများ ရစ်ပတ်နေကာ ပန်းပွင့်များ ရွာကျလာသည့်အလား သူ့ကို အပြင်းအထန် ရိုက်ခတ်သွားတော့သည်။
“ဒုတ် ဒုတ် ဒုတ်…”
သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ဝတ်ရုံဖြူ ဓားသမား တစ်ကိုယ်လုံး အဆီများ ပေကျံသွားကာ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး သူ၏ ဝတ်ရုံဖြူပေါ်တွင် တောက်ပသော သွေးစက်များ ထပ်မံ စွန်းထင်းသွားလေ၏။
ရွှီလု ၏ အောက်ဘက်ရှိ ဝတ်ရုံဖြူ ဓားသမား မှာ အခြေအနေ မဟန်တော့ကြောင်း သတိပြုမိသွားသည်။
ထို့ကြောင့် မစဉ်းစားမဆင်ခြင်ဘဲ သူသည် အလျင်အမြန် ထွက်ပြေးရန် ကြိုးစားလိုက်တော့၏။
သို့သော် ထိုအခိုက်အတန့်တွင် ဆုမိုက လက်ချောင်း တစ်ချောင်းဖြင့် ညွှန်ပြလိုက်ရာ ဝီခနဲ အသံနှင့်အတူ သူ၏ အင်အားများက လေထုကို ထိုးဖောက်သွားသည်။
ထွက်ပြေးရန် ဟန်ပြင်နေသော ထိုဝတ်ရုံဖြူ ဓားသမား မှာ လေထဲသို့ ခုန်တက်နေစဉ်မှာပင် အထိမှန်ခံလိုက်ရပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာတော့၏။
သူ သွေးအန်မည့် ပုံစံမျိုး မပြသနိုင်ခြင်းမှာ သူကိုယ်တိုင် လုံးဝ မလှုပ်ရှားနိုင်တော့သောကြောင့်ပင် ဖြစ်သည်။
ပို၍ ဆိုးရွားသည်မှာ ခေါင်မိုးစွန်းကို ကျော်လွန်အောင် ပြေးလွှားလာခဲ့ပြီ ဖြစ်ရာ လေထဲတွင် သွေးကြောကွက် အပိတ်ခံလိုက်ရသဖြင့် ရှေ့ဆက်ရန် ခွန်အား မရှိတော့ဘဲ ထိုကိုယ်နေဟန်ထား အတိုင်းပင် လေထဲမှ တည့်တည့်မတ်မတ် ပြုတ်ကျသွားရခြင်းပင်။
မြေပြင်ပေါ်သို့ အချိုးမကျစွာ ပြုတ်ကျကာ လိမ့်ထွက်သွားချိန်တွင်ပင်... သူ၏ ကိုယ်နေဟန်ထားမှာ အနည်းငယ်မျှ ပြောင်းလဲမသွားချေ။
ဤအရာများ အားလုံးက နားထောင်ကြည့်လျှင် ရှုပ်ထွေးသယောင် ရှိသော်ငြားလည်း မျက်တောင်တစ်ခတ် အတွင်း၌သာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။
ရွှီလု မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် သူ၏ နံဘေးသို့ ရောက်ရှိနေခဲ့ပြီပင်။
အစောပိုင်းက ဝက်ခြေထောက်ကင်ဖြင့် အထိမှန်ခံရပြီး သွေးအန်သွားသူ ဝတ်ရုံဖြူ ဓားသမားမှာ ယခုအခါ ပြန်လည် ထထိုင်နေပြီး၊ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူ၏ ဒဏ်ရာ အခြေအနေကို စစ်ဆေးရန် မဟုတ်သလို၊ သူ၏ အပေါင်းအပါ အခြေအနေကို အကဲခတ်ရန်လည်း မဟုတ်ပေ။ ထွက်ပြေးရန် ကြိုးပမ်းခြင်းလည်း မရှိခဲ့ချေ။
ထို့အစား သူသည် အဆီများ စွန်းထင်းနေသော သူ၏ ဝတ်ရုံဖြူကို အလွန်အမင်း စိတ်ပျက်နေသော မျက်နှာထားဖြင့် ငုံ့ကြည့်နေလေ၏။
ထို့နောက် ဆုမိုကို မော်ကြည့်လိုက်ပြီး သူ၏ ဓားဖြင့် ပြင်းထန်စွာ ထိုးနှက်လာတော့သည်။
"ဟင်"
