အခန်း ၁၀၅၃
Vol. 71 Ch. 1053
အခန်း ၁၀၅၃ - သက်သေအထောက်အထားထဲမှာ ငါ ချောရဲ့လား
"မင်း သိပ်ရဲတင်းလွန်းနေပြီ။ ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးက အဆင့်ကိုးသက်ရှိတွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို မင်းက ဆန့်ကျင်ချင်နေတာလား"
"မင်းတို့ စကြဝဠာအမှတ်၇မှာ အဆင့်ကိုးသက်ရှိ ဘယ်နှယောက်များ ရှိလို့လဲ။ အဆင့်ကိုးသက်ရှိတွေအားလုံးကို မင်းက တကယ်ရင်ဆိုင်နိုင်မှာမို့လို့လား"
"ဟာဟားဟား... မင်း တကယ်လှုပ်ရှားရဲလား ဆိုတာ ငါ သိချင်နေပြီ"
အဆင့်ရှစ်သက်ရှိတစ်ယောက်က ရယ်မောလိုက်၏။
"မင်းက သွေးဆူပြီး လုပ်ရဲတယ်ဆိုရင်တောင် မင်းတို့ဆီက အဆင့်ကိုးသက်ရှိတွေကရော ဝင်ပါရဲလို့လား"
"မှတ်တမ်းတင်ဖို့ ပြင်ထားကြ။ သူ့ဘက်က လှုပ်ရှားရဲတယ်ဆိုရင် အခုအချိန်ကစပြီး စကြဝဠာအမှတ်၇က ကမ္ဘာခြားစစ်မြေပြင်က ဖယ်ရှားခံရပြီး ဘုံရန်သူဖြစ်သွားလိမ့်မယ်"
ကျန်းမုန့်လောင်က အဆင့်ကိုးသက်ရှိတစ်ယောက်ကို ခေါ်ထုတ်လာခြင်းမှာ ခြိမ်းခြောက်ရုံသက်သက်သာ ဖြစ်သည်ဟု လူတိုင်း ထင်မှတ်ထားခဲ့ကြသည်။ သူ ကိုယ်ထိလက်ရောက်ကျူးလွန်လိမ့်မည်ဟု မည်သူမှ မယုံကြည်ခဲ့ကြပေ။
အကြောင်းမှာ ယခင်က ဤတားမြစ်ချက်ကို ချိုးဖောက်ခဲ့သူတစ်ယောက် ရှိခဲ့ဖူးသည်။ သူ့စကြဝဠာတစ်ခုလုံးအတွက် ရလဒ်ကတော့ အလွန်ဆိုးဝါးလှသည်။
ထိုစဉ်က ယခုလောက် မရက်စက်သည့် သယံဇာတလုပွဲတစ်ခု ဖြစ်ခဲ့သော်ငြား စကြဝဠာပေါင်းငါးရာကျော်နဲ့ တပ်ဖွဲ့ပေါင်းသုံးထောင်ကျော် ပါဝင်ခဲ့ကြသည်။
အခြားစကြဝဠာတပ်မှူးများနှင့် တိုက်ခိုက်ရင်း စကြဝဠာအမှတ်၂၆၏ တပ်ဖွဲ့၁၀၀၁က တပ်မှူး ကျဆုံးသွားသည်။
ဤသည်မှာ ပုံမှန်ပင်။ ဤသို့အတိုင်းအတာရှိသည့် စစ်ပွဲများကို မဆိုထားနှင့်။ စကြဝဠာနှစ်ခုကြားရှိ တပ်ဖွဲ့အနည်းငယ်လောက်နှင့် ဖြစ်ပွားသည့် ပဋိပက္ခတွင်ပင် ရန်သူ့တပ်မှူးကို သတ်ခွင့်ရပါက မည်သူမှ လက်လွှတ်ခံမည်မဟုတ်ပေ။
သို့သော် ဤတပ်မှူးတွင် ထူးခြားလှသောနောက်ခံ ရှိနေချေသည်။ သူသည် စကြဝဠာအမှတ်၂၆ရှိ အဆင့်ကိုးသက်ရှိတစ်ယောက်၏ ညီအစ်ကိုအရင်းဖြစ်ပြီး သူတို့နှစ်ယောက်က အလွန်ရင်းနှီးကြသည်။ တစ်ယောက်က ကမ္ဘာခြားစစ်မြေပြင်တွင် သူတို့၏ စကြဝဠာကို ကာကွယ်ပေးပြီး နောက်တစ်ယောက်က စကြဝဠာအတွင်းမှာ အာဏာချုပ်ကိုင်ထားသူဖြစ်၏။
