← Chapters

အခန်း ၁၀၅၅

Vol. 71 Ch. 1055

အခန်း ၁၀၅၅

Vol. 71 Ch. 1055

အခန်း ၁၀၅၅ - ငါက လူတွေကို လွှတ်ပေးမယ်လို့ပဲ ပြောခဲ့တာလေ

"ကောင်းတယ်။ ကောင်းတယ်"

လော့ကျယ်သည် ကျန်းမုန့်လောင်ယူဆောင်လာသော သတင်းများကို ကြည့်ပြီး ဝမ်းသာလုံးဆို့သွားသည်။ သူတို့၏ စကြဝဠာအမှတ်၇သည် ဤကမ္ဘာခြားစစ်မြေပြင်တွင် အချိန်အတော်ကြာအောင် အဖိနှိပ်ခံဖြစ်ခဲ့ရသည်။ ယခုတော့ နောက်ဆုံးမှာ ခေါင်းမော့နိုင်ခဲ့လေပြီ။

ဤမျှများပြားလှသော သယံဇာတအရင်းအမြစ်များနှင့်ဆိုလျှင် သူတို့၏စစ်တပ်ကို အင်တိုက်အားတိုက် တိုးချဲ့နိုင်ရုံသာမက ဤအရင်းအမြစ်များကို အသုံးပြု၍ အခြားစကြဝဠာများနှင့် တန်ဖိုးကြီးတွင်းထွက်ပစ္စည်းများ၊ သတ္တုအရင်းအမြစ်များ စသည်တို့ကိုပါ ကုန်သွယ်မှု ပြုလုပ်နိုင်သည်။

စွမ်းအင်သည် မည်သည့်နေရာတွင်မဆို အသုံးဝင်သော ခိုင်မာသည့် ငွေကြေးဖြစ်သောကြောင့် စစ်ရေးအကာအကွယ်မရှိသော ထိုစကြဝဠာများထဲသို့ ဝင်ရောက်ရန် နည်းလမ်းများလည်း စဉ်းစားနိုင်ပြီး ထိုစကြဝဠာများမှ လူများကိုပင် စုဆောင်းနိုင်သေးသည်။

"အမိန့်ပေးလိုက်"

လော့ကျယ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဒီနေ့ကစပြီး စစ်တပ်တိုးချဲ့ရေးအတွက် ဘာကန့်သတ်ချက်မှ မရှိတော့ဘူး။ တပ်ဖွဲ့အားလုံးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အဆက်မပြတ် မြှင့်တင်စေချင်တယ်။ မင်းတို့ ဘာပဲလိုလို စွမ်းအင်လိုချင်ရင် စွမ်းအင်ပေးမယ်။ ပစ္စည်းတွေလိုချင်ရင် ပစ္စည်းတွေပေးမယ်"

...

စကြဝဠာအမှတ်၇က ဝမ်းသာကြည်နူးမှု လှိုင်းတံပိုးထဲဝယ် နစ်မြောနေချိန်တွင် အခြားစကြဝဠာများကလည်း ရှေ့တန်းစစ်မျက်နှာမှ သတင်းများကို ဆက်တိုက်ဆိုသလို လက်ခံရရှိနေသည်။

"ဘာ။ စကြဝဠာအမှတ်၇က အဲဒီသတ္တုကြောကို သိမ်းပိုက်လိုက်တယ်ပေါ့။ သူတို့နဲ့ တန်လို့လား"

"ဒါက ဘယ်လိုလက်နက်မျိုးလဲ။ ဆယ်ချက်ပစ်ရုံနဲ့ တပ်ဖွဲ့တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်ပေါ့"

"အဆင့်ခုနစ်သက်ရှိကိုတောင် သတ်နိုင်တဲ့ ဒီလက်နက်က ဘာကြီးလဲ။ သူတို့ ဒါကို ဘယ်ကနေ ရလာတာလဲ"

