အခန်း ၇၃၅
Vol. 49 Ch. 735
အခန်း (၇၃၅) အစွမ်းထက်သော ယဲ့ဖုန်း၊ သူတော်စင် နဂါး ၏ အလျှော့ပေးမှု၊ ခေါင်းတလား ၏ အထဲမှ အရာများ
“မင်း ကြောက်နေတာပဲ...”
ယဲ့ဖုန်း က သူတော်စင် ဧကရာဇ် ဓား ကို ကိုင်ဆောင်ထားပြီး သူ၏ အပြုံးများမှာ ပို၍ပင် မောက်မာလာ၏။
သူ၏ လုပ်ရပ်များတွင် လောင်းကစား ဆန်သော အစိတ်အပိုင်း တစ်ခု ပါဝင်နေကြောင်း သူ ဝန်ခံရမည်သာ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ လောင်းကစား အလုပ်ဖြစ်သွားခဲ့၏။
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ၏ အားနည်းချက် မှာ အမှန်တကယ်ပင် ကြယ်အနှစ်သာရ ဖြစ်၏။ အစစ်အမှန်နဂါး နယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် မလိုအပ်ဘဲ ကြယ်အနှစ်သာရ ကို ချေမှုန်းလိုက်ရုံဖြင့် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ၏ အလိုဆန္ဒမှာ ပြိုကွဲသွားပြီး အပြီးတိုင် ပျောက်ကွယ်သွားမည်ပင်။
သို့သော်...
ကြယ်တစ်လုံး အတွက် ကြယ်အနှစ်သာရ မှာ အသက်သွေးကြောပင် ဖြစ်၏။
ယဲ့ဖုန်း သာ ကြယ်အနှစ်သာရ ကို ဖျက်ဆီးလိုက်ပါက ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ကို သုတ်သင်နိုင်မည် မှန်သော်လည်း၊ အစစ်အမှန်နဂါး နယ်မြေ မှာလည်း တဖြည်းဖြည်း ပြိုကွဲ ပျက်စီးသွားမည် ဖြစ်၏။
ထိုသို့ဆိုလျှင် ဆုံးရှုံးမှုမှာ ကြီးမားလွန်းလှသည်။
“ဒါဆို ကောင်းကင်တာအိုတောင်မှ ခေါင်းငုံ့ရတာပေါ့လေ...” ယဲ့ဖုန်း က ဧရာမ နဂါးခေါင်းကြီး ကို ကြည့်ကာ လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ၏ မျက်နှာမှာ နီရဲသွား၏။
“ဒီ သူတော်စင် က ကောင်းကင်တာအို အတု သာ ဖြစ်ပါတယ်... အစစ်အမှန် ကောင်းကင်တာအို မဟုတ်ပါဘူး... တိတိကျကျ ပြောရရင် ကျွန်တော်က အခြား ကျင့်ကြံခြင်း လမ်းကြောင်း တစ်ခုကို လျှောက်လှမ်းခဲ့တာပါ... ပုံသဏ္ဌာန် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိသွားပေမယ့် ဒါက ကျွန်တော်ပါပဲ...”
“အစစ်အမှန် ကောင်းကင်ဘုံ မှာက စိတ်နှလုံး မရှိသလို ဆန္ဒလည်း မရှိဘူး... တာအို ရောင်းရင်း... ခင်ဗျား ဒါကို အရင်က မသိခဲ့တာ ဖြစ်မယ်...” ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး က အလွန် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။
ယဲ့ဖုန်း က ချက်ချင်း ဝင်မတိုက်ခိုက်သည်ကို မြင်သောအခါ အခြေအနေကို ပြန်လည် ပြုပြင်ရန် အခွင့်အရေး ရှိသေးသည်ဟု ခံစားမိသဖြင့် သူ၏ အဆင့်အတန်းကို တဖြည်းဖြည်း လျှော့ချလိုက်၏။
“သြော်... အဲဒီလိုကိုး...”
ယဲ့ဖုန်း ဗဟုသုတ တိုးသွား၏။
သူ ဓားကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
“တာအို ရောင်းရင်း... မလုပ်ပါနဲ့ဗျာ...”
