← Chapters

အခန်း ၁၀၅၇

Vol. 71 Ch. 1057

အခန်း ၁၀၅၇

Vol. 71 Ch. 1057

အခန်း ၁၀၅၇ - ကျွန်တော်တို့ကို လာရောက်ပိတ်ဆို့အရေးယူဖို့ ကြိုဆိုပါတယ်

ကျယ်လောင်လှသော အသံကြီးကြောင့် ပတ်ဝန်းကျင်ရှိ လူအများအပြား၏ အာရုံကို ချက်ချင်း ဖမ်းစားသွားပြီး ထိုအထဲတွင် မိုင်းတွင်းထဲ၌ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေရသော သုံ့ပန်းများလည်း ပါဝင်လေသည်။

"ဗိုလ်ချုပ်... ဗိုလ်ချုပ်ရောက်လာပြီ"

စကြဝဠာအမှတ်၄၀၄မှ တပ်မှူးများနှင့် စစ်သည်များသည် သူတို့စကြဝဠာရှိ ဗိုလ်ချုပ်နှစ်ယောက်၏ အရှိန်အဝါကို ချက်ချင်း မှတ်မိသွားကြသည်။ သူတို့ခမျာ မျှော်လင့်ချက်အရုဏ်ဦးကို မြင်လိုက်ရသည့်အလားပင်။

သူတို့တော့ ကယ်တင်ခံရလေပြီ။

ငါးရက်...။ သူတို့ ဤနေရာတွင် တိရစ္ဆာန်များလို ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသည်မှာ ငါးရက်တောင် ရှိနေလေပြီ။ ကိရိယာအများကြီးရှိနေလျှင်ပင် ထိုလူယုတ်မာကျန်းမုန့်လောင်က သူတို့ကို လက်ဗလာနှင့် တူးခိုင်းခဲ့သည်။ ဤငါးရက်အတွင်း သူတို့ ဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုသည်ကို သိကြရဲ့လား။

သူတို့၏ ဗိုလ်ချုပ်နှစ်ယောက်က နာမည်ကျော် အဆင့်ကိုးသက်ရှိများဖြစ်ပြီး ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးက ကြောက်ရွံ့ရသူများဖြစ်၏။ သူတို့နှစ်ယောက်ပေါင်းပြီး အဆင့်ကိုးအခြေခံသက်ရှိတစ်ယောက်ကို မရှင်းဘဲ နေနိုင်မည်လော။

"မင်းတို့တွေ ဘာလုပ်နေကြတာလဲ။ အလုပ်မလုပ်ကြတော့ဘူးလား"

ကြီးကြပ်ရေးမှူးအချို့က ခြိမ်းခြောက်လေဟန်ဖြင့် ထွက်လာကြသည်။

သူတို့က ကျန်းတာ့ပေါင်၏ စစ်ယာဉ်တန်းမှ တပ်မှူးများ ဖြစ်ကြသည်။ သူတို့လည်း ကျန်းမုန့်လောင်၏ ဝိညာဉ်တံဆိပ် အထည့်ခံထားရပြီး သူ၏ သစ္စာအရှိဆုံးကျေးကျွန်များ ဖြစ်လာခဲ့ကြသည်။ သူတို့မှာ ကျန်းတာ့ပေါင်နှင့်အတူ အချိန်နှင့်ဝိညာဉ်အခန်းထဲတွင် ရက်အနည်းငယ်ကြာသည်အထိ လေ့ကျင့်ခဲ့ကြပြီး ဤကမ္ဘာတွင် သင်ယူ၍မရနိုင်သော အရာများကို သင်ယူပြီးနောက် ယခုမူ လုံးဝကွဲပြားခြားနားသွားပြီဖြစ်၏။

ယခုဆိုလျှင် သူတို့လူအနည်းစုနှင့်ပင် ဤ"သတ္တုတူးသမား"များကို ခြိမ်းခြောက်ရန် လုံလောက်နေပြီဖြစ်၏။

"ငါတို့ရဲ့ဗိုလ်ချုပ်တွေ ရောက်လာပြီ။ ငါတို့က မင်းတို့ကို ကြောက်ပေမဲ့ သူတို့ကတော့ ကြောက်မှာမဟုတ်ဘူးကွ"

"စကြဝဠာအမှတ်၇က လူတွေ ချက်ချင်း လက်နက်ချဖို့ ငါ အကြံပေးချင်တယ်။ ငါတို့ ဗိုလ်ချုပ်တွေ ဒီကိုရောက်လာရင် မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး"

"မင်းတို့ရဲ့ အဆင့်ကိုးသက်ရှိက အခု ငါတို့ ဗိုလ်ချုပ်တွေရဲ့ ခြေဖဝါးအောက်မှာ အနင်းခံနေရလောက်ပြီထင်တယ်"

"ဖြန်း"

