အခန်း ၇၂၁
Vol. 49 Ch. 721
အခန်း (၇၂၁) မြူခိုးသူတော်စင်၏ ထိတ်လန့်မှု၊ အရပ်ရပ်မှ တုန်လှုပ်ခြင်းနှင့် ရန်သူသစ် ပေါ်လာခြင်း
မြူခိုးသူတော်စင်သည် ယဲ့ဖုန်းအပေါ် အလွန်တရာ စိုးရိမ်ပူပန်နေ၏။
“ယဲ့ဖုန်းက ဘယ်လောက်ပဲ သန်မာပါစေ... သူက မျိုးဆက်သစ် ကောင်လေး တစ်ယောက်ပဲ... သူ အဆင့် (၄) တပိုင်းသူတော်စင် ဖြစ်လာရင်တောင် ဘာလုပ်နိုင်မှာလဲ...”
“သူတော်စင်ဘုံမှာ အဆင့်ငယ် (၄) ခုရှိတယ်... သူတော်စင်အဝင် (ဝါ) ကနဦး သူတော်စင်၊ သူတော်စင်ထင်ရှား၊ ကောင်းကင်သူတော်စင် နဲ့ အထွတ်အထိပ် သူတော်စင် (အမြင့်မြတ်ဆုံး သူတော်စင်) တွေပေါ့...”
“သူတော်စင်တက်လှမ်းခြင်း ကပ်ဘေးကို မဖြတ်ကျော်နိုင်သရွေ့ ယဲ့ဖုန်း ဘယ်လောက်ပဲ စွမ်းစွမ်း သူက အဆင့် (၄) တပိုင်းသူတော်စင် အထိပဲ တက်နိုင်မှာ... သူ့ရဲ့ ပြိုင်ဘက်ကင်း တိုက်ခိုက်နိုင်စွမ်းနဲ့ဆိုရင် သူတော်စင်အဝင် အမြင့်ဆုံးအဆင့် ဒါမှမဟုတ် သူတော်စင်ထင်ရှား အစပိုင်းအဆင့်လောက်ကိုတော့ ရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်လိမ့်မယ်...”
“ဒါပေမဲ့ ဒီလောက်လေးနဲ့တော့ ကြီးမြတ်လှတဲ့ ငါတို့ နတ်ဘုရား မျိုးနွယ်စုကြီး ရှေ့မှာ ဘာမှမဟုတ်သေးဘူး...”
မြူခိုးသူတော်စင်က လှောင်ပြောင်လိုက်သည်။
သူသည် မြင့်မြတ်သော အရှင်၏ တပည့် (၉) ယောက်မြောက် ဖြစ်ပြီး အားအနည်းဆုံးလည်း ဖြစ်သည်။ သူ၏အထက်တွင် အခြားသော တပည့် (၈) ယောက် ရှိသေး၏။
သူတို့ တစ်ယောက်စီတိုင်းမှာ အားကောင်းသူများထဲတွင် အားအကောင်းဆုံး၊ ဘုရင်များထဲတွင် ဘုရင်များသာ ဖြစ်ကြသည်။
ထိုတပည့်ကြီး (၉) ယောက်အပြင် နတ်ဘုရား မျိုးနွယ်စုထဲ၌ အခြားသော သူတော်စင် အဆင့်များ ဒါဇင်နှင့်ချီ၍ ရှိနေသေး၏။
သို့သော် သူတို့အများစုမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြဆဲပင်။
အဓိက အကြောင်းရင်းမှာ ယခင်က ကောင်းကင်တာအိုနှင့် တိုက်ခိုက်ခဲ့စဉ်က စွမ်းအင်များစွာ ကုန်ခမ်းခဲ့ရသောကြောင့် ဖြစ်သည်။ သို့သော် နှစ်ကာလများစွာ ကုစားပြီးနောက်တွင်တော့ သူတို့ နိုးထလာရန် အချိန်နီးကပ်နေပြီပင်။
“ယဲ့ဖုန်း... မင်းကို ခဏလောက်တော့ ပျော်ခွင့်ပေးထားလိုက်ဦးမယ်...”