"ဒီလောက်ကြောက်စရာကောင်းတဲ့ ကာကွယ်ရေးစွမ်းအားကို အဆင့်ရှစ်သက်ရှိကတောင် မချိုးဖျက်နိုင်ဘူးလား"

ထိုအရာမှာ သူတို့စေလွှတ်လိုက်သည့် တပ်ဖွဲ့များဆီက ပြန်ပို့လာသည့် ရုပ်သံအချက်အလက်များပင်။ ထိုအချက်အလက်များထဲတွင် စကြဝဠာအမှတ်၇က အခြားစကြဝဠာစစ်တပ်များကို နင်းခြေနေသည့် စစ်နတ်ဘုရားတစ်ပါးနှယ်ပင်။ ဖြတ်သွားသမျှ နေရာတိုင်းတွင် ဘာမှမကျန်အောင် ဖျက်ဆီးပစ်ပြီး သူတို့ကို မိုက်မိုက်မဲမဲ သွားရောက်တိုက်ခိုက်သည့် ဘယ်တပ်ဖွဲ့မဆို ပြင်းထန်သော ပြစ်ဒဏ်များ ခံခဲ့ရသည်။

စကြဝဠာအမှတ်၇၏တပ်ဖွဲ့က တစ်ဖွဲ့တည်းနှင့် တပ်ဖွဲ့၁၅၀ကို ရင်ဆိုင်တိုက်ခိုက်နိုင်သည့် စွမ်းဆောင်ရည်မျိုးကိုပင် သူတို့ မြင်တွေ့ခဲ့ရသည်။

ဤသို့သောတိုက်ခိုက်နိုင်စွမ်းမျိုးနှင့်ဆိုလျှင် တပ်ဖွဲ့နှစ်သောင်းသုံးသောင်းခန့်ကို တစ်ယောက်တည်း အနိုင်ယူရန်မှာ မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ပါချေ။

"အင်းလေ... အနာဂတ်က ရှည်ပါတယ်။ သိမ်းပိုက်နိုင်တိုင်း ဆက်ထိန်းထားနိုင်မယ်လို့ မဆိုလိုပါဘူး။ လောလောဆယ်တော့ သူတို့ကို ခဏလောက် ဂုဏ်ယူခွင့်ပေးထားလိုက်ကြတာပေါ့"

စကြဝဠာခေါင်းဆောင်အများစုက သူတို့၏တပ်ဖွဲ့များကို စမ်းသပ်သည့် စိတ်ကူးမျိုးနှင့်သာ စေလွှတ်ခဲ့ကြခြင်း ဖြစ်သည်။ အင်အားကို ထိန်းသိမ်းထားရန်နှင့် အခွင့်အရေးရလျှင် သိမ်းပိုက်ဖို့ သူတို့ ညွှန်ကြားခဲ့ကြသည်။ သို့သော် အခွင့်အရေးမရလျှင်လည်း ဆုံးရှုံးမှုများကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လုပ်ဖို့လည်း ပါရှိသည်။

ရလဒ်က မမျှော်လင့်ထားသော အရာတစ်ခုဖြစ်နေသော်လည်း နောက်ရှုထောင့်တစ်ခုက ကြည့်လျှင် သိပ်အံ့သြစရာတော့ မဟုတ်ပါချေ။ အလွန်ဆုံးရှိလှ သိမ်းပိုက်သူနေရာတွင် အခြားစကြဝဠာများအစား စကြဝဠာအမှတ်၇ ပြောင်းသွားရုံလောက်သာ။