ယင်းကို မြင်သောအခါ ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး က ကပျာကယာ တားမြစ်လိုက်၏။ ယဲ့ဖုန်း က ကြယ်အနှစ်သာရ ကို ဓားဖြင့် ခုတ်ပိုင်းလိုက်မည်ကို သူ ကြောက်ရွံ့နေသည်။
“မင်းတို့ နဂါး မျိုးနွယ်စု က တပိုင်းသူတော်စင် အချို့ရယ်၊ ကောင်းကင်ဧကရာဇ် တစ်ကောင်ရယ်၊ ဟင်းလင်းပြင်ဖြိုခွဲအဆင့် တစ်ကောင်ရယ် ကို ငါ သတ်ခဲ့တယ်လေ... မျိုးနွယ်စု ခေါင်းဆောင် အနေနဲ့ မင်း ငါ့ကို သေချာပေါက် မုန်းနေမှာပဲ... ဒါကြောင့် မင်းကို ငါ အသက်ရှင်ခွင့် ပေးလို့ မဖြစ်ဘူးလေ... ဟုတ်တယ် မဟုတ်လား...” ယဲ့ဖုန်း က ခပ်ပြုံးပြုံး ဖြင့် ပြောလိုက်၏။
“သူတို့က ကျွန်တော်တို့ နဂါး မျိုးနွယ်စု ရဲ့ သစ္စာဖောက်တွေ၊ အရှက်ရစရာ ကောင်တွေပါ... သူတို့ကို သတ်လိုက်ခြင်းအားဖြင့် တာအို ရောင်းရင်း က ကျွန်တော်တို့ နဂါး မျိုးနွယ်စု အတွက် အန္တရာယ် တစ်ခုကို ရှင်းလင်းပေးလိုက်တာပါပဲ... တိတိကျကျ ပြောရရင် ခင်ဗျားကို ကျွန်တော် ကျေးဇူးတောင် တင်ရဦးမယ်...”
'အေးပါကွာ... မင်းရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက် ကို ငါ ကျေးဇူးတင်ပါတယ်...'
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ၏ ရင်တွင်း၌ ဤသို့သာ တွေးနေမိတော့သည်။
“ဒါပေမဲ့ အရင်တုန်းက မင်း ငါ့ကို သတ်ချင်ခဲ့တယ်လေ...”
“တာအို ရောင်းရင်း... အဲဒါက နှလုံးသား နတ်ဆိုး ဝင်သွားလို့ပါ... ငါ တောင်းပန်ပါတယ်... ခင်ဗျား တောင်းဆိုတဲ့ ဘယ်လျော်ကြေး ကိုမဆို ပေးဖို့ ကျွန်တော် သဘောတူပါတယ်...” ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး က ပြောလိုက်၏။
“တကယ်လား...”
ယဲ့ဖုန်း ပြုံးလိုက်သည်။
ဒါက သူ အလိုရှိသော အရာပင် ဖြစ်၏။
အစစ်အမှန်နဂါး နယ်မြေ မှာ တကယ်ကို ကျယ်ပြောလွန်းလှသည်။
ဤနေရာသာ ရှန်ကျိုး တိုက်ကြီး ၏ အောက်လောက ဖြစ်လာပါက ကောင်းကင်တာအို၏ အကြွင်းအကျန်များ မှာ အချိန်တိုအတွင်း သိသိသာသာ အားကောင်းလာမည်ပင်။
ထို့အပြင် သူသည် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ကိုပါ အလွယ်တကူ ကျွန်အဖြစ် ခိုင်းစေနိုင်မည်လေ။
ကံကြမ္မာ၏ သားတော် တစ်ဦး အနေဖြင့် သူ၏ အကျိုးအမြတ်များ မှာလည်း နည်းပါးမည် မဟုတ်ချေ။ ကံကြမ္မာ ရတနာပုလဲ ကိုပင် ကြီးမားစွာ အဆင့်မြှင့်တင် ပေးနိုင်ပေလိမ့်မည်။
"ငါ မင်းကို လိမ်နေတာ" ဟု အထင်းသား ရေးထားသော ယဲ့ဖုန်း ၏ မျက်နှာကို ကြည့်ပြီး ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး သည် သူ မြန်မြန်ဆန်ဆန် သဘောတူလိုက်မိသလားဟု တွေးတောနေမိ၏။
“ငါ မင်းကို ချမ်းသာပေးမယ်...”
