← Chapters

အခန်း ၇၂၈

Vol. 49 Ch. 728

အခန်း ၇၂၈

Vol. 49 Ch. 728

အခန်း (၇၂၈) လောကနှစ်ခုကြား ဆက်သွယ်မှု၊ မြို့ကိုးမြို့ ကြယ်တိမ်တိုက် သို့ ဆင်းသက်လာခြင်း

“အင်မော်တယ် ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ...”

လီဝမ်ရှန်း မှာ ကျေးဇူးတင်လွန်း၍ မျက်ရည်ပင် လည်လာ၏။

သူသာ ရဲရဲဝံ့ဝံ့ မလုပ်ရဲဘဲ အခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့လျှင်၊ သူ၏ အကြီးအကဲများကို ဦးဆောင်ကာ ယဲ့ဖုန်းကို လာမတွေ့ခဲ့လျှင်၊ သူ အဘယ်ကြောင့် အဆင့်တက်၍ မရဖြစ်နေသည်ကို လုံးဝ သိခဲ့ရမည် မဟုတ်ချေ။

“ရတနာ ချီးမြှင့်ပြီးသွားပြီ... သေချာ အသုံးချပေတော့...”

ထိုသို့ ပြောပြီးနောက် ယဲ့ဖုန်းသည် လေထဲသို့ ပျံတက်သွားကာ အမြင်အာရုံမှ ပျောက်ကွယ်သွား၏။

အစွန်ဆုံး မြောက်ဘက်ဒေသ။

လီဝမ်ရှန်း နှင့် ကောင်းကင်လျှို့ဝှက်ချက် ဂိုဏ်း ၏ ထိပ်သီး ခေါင်းဆောင်များသည် ယဲ့ဖုန်း ချန်ရစ်ခဲ့သော အထောက်အကူပြု ကျင့်စဉ် နည်းလမ်း နှင့် နဂါးဧကရာဇ် သွေး တို့ကို အဖိုးမဖြတ်နိုင်သော ရတနာများ အဖြစ် သတ်မှတ်လိုက်ကြ၏။

“ဂိုဏ်းကို မြန်မြန် ပြန်ကြမယ်... ဒီနေ့ကစပြီး ငါ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ကို အောင်မြင်စွာ တက်လှမ်းနိုင်တဲ့ နေ့အထိ ကောင်းကင်လျှို့ဝှက်ချက် ဂိုဏ်း က လောကကြီးကနေ ပုန်းကွယ်နေတော့မယ်...”

လီဝမ်ရှန်း မှာ အလွန် စိတ်လှုပ်ရှားနေသည်။

“ဟုတ်ကဲ့ပါ ခင်ဗျာ...”

အကြီးအကဲ တစ်ဒါဇင်ကျော် က ခေါင်းညိတ် သဘောတူလိုက်ကြ၏။

သူတို့လည်း လီဝမ်ရှန်း သည် ပေဟယ် ကြယ် ၏ သမိုင်းကြောင်းတွင် ဟင်းလင်းပြင်ဖြိုခွဲအဆင့် သို့ ဝင်ရောက်နိုင်သော ပထမဆုံး ကြီးမြတ်သော ဧကရာဇ် တစ်ပါး ဖြစ်လာမည်လား ဆိုသည်ကို သိချင်နေကြသည်။

သူ အောင်မြင်သွားလျှင် မိမိတို့လည်း ဧကရာဇ် တစ်ပါး ဖြစ်လာရန် အခွင့်အရေး ရရှိလာမည် ဖြစ်သည်။

ဤသို့ တွေးမိပြီး အားလုံး စိတ်လှုပ်ရှား နေကြတော့သည်။

*

အဆုံးအစမဲ့သော ကြယ်တာရာ ဟင်းလင်းပြင်ဝယ်..

