အခန်း ၁၀၅၂
Vol. 71 Ch. 1052
အခန်း ၁၀၅၂ - ငါသတ်မှတ်တဲ့ စည်းမျဉ်းကမှ စည်းမျဉ်းအစစ်ပဲ
"မဖြစ်နိုင်ဘူး"
စကြဝဠာအမှတ်၃၁၏ တပ်မှူးက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
အဆင့်ငါးစွမ်းအင်သလင်းကျောက် နှစ်ရာဘီလီယံနှင့် ကြယ်တာရာအမြုတေတစ်ဘီလီယံဆိုသည်မှာ မည်မျှ များပြားလိုက်လေသလဲ။
အဆင့်ငါးစွမ်းအင်သလင်းကျောက် ဆယ်တုံးတည်းဖြင့် စစ်သင်္ဘောတစ်စင်းကို တစ်နှစ်တိတိ လည်ပတ်နိုင်ပြီး တိုက်ပွဲတွင် အစွမ်းကုန်သုံးလျှင်ပင် တစ်နှစ်စာကုန်ကျစရိတ်က တစ်ထောင်ဝန်းကျင်သာ ရှိ၏။
ဤမျှများပြားသော စွမ်းအင်သလင်းကျောက် ဘီလီယံပေါင်းများစွာက စစ်သင်္ဘောသန်းနှစ်ရာကို တစ်နှစ်လုံးလုံး အကြိတ်အနယ်တိုက်ပွဲဝင်ဖို့ လုံလောက်နေချေပြီ။ တပ်တစ်ခုတွင် စစ်သည်ငါးသိန်းရှိသည်ဟု တွက်ကြည့်လျှင် တပ်ဖွဲ့လေးရာစာဖြစ်၏။ ဤသည်မှာ သေးငယ်လှသော စကြဝဠာတစ်ခုက ကမ္ဘာခြားစစ်မြေပြင်တွင် ချထားနိုင်သည့် စုစုပေါင်းအင်အားနီးပါး ရှိပေသည်။
ရှင်းရှင်းပြောရလျှင် စကြဝဠာတစ်ခုက တစ်နှစ်လုံးလုံး ဘာမှမလုပ်ဘဲ စုဆောင်းမည်ဆိုလျှင်ပင် အဆင့်ငါးစွမ်းအင်သလင်းကျောက် နှစ်ရာဘီလီယံလောက်သာ စုဆောင်းမိပေမည်။
ဤကမ္ဘာခြားစစ်မြေပြင်တွင် စွမ်းအင်က အလွန်ရှားပါးနေပြီဖြစ်ရာ မျိုးနွယ်စုတိုင်းက စွမ်းအင်ကို ချွေတာသုံးစွဲကြသည်။ ပုံမှန်အားဖြင့် စကြဝဠာတစ်ခု၏ စစ်သင်္ဘောတစ်ဝက်လောက်ကသာ တစ်နှစ်အတွင်း စစ်ဆင်ရေးများ ထွက်လေ့ရှိပြီး ထိုစစ်ဆင်ရေးများ၏ သုံးစွဲမှုနှုန်းက အစွမ်းကုန်သုံးစွဲသည့်တိုင် ဆယ်ပုံတစ်ပုံ သို့မဟုတ် ထိုထက်ပိုနည်းလှသည်။
တစ်နည်းအားဖြင့်ပြောရလျှင် ဤမျှများပြားလှသော စွမ်းအင်သလင်းကျောက်ပမာဏမှာ စကြဝဠာတစ်ခုလုံး၏ တပ်ဖွဲ့အားလုံး ဆယ်စုနှစ်ချီပြီး အသုံးပြုဖို့ပင် လုံလောက်သည်။
ယခုလိုအချိန်မှာ ဤမျှများပြားသော စွမ်းအင်သလင်းကျောက်ပမာဏကို သူတို့က ဘယ်လိုလုပ် ပေးချင်မည်နည်း။ သူတို့ဆီမှာသာ ထိုမျှပေါများနေမယ်ဆိုလျှင် ယနေ့ ကြယ်အမြုတေသတ္တုကြောကို လုယက်ဖို့အတွက် အသက်စွန့်ပြီး လာကြမည်မဟုတ်ချေ။
"ပြဿနာမရှိပါဘူး။ မင်းတို့ မပေးလည်း ကိစ္စမရှိပါဘူး"
ကျန်းမုန့်လောင်က ပခုံးတွန့်လိုက်လေသည်။
"ငါက ဒီလောက်ကြီးတဲ့ သတ္တုကြောကြီးကိုတောင် ရထားပြီးပြီဆိုတော့ မင်းတို့ရဲ့စွမ်းအင်သလင်းကျောက်လေးနည်းနည်းကို ဂရုစိုက်နေမယ် ထင်လား"
