အခန်း ၁၀၅၁
Vol. 71 Ch. 1051
အခန်း ၁၀၅၁ - သူနောက်နေတာမဟုတ်ဘူး
"စကြဝဠာအမှတ်၇က ဘာလုပ်ချင်နေတာလဲ"
"မင်းပြောတာ ဘာသဘောလဲ။ သူတို့က ဒီမှာ သားရဲတိုက်ပွဲကွင်း တည်ဆောက်ချင်နေတာလား။ သူတို့က နောက်ဆုံးကျန်ရစ်မယ့်လူတွေ ဖြစ်မယ်လို့ တကယ်ထင်နေကြတာလား"
"ငတုံးတွေ.. မင်းတို့ သတင်းမကြားကြဘူးလား။ အခုလေးတင် စကြဝဠာအမှတ်၇က သူတို့ရဲ့ တည်နေရာတွေကို ကြေညာလိုက်တော့ စကြဝဠာပေါင်း၁၅၀ကျော်က သူတို့ကို တိုက်ခိုက်ဖို့ တပ်ဖွဲ့တွေ စေလွှတ်ခဲ့ကြတယ်လေ။ အခုတော့ အဲဒီတပ်ဖွဲ့တွေထဲက တစ်ခုမှတောင် အသက်မရှင်တော့ဘူး။ အဆင့်ရှစ်သက်ရှိတွေတောင် အများကြီးသေသွားကြတာ။ သူတို့ကို ငတုံးတွေလို့ မင်းတို့ ထင်နေသေးတာလား"
"စကြဝဠာအမှတ်၇မှာ အဲဒီလိုစွမ်းရည်မျိုး ရှိတယ်ပေါ့"
"သူတို့က တစ်ချက်ပစ်လိုက်တာနဲ့ စစ်သင်္ဘော သောင်းနဲ့ချီပြီး ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်အသစ်တစ်မျိုးကို တီထွင်ထားကြတယ်။ ပုံမှန်တပ်ဖွဲ့တစ်ခုဆိုရင် ဒီလက်နက်နဲ့ ဆယ်ချက်လောက် ပစ်လိုက်တာနဲ့ အမြစ်ပြတ်သွားနိုင်တယ်။ အရင်က တိုက်ခိုက်ခံခဲ့ရတဲ့ အခြေစိုက်စခန်းမြို့တော်တွေလည်း ဒီလက်နက်နဲ့ပဲ ခံလိုက်ရတာလို့ ငါသံသယဖြစ်မိတယ်"
"ဒါဆိုရင် ငါတို့ ဘယ်လိုလုပ်တိုက်ကြမလဲ။ သူတို့ရဲ့ယာဉ်တန်းက အချိန်တိုအတွင်းမှာ ငါတို့အားလုံးကို အမြစ်ဖြုတ်ပစ်နိုင်တယ်မဟုတ်ဘူးလား"
"အချက်နည်းနည်းလောက်ပစ်ရုံနဲ့တင် တပ်ဖွဲ့တစ်ခုကို ဖျက်ဆီးပစ်နိုင်တယ်။ ပြီးတော့ ဒီမှာရှိတဲ့ တပ်ဖွဲ့စုစုပေါင်းကလည်း နှစ်သောင်းကနေ သုံးသောင်းလောက်ပဲ ရှိတာလေ"
တစ်နည်းအားဖြင့် ပြောရလျှင် ဤလက်နက်ကို အသုံးပြုရသည့် ကုန်ကျစရိတ်က သိပ်မများလျှင် သူတို့အနေနှင့် တပ်ဖွဲ့တစ်ခုတည်းဖြင့် ဤစစ်မြေပြင်တစ်ခုလုံးကို ရှင်းလင်းပစ်နိုင်သည်။
လူတော်တော်များများ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။ စကြဝဠာအမှတ်၇က ယခုလိုအချိန်မှာ စွမ်းအားကြီးစကြဝဠာပေါင်းသုံးထောင်ကျော်ကို တစ်ယောက်တည်း စိန်ခေါ်မည့် မထင်မှတ်ထားသော မြင်းနက်တစ်ကောင် ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြချေ။
"ဒါ... ဒါကို ငါတို့က ဘယ်လိုယှဉ်တိုက်နိုင်မှာလဲ"