ယဲ့ဖုန်းသည် ဥက္ကာပျံများကို နင်းကာ အထက် ကောင်းကင်ယံကို မော်ကြည့်နေ၏။

သူသည် ပေဟယ် ကြယ် ပေါ်တွင် သူ၏ အစီအစဉ်များကို ချထားပြီးပြီ ဖြစ်သည်။

လီဝမ်ရှန်း သာ နဂါးဧကရာဇ် သွေး ကို သန့်စင်ပြီး တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် သို့ တက်လှမ်းနိုင်လျှင် မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်ချေ။ ထို့နောက် သူ၏ အတွင်းရှိ နဂါးဧကရာဇ် သွေး ကို အားကိုးကာ ကမ္ဘာပျက် ကောင်းကင်ကပ်ဘေး ကို ဆွဲဆောင်နိုင်မည်ပင်။

အော့ချွမ်းသည် မူလက ရှန်ကျိုး တိုက်ကြီး မှ သတ္တဝါ တစ်ကောင် မဟုတ်ပေ။

သို့သော် သူ မြူခိုးဂိုဏ်း သို့ ဝင်ရောက်ပြီး ရှန်ကျိုး တိုက်ကြီး ပေါ်တွင် ကမ္ဘာပျက် ကောင်းကင်ကပ်ဘေး ကို ဖြတ်ကျော်ပြီးကတည်းက ဒေသခံ တစ်ဦး အဖြစ် သတ်မှတ်ခံရတော့၏။

ထို့ကြောင့် သူ၏ သွေးမှာ ပြဿနာ မရှိချေ။

လီဝမ်ရှန်း.. ကမ္ဘာပျက် ကောင်းကင်ကပ်ဘေး ကို ဖြတ်ကျော်ပြီးသည်နှင့် သူသည်လည်း မိုးကြိုး နန်းတော် မှတစ်ဆင့် ရှန်ကျိုး တိုက်ကြီး နှင့် နီးကပ်သော ဆက်သွယ်မှု တစ်ခုကို တည်ဆောက်နိုင်မည်ပင်။

ယင်းနောက်တွင် လောက နှစ်ခုသည် တဖြည်းဖြည်း တစ်ခုတည်း အဖြစ် ပေါင်းစပ်သွားပေလိမ့်မည်။

တိတိကျကျ ပြောရလျှင် ရှန်ကျိုး တိုက်ကြီး က ပေဟယ် ကြယ် ကို ဝါးမြိုကာ အထက်လောက အဖြစ် အုပ်စိုးသွားမည်ပင်။

ထိုအချိန်ရောက်လျှင် အပြင်ပန်း အနေဖြင့် ကြည့်ပါက ပေဟယ် ကြယ် နှင့် ရှန်ကျိုး တိုက်ကြီး တို့မှာ အလှမ်းဝေးပြီး မသက်ဆိုင်သကဲ့သို့ ထင်ရသော်လည်း၊ အမှန်တကယ်တွင်မူ တစ်ခုက အထက်လောက ကို ကိုယ်စားပြုပြီး ကျန်တစ်ခုက အောက်လောက ကို ကိုယ်စားပြုသွားမည်ပင်။

ယဲ့ဖုန်း တွေးမိသော ကောင်းကင်ဘုံကို ပြန်လည် တည်ဆောက်မည့် နည်းလမ်းမှာ ရှန်ကျိုး တိုက်ကြီး အား မရေမတွက်နိုင်သော အောက်လောကများ ဖန်တီးနိုင်ရန် ကူညီပေးခြင်းပင် ဖြစ်၏။

စွမ်းအားများကို ဆက်တိုက် ရရှိနေသရွေ့ ကောင်းကင်တာအိုကို ပြန်လည် တည်ဆောက်ရန်မှာ လက်လှမ်းမီသော အရာပါပင်။

ယဲ့ဖုန်းသည် နောင်လာမည့် ပြဿနာများကို ရှင်းလင်းရန်အတွက် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ၏ ဘိုးဘေးကြယ် ဆီသို့ ဆက်သွားရန် ပြင်ဆင်လိုက်၏။

သို့သော် သိပ်မဝေးသေးခင်မှာပင် ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင် ပေါ်လာသော ဧရာမ ရှေးဟောင်း သားရဲကြီး တစ်ကောင်ကို သူ သတိပြုမိလိုက်သည်။

