အခန်း ၇၃၂
Vol. 49 Ch. 732
အခန်း (၇၃၂) ကံကြမ္မာ ရတနာပုလဲ၊ လင်းဝေ သူတော်စင် ဧကရာဇ်၊ ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး
ယဲ့ဖုန်းသည် အသွင်ပြောင်းသွားသော လေဝိညာဉ်ပုလဲဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားပြီး ဆုပ်ကိုင်လိုက်ရာ အချက်အလက်များစွာကို ချက်ချင်း ရရှိလိုက်၏။
[ကံကြမ္မာ ရတနာပုလဲ - ကြယ်(၁)ပွင့် အဆင့်လွန် ဝိညာဉ်ရတနာ]
[မိတ်ဆက် - လုပ်ဆောင်ချက် အမျိုးမျိုး ပါဝင်သည့် ဘက်စုံသုံး ဝိညာဉ်ရတနာ တစ်ခု ဖြစ်ပြီး လုပ်ဆောင်ချက် အမျိုးမျိုး ပါဝင်သော ကံကြမ္မာ စွမ်းအား (၁၀၀၀) ကိန်းအောင်းနေသည်။ ကံကြမ္မာ စွမ်းအား အားလုံး ကုန်ခမ်းသွားပါက အပြည့်အဝ ပြန်လည် ဖြည့်တင်းရန် (၁၂) နာရီ လိုအပ်သည်။]
[မှတ်ချက် (၁) - ပတ်ဝန်းကျင် လောကမှ ပိုင်ရှင်မဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအားများကို စုပ်ယူကာ သန့်စင်ပြီးနောက် အသုံးပြုသူအတွက် ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲပေးသည်။]
[မှတ်ချက် (၂) - ပတ်ဝန်းကျင်ရှိ စွမ်းအားများကို တက်ကြွစွာ စုပ်ယူပြီး လောကကို ပြန်လည် ပုံဖော်ခြင်း စွမ်းအားအဖြစ် ပြောင်းလဲပေးကာ ၎င်းကို (၃) နှစ်အထိ ဆက်တိုက် စုဆောင်းထားနိုင်ပြီး အလွန်ကြီးမားသော လောကကို ပြန်လည် ပုံဖော်ခြင်း စွမ်းအားကို (၃) ကြိမ်တိုင်တိုင် အသုံးပြုနိုင်သည်။]
[မှတ်ချက် (၃) - မိစ္ဆာချီနှင့် ယင်သတ်ဖြတ်ခြင်း စွမ်းအားကဲ့သို့သော ပတ်ဝန်းကျင်ရှိ အပျက်သဘောဆောင်သည့် လွှမ်းမိုးမှုများကို အလိုအလျောက် စုပ်ယူကာ အသုံးပြုသူကို ကောင်းချီးပေးရန် မြင့်မြတ်သော သတ်ဖြတ်ခြင်း အရှိန်အဝါအဖြစ် ပြောင်းလဲပေးသည်။]
[မှတ်ချက် (၄) - ကောင်းကင်လျှို့ဝှက်ချက်များကို ကြိုတင် ဟောကိန်းထုတ်နိုင်သည်။]
[မှတ်ချက် (၅) - ယုံကြည်မှုစွမ်းအားများကို အရှိန်အဟုန်ဖြင့် စုဆောင်းနိုင်ပြီး ယုံကြည်မှု နတ်ရေကန်ကို ဖန်တီးနိုင်သည်။]
[မှတ်ချက် (၆) - ကောင်းကင်နှင့် မြေကြီး၏ နယ်ပယ်၊ အသုံးပြုသူအတွက် နယ်ပယ်တစ်ခုကို အလိုအလျောက် ဖန်တီးပေးပြီး ထိုနယ်ပယ်အတွင်းတွင် အသုံးပြုသူသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို မိမိကိုယ်ကို သန်မာစေရန်နှင့် ပြိုင်ဘက်ကို အားနည်းစေရန် လွတ်လပ်စွာ အသုံးချနိုင်သည်။]