ဤလက်နက်အကြောင်း ယခုမှကြားဖူးသူများမှာ ယှဉ်ပြိုင်လိုစိတ်များ ချက်ချင်း ပျောက်ဆုံးသွားကြတော့သည်။
သူတို့ ဤနေရာကိုလာရသည့် အကြောင်းအရင်းက အားလုံး၏ တိုက်ခိုက်ရေးစွမ်းအားများက ဆင်တူနေပြီး နှစ်ဖက်စလုံးက မျှမျှတတတိုက်ခိုက်နိုင်ဖို့အတွက် စည်းမျဉ်းတစ်ခု သတ်မှတ်နိုင်၍ပင်။ လက်နက်အင်အား ကွာဟချက်များ ရှိနေလျှင်ပင် ဤသည်မှာ သာမန်မျက်စိနှင့် မြင်နိုင်သောအရာများဖြစ်လေရာ လူတိုင်းတွင် စစ်ပွဲကိုအနိုင်ရဖို့ အခွင့်အရေး ကိုယ်စီရှိနေခဲ့သည်။
သို့သော် စကြဝဠာအမှတ်၇၏ လက်နက်ကတော့ လှည့်စားထားသလိုပင်။ တပ်ဖွဲ့တစ်ခုကို ဆယ်ချက်တည်းနှင့် ရှင်းပစ်နိုင်သည်မှာ နည်းပညာပိုင်းအရ အဆင့်အတန်း အလွန်ကွာဟလွန်းသည့် တိုက်ခိုက်မှုမျိုး ဖြစ်နေလေရာ သူတို့က ဘယ်လိုလုပ်ယှဉ်နိုင်တော့မည်နည်း။
ထိုသို့သာဆိုလျှင် ဤနေရာတွင် ဘာကြောင့် ဆက်နေမည်နည်း။ အသေခံဖို့လား။
"သွားမယ်။ ငါတို့ ဆုတ်ခွာကြစို့"
"ငါတို့တော့ ထွက်ပြီ။ စကြဝဠာအမှတ်၇နဲ့ တခြား စွမ်းအားကြီးစကြဝဠာတွေပဲ ချကြပါစေတော့။ ဒါက ငါတို့ဝင်ပါလို့ရတဲ့ စစ်ပွဲမျိုး မဟုတ်ဘူး"
ဤအချက်ကို သဘောပေါက်သွားသောအခါ တပ်ဖွဲ့တော်တော်များများက တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။ နောက်ဆုံးတွင် ဘာအဓိပ္ပာယ်မှ မရှိတော့ပါက ဘာကြောင့်များ ဆက်လုပ်နေဦးမည်နည်း။
အိမ်ပြန်တာကမှ ပိုကောင်းဦးမယ်။
...
"ဟိုအနီရောင်ခံတပ်အတားအဆီးကြီးက ဘာကြီးလဲ"
တပ်ဖွဲ့တစ်ခုမှာ ထိုနေရာက ဆုတ်ခွာရန် ပြင်ဆင်နေသော်ငြား ထိုအနီရောင်တံတိုင်းကြီးက သူတို့ကို ကျောချမ်းစရာ ခံစားချက်တစ်ခု ပေးစွမ်းနေသည်။
"တပ်မမှူး... ကျွန်တော်တို့ ထွက်သွားလို့မရတော့ဘူး"
သင်္ဘောပေါ်ရှိ နည်းပညာရှင်တစ်ယောက်က ထိုတံတိုင်း၏ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာနေသော်လည်း ရလဒ်များက သူ့ကို အလွန်အမင်း တုန်လှုပ်သွားစေသည်။
ဤသည်မှာ စွမ်းအားကြီးမားလှသော စကြဝဠာမူလစွမ်းအင်များ စုစည်းထားသည့် အကာအကွယ်တစ်ခုပင်။ စွမ်းအားကြီးမားလှသော ဤစွမ်းအင်က နေရာလွတ်တံတိုင်းကို ဖွင့်ချလိုက်ခြင်းဖြစ်ပြီး ထိုအထဲတွင် နေရာလွတ်မုန်တိုင်း၏ နေရာလွတ်လျှပ်စီးအများကြီး ရှိနေချေသည်။