၎င်းမှာ ငါးပုံသဏ္ဌာန် ရှိပြီး မိုင်ခြောက်ရာခန့် ကျယ်ဝန်းကာ ဧရာမ လက်သည်းကြီး နှစ်ခု ပါရှိပြီး၊ ၎င်း၏ ပါးစပ်မှာ ခန္ဓာကိုယ် တစ်ခုလုံး၏ သုံးပုံတစ်ပုံခန့် ရှိ၏။

[အမည် - ဝါးမြို ငါး]

[အဆင့် - တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်]

[မှတ်ချက် - ကြယ်များကို ဝါးမြိုတတ်သော ရှေးဟောင်း သားရဲ တစ်မျိုး ဖြစ်ပြီး၊ လေလွင့် မျိုးနွယ်စု နှင့် ဆင်တူကာ လောကများကြားတွင် ခရီးသွားလျက် မိမိကိုယ်ကို သန်မာစေရန် သက်ရှိ အမျိုးမျိုးကို ဝါးမြိုရသည်ကို နှစ်သက်သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသည်]

ဤမိတ်ဆက်ကို ဖတ်ပြီးနောက် ယဲ့ဖုန်းက မျက်ခုံးတစ်ဖက် ပင့်လိုက်၏။

“ဒီလိုအရာမျိုး တကယ် ရှိနေတာပဲ...”

“သူ့ရဲ့ လမ်းကြောင်းကို ကြည့်ရတာ ပေဟယ် ကြယ် ဆီ သွားနေပုံပဲ... လီဝမ်ရှန်း ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် သူ့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး...”

ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းကာ ဝါးမြို ငါး ၏ အနီးတွင် အချိန် ဆယ်ဆ နှေးကွေးစေသော အာနိသင်များ ပါဝင်သည့် ပုံရိပ်ယောင် ဝင်္ကပါ တစ်ခုကို ချထားလိုက်သည်။

ဤဝင်္ကပါသည် ဆယ်ရက်ခန့် ခံနိုင်ရည် ရှိသည်။

သို့သော် ဝါးမြို ငါး အတွက်မူ တစ်ရက်သာ ကြာသကဲ့သို့ ခံစားရမည် ဖြစ်၏။

“ဆယ်ရက်ဆို လုံလောက်လောက်ပြီ...”

“လီဝမ်ရှန်း က နှစ်ပေါင်း နှစ်ထောင်ကျော် ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပြီး အတွေ့အကြုံတွေလည်း ပြည့်ဝနေပြီ... နဂါးဧကရာဇ် သွေး နဲ့ အထောက်အကူပြု ကျင့်စဉ် နည်းလမ်း တွေ ရှိနေရင် သူ ဆယ်ရက်အတွင်း တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ကို သေချာပေါက် ရောက်နိုင်တယ်... အဲဒီနောက်ပိုင်း ကပ်ဘေး ဖြတ်ကျော်ပြီး ဧကရာဇ် တစ်ပါး တောင် ဖြစ်လာနိုင်တယ်...”

“သူ့ရဲ့ စွမ်းအားနဲ့ဆိုရင် စားဖို့လောက်ပဲ သိတဲ့ ဝါးမြို ငါး ကို အနိုင်ယူဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူး...”

ယဲ့ဖုန်း သူ၏ ခရီးကို ဆက်နှင်ခဲ့၏။

*

မြို့ကိုးမြို့ ကြယ်တိမ်တိုက်၌..

ကြယ်မြစ် တပိုင်းသူတော်စင် မှာ ဂနာမငြိမ် ဖြစ်နေ၏။

တစ်ယောက်ယောက်က သူ့ကို ဒုက္ခပေးတော့မည့်အလား သူ အမြဲ ခံစားနေရသည်။

သို့သော် သူ့တွင် သက်သေအထောက်အထား မရှိချေ။

အဆုံးအစမဲ့သော ကြယ်တာရာ ဟင်းလင်းပြင်ဝယ်...