[ချိတ်ဆက်ထားသူ - ယဲ့ဖုန်း (သီးသန့်)]
“တကယ်ပဲ အသွင်ပြောင်းတာ အောင်မြင်သွားတာပဲ”
“လေဝိညာဉ်ပုလဲက အတိတ်ဖြစ်သွားပြီ... အခုတော့ လုံးဝ အသစ်စက်စက် ကံကြမ္မာ ရတနာပုလဲ ဖြစ်လာပြီကွ”
“လက်ရှိ အဆင့်မှာ ကံကြမ္မာ ရတနာပုလဲက ကြယ်(၁)ပွင့် အဆင့်လွန် ဝိညာဉ်ရတနာ အဆင့်မှာပဲ ရှိသေးတယ်... တိုးတက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိသေးတယ်”
“ကံကြမ္မာ ရတနာပုလဲက မြင့်မြတ်သော လက်နက် ဖြစ်လာတာနဲ့ သူ့ရဲ့ နယ်ပယ်ကို ဖွင့်လိုက်ရုံနဲ့တင် သူတော်စင်အဆင့်က လူတွေကိုတောင် ကန့်သတ်ချုပ်ချယ်ဖို့ လုံလောက်နေပြီ”
“ရှန်ကျိုး တိုက်ကြီးအတွက် အောက်လောကတွေကို တည်ထောင်ပြီး ကောင်းကင်ဘုံရဲ့ အကြွင်းအကျန်များကို အားကောင်းအောင် လုပ်ခဲ့ရတာ အလကားတော့ မဖြစ်ခဲ့ပါဘူး... အခု ဒီလို အသွင်ပြောင်းမှုကို ရလာပြီဆိုတော့ တကယ်ကို ထိုက်တန်ပါတယ်လေ”
ယဲ့ဖုန်းသည် ရင်တွင်း၌ အလွန် ဝမ်းသာပီတိ ဖြစ်လျက် ကံကြမ္မာ ရတနာပုလဲကို အကဲခတ်ကြည့်လိုက်၏။
“အခုဆို ရှန်ကျိုး တိုက်ကြီးမှာ ငါတစ်ယောက်တည်း ကံကြမ္မာရဲ့ သားတော် ဖြစ်မှာ သေချာတယ်... တခြား ရွေးချယ်ခံရသူတွေ ဘယ်လောက်ပဲ ထူးချွန်ပါစေ သူတို့ ကံကြမ္မာရဲ့ သားတော် ဖြစ်လာဖို့ အခွင့်အရေး မရှိတော့ဘူး”
သူသည် ကံကြမ္မာ ရတနာပုလဲကို သိမ်းဆည်းလိုက်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်သည်။
နယ်ပယ်တစ်ခုကို ပိုင်ဆိုင်လိုက်ရပြီ ဖြစ်သဖြင့် ပြိုင်ဘက်ကင်းသည်ဟု ဆိုရမည့် နယ်ပယ်၏ စွမ်းအားကို သူ စမ်းသပ်ကြည့်ချင်နေမိ၏။
သို့သော် စမ်းသပ်စရာ အရာဝတ္ထုများ မရှိပေ။
“ဝိညာဉ်ဝါးမြို မျိုးနွယ်စု၊ ရှေ့ဖြစ်ဟော မျိုးနွယ်စုနဲ့ အစစ်အမှန်နဂါး မျိုးနွယ်စုတွေ အားလုံးက ငါ့ကို အရင်က ပစ်မှတ်ထားခဲ့ကြတာ... သူတို့ဆီ သွားပြီး တံခါး သွားခေါက်သင့်လား”
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။
'တိုက်ခိုက်မယ်...'
'ငါ တိုက်ခိုက်ရမယ်...'
'ပြင်းပြင်းထန်ထန် တိုက်ရမယ်...'