“ဘယ်လိုပဲဖြစ်ဖြစ် ဝင်စားသူတွေက ရှန်ကျိုး တိုက်ကြီး တစ်ခုလုံးကို စိမ့်ဝင်နေပြီပဲ... သမုဒ္ဒရာ အောက်ခြေ၊ ကုန်းတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာတွေနဲ့ အဓိက ဂိုဏ်းကြီးတွေ အားလုံးမှာ ငါတို့ရဲ့ သူလျှိုတွေ ရှိနေတယ်...”
“အချိန်တန်တာနဲ့ မင်းကို တစ်စစီ ကြေမွသွားစေရမယ်...ဟားဟားဟား”
မြူခိုးသူတော်စင်က အရူးအမူး.. ရယ်မောလိုက်၏။
ရှန်ကျိုး တိုက်ကြီး တစ်ခွင်။
လူတိုင်း ကောင်းကင်ကို မော်ကြည့်နေကြသည်။ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ဓားရာကြီး။ သူတို့ ရင်ထဲ၌ အတိုင်းမသိ တုန်လှုပ်နေကြဆဲပင်။
*
ကျောင်းယန် မြင့်မြတ်သော နယ်မြေဝယ်..
“တကယ့်ကို ယဲ့ဖုန်းပဲ... ငါ သူ့ကို အကဲခတ် မမှားခဲ့ဘူး...”
ကျောင်းယန် ရှေးဟောင်း သူတော်စင်သည် ဘယ်ဘက်လက်ဖြင့် မိန်းကလေးငယ် တစ်ဦးကို ပွေ့ချီထားပြီး ညာဘက်လက်ဖြင့် သူ၏ မုတ်ဆိတ်မွေးရှည်ကြီးကို ပွတ်သပ်နေ၏။ သူက ရှန်ကျိုး တိုက်ကြီး၏ ကောင်းကင်ယံကို ကြည့်ကာ အံ့ဩချီးကျူးနေလေသည်။
ယဲ့ဖုန်းတွင် အထွတ်အထိပ် သူတော်စင် တစ်ပါး ဖြစ်လာမည့် အရည်အချင်းများ ရှိနေသည်ဟု ကျောင်းယန် ရှေးဟောင်း သူတော်စင် ခံစားလိုက်ရသည်။
*
စိမ်းပြာရောင် (ချန်ချင်း)တားမြစ်နယ်မြေ၌မူ..
ရှောင်ချန်းထျန်း.. ကောင်းကင်ကို မော်ကြည့်နေ၏။ သူ၏ နားထဲတွင် တားမြစ်နယ်မြေသခင်၏ စကားသံများ ပဲ့တင်ထပ်နေသည်။ သူ အံ့ဩလွန်း၍ ပါးစပ် အဟောင်းသား ဖြစ်နေရသည်။
“ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုက... တကယ်ပဲ ယဲ့ဖုန်း လုပ်ခဲ့တာလား...”
တားမြစ်နယ်မြေသခင်၏ ကိုယ်ပွားက ကိုယ်တိုင် ပြောပြခြင်း မဟုတ်လျှင် ရှောင်ချန်းထျန်း လုံးဝ ယုံကြည်မည် မဟုတ်ချေ။
“ဒါက ချီ (၅) ပါး ပေါင်းစည်းခြင်းပဲ...”
မြူခိုးများကြားမှ ချီးကျူးသံ တစ်ခု ထွက်ပေါ်လာ၏။
“ယဲ့ဖုန်း ဘယ်လို နည်းလမ်း သုံးခဲ့လဲဆိုတာတော့ ငါ မသိဘူး... ဒါပေမဲ့ သူက အမည်မသိ မူလချီစွမ်းအင် (၅) မျိုးကို ပေါင်းစပ်နိုင်ခဲ့တယ်... ဒါကြောင့် ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားချက်ကို ခုတ်ပိုင်းနိုင်ခဲ့တာ...”
“အဲ့ဒီလို လုပ်လို့ ရတာလား...”