ယဲ့ဖုန်းသည် အပျက်အစီးများကြားတွင် ပေါ်လာ၏။

ပတ်ဝန်းကျင်ရှိ ရင်းနှီးနေသော အငွေ့အသက်ကို ခံစားမိလိုက်သောအခါ သူ၏ နှုတ်ခမ်းထောင့်လေး တွန့်ကွေးသွားသည်။

“ဦးချိုမွှေးပွ မျိုးနွယ်စု ရဲ့ ကြယ်တွေက ငါ့ဓားချက်ကြောင့် ပျက်စီးသွားပြီပဲ... ဒါကြောင့် ဦးချိုမွှေးပွ မျိုးနွယ်စု ရဲ့ အရှိန်အဝါကို ငါ အာရုံမခံနိုင်တော့တာကိုး...” ယဲ့ဖုန်းက ခေါင်းကုတ်လိုက်၏။

သူသာ ဤနေရာကို ဖြတ်မသွားမိဘဲ ဤအပျက်အစီးများကို မမြင်တွေ့ခဲ့ရလျှင်၊ ဦးချိုမွှေးပွ မျိုးနွယ်စု ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းကို သူ အမှန်တကယ် သိခဲ့မည် မဟုတ်ချေ။

“အဟမ်း... ဆက်သွားကြစို့...”

ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် ရှက်ရွံ့နေသည့် အမူအရာ ပေါ်လာပြီး အလျင်အမြန် ခရီးဆက်တော့သည်။

ထိုနေ့က ကြယ်မြစ် တပိုင်းသူတော်စင် သည် မြို့ကိုးမြို့ ကြယ်တိမ်တိုက် ၏ ဗဟိုချက်တွင် တင်ပျဉ်ခွေ ထိုင်နေစဉ် ရုတ်တရက် အလိုလို သိမြင်မှု တစ်ခုကို ခံစားလိုက်ရ၏။ သူသည် မိုင်ဘီလီယံ ပေါင်းဆယ်ချီ ကွာဝေးသော နေရာ၊ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ၏ ဘိုးဘေးကြယ် ရှိရာ ဒေသသို့ ကပျာကယာ လှမ်းကြည့်လိုက်၏။

"ဝှစ်..."

တစ်ခုခုကို အာရုံခံမိသွားသဖြင့် သူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ၏ ဘိုးဘေးကြယ် အပြင်ဘက် ဟင်းလင်းပြင် သို့ ခုန်ထွက်သွားလိုက်၏။

တစ်ယောက်ယောက်က ထိုနေရာတွင် ရပ်နေနှင့်ပြီး ဖြစ်သည်။

ထိုပုဂ္ဂိုလ်သည် အရပ်အမောင်း ကောင်းကောင်းဖြင့် မတ်မတ် ရပ်နေကာ ရွှေရောင် ဓား တစ်လက်ကို ကျောတွင်လွယ်ထားပြီး၊ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်မနေသော်လည်း ထိုနေရာတွင် ရပ်နေရုံမျှဖြင့် လှုပ်ခါ၍ မရနိုင်သော အငွေ့အသက် တစ်ခုကို ပေးစွမ်းနေ၏။

“မင်း... မင်းပဲ...”

ကြယ်မြစ် တပိုင်းသူတော်စင် သည် ယဲ့ဖုန်းကို ယခင်က တစ်ခါမှ မမြင်ဖူးသော်လည်း၊ ဤသူမှာ ထိုကြောက်မက်ဖွယ် ဓားချက်ကို ခုတ်ပိုင်းခဲ့သူ ဖြစ်ကြောင်း သေချာပေါက် သိရှိနိုင်သည်။

“မင်းက မြို့ကိုးမြို့ ကြယ်တိမ်တိုက် ရဲ့ အရှင်သခင် ကြယ်မြစ် တပိုင်းသူတော်စင် မဟုတ်လား...”