ကြာပွတ်တစ်ချောင်းဖြင့် သူတို့ကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်။ ထိုအရာမှာ ကျန်းမုန့်လောင်က သူတို့အတွက် အထူးဖန်တီးပေးထားသည့် အဆင့်ရှစ်သိုင်းလက်နက်တစ်ခု ဖြစ်၏။ ထိုအရာကား အသားအရေကို နာကျင်စေရုံသာမက ဝိညာဉ်ကိုပါ တိုက်ခိုက်နိုင်စွမ်းရှိသောကြောင့် အရိုက်ခံရသူမှာ အလူးအလဲ အော်ဟစ်ရလေသည်။

"ဘာတွေဖြစ်နေတာလဲ"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားတချို့ ရောက်လာကြသည်။

"တပ်မမှူး... သူတို့ရဲ့ဗိုလ်ချုပ်တချို့ ရောက်လာကြတယ်ထင်ပါတယ်။ သူတို့က ပုန်ကန်ဖို့ပြင်နေကြပုံပဲ"

သူတို့က အဆင့်ရှစ်သက်ရှိများ ဖြစ်ကြသော်လည်း ကျန်းမုန့်လောင်၏ ကျောင်းသားများအပေါ် အလွန်လေးစားကြသည်။

"လက်နက်ချရမယ် ဟုတ်လား။ အဲဒီယုံကြည်မှုတွေကို ဘယ်ကရလာတာလဲ"

"မင်းတို့ရဲ့ အသုံးမကျတဲ့ ဗိုလ်ချုပ်တွေကများ... မကြာခင် သူ ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး"

ထိုအချိန်တွင် ပုံရိပ်တစ်ခုက ကောင်းကင်ကို ခွဲထွက်လာပြီး တောင်တစ်လုံးကို အရှိန်ပြင်းပြင်းဝင်တိုက်သွားလေသည်။

ထို့နောက် အခြားပုံရိပ်တစ်ခုက အမြန်ဖြတ်သန်းသွားသည်။ ခဏအကြာတွင် နောက်လူတစ်ယောက်က ပထမလူ၏ခန္ဓာကိုယ်ကို ကြက်ပေါက်စတစ်ကောင်လို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပုံပင်။

စကြဝဠာအမှတ်၄၀၄မှ လူများသည် ထိုလူနှစ်ယောက်ကို မြင်လိုက်ရသောအခါ နှလုံးသားများ အေးစက်သွားကြတော့သည်။

မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသူမှာ တကယ်တော့ သူတို့စကြဝဠာအမှတ်၄၀၄၏ ဗိုလ်ချုပ်ဘိုဒစ် ဖြစ်နေလေသည်။

သူ့ခမျာ သတိလစ်နေချေပြီ။ သူ့အရိုးများကလည်း အက်ကွဲကြေမွနေပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးသံတရဲရဲဖြင့် အသားများလည်း စုတ်ပြတ်သတ်နေချေသည်။ သူ့အရှိန်အဝါကပင် အလွန်အမင်းအားနည်းသွားပြီဖြစ်၏။

ထို့နောက် အစောပိုင်းက လှုပ်ရှားခဲ့သူမှာ စကြဝဠာအမှတ်၇ရှိ အဆင့်ကိုးသက်ရှိပင်။

ဘိုဒစ်သည် အဆင့်ကိုးအဆင့်မြင့်သက်ရှိတစ်ဦး ဖြစ်ရမည်မဟုတ်ပါလော။ အဆင့်ကိုးအခြေခံသက်ရှိတစ်ယောက်က သူ့ကို ယခုလိုအခြေအနေမျိုးရောက်အောင် မည်သို့ရိုက်နှက်နိုင်ရလေသလဲ။ သူတို့၏အရှိန်အဝါများ ထွက်ပေါ်လာချိန်အရဆိုလျှင် သူတို့အနေနှင့် တစ်ချက်သာ ထိုးရသေးဟန်ပင်။

သူတို့၏ ကြီးမြတ်လှသော ဗိုလ်ချုပ်က တစ်ကွက်တည်းဖြင့် ဒုက္ခိတဖြစ်သွားလေသလား။

ချက်ချင်းဆိုသလိုပင် မျှော်လင့်ချက်မဲ့ခြင်းဆိုသည်မှာ ဘာကိုဆိုလိုကြောင်း သူတို့ သဘောပေါက်သွားသည်။

"မဖြစ်နိုင်ဘူး"

စကြဝဠာအမှတ်၄၀၄ရှိ ဗိုလ်ချုပ်က အံ့အားသင့်လျက် ထိုနေရာတွင် ရပ်နေဆဲပင်။

စောစောက ဘာဖြစ်သွားသလဲဆိုသည်ကို သတိပင်မထားမိလိုက်ဘဲ တိုက်ပွဲက ဤမျှအထိ ရှင်းလင်းပြတ်သားသော ရလဒ်ဖြင့် ပြီးဆုံးသွားခဲ့လေပြီ။