ရှောင်ချန်းထျန်း မှင်သက်သွား၏။
ယခင် တိုက်ပွဲတွင် မြူခိုးသူတော်စင်၏ ကိုယ်ပွား ဖန်တီးထားသော မြူခိုးကမ္ဘာက ဖုံးလွှမ်းထားသဖြင့်၊ သူတော်စင်အဆင့်အောက် မည်သူမျှ ကောင်းကင်မျက်လုံး ဖွင့်ထားလျှင်တောင် တိုက်ပွဲ အခြေအနေကို အသေးစိတ် မမြင်နိုင်ခဲ့ချေ။
သို့သော် တားမြစ်နယ်မြေသခင်၏ မူလခန္ဓာကိုယ်မှာ သူတော်စင်ထင်ရှား အမြင့်ဆုံးအဆင့် ဖြစ်ပြီး၊ သူ ချန်ထားခဲ့သော ကိုယ်ပွားသည်လည်း အလွန် အစွမ်းထက်လှသည်။ ထို့ကြောင့် တိုက်ပွဲ၏ လှုပ်ရှားမှု အချို့ကို မြင်တွေ့ခဲ့ရ၏။ အများကြီး မဟုတ်သော်လည်း ဘာဖြစ်သွားသည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
မည်သို့ပင် ဆိုစေကာမူ။
တားမြစ်နယ်မြေသခင် လို အစွမ်းထက်သူပင်လျှင် ယဲ့ဖုန်း မည်သည့် မူလချီစွမ်းအင် (၅) မျိုးကို ပေါင်းစပ်ကာ ဤမျှ ကြီးမားသော စွမ်းအားကို ဖန်တီးခဲ့သည်ကို မသိနိုင်ချေ။
“ယဲ့ဖုန်းသာ ဒီ မူလချီစွမ်းအင် (၅) မျိုးကို အားကိုးပြီး သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်... သူက အဆင့်တူ သူတော်စင်တွေကြားမှာ အမြင့်ဆုံး မျက်နှာကျက် ဖြစ်လာမှာ အသေအချာပဲ... ဒီကောင်လေးကို ငါ တော်တော်လေး မျှော်လင့်ချက် ထားမိလာပြီ...”
တားမြစ်နယ်မြေသခင်က အသာအယာ ရယ်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် မြူခိုးများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ တစ်ခါမှ ပေါ်မလာခဲ့သကဲ့သို့ ဖြစ်သွားတော့သည်။
*
ထျန်းမြောင် မြင့်မြတ်သော နယ်မြေဝယ်..
ယင်ရူရုံ ကောင်းကင်ကို မော်ကြည့်နေ၏။ အတန်ကြာမှ တံတွေးကို ခပ်ပြင်းပြင်း မြိုချလိုက်သည်။ သူမ ခန္ဓာကိုယ်က ဆန်ခါတစ်ခုလို တုန်ယင်နေ၏။
သူမသည် ထျန်းမြောင် မြင့်မြတ်သော နယ်မြေသခင် ဖြစ်သည်။
ထို့ကြောင့် ယခင် နယ်မြေသခင်ဟောင်း ချန်ထားခဲ့သော မြင့်မြတ်သော လက်နက်တစ်ခု သူမတွင် ရှိပြီး၊ ယင်းမှတစ်ဆင့် မြူခိုးကမ္ဘာ အတွင်းရှိ တိုက်ပွဲကို ဝိုးတဝါး မြင်တွေ့ခဲ့ရ၏။ အသေးစိတ် မသိသော်လည်း ထိုဓားချက်ကို ယဲ့ဖုန်း ခုတ်ပိုင်းခဲ့ခြင်း ဖြစ်ကြောင်း သူမ သိလိုက်ရသဖြင့် အကြီးအကျယ် ထိတ်လန့်သွားရသည်။
“ယဲ့ဖုန်းက ဘယ်လိုလုပ် ဒီလောက်ထိ စွမ်းလာရတာလဲ...”