ယဲ့ဖုန်းက လှည့်ကြည့်လိုက်၏။

မြို့ကိုးမြို့ ကြယ်တိမ်တိုက် သို့ ရောက်ရှိပြီးနောက် ယဲ့ဖုန်းသည် လမ်းပိတ်နေသော ကောင်းကင်ဧကရာဇ် တစ်ပါးကို ပေါ့ပေါ့ပါးပါး ဖိနှိပ်ကာ ဤဒေသ၏ အချက်အလက်များကို ရယူခဲ့သည်။ ထို့ကြောင့် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ၏ ဘိုးဘေးကြယ် တည်နေရာကို သိရှိကာ ကြယ်မြစ် တပိုင်းသူတော်စင် ရှိနေကြောင်းကိုပါ သိခဲ့ရခြင်းပင်။

ထို့ကြောင့် သူက ဤနေရာသို့ လာခဲ့ခြင်း ဖြစ်၏။

“ကြီးမြတ်တဲ့ တာအို ရောင်းရင်း... ခင်ဗျားက ဘယ်သူများပါလဲ ...”

ကြယ်မြစ် တပိုင်းသူတော်စင် က လက်နှစ်ဖက်ကို ဆုပ်မိုးကာ ကပျာကယာ မေးလိုက်ပြီး မရိုမသေ မလုပ်ရဲချေ။

“မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ...”

ယဲ့ဖုန်းသည် မိမိ မည်သူမည်ဝါ ဖြစ်ကြောင်း ဖုံးကွယ်မထားဘဲ ကြယ်မြစ် တပိုင်းသူတော်စင် ကို စတင် အကဲခတ်လိုက်၏။

‘အဆင့် (၄) တပိုင်းသူတော်စင်။

အသက် တစ်သောင်းကျော်။

ခွန်အား တော်တော်လေး ကြီးမားတယ်’

ယင်းမှာ ကြယ်မြစ် တပိုင်းသူတော်စင် အပေါ် ယဲ့ဖုန်း၏ စိတ်ထဲမှ အကဲဖြတ်ချက် ပင် ဖြစ်၏။

“သြော်... ဒါ ဂုဏ်သတင်း ကြီးမားတဲ့ မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ကိုး... ဂိုဏ်းချုပ်ကြီး ဒီကို ဘာကိစ္စများ ရှိလို့ လာရတာလဲ ခင်ဗျာ...”

ကြယ်မြစ် တပိုင်းသူတော်စင် သည် ယဲ့ဖုန်း သို့မဟုတ် မြူခိုးဂိုဏ်း အကြောင်း ယခင်က တစ်ခါမှ မကြားဖူးသော်လည်း၊ အလွန်အကျွံ ချီးမွမ်းခြင်းမှာ မည်သည့်အခါမျှ မမှားနိုင်ကြောင်း ခံစားသိရှိထား၏။

ကြယ်မြစ် တပိုင်းသူတော်စင် က သူ့ကို အချိုသတ်နေခြင်းသာ ဖြစ်ကြောင်း ယဲ့ဖုန်း.. သိသည်။

သူက အောက်ဘက်ရှိ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ၏ ဘိုးဘေးကြယ် ကို လက်ညိုးထိုးပြကာ ခပ်ပြုံးပြုံး ဖြင့် ပြောလိုက်၏။ “သုံးမျက်လုံး တပိုင်းသူတော်စင် က ငါ့ကို သတ်ချင်နေတာ... ဒါကြောင့် သူ့ကို ဓားတစ်ချက်တည်းနဲ့ ခုတ်ပိုင်းလိုက်ရုံကလွဲပြီး ငါ့မှာ တခြား ရွေးချယ်စရာ မရှိဘူး... ငါ ဆက်ပြီး ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ...”

ကြယ်မြစ် တပိုင်းသူတော်စင် ၏ နှုတ်ခမ်းထောင့်လေး တွန့်ကွေးသွား၏။

'သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ကို ဘယ်လို ရှင်းရမလဲ ဆိုတာကို ငါ့ကို လာမေးနေတာလား...'