အဆင့်ကိုးသက်ရှိက ဤသတင်းကို သိသွားသောအခါ လူတိုင်း၏ တားဆီးမှုကို လျစ်လျူရှုပြီး ကမ္ဘာခြားစစ်မြေပြင်ကို အတင်းအဓမ္မ ဝင်ရောက်လာသည်။ သူ့ညီအစ်ကို၏ သေဆုံးမှုအတွက် ဘယ်စကြဝဠာတွင် တာဝန်ရှိလဲဆိုသည်ကို စုံစမ်းသိရှိပြီးနောက်မှာမူ ရန်သူ့စခန်းကို တစ်ကိုယ်တော် ဝင်ရောက်စီးနင်းခဲ့သည်။
ထိုသို့လုပ်ဆောင်ရာတွင် ရန်သူ့အခြေစိုက်စခန်းမြို့တော်ပေါင်း နှစ်ရာကျော်ကို ဖျက်ဆီးပစ်ပြီး လူဘီလီယံပေါင်းများစွာကို သတ်ဖြတ်ကာ အဆုံးတွင်မူ ထိုအဆင့်ရှစ်သက်ရှိကို နှိပ်စက်ပြီး သတ်ပစ်လိုက်သည်။
အရာအားလုံး ပြီးဆုံးသွားပြီဟု ထင်ရသော်လည်း သူ့လုပ်ရပ်များက အားလုံး၏ ပြစ်တင်ရှုတ်ချမှုနှင့် ဒေါသများကို ရင်ဆိုင်ခဲ့ရသည်။ စစ်မြေပြင်ဆိုသည်မှာ စစ်မြေပြင်ပင်။ ကိုယ်ရေးကိုယ်တာ လက်စားချေမှုများအတွက် နေရာမရှိပါချေ။ ထို့ပြင် ဤသည်မှာ ကမ္ဘာခြားစစ်မြေပြင်တွင်ရှိသည့် ထောင်ပေါင်းများစွာသော စကြဝဠာများက သတ်မှတ်ထားသည့် စည်းမျဉ်းတစ်ခုဖြစ်ပြီး အဆင့်ကိုးသက်ရှိများအနေနှင့် ဒေသတွင်းစစ်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရပေ။
ထို့နောက်တွင်မူ အဆင့်ကိုးသက်ရှိနှစ်ရာကျော်က သူတို့၏တပ်များကို ထိုစကြဝဠာ၏ ပိုင်နက်ထဲသို့ ခေါ်ဆောင်သွားပြီး ခံစစ်များကို အသာချိုးဖျက်ဝင်ရောက်ကာ ထိုစကြဝဠာ၏ ခေါင်းဆောင်ကို ရိုက်သတ်ပစ်ခဲ့ကြသည်။ သူတို့က စကြဝဠာအမှတ်၂၆အထိ သွားရောက်ပြီး ထိုအဆင့်ကိုးသက်ရှိကို ကမ္ဘာခြားစစ်မြေပြင်သို့ ခေါ်ကာ ရာစုနှစ်ပေါင်းများစွာတိုင်အောင် နှိပ်စက်ခဲ့ကြသည်။
ဤသို့ဖြင့် စကြဝဠာအမှတ်၂၆ဟာ ကမ္ဘာခြားစစ်မြေပြင်က မျိုးနွယ်စုများရှေ့တွင် ပစ်မှတ်ဖြစ်သွားပြီး သူတို့စစ်တပ်၏ အကာအကွယ်မရှိတော့သည့်အတွက် စစ်မြေပြင်တွင် ပျင်းရိနေတဲ့ ဘယ်မျိုးနွယ်စုမဆို ဝင်ရောက်တိုက်ခိုက်လုယက်နိုင်သည့် "အများသုံးအိမ်သာ"တစ်လုံးနှယ် စကြဝဠာအမှတ်၂၆ထဲရှိ သာမန်သက်ရှိများလည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ရသည်။
ထိုသို့သော စကြဝဠာပေါင်းများစွာရှိပြီး ထိုနေရာရှိ သက်ရှိများမှ ဘယ်လိုဂုဏ်သိက္ခာနှင့် လုံခြုံမှုမှ မရှိတော့ဘဲ အနိမ့်ကျဆုံးမျိုးနွယ်စုများထက်ပင် ပိုနိမ့်ကျသွားခဲ့ရသည်။
ထို့ကြောင့် ထိုအချိန်ကစပြီး မည်သူကမှ ဤစည်းမျဉ်းကို စိန်မခေါ်ရဲကြတော့ပေ။ အကြောင်းမှာ မည်သူကမှ သူတို့၏မျိုးနွယ်စုကို ဂုဏ်သိက္ခာကျဆင်းပြီး အချုပ်အခြာအာဏာ ဆုံးရှုံးသွားခြင်းမျိုး မဖြစ်စေချင်ကြ၍ပင်။