ဤသည်မှာ သဘာဝတရားတွင် တည်ရှိနေသည့် အရာတစ်ခုဖြစ်ပြီး အာကာသကွေးညွတ်ခရီးစဉ်များနှင့် တွင်းနက်ခရီးစဉ်များ သွားသည့်အခါမျိုးတွင် ယခုလိုကောင်းကင်ကိုယ်ထည်မျိုးနှင့် ကြုံတွေ့ရနိုင်ခြေ ရှိတတ်သည်။ အဆင့်ရှစ်သက်ရှိများပင် နေရာလွတ်ဥပဒေသများကို နားလည်သဘောပေါက်မထားလျှင် ဤသို့သော နေရာလွတ်မုန်တိုင်းများနှင့် အာကာသတွင်းနက်များထဲတွင် သေဆုံးသွားနိုင်သည်။
ထို့ပြင် အာကာသယာဉ်တစ်စင်းအနေနှင့် ဤသို့သောနေရာမျိုးကို ဖြတ်သန်းသွားရန်မှာ စိတ်ကူးယဉ်ဆန်လွန်းလှသည်။ ဤသည်မှာ ကိုယ့်သေတွင်းကိုယ် တူးနေသည့်အလားပင်။
"ငါတို့က ဒီတံတိုင်းကြီးထဲမှာ အပိတ်ခံလိုက်ရပြီလို့ ပြောချင်တာလား"
တပ်မှူးက အရေးကြီးသည့်အချက်ကို ချက်ချင်း သဘောပေါက်သွားသည်။
"ငါတို့ ဒီမှာ တွင်းနက်တစ်ခု ဖွင့်လို့မရဘူးလား။ ခုန်ထွက်သွားမယ်လေ"
"မဖြစ်နိုင်ဘူး"
နည်းပညာရှင်က ပြောလိုက်သည်။
"တွန်းကန်အားနည်းပညာဆိုတာ အခြေခံအားဖြင့် နေရာလွတ်တည်နေရာ နှစ်ခုကြားမှာ တွင်းနက်တစ်ခု ဖွင့်လှစ်ဖို့ပါ။ ဒါပေမဲ့ ဒီနေရာလွတ်ရဲ့ အနှစ်သာရက နေရာလွတ်အကာအကွယ်တစ်ခု ဖြစ်နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အာကာသယာဉ်က အဲဒီလိုဆွဲစုတ်မှုဒဏ်ကို ခံနိုင်ရည်ရှိလောက်အောင် ခိုင်ခံ့နေမှ..."
"ငါတို့ ထွက်လို့မရတော့ဘူးလား"
ရုတ်တရက်ဆိုသလို စကြဝဠာအမှတ်၇က လူတစ်သိုက် အစတုန်းက ပြောခဲ့သည့်စကားကို တပ်မှူး ပြန်သတိရသွားသည်။
"ငါးမိနစ်အတွင်း ထွက်သွားပါ။ မဟုတ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ခံရမယ်..."
ဤစကားကို ကြားလိုက်ရစဉ်က စကြဝဠာအမှတ်၇ရှိ လူများကို ရူးနေသည် သို့မဟုတ် ပေါက်ကရပြောနေသည်ဟု သူတို့ ထင်ခဲ့ကြသည်။ အကယ်၍ သူတို့အနေနှင့် ယာဉ်တန်းအားလုံးကို ဤနေရာတွင် ပိတ်လှောင်ထားမည်ဆိုလျှင် သတ္တုတွင်းကို မလိုချင်လျှင်ပင် အကန့်အသတ်မရှိ ဗုံးကြဲတိုက်ခိုက်လိုက်သည်နှင့် တပ်ဖွဲ့ပေါင်းနှစ်သောင်းသုံးသောင်းလောက်တော့ ချက်ချင်း အငွေ့ပျံသွားနိုင်သည်။
အဆင့်ရှစ်သက်ရှိများ ကျန်နေသေးလျှင်ပင် ဤစစ်ပွဲက အဓိပ္ပာယ်မဲ့သွားမည်ဖြစ်ပြီး စကြဝဠာတိုင်းအနေနှင့် ကြီးမားလှသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရလိမ့်မည်။
"သူတို့ နောက်နေတာမဟုတ်ဘူးပဲ"
...