ယင်ရူရုံ ဒေါသတကြီး အံကြိတ်လိုက်၏။
သူမ လက်ဝါးပြင်ပေါ်ရှိ ဒဏ်ရာကို ကြည့်ကာ ပို၍ပင် ဒေါသထွက်လာပြီး တစ်ခုခုကို ရိုက်ခွဲပစ်ချင်စိတ် ပေါက်လာသည်။
သို့သော် သူမ ယဲ့ဖုန်းကို မကြောက်ချေ။
သူမ အလွန် ဒေါသထွက်ပြီး စိတ်ပျက်နေခြင်းသာ ဖြစ်သည်။
ယင်ရူရုံ၏ အမြင်တွင် ယဲ့ဖုန်းသည် အလျင်အမြန် တိုးတက်လာသော်လည်း၊ သူမကိုယ်တိုင်က ထျန်းမြောင် မြင့်မြတ်သော နယ်မြေသခင် ဖြစ်သည်။ သူမ၏ နောက်ခံက ကောင်းကင်သူတော်စင် အဆင့်ရှိသော နယ်မြေသခင်ဟောင်း ဖြစ်လေရာ ယဲ့ဖုန်းကို သူမ ဂရုစိုက်နေရန် မလိုချေ။
“ယဲ့ဖုန်းက အခု မိုးကြိုးရေကန် နန်းတော်ရဲ့ နတ်ဘုရား ဖြစ်လာပြီ... ပြီးတော့ သူတော်စင်အဆင့်အောက် ပြိုင်ဘက်ကင်း ကြောက်စရာကောင်းတဲ့ ဓားချီကိုလည်း ပိုင်ဆိုင်ထားသေးတယ်... မြူခိုးဂိုဏ်း ကြီးထွားလာမှုကို တားလို့ မရနိုင်တော့ဘူး...”
“ဒါပေမဲ့ မြူခိုးဂိုဏ်းက ရှန်ကျိုး တိုက်ကြီး တောင်ပိုင်းက ချောင်ကျကျ နေရာလေးမှာပဲ ရှိတာ... သူတို့ ကောင်းကင်မူလ ပင်လယ်ထဲကို မဝင်လာသရွေ့ ဘာမှမဖြစ်ဘူး...”
“သူ့ဘာသာသူ နေပါစေ...”
ယင်ရူရုံက ကြေညာလိုက်ပြီး နယ်မြေသခင်ဟောင်း ချန်ထားခဲ့သော မြင့်မြတ်သော လက်နက်ဖြင့် သူမ လက်ဝါးရှိ တာအိုဒဏ်ရာကို ကုသရန် တံခါးပိတ် ကျင့်ကြံတော့သည်။
ထို တာအိုဒဏ်ရာ မပျောက်သရွေ့၊ မိုးကြိုးရေကန် နန်းတော်က အပိတ်မခံရလျှင်တောင် ကပ်ဘေးကို သူမ မဖြတ်ကျော်ရဲချေ။
သို့မဟုတ်ပါက သူမ သေချာပေါက် သေရမည် ဖြစ်၏။
ရှန်ကျိုး တိုက်ကြီး တစ်ခုလုံးတွင် ထိုဓားချက်ကို ယဲ့ဖုန်း ခုတ်ပိုင်းခဲ့ကြောင်း သိသူ လူ (၁၀၀၀) ပင် မပြည့်ချေ။
အားလပ်ချိန် စကားဝိုင်းများတွင် လူမြောက်မြားစွာက ဤကိစ္စကို ဆွေးနွေးနေကြသည်။
အချို့က ထိုဓားချက်ကို မည်သူ ခုတ်ပိုင်းခဲ့သနည်းဟု သိချင်ကြသော်လည်း မည်သည့် အဖြေမှ မရခဲ့ကြချေ။ တဖြည်းဖြည်းနှင့် ဤကိစ္စသည် လူအများ၏ စိတ်ဝင်စားမှုမှ ပျောက်ကွယ်သွားတော့၏။
ယခုဆိုလျှင် လနီခေတ်၏ တတိယလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရှန်ကျိုး တိုက်ကြီး အနှံ့အပြားရှိ လနီနတ်ဆိုးများ ထွက်ပေါ်လာမှုနှုန်းမှာ တဖြည်းဖြည်း နှေးကွေးလာ၏။ အများစုမှာ တောနက်တောင်နက်များထဲတွင် ပုန်းအောင်းကာ သေးငယ်သော တားမြစ်နယ်မြေများကို တည်ထောင်နေကြသည်။
ပင်လယ်နက် အောက်ခြေတွင်လည်း အခြေအနေမှာ အလားတူပင်။
ပင်လယ် (၈) စင်း မျိုးနွယ်စုများ၏ ရေအောက် အင်ပါယာ နန်းတော်။
လင်ယွဲ့သည် နန်းတော်၏ အဓိက ပလ္လင်ပေါ်တွင် ထိုင်နေ၏။ နတ်ဘုရားပင်လယ် နဂါးဧကရီ နှင့် အခြားသော ကောင်းကင်ဧကရာဇ် ရှစ်ပါးတို့ကို ကြည့်ကာ သူမ၏ လက်အောက်ငယ်သားများ တင်ပြသော အစီရင်ခံစာများကို နားထောင်နေသည်။
“အရှင်မ... မကြာသေးခင်က ပင်လယ်ပြင်အတွင်းမှာ လနီနတ်ဆိုးတွေ ထွက်ပေါ်လာမှု လျော့ကျသွားပါတယ်... ပေါက်ကွဲထွက်ပေါ်တဲ့ အဆင့်ကို ကျော်လွန်သွားပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကို စတင် ဝင်ရောက်လာပုံ ရပါတယ်...”