ယဲ့ဖုန်း လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်၏။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော် အဆင်သင့် ဖြစ်ပါပြီဗျ”
ယဲ့ဖုန်း မထွက်ခွာမီ ကြယ်မြစ် တပိုင်းသူတော်စင် ပြုံးရွှင်စွာဖြင့် သူ့အနီးသို့ ပြန်ရောက်လာပြီး စကားစပြောသည်ကို တွေ့လိုက်ရသည်။
ထိုအခါမှ ယဲ့ဖုန်းသည် အဆောင် တမန်တော် ဖြစ်သော ကြယ်မြစ် တပိုင်းသူတော်စင်က မိုးကြိုး အဆောင် အခု (၁၀၀) ကို ဖြန့်ဝေပြီးသွားပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
“မြို့(၉)မြို့ ကြယ်တိမ်တိုက်ထဲမှာ သက်ရှိကြယ် ဘယ်လောက် ရှိလဲ”
ယဲ့ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
အလင်းနှစ် (၁) နှစ် အချင်းရှိသော ဤကြယ်တိမ်တိုက် ငယ်လေးမှာ သေးငယ်သည်ဟု လုံးဝ ဆို၍ မရဘဲ ကြယ်စနစ်ငယ်များစွာ ပါဝင်၏။ သက်ရှိကြယ် နည်းပါးနေရန်မှာ မဖြစ်နိုင်ချေ။
“သက်ရှိကြယ်တွေ အများကြီး ရှိပါတယ်... ဒါပေမဲ့ အလယ်အလတ်ကနေ အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ ရှိတဲ့ ကြယ်ကတော့ သိပ်မများပါဘူး... စုစုပေါင်းမှ အဲဒီလို ကြယ်မျိုး (၁၀၀၀) ဒါမှမဟုတ် (၂၀၀၀) လောက်ပဲ ရှိပါတယ်... မျက်လုံး(၃)လုံး ဟင်းလင်းပြင် ဘီလူး မျိုးနွယ်စုရဲ့ ဘိုးဘေးကြယ် လို အဓိက ကြယ်ကြီးတွေ ဆိုရင်တော့ စုစုပေါင်း (၁၂) လုံးလောက်ပဲ ရှိပါတယ်”
ကြယ်မြစ် တပိုင်းသူတော်စင်က ရှင်းပြလိုက်၏။
စကားပြောဆိုမှုများမှ တစ်ဆင့် မြို့(၉)မြို့ ကြယ်တိမ်တိုက်တွင် တပိုင်းသူတော်စင် တစ်ဒါဇင်ကျော် ရှိပြီး တပိုင်းသူတော်စင် ရှားပါးမှု မရှိကြောင်း ယဲ့ဖုန်း သိလိုက်ရသည်။
မူလနတ်ဘုရားအဆင့်များ ရှိသော သက်ရှိကြယ် အလုံး (၁၀၀) ခန့်သို့ မိုးကြိုး အဆောင်များကို ဖြန့်ဝေပေးပြီး ဖြစ်၏။
ကြယ်မြောက်မြားစွာဖြင့် ဖွဲ့စည်းထားသော မြို့(၉)မြို့ ကြယ်တိမ်တိုက်သည် အားလုံးပေါင်းလိုက်လျှင် ကမ္ဘာလတ်တစ်ခု ဖြစ်လာသည်။ ၎င်း၏ နယ်ပယ်အတွင်း မိုးကြိုး နန်းတော်တွင် ကပ်ဘေး ဖြတ်ကျော်ခဲ့သော မည်သည့် သက်ရှိကြယ်မဆို အမှတ်အသား ပြုခံရမည်ပင်။