ဆုမို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး ဓားသွားမှာ ဝတ်ရုံဖြူ ဓားသမား၏ အနီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ထိုအခိုက်အတန့်၌ သူ၏ စိတ်ဝင်စားမှုများ ရုတ်ချည်း ပေါ်ပေါက်လာပြီး သူ၏ လက်ချောင်းများကို ညင်သာစွာ တောက်ထုတ်လိုက်ရာ ဝီခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
ဝတ်ရုံဖြူ ဓားသမား၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိသော်ငြားလည်း သူ၏ လက်မအခြေတွင် စုတ်ပြတ်သွားမတတ် နာကျင်မှုကို ခံစားလိုက်ရပြီး ဓားရှည်မှာ လက်ထဲမှ လွင့်စင်ထွက်သွားလုနီးပါး ဖြစ်သွားရတော့၏။
သို့သော် ကျွမ်းကျင် လျင်မြန်လှသော လက်ကောက်ဝတ် အလှည့်အပြောင်း တစ်ခုနှင့်အတူ ဓားက လေထုကို ခွင်းသွားသည့် အသံမှာ တစ်ခဏတာမျှသာ ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ လှည့်ပတ်သွားကာ ဓားသွားကို ဆုမို၏ ခါးဆီသို့ စောင်းရွဲ့စွာ ထိုးနှက်လာပြန်သည်။
ဤလှုပ်ရှားမှု နှစ်ခုက ဆုမိုကို စဉ်းစားစရာ အချက်အချို့ ပေးစွမ်းလိုက်လေ၏။
ထို့ကြောင့် ဆုမိုသည် ဤဓားချက်ကို 'လက်ချောင်းတောက်သိုင်း' ဖြင့် မကာကွယ်တော့ဘဲ အနောက်သို့ အသာအယာ ဆုတ်ခွာကာ ချောမွေ့စွာ ရှောင်တိမ်းလိုက်သည်။ နောက်တစ်ခဏတွင် ဝတ်ရုံဖြူ ဓားသမား၏ ဓားသိုင်းများက အပြည့်အဝ ထွက်ပေါ်လာတော့၏။
ရွှီလုသည် ဘေးမှ ရပ်ကြည့်နေရင်း ဝင်ရောက် ကူညီပေးရန် စဉ်းစားလိုက်သော်ငြားလည်း သူ့ထံသို့ ရောက်ရှိလာသည်မှာ ကြီးမားသော ဝက်ခြေထောက်ကင် တစ်ခုသာ ဖြစ်နေ၏။
"..."
ရွှီလုက ဝက်ခြေထောက်ကင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်၏။
"ကူညီစရာ မလိုဘူးလား..."
"ဟင်"
ယန်ရှောင်ယွင်မှာ အံ့အားသင့်သွားပြီး ရွှီလုကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်သည်။
"ပတ်ဝန်းကျင်ကိုပဲ စောင့်ကြည့်နေပါ... သူက ဒီဓားသမား ရဲ့ ဓားသိုင်း ကို ကြည့်ချင်ရုံ သက်သက်ပါ"
ပတ်ဝန်းကျင်ကို စောင့်ကြည့်ခိုင်းခြင်းမှာ မမျှော်လင့်ထားသော ရှုပ်ထွေးမှုများ ထပ်မံ မပေါ်ပေါက်လာစေရန် ကြိုတင် ကာကွယ်ခြင်းပင်။
နောက်ဆုံး စကားတစ်ခွန်းကမူ ဆုမို၏ အတွေးများကို ဖော်ပြနေခြင်းပါပင်။
အဘယ်ကြောင့်ဆိုသော် 'လက်ချောင်းတောက် နတ်သိုင်းပညာ' ဖြင့် ညင်သာစွာ တစ်ချက် တောက်ထုတ်လိုက်ရုံဖြင့် ဝတ်ရုံဖြူ ဓားသမားမှာ ခံနိုင်ရည်ပင် မရှိတော့သည် မဟုတ်ပါလော။
အကယ်၍ ဆုမိုသာ အမှန်တကယ် ဆန္ဒရှိပါက သူ့ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိပေသည်။
ယန်ရှောင်ယွင်၏ စကားများကို နားလည်သွားသောအခါ ရွှီလုသည် ဝက်ခြေထောက်ကင်ကို အမှန်တကယ်ပင် ယူလိုက်ပြီး နှစ်ကိုက်သုံးကိုက်ခန့် ကိုက်စားလိုက်ကာ မနေနိုင်ဘဲ မေးခွန်းထုတ်လိုက်တော့၏။
"ရေရော ပါလားဗျ... ကျွန်တော် တစ်ညဝက်လောက် အသည်းအသန် ပြေးထားရလို့... နည်းနည်း ရေဆာနေပြီ..."