သို့သော် နောက်ထပ်သတင်းနှစ်ခုကတော့ သူတို့ကို ဒေါသထွက်စေခဲ့သည်။

စကြဝဠာအမှတ်၇က သူတို့၏ တပ်ဖွဲ့များကို အနိုင်ယူသွားသည်မှာ မှန်သော်ငြား တပ်ဖွဲ့များကြားက တိုက်ပွဲဆိုသည်မှာ လက်နက်များနှင့် အသေခံတပ်သားများ၏ တိုက်ခိုက်ရေးစွမ်းရည် ကွာခြားမှုအပေါ်မှာသာ မူတည်နေခြင်းမျိုးမဟုတ်ပါဘဲ အရေးအကြီးဆုံးမှာ တပ်မှူးများနှင့် ဒုတပ်မှူးများ၏ တစ်ဦးချင်းတိုက်ခိုက်နိုင်စွမ်းအပေါ်တွင်လည်း မူတည်နေပေသည်။

အားနည်းသည့် စကြဝဠာအမှတ်၇၏ တပ်မှူးတစ်ယောက်က အခြားသူများကို ဘယ်လိုများ လွှမ်းမိုးနိုင်ခဲ့သလဲဆိုသည်ကို သူတို့ စဉ်းစား၍မရပေ။ သူတစ်ယောက်တည်းနှင့် အဆင့်ရှစ်သက်ရှိ သိန်းပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ခြင်းများလား။

သို့သော် သူတို့ မမျှော်လင့်ထားသည့် အရာကတော့ ဤတစ်ကြိမ်တွင် စကြဝဠာအမှတ်၇မှာ အဆင့်ကိုးသက်ရှိတစ်ယောက်ကို ထုတ်သုံးခဲ့ခြင်းပင်။

ဤအချက်အလက်ကို မြင်လိုက်ရသောအခါ သူတို့ ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ပေ။

"ဒါက စစ်မြေပြင်ရဲ့ စည်းမျဉ်းတွေကို ပေါ်တင်စိန်ခေါ်လိုက်တာပဲ"

"စကြဝဠာအမှတ်၇က သူတို့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမယ်"

"တိုက်ပွဲအားလုံးကို ချက်ချင်းရပ်လိုက်။ ​ပိုအရေးကြီးတဲ့ကိစ္စတစ်ခု ဖြေရှင်းရမယ်"

အဆင့်ကိုးသက်ရှိတစ်ယောက်ကိုယ်တိုင် ဝင်ရောက်လှုပ်ရှားသည်ကို မြင်လိုက်ရချိန်တွင် သူတို့အနေနှင့် ဒေါသက ဘာလဲဆိုသည်ကို သိခဲ့ရသည်ဆိုပါက စကြဝဠာအမှတ်၇ရှိ လူများဟာ သူတို့၏ တပ်ဖွဲ့များကို ဖမ်းဆီးထားပြီး ပြန်ပေးငွေအဖြစ် အဆမတန်များပြားလှသော အရင်းအမြစ်များကို တောင်းဆိုနေကြောင်း ကြားလိုက်ရချိန်တွင်မူ သူတို့၏ဒေါသက ငယ်ထိပ်ကို ရောက်သွားပြန်သည်။

စကြဝဠာအမှတ်၇၏ လုပ်ရပ်များက မောက်မာရုံသာမက လုံးဝဥပဒေမဲ့လွန်းနေလေပြီ။

ဤသည်မှာ စကြဝဠာပေါင်းသုံးထောင်ကျော်ကို စစ်ကြေညာလိုက်ခြင်းပင်။

"ကောင်းပြီလေ... မင်းက အဲဒီလောက်တောင် လိုချင်နေတယ်ပေါ့။ ငါ အကုန်ပေးလိုက်မယ်။ မင်း ခံနိုင်ရည်ရှိမရှိ ကြည့်ကြသေးတာပေါ့"

"သွား... စွမ်းအင်သလင်းကျောက်တွေနဲ့ ကြယ်တာရာအမြုတေတွေကို ပြင်ဆင်ထားလိုက်။ သူတို့ဆီက ငါတို့လူတွေကို အရင်ပြန်ရအောင် ခေါ်ထားလိုက်မယ်။ ကျန်တာတွေကို နောက်မှ အသေးစိတ်ဆွေးနွေးကြတာပေါ့"

"ငါ့နာမည်နဲ့ စကြဝဠာတပ်မှူးတွေအားလုံးကို ချက်ချင်းခေါ်ယူလိုက်။ ငါတို့ စကြဝဠာအမှတ်၇ကို ပိတ်ဆို့အရေးယူဖို့ လိုအပ်နေပြီ"

...