“ဒါပေမဲ့ ဒီကစပြီး အစစ်အမှန်နဂါး နယ်မြေ မှာ ငါလုပ်သမျှ ကိစ္စတွေကို မင်း ဝင်မစွက်ဖက်ရဘူး... နားလည်လား...” ယဲ့ဖုန်း က အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။
“သဘောတူပါတယ်...” ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး က ခေါင်းညိတ်လိုက်၏။
သူ၏ အသက်ကို ကယ်တင်ရန် ယခုလောလောဆယ် ယဲ့ဖုန်း ၏ တောင်းဆိုချက် အားလုံးကို ဖြည့်ဆည်းပေးရန် သူ ဆုံးဖြတ်လိုက်သည်။ ယဲ့ဖုန်း ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် အစစ်အမှန်နဂါး နယ်မြေ တစ်ခုလုံးကို ယူဆောင်ကာ မည်သူမျှ ရှာမတွေ့နိုင်သော နေရာသို့ ချက်ချင်း ထွက်ပြေးမည်ပင်။
“ဝှီး...”
ယဲ့ဖုန်း သည် ကြယ်အနှစ်သာရ မှ ထွက်ခွာသွား၏။
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး သည် ယဲ့ဖုန်း ဖောက်ခွဲခဲ့သော မြေအောက် လမ်းကြောင်းကို ပိတ်ဆို့ရန် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား များကို လျင်မြန်စွာ ထိန်းချုပ်လိုက်ရာ တစ်ခါမှ မပွင့်ဟခဲ့ဖူးသည့်အလား ဖြစ်သွားတော့သည်။
*
အစစ်အမှန်နဂါး နယ်မြေ ၏ မြေပြင်ပေါ်တွင်..
ယဲ့ဖုန်း သည် သူတော်စင် ဧကရာဇ် ဓား ကို ကျောတွင်လွယ်ကာ အဖွဲ့ဝင် ထောင်ပေါင်းများစွာ ရှိသော ဂိုဏ်း တစ်ခုဆီသို့ ရောက်ရှိလာ၏။
ထိုအခိုက်အတန့်တွင်..
ဂိုဏ်းမှာ အစည်းအဝေးကြီး တစ်ခု ကျင်းပနေသည်။
ခန်းမဆောင်ကြီး အတွင်း၌..
မူလနတ်ဘုရားအဆင့် အထွတ်အထိပ် တွင် ရှိသော ဂိုဏ်းချုပ်၊ မူလနတ်ဘုရားအဆင့် အတွင်းတပည့် အကြီးအကဲ (၁၂) ဦး နှင့် ဝိညာဉ်ပင်လယ်အဆင့် ပြင်ပတပည့် အကြီးအကဲ ရာပေါင်းများစွာ တို့ အားလုံး စုရုံးနေကြ၏။
“ဝှီး...”
ယဲ့ဖုန်း သည် ခန်းမဆောင်ကြီး အတွင်း လေဟာနယ်မှ ရုတ်တရက် ပေါ်လာ၏။ သူ၏ မျက်နှာကို မြူခိုးများဖြင့် ဖုံးကွယ်ထားသဖြင့် အစစ်အမှန် မျက်နှာကို မည်သူမျှ မမြင်နိုင်ချေ။ ဂိုဏ်းချုပ် စကားစပြောရန် ပြင်လိုက်စဉ် ရှေးဟောင်း ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထားသော ခန့်ညားသည့် ပုံရိပ်တစ်ခု အပို ရောက်လာကြောင်း ရုတ်တရက် သတိပြုမိသွားသည်။
“ဟင်... ဘာတွေ ဖြစ်နေတာလဲ...”
ဂိုဏ်းချုပ် မျက်တောင်ခတ်လိုက်၏။ သူ အမြင်မှားနေသည်ဟု ထင်လိုက်မိသည်။
“မင်းက ဘယ်သူလဲ...”