ထို့ကြောင့် ကျန်းမုန့်လောင်က ဆင်ခြင်ဉာဏ်မဲ့စွာ ပြုမူလိမ့်မည်မဟုတ်ဟု လူတိုင်းက ယုံကြည်ထားခဲ့ကြသည်။
"ပါးစပ်ဖွာတဲ့ ဟိုကောင့်ခေါင်းကို အရင်ဆုံး လိမ်ချိုးပစ်လိုက်စမ်း"
ကျန်းမုန့်လောင်က ရယ်မောနေသည့် အဆင့်ရှစ် သက်ရှိကို လက်ညှိုးထိုးပြလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်"
အကယ်၍ စကြဝဠာအမှတ်၇က အခြားသက်ရှိများသာဆိုလျှင် သူတို့ တွန့်ဆုတ်နေလောက်သည်... မဟုတ်ပေ။ သူတို့ ထိုသို့လုပ်ရဲမည်မဟုတ်ပေ။
သို့သော် ဂက်ကိုရွန်ကတော့ ကျန်းမုန့်လောင်၏ သစ္စာအရှိဆုံး ကျွန်တစ်ယောက် ဖြစ်နေချေပြီ။ သူ့တွင် ကိုယ်ပိုင်အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိနေသေးသော်လည်း လူသတ်ဖို့အသာထား။ ကျန်းမုန့်လောင်ဆီက ဘယ်လိုအမိန့်မျိုးကိုမဆို ခြွင်းချက်မရှိ နာခံမည်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်သည်အထိပင်။
ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များက သူ့ကို ရစ်ပတ်လာချိန်တွင်မူ အဆင့်ရှစ်သက်ရှိလည်း သူ့အမှားကို သဘောပေါက်သွားလေသည်။ ကျန်းမုန့်လောင်က လုပ်ရဲရုံသာမက အကျိုးဆက်များကိုပင် ထည့်မစဉ်းစားထားပေ။ သူက တစ်စက္ကန့်လေးပင် တွန့်ဆုတ်မနေချေ။
"ဟင့်အင်း။ မင်းမလုပ်ရဘူး။ ငါ့ကိုသတ်ဖို့ သူ့ကို ခိုင်းရဲတယ်ဆိုရင် မင်းရဲ့စကြဝဠာလည်း ငါနဲ့အတူ ပျက်စီးလိမ့်မယ်"
"မဟုတ်ဘူး"
ကျန်းမုန့်လောင်က ခေါင်းခါလိုက်၏။
"သေရမယ့်လူက မင်းတစ်ယောက်တည်းပဲ။ ငါတို့ရဲ့စကြဝဠာအမှတ်၇ကတော့ ဆက်ပြီးကြီးပွားတိုးတက်နေမှာ"
သွေးများ ပန်းထွက်လာသည်နှင့်အမျှ အဆင့်ရှစ် သက်ရှိ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားသည်။ ဘေးပတ်လည်ရှိ လူများမှာ သူတကယ်လုပ်ရဲလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ကျန်းမုန့်လောင်နှင့် ဂက်ကိုရွန်တို့ကို တအံ့တသြ စိုက်ကြည့်နေကြသည်။
"မင်းတို့ မှတ်တမ်းတင်ထားလား"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
မှတ်တမ်းတင်သူများက သူတို့၏ ပစ္စည်းများကို ကျောနောက်တွင် မြန်မြန်ဆန်ဆန် ဝှက်လိုက်ကြပြီး မှတ်တမ်းဗီဒီယိုကို သူတို့၏စကြဝဠာများဆီသို့ ပေးပို့လိုက်ကြလေတော့သည်။ အကာအကွယ် အတားအဆီးရှိနေသော်ငြား ကွမ်တမ်ချိတ်ဆက်မှု ပေးပို့ခြင်းနည်းပညာမှာ ပြင်ပအကြောင်းအရင်းများ၏ သက်ရောက်မှုကို မခံရသည့်အတွက် သူတို့၏ စကြဝဠာများဆီသို့ သက်သေအထောက်အထားများ ပေးပို့နိုင်သည်။