“မပြည့်စုံတဲ့ စာရင်းဇယားတွေအရ လက်ရှိ လနီနတ်ဆိုး အရေအတွက်က အလွန်များပြားပြီး ပင်လယ်မျိုးနွယ်စု အင်အားစု အသီးသီးကို ယှဉ်ပြိုင်နိုင်တဲ့ အထိပါပဲ...”
“မူလက ရန်သူတွေ ဖြစ်ခဲ့ကြတဲ့ ပင်လယ်ပြင် အင်အားစုတွေဟာ အခုအခါမှာ လနီနတ်ဆိုးတွေ ပေါ်လာတာကြောင့် မဖြစ်မနေ ပူးပေါင်းလာကြရတယ်... ဒါမှမဟုတ်လည်း ကိုယ့်ဘာသာကိုယ် တိုက်ခိုက်နေရပါတယ်...”
ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပထမအဆင့်ရှိ မိန်းကလေး ကျင့်ကြံသူ တစ်ဦးက ဒူးတစ်ဖက် ထောက်ကာ လင်ယွဲ့၊ နတ်ဘုရားပင်လယ် နဂါးဧကရီ နှင့် အခြား ကောင်းကင်ဧကရာဇ် ရှစ်ပါးတို့ကို အခြေအနေ တင်ပြနေ၏။
“ဒီကိစ္စကို ဒီအရှင် သိပါပြီ... မင်း သွားလို့ရပြီ...”
“ဟုတ်ကဲ့ပါ အရှင်မ...”
မိန်းကလေး လက်အောက်ငယ်သား ထွက်သွားလေ၏။
မကြာမီ ခန်းမအတွင်း၌ လင်ယွဲ့ နှင့် အခြား ကောင်းကင်ဧကရာဇ် ရှစ်ပါးသာ ကျန်ရစ်ခဲ့ပြီး နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်များကို ဆွေးနွေးနေကြတော့သည်။
*
မြူခိုးဂိုဏ်း။
ယဲ့ဖုန်းသည် သူတော်စင် ဧကရာဇ် ဓားကို လွယ်ထားလျက် ဂိုဏ်းချုပ် ပလ္လင်ပေါ်တွင် ထိုင်နေ၏။ ခန်းမဆောင်ကြီး၏ တစ်ဖက်တစ်ချက်ရှိ အကြီးအကဲများ၊ အုပ်ချုပ်သူများနှင့် အတွင်းတပည့်များကို သူ ကြည့်လိုက်သည်။
“ငါက တပိုင်းအဆင့် သူတော်စင် ဖြစ်မလာသေးပေမယ့်... အခု ငါ့လက်ထဲမှာ အဆင့် (၄) တပိုင်းသူတော်စင်တွေကိုတောင် ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ ဓားရှိနေပြီ... ဒါကြောင့် မင်းတို့အားလုံး ဘာမှ ပူပန်နေစရာ မလိုတော့ဘူး...”