"ကျွတ်.. ဒီဟာက တော်တော်လေး အလုပ်ဖြစ်တာပဲ"
ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်ကို မှော်ရတနာတစ်ခု ပြန်ပို့လိုက်သည်။ ဤရတနာက အဆင့်ကိုးသက်ရှိများပင် မဖျက်ဆီးနိုင်သော အကာအကွယ်နေရာလွတ်တစ်ခု ဖန်တီးပေးနိုင်သည့် နာမည်ကျော် ဟောက်ထျန်းစေတီပင်။ ယခုတော့ ဤနေရာလေးမှာ ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ် ပြတ်တောက်သွားပြီဖြစ်၏။
"ဟွန့်... မိုးတစာစာ မြေတစာစာနဲ့ ဘယ်လောက်အော်ခေါ်ခေါ် ဘယ်သူမှ မကူညီနိုင်ဘူးဆိုတာ ဘာမှန်းသိအောင် လုပ်ပြလိုက်မယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"တပ်မှူး... စကြဝဠာအမှတ်၃၁ရဲ့ တပ်မှူးဆီက ဆက်သွယ်မှုတောင်းဆိုချက် ရောက်နေပါတယ်"
"ချိတ်ဆက်လိုက်"
ကျန်းမုန့်လောင်က စကြဝဠာအမှတ်၃၁၏ တပ်မှူး ပုံရိပ်ကို ချက်ချင်းပြောင်းလိုက်သည်။
သူသည် အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး အရပ်သုံးမီတာကျော်မြင့်ကာ ပြင်းထန်လှသော ဩဇာတိက္ကမများ ထုတ်လွှတ်နေသည့် အမျိုးသားတစ်ဦးပင်။
"လူကြီးမင်း.. ကျွန်တော်က စကြဝဠာအမှတ်၃၁ရဲ့ တပ်မှူးပါ။ ကျွန်တော်တို့ စကြဝဠာအမှတ်၃၁က ကြယ်အမြုတေသတ္တုတွင်းကို ပြိုင်လုတဲ့နေရာမှာ စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါကြောင့် လူကြီးမင်းအနေနဲ့ ကျွန်တော်တို့ကို ထွက်သွားခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်"
"မင်းတို့ဘက်မှာ လိုင်းမကောင်းဘူးလား။ ငါ့သတိပေးချက်ကို မရလိုက်ဘူးလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
တပ်မှူးက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါပြလိုက်သည်။
သူတို့အနေနှင့် ကျန်းမုန့်လောင်၏ သတိပေးချက်ကို ရခဲ့သည်မှာ သေချာသော်ငြား ဟာသတစ်ခုအနေနှင့်သာ သဘောထားခဲ့သည်။
"မင်း အကြားအာရုံချို့ယွင်းနေတာလား။ ဒါမှမဟုတ် နားလည်နိုင်စွမ်းမရှိတာလား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါပြောခဲ့ပြီးပြီလေ။ မင်းတို့ ငါးမိနစ်အတွင်း ထွက်သွားချင်ရင် ငါ တားမှာမဟုတ်ဘူးလို့။ မင်းတို့အချိန်ဆွဲနေရင်တော့ နောက်ဆက်တွဲရလဒ်တွေကို မင်းတို့ပဲ ခံရမှာ။ အခုမှ ထွက်သွားချင်တယ်ဆိုတာတော့ အရမ်းနောက်ကျသွားပြီ"
"လူကြီးမင်း"
တပ်မှူး၏လေသံက အနည်းငယ် ပိုတင်းမာလာသည်။
"ကျွန်တော်တို့စကြဝဠာမှာ တပ်ဖွဲ့၁၇ဖွဲ့ရှိတယ်။ အဖွဲ့တိုင်းက ထိပ်တန်းအဆင့်တွေချည်းပဲ..."
"ဘာလဲ။ ငါ့ကို ခြိမ်းခြောက်နေတာလား။ ထိပ်တန်းအဆင့်တွေ ဟုတ်လား။ အဲဒီထိပ်တန်းဆိုတဲ့ကောင်တွေကိုပဲ ငါက ရိုက်နှက်နေတာ"
ကျန်းမုန့်လောင်က စကားဖြတ်ပြောလိုက်၏။
"စကြဝဠာအမှတ်၃၁ရဲ့ တည်နေရာကို သိတယ်မလား။ သူတို့ဆီ လက်ဆောင်ကြီးတစ်ခု ပို့ပေးလိုက်စမ်း"
"ဝှစ်... ဝှစ်... ဝှစ်..."