[တင်! ဂုဏ်သတင်းရမှတ် ၁၀မှတ်ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]

[တင်! ခြိမ်းခြောက်မှုရမှတ် ၁၀မှတ်ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]

[တင်...]

ဤတိုက်ပွဲ ပြီးဆုံးသွားကတည်းက ကျန်းမုန့်လောင် ရရှိခဲ့သည့် ဂုဏ်သတင်းရမှတ်များနှင့် ခြိမ်းခြောက်မှုရမှတ်များမှာ ရပ်တန့်မသွားဘဲ ဆက်တိုက်တက်လာခဲ့သည်။ ယခုအချိန်တွင် သူသည် ဂုဏ်သတင်းရမှတ်သုံးထောင်ကျော်နှင့် ခြိမ်းခြောက်မှုရမှတ် ၁၂၀၀ကျော်အထိ စုဆောင်းရရှိထားပြီးဖြစ်၏။ ဤသည်မှာ စည်းစိမ်အပုံလိုက် စုဆောင်းထားနိုင်ခြင်းပင်။

"ကောထန်.. ဟုန်မန်သန့်စင်နယ်မြေကို ဖွင့်လိုက်"

[ခွန်အားအမှတ် ၃၀၀၀သုံးစွဲပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ စနစ်အသစ်ဖြစ်တဲ့ ဟုန်မန် သန့်စင်နယ်မြေကို ဖွင့်လှစ်လိုက်ပါပြီ]

[အကျိုးသက်ရောက်မှု : ဤနေရာတွင် ကျင့်ကြံခြင်းဖြင့် ကျောင်းသားများ၏ နားလည်သဘောပေါက်နိုင်စွမ်းနှင့် လေ့ကျင့်ရေးအမြန်နှုန်းကို သိသိသာသာတိုးတက်စေပါသည်။ မည်သည့်အပင်ကိုမဆို ဤနေရာတွင် စိုက်ပျိုးပါက ကြီးထွားနှုန်း အဆတစ်ရာအထိ မြန်ဆန်စေပါသည်]

"အချိန်နှင့် ဝိညာဉ်အခန်းကို ဖွင့်လိုက်"

[ခွန်အားအမှတ်၅၀၀၀ သုံးစွဲပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ စနစ်အသစ်ဖြစ်တဲ့ အချိန်နှင့်ဝိညာဉ်အခန်းကို ဖွင့်လှစ်လိုက်ပါပြီ]

[အကျိုးသက်ရောက်မှု : အချိန်နိယာမနှင့် အာကာသနိယာမတို့ကို ပေါင်းစပ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခုဖြစ်ပြီး ပြင်ပကမ္ဘာနှင့် နှိုင်းယှဉ်ပါက အချိန်စီးဆင်းမှုနှုန်းမှာ ၁/၃၆၅ ဖြစ်သည်။ အပူချိန်၊ ဆွဲငင်အား၊ အောက်ဆီဂျင်ပါဝင်မှု စသည့် သတ်မှတ်ချက်များကို လွတ်လပ်စွာချိန်ညှိနိုင်ပြီး ဧရိယာအကျယ်အဝန်းမှာ အဆုံးအစမရှိ ကြီးမားလှပါသည်။ ကျောင်းအုပ်ကြီးကလွဲ၍ ကျောင်းသားအားလုံးအနေနှင့် တစ်နှစ်လျှင် ဆယ်ရက်သာ အသုံးပြုခွင့်ရှိသည်]

"အဂ္ဂိရတ်မျှော်စင်ကို ဖွင့်လိုက်"

...