မူလနတ်ဘုရားအဆင့် (၃) တွင် ရှိသော အတွင်းတပည့် အကြီးအကဲ တစ်ဦးက ယဲ့ဖုန်း ကို စိုက်ကြည့်ကာ မတ်တတ်ရပ်ပြီး ကျယ်လောင်စွာ မေးလိုက်၏။
ယဲ့ဖုန်း သည် ထိုသူကို ပြန်မဖြေချေ။
သူ၏ နေရာတွင် ရပ်လျက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေ၏။ အစွမ်းထက်သော ကောင်းကင်နှင့် မြေကြီး၏ နယ်ပယ် သည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ဤကျင့်ကြံသူများ အားလုံးသည် ဆူးပုံ ပေါ် ထိုင်နေရသကဲ့သို့ ခံစားလိုက်ရပြီး၊ သူတို့၏ ပခုံးများမှာ တောင်တစ်တောင် ၏ အလေးချိန်ကို ထမ်းထားရသကဲ့သို့ ဖြစ်သွားကာ လှုပ်ရှား၍ မရတော့ချေ။
“ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဘိုးဘေး တစ်ယောက်ပါလား...”
ဂိုဏ်းချုပ် ၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွား၏။
“ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဟုတ်လား...”
ယဲ့ဖုန်း ပြုံးလိုက်သော်လည်း အစစ်အမှန် အပြုံးတော့ မဟုတ်ချေ။
သူ လက်ဆန့်ထုတ်ကာ မိုးကြိုး အဆောင် ဆယ်ခုကျော် ကို ပစ်ထုတ်လိုက်ရာ ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ပြင်ပတပည့် အကြီးအကဲ အချို့၏ ရှေ့တွင် လွင့်မျောသွားသည်။
“ဒီပစ္စည်းတွေကို သန့်စင်လိုက်...”
ယဲ့ဖုန်း က အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်၏။
လွှမ်းမိုးနိုင်သော ဖိအားများကြောင့် ဤလူများ မငြင်းဆန်ရဲကြချေ။ သူတို့သည် မိုးကြိုး အဆောင် များကို ကပျာကယာ သန့်စင်လိုက်ကြရာ၊ သူတို့၏ ခန္ဓာကိုယ်များတွင် ပြင်းထန်သော မိုးကြိုး အလင်းတန်းများ လျင်မြန်စွာ တလက်လက် တောက်ပလာပြီး ဘေးနားရှိ လူများကို အထိတ်တလန့် ဖြစ်သွားစေတော့သည်။
နောက်တစ်စက္ကန့်တွင်..
ယဲ့ဖုန်း ပျောက်ကွယ်သွားချေပြီ။
တစ်ရက်တည်း အတွင်းမှာပင် သူသည် အစစ်အမှန်နဂါး နယ်မြေ တွင် မိုးကြိုး အဆောင် တစ်သောင်းခန့် ကို ဖြန့်ဝေခဲ့ပြီး အားလုံးကို အခြားသူများက သန့်စင်သွားခဲ့ကြတော့သည်။
အချို့မှာ ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်၊ အချို့မှာ မူလနတ်ဘုရားအဆင့် အထွတ်အထိပ် တွင် ရှိကြပြီး၊ ဟင်းလင်းပြင်ဖြိုခွဲအဆင့် တွင် ကပ်ဘေး ဖြတ်ကျော်ရန် သင့်တော်သော အကြီးအကဲ များနှင့် ဘိုးဘေး အချို့ ပင်လျှင် မိုးကြိုး အဆောင် များကို သန့်စင်ခဲ့ကြ၏။
ထိုနေ့မှာပင် လူများစွာ ကပ်ဘေး စတင် ဖြတ်ကျော်ကြတော့သည်။
ကောင်းကင်ယံရှိ လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားထည်ဝါသော မိုးကြိုး နန်းတော် ကြီးကို ရင်ဆိုင်ရသောအခါ သူတို့ အတိုင်းမသိ အံ့အားသင့်သွားကြ၏။
ယဲ့ဖုန်း သည် ကောင်းကင်ကပ်ဘေး များကြားရှိ အချိန်ကွာဟချက်များကို တိုးမြှင့်ပေးထားသဖြင့်၊ အများစုမှာ ကပ်ဘေးကို ခံနိုင်ရည် ရှိခဲ့ကြပြီး မိုးကြိုး နန်းတော် အတွင်းရှိ မိုးကြိုးရေကန် ထဲသို့ ဝင်ရောက်နိုင်ခဲ့ကြ၏။
ဤတစ်ကြိမ်တွင် သူတို့ ကုသိုလ်မှတ်တမ်း စာရင်း ကို မမြင်တွေ့ခဲ့ရချေ။
ရှန်ကျိုး တိုက်ကြီး အကြောင်း စောစီးစွာ ပေါက်ကြားမသွားစေဖို့ ယဲ့ဖုန်း က တမင် ဖယ်ရှားထားခဲ့ခြင်းပါ။
“သူ အတိအကျ ဘာလုပ်နေတာလဲ...”