ကြယ်မြစ် တပိုင်းသူတော်စင်.. နက်နက်နဲနဲ တွေးတောသွားသည်။

မြို့ကိုးမြို့ ကြယ်တိမ်တိုက် တွင် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု သည် လွှမ်းမိုးနိုင်သော အင်အားစု တစ်ခု အဖြစ် သတ်မှတ်ခံရပြီး၊ မကြာခဏ အနိုင်ကျင့် ဗိုလ်ကျကာ ကြီးမားသော လောကများကို အမြဲလိုလို လုယက်တတ်ကြ၏။ ယခုလို အခက်အခဲနှင့် ကြုံတွေ့ရခြင်းမှာ သူတို့နှင့် ထိုက်တန်သည်။

စဉ်းစားပြီးနောက် ကြယ်မြစ် တပိုင်းသူတော်စင် သည် မိမိကိုယ်ကို ပညာရှိစွာ ကာကွယ်ရန် ရွေးချယ်လိုက်၏။

“ဂိုဏ်းချုပ်ယဲ့... သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု က ခင်ဗျားကို စော်ကားမိတာ သူတို့ရဲ့ အပြစ်က သေဒဏ်နဲ့ ထိုက်တန်ပါတယ်... သူတို့ကို စိတ်ကြိုက် ရှင်းပစ်နိုင်ပါတယ် ခင်ဗျာ...”

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း ပြုံးလိုက်၏။

ယင်းမှာ သူ အလိုရှိသော အဖြေပင် ဖြစ်၏။

ထိုသို့ဆိုလျှင် တိုက်ပွဲကို ရှောင်ရှားနိုင်မည်ပင်။

“ဒါဆိုရင်လည်း ဒီကြယ်ကို... ငါတို့ ဒီတိုင်း ထားလိုက်ကြတာပေါ့...” ယဲ့ဖုန်း က ဖြည်းညင်းစွာ ပြောလိုက်ရာ ကြယ်မြစ် တပိုင်းသူတော်စင် မှာ အံ့အားသင့်စွာ မှင်သက်သွားတော့သည်။

ဒီတိုင်း ထားလိုက်မယ် ဟုတ်လား...

ဓားတစ်ချက်တည်းနဲ့ သုတ်သင်ပစ်ရမှာ မဟုတ်ဘူးလား...

အစ်ကိုကြီးရယ်... ဒါက ခင်ဗျားရဲ့ ပုံစံနဲ့ လုံးဝ မတူဘူးလေ...

ကြယ်မြစ် တပိုင်းသူတော်စင် မှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွား၏။

ယဲ့ဖုန်းက သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ကို အကောင်းပကတိ ချန်ထားခဲ့ရသည့် အကြောင်းရင်းမှာ ကောင်းကင်ဧကရာဇ် အဆင့် ဟင်းလင်းပြင် စွမ်းအားများကို အဆုံးအစမဲ့ စုဆောင်းကာ "ဟင်းလင်းပြင် ကျင့်စဉ်" ၏ နောက်ဆက်တွဲ ကျမ်းလိပ်များကို လဲလှယ်ရန် အသုံးပြုနိုင်သောကြောင့် ဖြစ်ကြောင်း သူ လုံးဝ မသိခဲ့ချေ။

“ငါတို့ ဒီကြယ်ကို ထားထားမယ်... ဒါပေမဲ့ ချိတ်ပိတ်ထားမှ ရမယ်...”

ထိုအချိန်တွင် ယဲ့ဖုန်း က ထပ်ဖြည့်ပြောလိုက်၏။

သူသည် လေဝိညာဉ်ပုလဲ ကို ထုတ်ယူကာ လေစွမ်းအင် ဝိညာဉ်ချီ ဒါဇင်ပေါင်းများစွာကို သုံးစွဲပြီး၊ သူ၏ ကိုယ်ပိုင် စွမ်းအားကို အဓိက အရင်းအမြစ် အဖြစ် အသုံးပြုကာ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ၏ ဘိုးဘေးကြယ် ကို ချိတ်ပိတ်ရန် ကြယ်တာရာ ဟင်းလင်းပြင်တွင် ဧရာမ ဝင်္ကပါကြီး တစ်ခုကို ရေးဆွဲလိုက်၏။

“အကုန် ပြီးသွားပြီ...”