အရေးပေါ်အခြေအနေအတွက် အချို့ကို ချန်လှပ်ထားခြင်းကလွဲ၍ ဤတစ်ကြိမ်တွင် ကျန်းမုန့်လောင်သည် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ လုပ်ဆောင်ချက်အသစ်များစွာကို ဖွင့်လှစ်ခဲ့သည်။

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားအသုတ်ပေါင်းများစွာသည် ဤနေရာများသို့ ဝင်ရောက်ကာ ကျင့်ကြံမှုများ စတင်ပြုလုပ်ခဲ့ကြသည်။

သေချာပေါက်ပင်။ ဝိညာဉ်တံဆိပ်ခေါင်းများဖြင့် ကျွန်ပြုထားသူများကိုလည်း ကျန်းမုန့်လောင်က သူ့လူများကဲ့သို့ ဆက်ဆံခဲ့သည်။ သူတို့က သူ့အပေါ် အကြွင်းမဲ့ယုံကြည်မှုနှင့် သစ္စာရှိကြပြီး ကျန်းမုန့်လောင်ကလည်း သူတို့အပေါ် အရင်းအမြစ်များ ရင်းနှီးမြှုပ်နှံရန် အလွန်ဆန္ဒရှိပေသည်။

"ဂက်ကိုရွန် ဒီနေ့ကစပြီး မင်းကို ကျန်းတာ့ပေါင် လို့ နာမည်အသစ်ပေးလိုက်မယ်။ မင်းရဲ့ မူလတပ်ဖွဲ့က လူတွေအားလုံးကို ငါ့ရဲ့ IPX-001တပ်မထဲ ပေါင်းထည့်လိုက်မယ်"

"ဟုတ်ကဲ့ပါ သခင်"

ကျန်းမုန့်လောင်က သူ့ထံသို့ အစွမ်းထက်သော ကျင့်စဉ်များနှင့် သိုင်းပညာအချို့ကို ပစ်ပေးလိုက်သည်။

"ဟုန်မန်သန့်စင်နယ်မြေနဲ့ အချိန်နှင့်ဝိညာဉ်အခန်းကို မင်း လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တယ်။ မင်းဆီက ငါလိုချင်တာက မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို မြန်မြန်ဆန်ဆန် မြှင့်တင်ဖို့ပဲ။ နောက်ရက်ပိုင်းအတွင်းမှာ မင်းရဲ့စွမ်းအားနဲ့ ဖြေရှင်းရမယ့် ပြဿနာတချို့ ရှိလာနိုင်တယ်။ ပြီးတော့ မင်းရဲ့စစ်သည်တွေကိုလည်း သေချာလေ့ကျင့်ပေးဖို့ မမေ့နဲ့"

...

အဆင့်ငါးစွမ်းအင်သလင်းကျောက် လေးရာဘီလီယံနှင့် ကြယ်တာရာအမြုတေသန်းနှစ်ရာဆိုသည်မှာ ဘယ်စကြဝဠာအတွက်မဆို နည်းပါးလှသော ပမာဏမျိုး မဟုတ်ပါချေ။ တတိယမြောက်နေ့တွင်မူ ပထမဆုံးတပ်ဖွဲ့က သူတို့လူများကို ပြန်ရွေးရန် ရောက်လာခဲ့သည်။

စွမ်းအင်သလင်းကျောက်များ တင်ဆောင်လာသည့် သင်္ဘောရာပေါင်းများစွာက သတ္တုကြော၏ အဝင်ဝတွင် ရပ်တန့်သွားပြီး အဆင့်ရှစ် အထွတ်အထိပ်သက်ရှိတစ်ယောက်က ကြီးမားကျယ်ပြန့်လှသော စစ်အခြေစိုက်စခန်းကို လှမ်းကြည့်လိုက်သည်။