သူတို့၏ ကပ်ဘေးများကို ဖြတ်ကျော်နိုင်သူ များလာသည်နှင့်အမျှ မြို့(၉)မြို့ ကြယ်တိမ်တိုက်သည် နောက်ဆုံးတွင် ရှန်ကျိုး တိုက်ကြီး၏ အောက်လောက တစ်ခု ဖြစ်လာမည် ဖြစ်၏။
ဤဖြစ်စဉ်အတွက် လအနည်းငယ်ခန့် ကြာမြင့်မည်ဟု ယဲ့ဖုန်း ခန့်မှန်းလိုက်၏။
“လောလောဆယ် တခြား ဘာမှ မရှိတော့ဘူး ဆိုတော့... ဂိုဏ်းချုပ်အနေနဲ့ ငါ တခြား ကိစ္စတွေကို အာရုံစိုက်ဖို့ လိုသေးတယ်... မင်း ရှေ့ဖြစ်ဟော မျိုးနွယ်စု၊ ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဒါမှမဟုတ် အစစ်အမှန်နဂါး မျိုးနွယ်စုတွေ ဘယ်မှာရှိလဲ သိလား”
“ကျွန်တော် မသိပါဘူး ခင်ဗျာ”
ကြယ်မြစ် တပိုင်းသူတော်စင်က ခေါင်းကို ဆက်တိုက် ရမ်းပြလိုက်သည်။
သူ အပြင်သွားလေ့ သိပ်မရှိဘဲ၊ ရှန်ကျိုးအကြောင်းကို သိသော်လည်း အခြားနေရာများသို့ သူ တစ်ခါမှ မရောက်ဖူးချေ။
“ကြည့်ရတာ သူတို့ကို ရှာဖို့ ငါ့ရဲ့ အလိုလို သိမြင်နိုင်စွမ်းကိုပဲ အားကိုးရတော့မယ့် ပုံပဲ”
ယဲ့ဖုန်း အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်သွား၏။
သူ ကြယ်မြစ် တပိုင်းသူတော်စင်ကို နှုတ်ဆက်ကာ ကြယ်တာရာ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးဆီသို့ ထွက်ခွာသွား၏။
ရွှေနဂါး အကြီးအကဲချုပ်ကို သတ်ဖြတ်ခြင်းမှ ရရှိသော သွေးကြောကို အားကိုးကာ ကောင်းကင်လျှို့ဝှက်ချက်များကို တွက်ချက်ရန် ကံကြမ္မာ စွမ်းအားကို အသုံးပြု၍ ယဲ့ဖုန်း ဦးတည်ရာ တစ်ခုကို သတ်မှတ်လိုက်၏။
“ဗြိ..”
သူ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး တစ်ချက် ခုန်ပျံလိုက်တိုင်း အလင်းနှစ် ရာချီ၊ ထောင်ချီ ဖြတ်ကျော်သွားသည်။ မကြာမီပင် ကြယ်တာရာ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးဆီသို့ ရောက်ရှိသွားတော့သည်။
လနီ ဂိတ်တံခါး၌မူ..
“ဒိုင်း... ဒိုင်း... ဒိုင်း...”
ဟူဖေးဖေးသည် ဟွန်ယွမ် တုတ်တံကို ကိုင်ဆောင်ကာ နေ့ရောညပါ (၂၄) နာရီလုံး လနီ ဂိတ်တံခါးကို မရပ်မနား ထုရိုက်နေပြီး၊ သူမ၏ ရိုက်ချက်များကြောင့် ဟင်းလင်းပြင်ကိုပင် အက်ကွဲစေသော ပဲ့တင်သံကြီးများ ထွက်ပေါ်နေ၏။
အလင်းတံတိုင်း နောက်ကွယ်တွင်..