သို့သော် ကျန်းမုန့်လောင်က လေသံပြောင်းသွားလေသည်။
"ဒါပေမဲ့ အခုလို အခြေအနေတွေ တင်းမာနေတဲ့အချိန်မှာ ငါသာ လက်လွန်ပြီး လက်နက်ခလုတ်တစ်ခုခုကို မှားနှိပ်မိလိုက်လို့ တိုက်တိုက်ဆိုင်ဆိုင် မင်းတို့ရဲ့ စစ်ယာဉ်တန်းဆီ တည့်တည့်မှန်သွားမယ်ဆိုရင်ရော။ အဲဒါ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူးလေ။ ဟုတ်တယ်မလား"
ကျန်းမုန့်လောင်၏ နဖူးထက်တွင် "ခြိမ်းခြောက်ခြင်း"ဟူသည့် စကားလုံးကို အထင်အရှား ရေးထားသလိုပင်။
ဤတစ်ကြိမ်တွင်မူ သူတို့က တပ်ဖွဲ့၁၇ခုကို စေလွှတ်လိုက်သည်။ စောစောကတင် ကျန်းမုန့်လောင်က တစ်ခုကို ဖျက်ဆီးပစ်လိုက်သည့်အတွက် ယခုဆိုလျှင် ၁၆ခုပင် မပြည့်တော့ချေ။
အကယ်၍ ဤတပ်ဖွဲ့များထဲက စစ်သင်္ဘောများနှင့် စစ်သည်များအားလုံး ဤနေရာမှာသာ အသက်စွန့်လိုက်ရမည်ဆိုလျှင် သူတို့၏ ဆုံးရှုံးမှုက အဆင့်ငါးစွမ်းအင်သလင်းကျောက် နှစ်ရာဘီလီယံထက်မက အများကြီးပိုသွားလိမ့်မည်။
အရေးအကြီးဆုံးအချက်မှာ သူတို့၏ဆုံးရှုံးမှုက စွမ်းအင်၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် လူ့စွမ်းအားအရင်းအမြစ်များသာမက သူတို့၏ စကြဝဠာအမှတ်၃၁တစ်ခုလုံး၏ အခြေခံစွမ်းအားပါ ဆုံးရှုံးသွားပေမည်။
ကမ္ဘာခြားစစ်မြေပြင်တွင် နှစ်သန်းပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့ရပြီးမှ တပ်ဖွဲ့စုစုပေါင်း၁၅၀၀သာ စုဆောင်းနိုင်ခဲ့သည်။ တစ်ရာခိုင်နှုန်းခန့် ချက်ချင်းဆုံးရှုံးသွားခြင်းမှာ သိပ်မများဘူးဟု ထင်ရသော်လည်း အချိန်ကာလနှင့် တွက်ကြည့်မည်ဆိုလျှင် နှစ်ပေါင်းရာနှင့်ချီ၍ အလုပ်လုပ်ခဲ့ရသမျှ အချည်းနှီးဖြစ်သွားလိမ့်မည်။
ထိုအချိန်တွင်မူ စကြဝဠာအမှတ်၃၁၏ တပ်မှူးလည်း အကျပ်ရိုက်သွားလေသည်။
"အခု ငါတို့ဆီမှာ စွမ်းအင်သလင်းကျောက် ဘယ်လောက်ကျန်သေးလဲ"
သူက မေးလိုက်သည်။
"တပ်မှူးချုပ်ကို အစီရင်ခံပါတယ်။ ကျွန်တော်တို့တပ်မမှာ စွမ်းအင်သလင်းကျောက် စုစုပေါင်းငါးဘီလီယံပဲ ကျန်ပါတော့တယ်"
"မလောက်ဘူး။ အများကြီးတောင် လိုသေးတယ်"
တပ်မှူးခမျာ တိတ်ဆိတ်သွားလေသည်။
"မလောက်လည်း ပြဿနာမရှိပါဘူး"
ကျန်းမုန့်လောင်က ပြုံးလိုက်လေသည်။
"ငါ မလောပါဘူး။ မင်းတို့စကြဝဠာက တခြားလူတွေကို ဒီကိုလာပို့ခိုင်းလို့ရပါတယ်။ စောင့်ဖို့ အချိန်အများကြီးရှီတယ်"