ဤသတ္တုကြောမှာ မူလက စကြဝဠာအမှတ်တစ် အသုံးပြုဖို့ပင်။ မထင်မရှားစကြဝဠာအမှတ်၇က သိမ်းပိုက်သွားခြင်းမှာ စင်စစ် ရှက်ဖွယ်ရာပင်။

"ဪ... ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်"

ကျန်းမုန့်လောင်က ဖော်ရွေသော အပြုံးဖြင့် လျှောက်ထွက်လာသည်။

"ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ"

"ဂျီနို... စကြဝဠာအမှတ်တစ်ရဲ့ ဘယ်လက်ရုံးတော်ဝင်အစောင့်တပ်ဖွဲ့ရဲ့ တပ်မှူး"

ထိုအဆင့်ရှစ်သက်ရှိက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"မင်းတောင်းထားတဲ့ စွမ်းအင်သလင်းကျောက် လေးရာဘီလီယံကို ငါ ယူလာခဲ့ပြီ။ ငါတို့ တပ်ဖွဲ့ဝင်တွေ ထွက်သွားလို့ရပြီလား"

"ရတာပေါ့"

ကျန်းမုန့်လောင်က ပြုံးလိုက်လေသည်။

"ပစ္စည်းတွေကို စစ်ဆေးလိုက်"

"တပ်မှူးကို အစီရင်ခံပါတယ်။ ပစ္စည်းတွေ အကုန်မှန်ကန်ပြီး အရည်အသွေးကလည်း အရမ်းမြင့်ပါတယ်"

စစ်သည်တစ်ဦးက စစ်ဆေးပြီးနောက် အမြန်အစီရင်ခံလိုက်သည်။

"အရမ်းကောင်းတယ်။ သူတို့ကို လွှတ်ပေးလိုက်"

မိနစ်အနည်းငယ် ကြာပြီးနောက် ဖိုသီဖတ်သီနှင့် ကိုယ်လုံးတီးဖြစ်နေသော လူအုပ်ကြီးက သတ္တုကြောထဲမှ ပြည့်သိပ်လျက် ထွက်လာကြသည်။ သူတို့အားလုံး၏ မျက်လုံးထဲတွင် နှိပ်စက်ခံထားရသည့်အလား အသက်ဓာတ်ကင်းမဲ့နေလေသည်။

"ငါတို့ရဲ့စစ်သင်္ဘောတွေနဲ့ လက်နက်ကိရိယာတွေကရော"

ဂျီနိုက မေးလိုက်သည်။

"ဪ... စောစောကတည်းက ပြောရောပေါ့"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ဒီဈေးနှုန်းက လူတွေကို ပြန်ရွေးဖို့အတွက်လို့ပဲ ပြောခဲ့တာလေ။ လက်နက်ကိရိယာတွေနဲ့ စစ်သင်္ဘောတွေကိုပါ ယူသွားချင်ရင်တော့ အပိုထပ်ပေးရမှာပေါ့။ ဈေးကတော့ နှစ်ဆပဲနော် အချစ်လေး"

"မင်း..."

ဂျီနိုမှာ ကျန်းမုန့်လောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း သူ့နောက်တွင် ခန့်မှန်းရခက်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် အဆင့်ကိုးသက်ရှိကို မြင်လိုက်ရသောအခါ ပေါက်ကွဲထွက်တော့မည့် ဒေါသများကို အတင်းထိန်းချုပ်လိုက်ရသည်။

"ကောင်းပြီလေ။ ဒီတပ်မှူးတွေရဲ့ စောင့်ရှောက်မှုအတွက် ကျေးဇူးတင်ပါတယ်။ သွားလိုက်ပါဦးမယ်"

ဂျီနိုက သူ့လူများကို ကြည့်လိုက်သည်။

"အမှိုက်ကောင်တွေ... မင်းတို့က ငါတို့ စကြဝဠာအမှတ်တစ်ကို အကြီးအကျယ် အရှက်ခွဲလိုက်တာပဲ။ သွားကြစို့"

*********************

All Chapters