"ပေးစမ်း"
ကျန်းမုန့်လောင်၏ အမိန့်အောက်မှာ ဂက်ကိုရွန်က ထိုကိရိယာကို လုယူလိုက်သည်။
"မင်း ငါတို့တွေအားလုံးကို သတ်ပစ်မယ်ဆိုရင်တောင် အလကားပဲ။ သက်သေအထောက်အထားတွေကို ငါတို့ အကုန်ပို့ပြီးနေပြီ"
လူတစ်ယောက်က ပြောလိုက်သည်။
"ငါ မင်းတို့ကို သတ်ပစ်ဖို့ အစီအစဉ်မရှိပါဘူး"
ကျန်းမုန့်လောင်က ပြုံးလိုက်၏။
"သက်သေအထောက်အထားတွေကို ဖျက်ဆီးပစ်ဖို့လည်း ငါ မရည်ရွယ်ပါဘူး။ မင်းတို့ရဲ့ မှတ်တမ်းတင်ကိရိယာမှာ အလှပြုပြင်တဲ့ အထူးပြုလုပ်ချက်ပါလားဆိုတာပဲ ငါသိချင်တာ။ ငါက ဖန်သားပြင်ပေါ်မှာ ပိုကြည့်ကောင်းချင်လို့"
ကျန်းမုန့်လောင်က ကိရိယာကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်၏။
"အင်း၊ ငါ့ရဲ့ချောမောမှုတွေကိုတော့ သေချာဖမ်းယူနိုင်သားပဲ။ အထူးပြုလုပ်ချက်တွေတောင် မလိုဘူး။ ငါက ရေလည်မိုက်တာပဲ"
သူက ထိုကိရိယာကို ပေါ့ပေါ့ပါးပါးပင် ပြန်ပစ်ပေးလိုက်သည်။
"ငါ့ရဲ့ ဆွဲဆောင်မှုတွေကို ရှုထောင့်အမျိုးမျိုးကနေ ပြသနိုင်ဖို့ မင်းတို့တွေ ထပ်ရိုက်ကူးလို့ရပါသေးတယ်"
"သူက တကယ့်အရူးပဲ"
ဤသို့သောကိစ္စမျိုးကို လုပ်ခဲ့ပြီးသည့်တိုင် သူကတော့ သူ့စကြဝဠာ၏ ကံကြမ္မာအတွက် စိုးရိမ်မနေဘဲ မှတ်တမ်းတင်ထားသည့် သက်သေအထောက်အထားထဲက သူ့အသွင်အပြင်အတွက်သာ ဂရုစိုက်နေလေသည်။ သူသာ မရူးလျှင် မည်သူက ရူးမည်နည်း။
"လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်ကလည်း စကြဝဠာအမှတ်၇မှာ အရူးတစ်ယောက် ရှိခဲ့ဖူးတယ်။ မင်းတို့ မှတ်မိသေးလား"
စကြဝဠာအမှတ်၇နှင့် ရင်းနှီးသူများက လူတစ်ယောက်ကို ပြန်အမှတ်ရသွားကြသည်။
"မင်း အဲဒီလူကိုပြောနေတာလား"
"ဟုတ်တယ်။ သူက ကမ္ဘာခြားစစ်မြေပြင်ရဲ့ စည်းမျဉ်းတွေကို လုံးဝဂရုမစိုက်ခဲ့ဘူး။ သူသာ ရုတ်တရက် ပျောက်မသွားဘူးဆိုရင် ကမ္ဘာခြားစစ်မြေပြင်ကြီးက အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းနေဦးမှာပဲ"
"သူတောင် အခုလိုမျိုး လုပ်ခဲ့လိမ့်မယ်လို့ ငါမထင်ဘူး"
"စကြဝဠာအမှတ်၇က အရူးတွေကို မွေးထုတ်ပေးနေတာလား"
ကျန်းမုန့်လောင်၏ လုပ်ရပ်များက သူတို့ တစ်ချိန်က သိခဲ့ဖူးသူတစ်ယောက်နှင့် ထပ်တူကျနေသောကြောင့် လူအုပ်ကြီးမှာ တီးတိုးဆွေးနွေးနေကြသည်။
...