"ငါတို့တွေအားလုံး ပူးပေါင်းပြီး မင်းကို ခုခံမှာမကြောက်ဘူးလား"
စကြဝဠာအမှတ်၃၁၏ တပ်မှူးက ပြောလိုက်၏။
"မင်းရဲ့လက်နက်တွေက စွမ်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ငါတို့ကသာ ဘာကိုမှဂရုမစိုက်ဘဲ အဆင့်ရှစ်သက်ရှိတွေအကုန် စုစည်းပြိး တိုက်ခိုက်မယ်ဆိုရင် ဒီလက်နက်တွေနဲ့တင် မင်း ငါတို့ကို တားဆီးနိုင်မယ်ထင်လား"
"အဲဒါကို မင်း စိုးရိမ်စရာမလိုပါဘူး"
ကျန်းမုန့်လောင်က ဆို၏။
"ဘာဖြစ်မလဲဆိုတာ သိချင်ရင်တော့ သူတို့နဲ့ ပူးပေါင်းကြည့်လို့ရပါတယ်"
ကျန်းမုန့်လောင်ပြောလိုက်သည့် "သူတို့"ဆိုသည်မှာ သူတို့၏ စကြဝဠာအမှတ်၇ကို ပြန်လည်ခုခံရန်အတွက် ပူးပေါင်းပြင်ဆင်နေကြသည့် အခြားစကြဝဠာများကို ဆိုလိုခြင်းပင်။
စကြဝဠာအမှတ်၇သည် တပ်ဖွဲ့ပေါင်း၁၅၀ကို ဖျက်ဆီးပစ်ခဲ့သည်ဟု အချို့စကြဝဠာများ ကြားသိခဲ့ရသော်လည်း အလေးအနက်မထားခဲ့ကြဘဲ ထိုမျိုးနွယ်စုများက အားနည်းလွန်း၍သာ ဖြစ်ရမည်ဟုတွေးပြီး သူတို့လည်း ထိုသို့လုပ်နိုင်စွမ်းရှိသည်ဟု မြင်နေကြသည်။
အမှန်တရားကို လျစ်လျူရှု၍ သူတို့၏တပ်ဖွဲ့များကို စေလွှတ်ပြီး ကိုယ့်သေတွင်းကိုယ် တူးခဲ့ကြလေရာ သိပ်မကြာခင်မှာပင် ကျန်းမုန့်လောင်၏ ဟိုက်ပါနိုဗာလက်နက်ကြောင့် တပ်ဖွဲ့တစ်ထောင်ကျော် ချက်ချင်းဆိုသလို ပျက်စီးသွားပြီး စကြဝဠာအနည်းငယ်ပင် အပြီးတိုင်ဖျက်ဆီးခံလိုက်ရသည်။
ထိုအချိန်မှသာ စကြဝဠာအမှတ်၇တွင် အလွန်အဆင့်မြင့်သော လက်နက်များကို ပိုင်ဆိုင်ထားကြောင်း သူတို့ သဘောပေါက်သွားကြသည်။ ဤသို့သော အကြီးစားတိုက်ပွဲမျိုးတွင် တစ်ယောက်ချင်းတိုက်သည်ဖြစ်စေ၊ အများနှင့်အနည်း တိုက်သည်ဖြစ်စေ စကြဝဠာအမှတ်၇ကသာ နည်းပညာပိုင်းဆိုင်ရာ အသာစီးရထားသည့်အတွက် သူတို့အနေနှင့် လုံးဝအနိုင်မရနိုင်ချေ။
အနိုင်မရနိုင်ကြောင်း သိလိုက်ရသောအခါ သူတို့ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ကြသော်ငြား အကြိမ်ကြိမ်ကြိုးစားပြီးနောက်တွင်မူ ဤနယ်မြေထဲက လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်တော့ကြောင်း အတည်ပြုလိုက်နိုင်သည်။
အစပိုင်းတွင် အားနည်းချင်ယောင်ဆောင်ပြီး နောက်တော့ သိုးအုပ်ထဲသို့ ကျားဝင်ကိုက်သလို စစ်ယာဉ်တန်းများကို မွှေနှောက်ဖျက်ဆီးလိုက်သည့်အတွက် စကြဝဠာအမှတ်၇၏ နာမည်မှာ ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးတွင် ချက်ချင်းဆိုသလို ဟိန်းထွက်သွားသည်။