ရွှေရောင်အလင်းတန်းများက စကြဝဠာအမှတ်၃၁၏ တည်နေရာကို ချက်ချင်းဝင်ရောက်ရိုက်ခတ်သွားပြီး တပ်ဖွဲ့တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်းမှာတင် ပြာကျသွားသည်။
သူ့လက်အောက်ငယ်သားများထံမှ သတင်းပို့သံကို ကြားလိုက်ရသောအခါ တပ်မှူး၏မျက်နှာကား ချက်ချင်း သွေးဆုတ်ဖြူရော်သွားတော့သည်။
"မင်းက နှစ်ဖက်စလုံး ပျက်စီးသွားတဲ့အထိ တိုက်ကြမယ်လို့ပြောဖို့ စဉ်းစားနေရင်တော့ ဆောရီးပဲ။ မင်းက မတန်သေးဘူး"
ကျန်းမုန့်လောင်က ပြောလိုက်ပြန်သည်။
"ဒါက ငါ့ကို ခြိမ်းခြောက်တဲ့အတွက် သတိပေးလိုက်တာ"
"လူကြီးမင်း"
တစ်ဖက်လူ၏ လေသံမှာ ချက်ချင်း ပျော့ကျသွားသည်။
"ကျွန်တော်တို့စကြဝဠာအမှတ်၃၁က စကြဝဠာအမှတ်၇နဲ့ ဘာရန်ငြိုးမှမရှိပါဘူး။ အခုလည်း ကျွန်တော်တို့ ဆုံးရှုံးမှုတွေအများကြီး ကြုံခဲ့ရပြီးပါပြီ။ လူကြီးမင်းလည်း စိတ်ပြေလောက်ပြီထင်ပါတယ်။ ကျွန်တော်တို့ကို ထွက်သွားခွင့်ပြုဖို့ မျှော်လင့်ပါတယ်။ နောင်ကျရင်လည်း စကြဝဠာအမှတ်၇ကို ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ပါဘူး"
"မင်းဘက်က တောင်းဆိုရုံနဲ့ ငါက လွှတ်ပေးမယ်လို့ ထင်နေတာလား။ ငါ့မှာရော ဂုဏ်သိက္ခာမရှိတော့ဘူးလား"
"ဒါဆိုရင် လူကြီးမင်း ဘာလိုချင်လဲ"
"မင်းကိုယ်တိုင် ပြောခဲ့တာပဲ။ ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိဘူးလို့။ ဒါပေမဲ့ အခု ဒါက ငါ့ပိုင်နက်လေ။ ငါ အခွင့်အရေးပေးခဲ့တုန်းက မင်းတို့ ထွက်မသွားခဲ့ဘူး။ အခုမှ ထွက်သွားချင်တယ်ဆိုရင်တောင် ပေးဆပ်ရမယ့် တန်ကြေးတစ်ခုတော့ ရှိရမှာပေါ့။ မဟုတ်ဘူးလား"
ကျန်းမုန့်လောင်က သူ့လက်ချောင်းများကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ဘယ်လောက်လိုချင်တာလဲ"
ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်ကို သူ သဘောပေါက်လိုက်သည်။ လူအများကြီးကို ပိတ်လှောင်ထားပြီး သူတို့ကို ငွေညှစ်ချင်နေခြင်းပင်။
"ငါ သိပ်အများကြီးမတောင်းပါဘူး။ မင်းတို့ဆီ အီတလီအမြောက်ဆယ်ချက် ပစ်ပေးခဲ့တဲ့ ကုန်ကျစရိတ်လောက်ကိုပဲ ကာမိချင်ရုံပါ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကောင်းပြီ။ ပြောလိုက်လေ"
တစ်ဖက်လူက အံတင်းတင်းကြိတ်ထားသော်ငြား ညှိနှိုင်း၍ မရနိုင်ပါချေ။
"အဆင့်ငါးစွမ်းအင်သလင်းကျောက် နှစ်ထောင်ဘီလီယံ။ ဒါမှမဟုတ် ကြယ်တာရာအမြုတေ တစ်ဘီလီယံ"
ကျန်းမုန့်လောင်က ရဲတင်းပြတ်သားစွာ ပြောလိုက်လေသည်။
**********************