"ကောင်းပြီ။ ငါ့ကို အကြောင်းပြချက် လာပေးချင်တဲ့လူ ကျန်သေးလား"
ကျန်းမုန့်လောင်၏ အကြည့်က အဆင့်ရှစ်သက်ရှိတစ်သိုက်ကို ဖြတ်ကျော်ကြည့်ရှုလိုက်၏။
"မင်းတို့ရဲ့စကြဝဠာတွေကို ပြန်ပေးငွေအဖြစ် စွမ်းအင်သလင်းကျောက်တွေ ယူလာခဲ့ခိုင်းလိုက်။ ဒါမှမဟုတ်ရင်လည်း ဒီမှာနေပြီး အကြွေးဆပ်တဲ့အနေနဲ့ သတ္တုလာတူးကြ"
"အကြွေးဆပ်ဖို့ သတ္တုတူးရမယ် ဟုတ်လား။ အဲဒါက ငါတို့တွေ ဒီမှာ သတ္တုတူးသမားအဖြစ် အလုပ်လုပ်ရမယ်လို့ ဆိုလိုချင်တာလား"
"သူ့ကို ပေးလိုက်ရတော့ရော ဘာအရေးလဲ။ သူက စည်းမျဉ်းတွေကို ချိုးဖောက်ပြီးသွားပြီပဲ။ အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်မှာ သူ့စကြဝဠာက တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်။ ဒီပစ္စည်းတွေ ပေးလိုက်ရရင်တောင် နောက်မှ ပြန်ယူလို့ရတာပဲ"
"ဟုတ်တယ်။ အဲဒါလည်း ယုတ္တိရှိတာပဲ။ လောလောဆယ် ဒီနေရာကနေ ထွက်သွားကြရအောင်။ ပြီးရင် အဲဒီအဆင့်ကိုးသက်ရှိတွေက သူတို့ကို ရှင်းပေးလိမ့်မယ်"
"အဆင့်ငါးစွမ်းအင်သလင်းကျောက် နှစ်ထရီလီယံ ယူလိုက်စမ်း"
အချို့အင်အားကြီးမျိုးနွယ်စုများက ပိုလျှံနေသော စွမ်းအင်ထောက်ပံ့မှုများကို ယူဆောင်လာပြီး အမှန်တကယ်ပင် ချက်ချင်းထုတ်ပေးနိုင်ခဲ့ကြသည်။
"နေဦး.. နှစ်ထရီလီယံလား။ မလောက်ဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"နှစ်ထရီလီယံဆိုတာ စောစောကတင် မင်းကိုယ်တိုင် ပြောခဲ့တာလေ"
"အဲဒါက မင်းတို့ရဲ့ မူလပြန်ရွေးငွေဈေးနှုန်းလေ"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
"အခု ငါ မင်းတို့နဲ့ နောက်ထပ်ကိစ္စတစ်ခု ဆွေးနွေးချင်တယ်။ မင်းတို့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ အကျပ်ကိုင်မှုတွေကြောင့် ငါ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတယ်။ ဒါကြောင့် ဈေးကို နှစ်ဆတိုးလိုက်တာ တရားပါတယ်နော်။ ဟုတ်တယ်မလား"
*********************