အနိုင်လည်းမရသလို ထွက်ပြေး၍လည်း မရသည့်အဆုံး သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ ညှိနှိုင်းရန်သာ ရှိတော့သည်။
သို့သော် ကျန်းမုန့်လောင်က သူတို့ကို အခွင့်အရေးပေးခဲ့ပြီးဖြစ်၏။ နာကျင်မှုကို ခံစားရမှသာ နောင်တက လှိုက်တက်လာလည်း နောက်ကျသွားချေပြီ။
မျိုးနွယ်စုတိုင်းအတွက် ကျန်းမုန့်လောင်က အဆင့်ငါးစွမ်းအင်သလင်းကျောက်နှစ်ရာဘီလီယံ သို့မဟုတ် ကြယ်အမြုတေတစ်ဘီလီယံဟု မတန်တဆတောင်းဆိုလိုက်သည်။ ဈေးဆစ်ရန်လား။ လုံးဝမဖြစ်နိုင်ချေ။
စကြဝဠာအမှတ်၇၏ လုပ်ရပ်များကြောင့် သူတို့အားလုံး တစ်စုတစ်စည်းတည်း ဆူပူအုံကြွခဲ့ကြသည်။ အတိတ်က ပဋိပက္ခများ ရှိခဲ့သော်လည်း ယခုအခါတွင်မူ စကြဝဠာအမှတ်၇ဟူသည့် ဘုံရန်သူတစ်ယောက်တည်းသာ ရှိတော့သည့်အတွက် ထောင်ပေါင်းများစွာသော မျိုးနွယ်စုများမှာ ရုတ်တရက်ပူးပေါင်းသွားကြသည်။
သောင်းနှင့်ချီသော တပ်ဖွဲ့များနှင့် သိန်းပေါင်းများစွာသော အဆင့်ရှစ်သက်ရှိများမှာ သူတို့၏ စစ်သင်္ဘောများကို စွန့်ခွာ၍ ကျန်းမုန့်လောင်၏ စစ်ယာဉ်တန်းရှေ့တွင် ပေါ်လာကြသည်။
"ဪ.. လူစုံတက်စုံပါလား"
ကျန်းမုန့်လောင်က အာကာသယာဉ်ထဲက ပြုံးရွှင်စွာ ထွက်လာလေသည်။ သူ့နောက်တွင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ လူများအားလုံးနှင့် သူ့ကျွန်အဖြစ် ရောက်နေသော အဆင့်ကိုးသက်ရှိဖြစ်သူ ဂတ်ကိုရွန်အပြင် အဆင့်ရှစ်သက်ရှိတစ်သိုက်လည်း ပါဝင်ပေသည်။
"ဘာလဲ.. မင်းတို့တွေ စုပေါင်းပြီး ငါတို့ကို လာစိန်ခေါ်တာလား"
"မင်းက စကြဝဠာအမှတ်၇ရဲ့တပ်မှူးလား"
သူတို့က အဆင့်ခြောက်သက်ရှိမျှသာ ဖြစ်သော ကျန်းမုန့်လောင်ကို စိုက်ကြည့်လိုက်ကြသည်။ သူ့နောက်ရှိ အဆင့်ရှစ်သက်ရှိများထဲက တစ်ယောက်လောက်ကမှ တပ်မှူးဖြစ်ရန် အရည်အချင်းပြည့်မီသည်ဟု ထင်နေကြသည်။
"ကျွန်တော်ပါပဲဗျာ"
ကျန်းမုန့်လောင်က ဆို၏။
"လျော်ကြေးပေးရမယ့် အချိန်ရောက်ပြီလား။ လာကြ.. အားလုံးတန်းစီပြီး ပစ္စည်းတွေလာပေးကြ။ ပြီးရင် ငါ သူတို့ကို ချက်ချင်းလွှတ်ပေးမယ်"
"မင်း အခြေအနေကို သဘောမပေါက်သေးဘူးထင်တယ်။ အခု မင်း အရေးနိမ့်နေပြီလေ"
ဦးဆောင်လာသည့် အဆင့်ရှစ်သက်ရှိတစ်ယောက်က ပြောလိုက်လေသည်။