“ရှေ့ဆက်ပြီး ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ထားကြ... ပြီးတော့ လနီနတ်ဆိုးတွေနဲ့ နတ်ဘုရားမျိုးနွယ်စု ဝင်စားသူတွေကို လိုက်လံ သတ်ဖြတ်ကြ... နားလည်လား...”
ယဲ့ဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးလိုက်သည်။
“နားလည်ပါပြီ ခင်ဗျာ...”
အားလုံးက ခေါင်းညိတ် သဘောတူလိုက်ကြ၏။
ပြင်ပလူများ မသိသော်လည်း ရှန်ကျိုး တိုက်ကြီး၏ ကောင်းကင်ယံကို ဓားတစ်ချက်တည်းဖြင့် ထက်ပိုင်းခွဲခဲ့သူမှာ ယဲ့ဖုန်း ပင် ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်။
ယနေ့တိုင်အောင် ထို ကောင်းကင်ခွဲ ဓားချက်ကြီးသည် သူတို့၏ မှတ်ဉာဏ်ထဲတွင် အသက်ဝင် ထင်ရှားနေဆဲပင်။
ဤနေရာရှိ အကြီးအကဲများ၊ တပည့်များနှင့် အုပ်ချုပ်သူ အားလုံးသည် ယဲ့ဖုန်း အပေါ် လေးစား ကြည်ညိုမှုမှလွဲ၍ အခြား မရှိကြချေ။
မကြာမီ အားလုံး ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ရန် လူစုခွဲလိုက်ကြသည်။
မူလနတ်ဘုရားအဆင့် အောက်ရှိ အုပ်ချုပ်သူများနှင့် တပည့်များသည် သာမန် လနီနတ်ဆိုးများကို သတ်ဖြတ်ရန် တာဝန်ယူကြ၏။ မူလနတ်ဘုရားအဆင့် အထက်ရှိ အကြီးအကဲများနှင့် တပည့်များသည် အသစ် ဖန်တီးထားသော လနီ သံလိုက်အိမ်မြှောင်များကို ယူဆောင်ကာ ဝင်စားသူများကို သတ်ဖြတ်ရန် နေရာရွှေ့ပြောင်း ဝင်္ကပါများကို အသုံးပြု၍ နေရာအနှံ့သို့ သွားရောက်ကြ၏။
တစ်ခဏချင်းမှာပင် မြူခိုးဂိုဏ်းသားများ အားလုံး အလွန် အလုပ်များသွားကြသည်။
ထို့အပြင် ရှန်ကျိုး တိုက်ကြီး တစ်ခွင်ရှိ ကျင့်ကြံသူများသည် "ကောင်းကင်သူတော်စင် ယဲ့ဖုန်း" ဆိုသော နာမည်ကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြ၏။ အကြောင်းမှာ မိုးကြိုးရေကန် နန်းတော် အတွင်းရှိ ကုသိုလ်မှတ်တမ်း စာရင်း ကို ကပ်ဘေး ဖြတ်ကျော်သူများက တဖြည်းဖြည်း မြင်တွေ့လာကြသောကြောင့် ဖြစ်သည်။
ဂုဏ်သတင်း မှတ်တိုင်များနှင့် ယုံကြည်မှုစွမ်းအား များသည် ဒီရေလုံးကြီးပမာ တဟုန်ထိုး တက်လာ၏။
မြူခိုးဂိုဏ်း အတွင်း၌ ယဲ့ဖုန်းသည် သူ၏ အိမ်တော်မှ ခြေတစ်လှမ်းမျှ မထွက်ဘဲ အလျင်အမြန် တိုးပွားလာနေသော ဂုဏ်သတင်း မှတ်တိုင်များ၊ ယုံကြည်မှုစွမ်းအား များနှင့် ဆက်တိုက် မြင့်တက်လာနေသော သူ၏ ရုပ်ခန္ဓာခွန်အား ကို ခံစားနေရသည်။
[တပည့် ဂုဏ်သတင်း - (၅၇.၂၃) သန်း / (၁၀၀) သန်း]
[အကြီးအကဲ ဂုဏ်သတင်း - (၁၁၈.၂၁) သန်း / (၃၀၀) သန်း]
[တတိယ မျိုးဆက် တပည့်များ - (၈၃၁၀) / (၁၀၀၀၀)]
ယဲ့ဖုန်းက ဂိုဏ်း၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်၏။
တစ်ဝက်ကျော် ပြီးစီးနေပြီ ဖြစ်သော ဤတာဝန် သုံးခုကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။
'တော်တော် မြန်တာပဲ...'