နတ်ဘုရား မျိုးနွယ်စု၏ အစွမ်းထက် စွမ်းအားရှင် အုပ်စုကြီးသည် နားကို လက်ဖြင့် ပိတ်ထားကြပြီး ဒေါသတကြီး မေးရိုးများ တင်းမာနေကြသည်။
“ဒါကြီးက ပြီးဆုံးမယ့် အချိန်ကော ရှိသေးရဲ့လားဟ”
“လူတွေကို အိပ်ခွင့်လေးတောင် မပေးတော့ဘူးလား”
“ဟူဖေးဖေး... မင်းတော့ ပြီးပြီပဲ... ငါ သတိပေးထားတယ်နော်”
“ညီမလေး ဟူရယ်... နည်းနည်းလောက် တိတ်တိတ် နေပေးလို့ မရဘူးလားဟင်”
“အရှင်မ ဖေးထျန်းရယ်... ကျွန်တော့်ရဲ့ အသက်ကို ချမ်းသာပေးပါဗျာ”
အစပိုင်းတွင် နတ်ဘုရား မျိုးနွယ်စု၏ စွမ်းအားရှင်များသည် မာထန်သော သဘောထားများ ရှိခဲ့ကြပြီး ခြိမ်းခြောက်မှုများ ပြည့်နှက်နေခဲ့သော်လည်း နောက်ပိုင်းတွင်မူ သူတို့၏ မျက်နှာများမှာ စိတ်ဓာတ်ကျမှုများ ပြည့်နှက်လာကာ မိမိသဘောဆန္ဒ အလျောက် နောက်ဆုတ်ပေးလိုက်ကြ၏။ အစမှ အဆုံးအထိ လဝက်သာ ကြာမြင့်ခဲ့သည်။
“အရှင်မ ဖေးထျန်း... ထပ်မထုခင် နာရီဝက်လောက်လေးပဲ ဖြစ်ဖြစ် နားလို့ မရဘူးလား ခင်ဗျာ”
နတ်ဘုရား မျိုးနွယ်စုမှ အဆင့် (၁) တပိုင်းသူတော်စင် တစ်ဦးက ခါးသီးစွာ တောင်းပန်လိုက်၏။
ဟူဖေးဖေးကို အနိုင်မယူနိုင်၍သာ မဟုတ်လျှင်၊ သူသည် ဟူဖေးဖေးကို ဖောက်ခွဲပစ်ရန် လနီ ဂိတ်တံခါးမှ သေချာပေါက် ခုန်ထွက်လာမည်ပင်။
သို့သော် ဟူဖေးဖေးက လုံးဝ ဂရုမစိုက်ချေ။
သူမသည် ပြင်းပြင်းထန်ထန် ဆက်လက် ထုရိုက်နေပြီး အားပါးတရ သိုးမွှေး ညှပ်နေကာ ယနေ့တွင်မှ နောက်ဆုံး၌ ရပ်တန့်သွားတော့သည်။
[ဟူဖေးဖေး ၏ အဆင့်တက် စွမ်းအင် - (၁၀၀%)]
“ဟားဟား...”
“နောက်ဆုံးတော့ စွမ်းအင် လုံလောက်အောင် စုမိသွားပြီ... အရင်ဆုံး ငါ ပြန်အိပ်လိုက်ဦးမယ်... ငါ အသွင်ပြောင်းပြီးတာကို စောင့်... အဲဒီကျရင် ကပ်ဘေး ဖြတ်ကျော်ပြီး နယ်နိမိတ်ကို ချိုးဖျက်ဖို့ ပြန်ထွက်လာခဲ့မယ်... အဲဒီနောက်တော့ သိုးမွှေး ဆက်ညှပ်ရတာပေါ့”
ယခင်အကြိမ် အတွေ့အကြုံအရ သူမ၏ စွမ်းအင် ပြည့်သွားသည်နှင့် တစ်ပြိုင်နက် ဟူဖေးဖေးသည် ဟင်းလင်းပြင်ကို ချက်ချင်း ဆုတ်ဖြဲကာ မြူခိုးဂိုဏ်း၏ ဂိုဏ်းချုပ် ခန်းမဆောင်ကြီးသို့ ပြန်သွားပြီး လှဲအိပ်လိုက်တော့သည်။
တဖြည်းဖြည်းနှင့် သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွား၏။
ဟူဖေးဖေး၏ ပတ်လည်တွင် ပန်းရောင် အလင်းတန်းလေး တစ်ခု တလက်လက် တောက်ပနေပြီး၊ ၎င်းမှာ သူမ အသွင်ပြောင်းကာ အဆင့်တက်နေကြောင်း လက္ခဏာ တစ်ရပ်ပင်။ သူမ နိုးလာသည်နှင့် တစ်ပြိုင်နက် ကပ်ဘေး ဖြတ်ကျော်ကာ နယ်နိမိတ်ကို ချိုးဖြတ်ရန် အဆင်သင့် ဖြစ်နေမည် ဖြစ်၏။
“မြင့်မြတ်သော အရှင်ရဲ့ ကျေးဇူးကြောင့် အရှင်မ ဖေးထျန်း နောက်ဆုံးတော့ ထွက်သွားပြီဟေ့”