"မင်းတို့ရဲ့လက်နက်တွေက အစွမ်းထက်တယ်။ မင်းတို့ရဲ့ ယာဉ်တန်းက စွမ်းတယ်ဆိုတာတော့ ငါတို့ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါတို့အတွက်တော့ ဒီလက်နက်တွေက ဘာမှခြိမ်းခြောက်နိုင်စွမ်းမရှိဘူး။ အခု မင်းရဲ့စစ်ယာဉ်တန်းကို ငါတို့က ဝိုင်းထားပြီးပြီမို့ ဒီအကာအကွယ်ကို ချက်ချင်းရုပ်သိမ်းပြီး မင်းရဲ့လက်နက်နည်းပညာကို အပ်လိုက်"
"မင်းတို့က ငါ့ကိုဝိုင်းထားတယ်ပေါ့လေ"
ကျန်းမုန့်လောင်က နှာမှုတ်လိုက်၏။
"မဟုတ်ဘူး။ မဟုတ်ဘူး… မင်းတို့ကို ငါက ဝိုင်းထားတာကွ။ ဂတ်ကိုရွန်… ငါတို့ဧည့်သည်တွေကို ကောင်းကောင်းဧည့်ခံလိုက်ပါဦး"
"ဘယ်သူက ငါ့သခင်ကို အန္တရာယ်ပြုရဲတာလဲ"
ကျန်းမုန့်လောင်၏ နောက်ကျောဘက်က ဂက်ကိုရွန် ထွက်လာလေရာ အဆင့်ကိုးသက်ရှိတစ်ယောက်၏ အရှိန်အဝါကြောင့် လူတိုင်း မျက်နှာပျက်သွားကြသည်။
"အဆင့်ကိုးသက်ရှိလား"
အဆင့်ရှစ်သက်ရှိသိန်းပေါင်းများစွာကို စုစည်းလာခဲ့သည်ဆိုသော်ငြား အဆင့်ရှစ်နဲ့ အဆင့်ကိုးသက်ရှိများကြားရှိ ကြီးမားလှသော ကွာဟချက်ကို အရေအတွက်နှင့် အစားထိုး၍ မရနိုင်ချေ။ မည်သို့ပင်ဖြစ်စေ လူတိုင်း ကျန်းမုန့်လောင်တို့လို အဆင့်များကို ကျော်လွန်ပြီး ပေါ့ပေါ့ပါးပါး တိုက်ခိုက်နိုင်စွမ်းမရှိကြပေ။
"သူတို့ရဲ့အဆင့်ကိုးသက်ရှိက တကယ်ကြီး ရှေ့ထွက်လာတာလား"
"စကြဝဠာအမှတ်၇… မင်းရဲ့လုပ်ရပ်တွေက ကမ္ဘာခြားစစ်မြေပြင်ရဲ့ ဥပဒေတွေကို ချိုးဖောက်နေတယ်။ အဆင့်ကိုးသက်ရှိတွေက တိုက်ပွဲထဲမှာ ပါဝင်ခွင့်မရှိဘူးဆိုတာ မသိဘူးလာ။ မင်းက ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးရဲ့ရန်သူ ဖြစ်ချင်နေတာလား"
"ဘုံရန်သူတဲ့လား"
ကျန်းမုန့်လောင်ကမူ လှောင်ပြုံးပြုံးလိုက်လေသည်။
"မင်းတို့တွေအားလုံး ဒီနေရာမှာ စုနေကတည်းက ငါတို့က ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးရဲ့ ဘုံရန်သူ ဖြစ်နေပြီမဟုတ်ဘူးလား"
"ပြီးတော့ အဓိပ္ပာယ်မရှိတဲ့ ဒီစည်းမျဉ်းကို ဘယ်သူ ချမှတ်ထားတာလဲ။ ငါကရော အသိအမှတ်ပြုမိလို့လား။ ငါက လက်ခံထားလို့လား။ ငါသတ်မှတ်တဲ့ စည်းမျဉ်းကမှ စည်းမျဉ်းလို့ခေါ်တာ။ မင်းတို့ မကျေနပ်ရင် နောက်မှ ရှင်းဖို့အတွက် စကြဝဠာအမှတ်၇ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်"
***********************