ကြယ်အနှစ်သာရ အတွင်း၌ ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး မှာ ဇဝေဇဝါ ဖြစ်နေသည်။
အစစ်အမှန်နဂါး နယ်မြေ မှ ကျင့်ကြံသူ အများအပြားသည် သူတို့၏ ကပ်ဘေးများကို ဖြတ်ကျော်ရန် မိုးကြိုး နန်းတော် ကို အသုံးပြုလိုက်ကြသည်နှင့်အမျှ၊ ရှန်ကျိုး တိုက်ကြီး မှ ကောင်းကင်တာအို၏ အကြွင်းအကျန်များ သည် အစစ်အမှန်နဂါး နယ်မြေ ကို အခိုင်အမာ အမှတ်အသား ပြုလိုက်ပြီး တိတ်တဆိတ် ဆင်းသက်လာပြီ ဖြစ်ကြောင်း သူ လုံးဝ မသိခဲ့ချေ။
“ဝူး.. ဝေါ..”
ကောင်းကင်တာအို၏ အကြွင်းအကျန်များ ၏ အငွေ့အသက်များသည် အစစ်အမှန်နဂါး နယ်မြေ ၏ ကြယ်အနှစ်သာရ အတွင်းသို့ စိမ့်ဝင်သွားလေသည်။ ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး က ကြယ်အနှစ်သာရ ပေါ်တွင် တံဆိပ်ရိုက်နှိပ်ထားသော အရင်းအမြစ် အမှတ်အသား များကို ရှာဖွေကာ၊ ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး သတိမထားမိဘဲ ၎င်းတို့နှင့် ဖြည်းညင်းစွာ ပေါင်းစပ်သွားကြ၏။
ရှန်ကျိုး တိုက်ကြီး ၏ ကောင်းကင်ဘုံ အဆင့်မှာ မြင့်မားလှသည်။
အကြွင်းအကျန် များသာ ဖြစ်သော်ငြား၊ သူတို့၏ နယ်မြေ အဆင့်မှာ ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ထက် များစွာ သာလွန်၏။ ယဲ့ဖုန်း ၏ အကူအညီဖြင့် သူတို့သည် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ၏ အရင်းအမြစ် အမှတ်အသား များကို တဖြည်းဖြည်း သန့်စင်လိုက်ပြီး အစစ်အမှန်နဂါး နယ်မြေ ကို အောက်လောက တစ်ခု အဖြစ် ပြောင်းလဲပစ်တော့မည်ပင်။
ထိုအချိန်ရောက်လျှင် သူတို့သည် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ကို လုံးဝ ထိန်းချုပ်နိုင်မည် ဖြစ်၏။ သူ နှစ်သက်သည် ဖြစ်စေ မနှစ်သက်သည် ဖြစ်စေ ယဲ့ဖုန်း ကို အစေခံရတော့မည်ပင်။
ဤအချက်ကို ယဲ့ဖုန်း တစ်ယောက်တည်းသာ သိသည်။
သူသည် မိုးကြိုး အဆောင် သောင်းနှင့်ချီ ထပ်မံ ဖြန့်ဝေပြီးနောက် အစစ်အမှန်နဂါး နယ်မြေ မှ ထွက်ခွာကာ ကြယ်တာရာ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးဆီသို့ ဝင်ရောက်သွား၏။
ထိုနေရာတွင် ကျောက်ခေါင်းတလား တစ်ခု တိတ်ဆိတ်စွာ မျောလွင့်နေသည်။
၎င်းမှာ မီတာ တစ်ရာ မြင့်ပြီး မီတာ ရှစ်ဆယ် ကျယ်ကာ မီတာ သုံးရာ ရှည်လျား၏။ ယင်းမှာ မြကျောက် နဂါး၊ အဖြူရောင် နဂါး နှင့် အဝါရောင် နဂါး တပိုင်းသူတော်စင် သုံးဦး တို့က ရှေးဟောင်း ဒေသတစ်ခုတွင် တိုက်ပွဲဝင်ပြီးနောက် ပြန်လည် သယ်ဆောင်လာသော စစ်ပွဲ အောင်ပွဲခံ ပစ္စည်းပင် ဖြစ်သည်။
“တော်တော်လေး လေးတာပဲ...”