လနီ ဂိတ်တံခါး၏ အလင်းတံတိုင်း နောက်ကွယ်ရှိ နတ်ဘုရား မျိုးနွယ်စု စွမ်းအားရှင် ရာဂဏန်းခန့်သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြပြီး သက်တောင့်သက်သာ ဖြစ်သွားကြ၏။
လနီ ဂိတ်တံခါးကို အနီးကပ် စောင့်ကြည့်ရန် မြူခိုးသူတော်စင်၏ အသက်နှင့် ရင်းရမည့် အမိန့်သာ မရှိခဲ့လျှင် သူတို့ အစောကြီးကတည်းက ထွက်ပြေးသွားကြလောက်ပြီ ဖြစ်သည်။
ဝိညာဉ်ကို ဖောက်ထွင်းပြီး မွန်းကျပ်စေသော ဟူဖေးဖေး၏ ထုရိုက်သံများကို မည်သူက ဤနေရာတွင် နေပြီး နားထောင်ချင်မည်နည်း။
*
ထိုအခိုက်..လွင့်မျော တောင်တန်း။
ခမ်းနားကြီးကျယ်သော နန်းတော် တစ်ခုဝယ်..
မြူခိုးသူတော်စင် နောက်ဆုံးတွင် မျက်လုံးဖွင့်လာ၏။ သူ၏ အရှိန်အဝါများ အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားကာ သူ၏ နှုတ်ခမ်းများတွင် ရက်စက်သော အပြုံးပန်း တစ်ခု ပွင့်လန်းလာသည်။
“နောက်ဆုံးတော့ ငါ့ရဲ့ ဆုံးရှုံးမှုတွေကို ပြန်လည် ကုစားနိုင်ခဲ့ပြီ... အဟင်း”
ရုတ်တရက် သူသည် မိုင်ရာပေါင်းများစွာ ကွာဝေးသော နန်းတော် တစ်ခုဆီသို့ လှမ်းကြည့်လိုက်ပြီး လျင်မြန်စွာ ပျံသန်းသွား၏။ ချိတ်ပိတ်ထားသော ထိုနန်းတော်၏ တံခါးများ ဖြည်းညင်းစွာ ပွင့်လာပြီး အနီရောင် အလင်းတန်းများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ထွက်လာသည်ကို သူ မြင်လိုက်ရသည်။
“လင်းဝေ သူတော်စင် ဧကရာဇ်... ခင်ဗျား နောက်ဆုံးတော့ တံခါးပိတ် ကျင့်ကြံရာက ထွက်လာပြီပဲ”
မြူခိုးသူတော်စင်က မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများဖြင့် သူ့ကို နှုတ်ဆက်လိုက်၏။
“သြော်... မြင့်မြတ်သော အရှင်ရဲ့ ကိုးယောက်မြောက် တပည့် မြူခိုးသူတော်စင် ပါလား... မင်း ဘယ်တုန်းက နိုးလာတာလဲ”
“ကျွန်တော် နိုးလာတာ အတန်ကြာပါပြီ”
“လတ်တလော နှစ်တွေမှာ ရှန်ကျိုး တိုက်ကြီးပေါ်မှာ သတိထားမိလောက်အောင် ထင်ရှားတဲ့သူ တစ်ယောက်ယောက် ပေါ်လာသေးလား”
“ပေါ်လာပါတယ်”
“ဘယ်သူလဲ”
“မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်းပါ”
ယဲ့ဖုန်း၏ နာမည်ကို ပြောလိုက်သည်နှင့် မြူခိုးသူတော်စင်သည် အံကြိတ်လိုက်ပြီး သူ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွားတော့သည်။
“ကြည့်ရတာ ဒီလူက တော်တော် စိတ်ဝင်စားဖို့ ကောင်းမယ့် ပုံပဲ”
လင်းဝေ သူတော်စင် ဧကရာဇ်က မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
ကြယ်တာရာ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးဆီတွင်..