ယဲ့ဖုန်း က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

ဝင်္ကပါမှ တစ်ဆင့် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု တွင် တပိုင်းသူတော်စင် များ မကျန်တော့ကြောင်း သူ မြင်တွေ့နိုင်၏။

အစွမ်းအထက်ဆုံး သူများမှာ ကောင်းကင်ဧကရာဇ် တစ်ဒါဇင်ကျော် သာ ရှိတော့၏။

သူတို့၏ စွမ်းအားဖြင့် ဤ ချိတ်ပိတ် ဝင်္ကပါ ကို မည်သို့မျှ ဖျက်ဆီးနိုင်မည် မဟုတ်ဘဲ တစ်သက်လုံး ဤ ဘိုးဘေးကြယ် ပေါ်တွင် ပိတ်မိနေတော့မည်ပင်။

“ဂိုဏ်းချုပ်ယဲ့ က ကြီးမားတဲ့ နတ်ဘုရား စွမ်းရည်တွေကို ပိုင်ဆိုင်ထားတာပဲ...” ကြယ်မြစ် တပိုင်းသူတော်စင် က အခွင့်အရေးကို ဆုပ်ကိုင်ကာ သူ့ကို မြှောက်ပင့် ချီးမွမ်းလိုက်၏။

သူသည် ယဲ့ဖုန်း နောက်ကျောရှိ သူတော်စင် ဧကရာဇ် ဓား ကို အမှတ်မထင် လှမ်းကြည့်မိပြီး ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

'တကယ့်ကို ကြောက်စရာကောင်းတဲ့ ဓားပဲ...'

'ယဲ့ဖုန်း သာ ငါ့ကို အဲဒီဓားနဲ့ ခုတ်ပိုင်းလိုက်ရင်... ငါ သေချာပေါက် ခုခံနိုင်မှာ မဟုတ်ဘူး...'

'အလျှော့ပေးပြီး လက်နက်ချတာက အမှန်ကန်ဆုံး ရွေးချယ်မှုပဲ...'

ကြယ်မြစ် တပိုင်းသူတော်စင် ၏ ရင်တွင်းအတွေးများမှာ ပြဇာတ်ဆန်စွာ ပြည့်နှက်နေ၏။

ကြယ်တာရာ ဟင်းလင်းပြင်တွင်..

ယဲ့ဖုန်းသည် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စု ၏ ဘိုးဘေးကြယ် ကို ချိတ်ပိတ်ပြီးနောက်၊ မိုင်ပေါင်း ထရီလီယံကျော် ကျယ်ဝန်းသော မြို့ကိုးမြို့ ကြယ်တိမ်တိုက် ကို ဝေ့ဝဲကြည့်လိုက်သည်။

“အချင်းက အလင်းနှစ် တစ်နှစ်နီးပါး ရှိတယ်... တော်တော်လေး ကြီးမားတာပဲ...” ယဲ့ဖုန်း တိုးတိတ်စွာ မှတ်ချက်ချလိုက်၏။

သို့သော် မကြာမီမှာပင် တစ်ခုခုကို သတိပြုမိသွားပြီး သူ၏ အနီးရှိ ကြယ်မြစ် တပိုင်းသူတော်စင် ဘက်သို့ လှည့်ကာ ခပ်ပြုံးပြုံး ဖြင့် မေးလိုက်သည်။

“သူတော်စင်တက်လှမ်းခြင်း ကပ်ဘေး ကို မဖြတ်ကျော်နိုင်တာကြောင့်... မင်း စိတ်ဓာတ်ကျနေသလား...”

“ဒုတ်…”

ထိုစကားကို ကြားသောအခါ ကြယ်မြစ် တပိုင်းသူတော်စင် ၏ နှလုံးသား တစ်ချက် ခုန်ရပ်သွားလေတော့၏။

--

All Chapters