'နောက်ထပ် တစ်လလောက်ဆိုရင် ဒီတာဝန် သုံးခု ပြီးသွားလောက်တယ်... ဒါပေမဲ့ ရေပေါ်ဖြူမြို့တော် ကိုလည်း ကြယ်သုံးပွင့် အဆင့်ကို တင်ရဦးမယ်... အခု အကြီးအကဲကုန်း က မူလနတ်ဘုရားအဆင့် ကို ရောက်သွားပြီဆိုတော့ သိပ် ပြဿနာ မရှိလှဘူး...'
'မြို့လူဦးရေ ကတော့ ကြယ်သုံးပွင့် အဆင့် ရဖို့ သန်း (၁၀၀) ကျော်ဖို့ လိုမယ် ထင်တယ်... အဲ့ဒါက နည်းနည်း ပိုခက်တယ်... ရူးသွပ်နေတဲ့ အထိ ဆက်တိုက် တိုးချဲ့ဖို့ လိုလိမ့်မယ်...'
ယဲ့ဖုန်း တိတ်တဆိတ် ရေရွတ်လိုက်သည်။
*
အဆုံးအစမဲ့သော ကြယ်တာရာ ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး နေရာ။
မြို့ကိုးမြို့ ကြယ်တိမ်တိုက်။
သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်စု ၏ ဘိုးဘေးကြယ်။
မိုးထိမတတ် မြင့်မားလှသော ခန္ဓာကိုယ်ကြီး တစ်ခု ကောင်းကင်သို့ ပျံသန်းသွား၏။ ကြယ်တာရာ ကောင်းကင်၏ ဖုန်မှုန့်များကို နင်းကာ၊ အထက်တွင် တဖြည်းဖြည်း စုစည်းလာနေသော ကမ္ဘာပျက် ကောင်းကင်ကပ်ဘေးကြီးကို ကြည့်ရင်း အော်ဟစ် ရယ်မောလိုက်သည်။
“ဟားဟားဟား...”
“ဒီသူတော်စင်ကြီး က အဆင့် (၃) တပိုင်းသူတော်စင် ကို တက်လှမ်းတော့မယ်ကွ... ငါ အောင်မြင်တာနဲ့ ဝိညာဉ်တည်ငြိမ် နယ်မြေ ကို ဝင်ပြီး လက်စားချေရမယ့် အချိန်ပဲ...”
သုံးမျက်လုံး တပိုင်းသူတော်စင် က အသံကျယ်ကြီးဖြင့် ရယ်လိုက်၏။
သူ.. ကပ်ဘေး တိမ်တိုက်ကြီး ထဲသို့ ခုန်ဝင်သွားတော့သည်။
နာရီအနည်းငယ် ကြာပြီးနောက်..
သူသည် ပျောက်ကွယ်စပြုနေသော ကပ်ဘေး တိမ်တိုက် ထဲမှ ထွက်ပေါ်လာသည်။ ပြင်းထန်စွာ ဒဏ်ရာရနေသော သူ၏ ခန္ဓာကိုယ်ကို ဆွဲကာ ဘိုးဘေးကြယ် ၏ အလယ်ဗဟိုသို့ ကုသရန် ပြန်သွား၏။
သူ ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သည်။
ဒဏ်ရာ အပြင်းအထန် ရခဲ့သော်လည်း ကိစ္စမရှိချေ။
နောက်တစ်ကြိမ် တံခါးပိတ် ကျင့်ကြံခြင်း ပြီးဆုံးသည်နှင့် သုံးမျက်လုံး တပိုင်းသူတော်စင် သည် သူ၏ ကျင့်ကြံခြင်းကို ခိုင်မာစေပြီး အစစ်အမှန် အဆင့် (၃) တပိုင်းသူတော်စင် တစ်ပါး ဖြစ်လာတော့မည်တည်း။
--