ယဲ့ဖုန်းသည် နောက်ဆုံးတွင် အစစ်အမှန်နဂါး မျိုးနွယ်စု၏ နေထိုင်ရာ နေရာကို ရှာတွေ့သွားပြီး သူ၏ ဦးတည်ရာသို့ ရောက်ရှိသွား၏။
ယင်းမှာ အချင်း မိုင် (၁၀၀၀၀၀၀၀) ရှိသော စူပါကြယ်ကြီး တစ်လုံး ဖြစ်၏။
ဤကြယ်ကြီးကို ဝန်းရံလျက် နေမင်းငယ် (၃) စင်းနှင့် လမင်းငယ် (၅) စင်းတို့မှာ အချိန်တိုင်း စနစ်တကျ လှည့်ပတ်နေကြသည်။
ဤနေရာကို အစစ်အမှန်နဂါး နယ်မြေ ဟု လူသိများ၏။
“ဒီကြယ်က ငါ့ကို စိုးရိမ်စေတဲ့ သိမ်မွေ့တဲ့ အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေတယ်... ကြည့်ရတာ အစစ်အမှန်နဂါး မျိုးနွယ်စုက ဒီနေရာကို စောင့်ကြပ်ဖို့ သူတော်စင်အဆင့် စွမ်းအားရှင် တစ်ယောက် ရှိနေပုံပဲ... ဒါဆို ဒါက ကမ္ဘာကြီး တစ်ခုများ ဖြစ်နေမလား”
ယဲ့ဖုန်းသည် အစစ်အမှန်နဂါး နယ်မြေကို စိုက်ကြည့်ရင်း သူ၏ စိတ်ထဲတွင် အတွေးများ ပြည့်နှက်နေ၏။
ယေဘုယျအားဖြင့် ဆိုရလျှင် ကမ္ဘာကြီး တစ်ခုသာလျှင် သူတော်စင်အဆင့်ကို မွေးဖွားပေးနိုင်ပြီး၊ အစစ်အမှန်နဂါး နယ်မြေတွင် သူတော်စင်အဆင့် စွမ်းအားရှင် တစ်ဦး ရှိနေသဖြင့် ယဲ့ဖုန်း ဤသို့ ခန့်မှန်းမိခြင်း ဖြစ်သည်။
အချက်အလက်များကို အတည်ပြု စုဆောင်းရန် ယဲ့ဖုန်းသည် အရာရာကို ပုံဖော်နိုင်သော မျက်လုံးကို ချက်ချင်း အသက်သွင်းလိုက်၏။
[အမည် - အစစ်အမှန်နဂါး နယ်မြေ]
[အဆင့် - ကမ္ဘာလတ် အထွတ်အထိပ်]
[မှတ်ချက် - အစစ်အမှန်နဂါး မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သော ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးသည် သူတော်စင်အဆင့်သို့ တက်လှမ်းရန် ကျရှုံးခဲ့သဖြင့်၊ ခန္ဓာကိုယ်နှင့် တာအိုတို့ကို အတင်းအကြပ် ပေါင်းစပ်ကာ အစစ်အမှန်နဂါး နယ်မြေ၏ ကြယ်အနှစ်သာရထဲသို့ ပေါင်းစပ်ဝင်ရောက်ပြီး ကောင်းကင်တာအို အတု တစ်ခု ဖြစ်လာခဲ့သည်။]
“ခန္ဓာကိုယ်နဲ့ တာအိုကို ပေါင်းစပ်လိုက်တယ် ဟုတ်လား”
ယင်းကို မြင်သောအခါ ယဲ့ဖုန်း အံ့အားသင့်သွားတော့သည်။
--