ယဲ့ဖုန်း သည် ရှေးဟောင်း ထာဝရ ကျောက်ခေါင်းတလား ကို ရွှေ့ရန် ကြိုးစားကြည့်သော်လည်း ၎င်းမှာ ကမ္ဘာငယ်လေး တစ်ခုပမာ ကြယ်တာရာ ဟင်းလင်းပြင် ထဲတွင် အမြစ်တွယ်နေပြီး ရွေ့လျား၍ မရနိုင်ကြောင်း တွေ့ရှိရ၏။ ထို့ကြောင့်သာ နဂါး မျိုးနွယ်စု မှ တပိုင်းသူတော်စင် သုံးဦး သည် ၎င်းကို ရွေ့လျားစေရန် သူတို့၏ အစစ်အမှန်နဂါး ပုံစံ ဖြင့် အစွမ်းကုန် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။
“ဒါ ထာဝရ ရှေးဟောင်း ဧကရာဇ် ရဲ့ ကျောက်ခေါင်းတလား ပဲ...”
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး လည်း ထို ကျောက်ခေါင်းတလား ကို သတိပြုမိသွားသော်လည်း သူ သိပ်စိတ်မဝင်စားချေ။
သူ၏ ခန္ဓာကိုယ်နှင့် တာအို ကို ပေါင်းစပ် ကျင့်ကြံသော လမ်းစဉ်သို့ ဝင်ရောက်ပြီးကတည်းက အခြား ကောင်းကင်နှင့် မြေကြီး ရတနာ များက သူ့ကို စိတ်ဝင်စားမှု မပေးနိုင်တော့ချေ။
သို့သော် ထာဝရ ရှေးဟောင်း ဧကရာဇ် အပေါ်တွင်မူ သူ တော်တော်လေး နက်နဲသော အထင်ကြီး လေးစားမှု ရှိခဲ့ပါ၏။
ထို ဧကရာဇ် သည် သူ၏ တစ်သက်တာလုံး စစ်ပွဲများဖြင့် ပြည့်နှက်နေသော တောက်ပသည့် ဘဝခရီးလမ်း တစ်ခုကို ပိုင်ဆိုင်ခဲ့သည်။
သို့သော် အဆုံးတွင် ထာဝရ ရှေးဟောင်း ဧကရာဇ် သည် သူတော်စင်အဆင့် ကို မရောက်ရှိနိုင်ခဲ့ဘဲ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးတွင် ဇရာရ၍ သေဆုံးသွားခဲ့ကာ၊ သူ၏ ကျောက်ခေါင်းတလား ထဲတွင်ပင် အမြှုပ်မခံခဲ့ရပေ။ တကယ်ကို ဝမ်းနည်းစရာ ကောင်းသော ဇာတ်လမ်း တစ်ပုဒ်ပင်။
ကြယ်တာရာ ဟင်းလင်းပြင် ထဲတွင်..
ယဲ့ဖုန်း သည် ရှေးဟောင်း ထာဝရ ကျောက်ခေါင်းတလား ပေါ်သို့ ဆင်းသက်လိုက်၏။
“ပွင့်စေ...”