"ခဏလောက် သည်းခံဦး... တည်းခိုခန်း ပြန်ရောက်မှ သောက်ကြတာပေါ့"
ယန်ရှောင်ယွင်မှာ စားသောက်ပြီးလုနီးပါး ဖြစ်နေပြီဖြစ်ပြီး ယခုအခါ ဆုမိုနှင့် ဝတ်ရုံဖြူ ဓားသမား တို့၏ အပြန်အလှန် တိုက်ခိုက်မှုများကို အေးအေးဆေးဆေး စောင့်ကြည့်နေလေသည်။
ထိုအခိုက်အတန့်၌ သူမသည်လည်း အရေးကြီးသော အချက်တစ်ချက်ကို သတိပြုမိသွားတော့၏။
ဝတ်ရုံဖြူ ဓားသမား၏ ဓားသိုင်းများမှာ အလွန်တရာ ရက်စက် ကြမ်းကြုတ်လှသည်။
လှုပ်ရှားမှုတိုင်းက လူတစ်ယောက်၏ အသက်ကို နုတ်ယူရန် ရည်ရွယ်ထားခြင်းပင်။
သို့သော် အထူးခြားဆုံး အချက်မှာ ဤအရာ မဟုတ်ချေ... ထို့အစား သူ၏ ဓားချက်တိုင်းမှာ အသံတိတ်နေပြီး မည်သည့် အသံမျှ ထွက်ပေါ်မလာပေ။
ဓားမြည်သံ ထွက်ပေါ်လာစေသော မတော်တဆ ကိုင်တွယ်မှု အချို့မှလွဲ၍ ကျန်အချိန်များတွင် မည်သို့ပင် တိုက်ခိုက်စေကာမူ မည်သည့် အသံမျှ ထွက်ပေါ်လာခြင်း မရှိချေ။
ညအမှောင်ထု အတွင်း အကယ်၍ တစ်ယောက်ယောက်ကသာ သတိမပြုမိပါက ဤကဲ့သို့သော ဓားချက်မျိုး ဝင်ရောက်လာနိုင်ပြီး မည်သို့ သေဆုံးသွားမှန်းပင် သိရှိနိုင်မည် မဟုတ်ပေ။
ထိုစဉ်မှာပင် ဆုမိုက ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ ဓားသွားကို ဖမ်းဆုပ်လိုက်ပြီး ဆောင့်ဆွဲလိုက်တော့၏။
"ပေးစမ်း"
ဝတ်ရုံဖြူ ဓားသမားက မည်သို့ လိုလားပါမည်နည်း။
သို့သော် ဆုမိုက အလိုရှိနေပါက သူ ရှိသမျှ ခွန်အား အားလုံးကို အသုံးပြု၍ ကာကွယ်လျှင်တောင် သူ၏ လက်များ စုတ်ပြတ်သွားပြီး ဓားရှည်မှာ ဆုမို၏ လုယူခြင်းကို ခံလိုက်ရမည်သာ။
သူက ရှေ့သို့ တိုးဝင်ရန် ကြိုးပမ်းလိုက်သော်လည်း ဆုမိုက သူ၏ ရင်ဘတ်ရှိ သွေးကြောကွက်ကို လက်ချောင်းဖြင့် တစ်ချက် ထောက်လိုက်ရာ ထိုနေရာတွင်ပင် အသေတောင့်တင်းသွားတော့၏။
"အသံတိတ် သတ်ဖြတ်ခြင်း ဓား..."
ဆုမိုက သူ၏ လက်ထဲရှိ ဓားတိုကို သေချာစွာ အကဲခတ်လိုက်သည်။
“ဒီ နက်နဲတဲ့ ယန္တရားတွေက ဓားထဲမှာပဲ ပါနေတာလား…”
--