သူသည် အဖုံးကို မရန် ကြိုးစားလျက် ကျောက်ခေါင်းတလား ၏ မျက်နှာပြင်ကို ကုတ်ခြစ်လိုက်သော်လည်း လုံးဝ မဖြစ်နိုင်ကြောင်း တွေ့လိုက်ရသည်။
ရှေးဟောင်း ထာဝရ ကျောက်ခေါင်းတလား မှာ အလွန် ထူးဆန်းလှ၏။
၎င်းကို ဖွင့်ရန် ရုပ်ခန္ဓာ ခွန်အား ကိုသာ အသုံးပြုနိုင်သည်။
ဤအချက်က စမ်းသပ်မှု တစ်ခုနှင့် တူ၏။
“ငါ မဖွင့်နိုင်ဘူး ဆိုတာ လုံးဝ မယုံဘူးကွ...”
ယဲ့ဖုန်း သည် ရှေးဟောင်း ထာဝရ ကျောက်ခေါင်းတလား ကို ရစ်ပတ်ထားသော သံကြိုး သုံးချောင်းကို ဆွဲကိုင်ကာ ကောင်းကင်နှင့် မြေကြီး၏ နယ်ပယ် ကို အသက်သွင်းလိုက်သည်။ ၎င်းကို ကျယ်ပြောလှသော အစစ်အမှန်နဂါး နယ်မြေ ထဲသို့ ဆွဲသွင်းကာ တောင်ကမ္ဘာခြမ်းရှိ သမုဒ္ဒရာ အနက်ရှိုင်းဆုံးဆီသို့ ကျဆင်းသွားစေ၏။
"ဝုန်း"
ခေါင်းတလား ကြီး ပြုတ်ကျသွားရာ မီတာ တစ်ထောင်ခန့် မြင့်သော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသော်လည်း ယဲ့ဖုန်း က လျင်မြန်စွာ ငြိမ်သက်သွားစေခဲ့၏။
သမုဒ္ဒရာ အနက်ရှိုင်းဆုံးဆီတွင်..
ယဲ့ဖုန်း သည် သူ၏ ရုပ်ခန္ဓာ ခွန်အား ကို အကန့်အသတ်အထိ အသုံးပြုလိုက်ရာ နောက်ဆုံးတွင် ရှေးဟောင်း ထာဝရ ကျောက်ခေါင်းတလား ၏ အဖုံးမှာ ပွင့်သွားပြီး မီတာ တစ်ဝက်ခန့် အက်ကွဲကြောင်း တစ်ခု ပေါ်လာတော့သည်။
“ဝှီး...”
အက်ကွဲကြောင်းမှ ဖြူဖျော့ဖျော့ အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အထူး အကာအကွယ် တစ်ခုကို ဖန်တီးကာ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများ အားလုံး ခေါင်းတလား ထဲသို့ မဝင်ရောက်နိုင်အောင် တားဆီးပေးလိုက်၏။
ယဲ့ဖုန်း သည် အဖုံးပေါ်တွင် ရပ်လျက် အတွင်းသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ဧရာမ သန်မာထွားကြိုင်းသော ကြေးညိုရောင် လက်မောင်းကြီး တစ်ခု ရှိနေပြီး၊ ကမ္ဘာတစ်ခု၏ အလေးချိန်ဖြင့် လေးလံနေ၏။
“ဘယ်လိုလုပ် လက်မောင်း တစ်ဖက်တည်း ဖြစ်နေရတာလဲ...”
တိတ်တဆိတ် ကြည့်ရှုနေသော ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး လည်း မှင်သက်သွားတော့သည်။
ထာဝရ ရှေးဟောင်း ဧကရာဇ် ဖန်တီးခဲ့သော ကြယ် (၄) ပွင့် အဆင့်လွန် ဝိညာဉ်ရတနာ ဖြစ်သည့် ရှေးဟောင်း ထာဝရ ကျောက်ခေါင်းတလား ထဲတွင် လက် တစ်ဖက်တည်း ရှိနေတယ် ဟုတ်လား။
ဒါ ဘယ်သူ့ လက်လဲ။
ဤမေးခွန်းမှာ ယဲ့ဖုန်း နှင့် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး တို့ နှစ်ဦးစလုံး၏ စိတ်ထဲတွင် ရိုက်ခတ်လာပြီး သူတို့၏ အံ့အားသင့်မှုများကို ပိုမို တိုးပွားလာစေတော့သည်။
--