သူက အဆင့်ကိုးအထွတ်အထိပ်သက်ရှိတစ်ယောက်ဖြစ်သော်လည်း သူ့ဒုဗိုလ်ချုပ်ကို အချိန်တိုအတွင်း ဒုက္ခိတဖြစ်အောင် မလုပ်နိုင်ပေ။

တစ်နည်းအားဖြင့်ဆိုရလျှင် ထိုလူ့အနေနှင့် ဒုဗိုလ်ချုပ်ကို ဤကဲ့သို့ ဒုက္ခိတဖြစ်အောင် လုပ်နိုင်သည်ဆိုပါက သူ့ကို အနိုင်ယူရန်လည်း ခက်ခဲမည် မဟုတ်ပေ။

"ခင်ဗျားက ခင်ဗျားလူတွေကို လာတောင်းတာ မဟုတ်ဘူးလား။ ခင်ဗျား ဘယ်လိုတောင်းမလဲဆိုတာ ကြည့်ရသေးတာပေါ့"

ကျန်းမုန့်လောင်က သူ့ကို ငုံ့ကြည့်နေပြီး ကျန်းတာ့ပေါင်ကလည်း သားကောင်ကို အမဲလိုက်တော့မည့်အလား ဘေးနားတွင် ရပ်နေပေသည်။

"ငါ..."

ဤအခိုက်အတန့်တွင်မူ သူ တကယ်ကြောက်ရွံ့သွားလေပြီ။ ဤသည်မှာ ကမ္ဘာခြားစစ်မြေပြင်တွင် ဤမျှပြင်းထန်သော အကြောက်တရားကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။

သို့သော် အဆင့်ကိုးသက်ရှိတစ်ယောက်အနေနှင့် သူ့ဂုဏ်သိက္ခာက သာမန်အဆင့်ခြောက်သက်ရှိတစ်ယောက်အား အရှုံးပေးရန် ခွင့်မပြုပေ။

"မင်းတို့စကြဝဠာအမှတ်၇က ဒီကမ္ဘာခြားစစ်မြေပြင်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်။ အခုဆိုရင် ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးက မင်းတို့ကို ပိတ်ဆို့အရေးယူဖို့ ပြင်ဆင်နေကြပြီ။ ခုခံနေတာကို လက်လျှော့လိုက်ဖို့ ငါ အကြံပေးချင်တယ်။ အဲဒီလိုမှမဟုတ်ရင် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး"

နော်ဇက်က ခက်ထန်လေဟန်ပြုကာ ခြိမ်းခြောက်သောလေသံဖြင့် ပြောလိုက်သည်။

"ဪ... ဟုတ်လား။ ခင်ဗျား ပြောစရာကျန်သေးလား"

နော်ဇက် ငြိမ်ကျသွားသည်။ ကျန်းမုန့်လောင် သည် ကောင်းကင်နှင့် မြေကြီးကို လုံးဝမကြောက်ရွံ့သူဖြစ်သဖြင့် ဤကဲ့သို့သော အသေးအဖွဲခြိမ်းခြောက်မှုများက သူ့အတွက် ဘာမှမပြောပလောက်ပေ။ သူ့ခရီးစဉ်တစ်လျှောက်လုံး ဘယ်နှခါလောက်များ ခြိမ်းခြောက်ခံခဲ့ရပြီးပြီလဲ။

သို့သော် သူကတော့ ခြိမ်းခြောက်ခံရခြင်းကို သဘောကျသည်။ မကောင်းတာလုပ်ဖို့ဆိုလျှင် အကြောင်းပြချက်တစ်ခုတော့ လိုအပ်သည်မဟုတ်လော။

"ကျန်းတာ့ပေါင်... သူ့ကိုချစမ်း"

...

"ကျစ်... သနားစရာကောင်းလိုက်တာ"

"ကျစ် ကျစ်... အခု သူ့အမေအရင်းတောင် သူ့ကို မှတ်မိမယ်မထင်ဘူး"

"ငါတို့တပ်မှူးကို အထက်စီးက လာဆက်ဆံတာဆိုတော့ သူတို့ရဲ့ယောကျ်ားပီသမှုကိုတော့ ငါ လေးစားပါတယ်"

သူတို့၏ နောက်ဗိုလ်ချုပ်တစ်ယောက်လည်း အသက်တစ်ရှူတစ်ရှိုက်စာသာ ကျန်တော့သည့် အနေအထားဖြင့် လဲကျနေကြောင်း မြင်လိုက်ရသောအခါ စကြဝဠာအမှတ်၄၀၄က တပ်မှူးများနှင့် စစ်သည်များအတွက် နောက်ဆုံးလက်ကျန်မျှော်လင့်ချက်လေးလည်း ပျောက်ကွယ်သွားလေတော့သည်။

သူတို့ သက်ပြင်းချလိုက်ကြပြီး မိုင်းတွင်းထဲသို့ နာခံကျိုးနွံစွာ ပြန်သွားကာ လူမဆန်သော အလုပ်များကို ဆက်လုပ်ကြလေသည်။

...

"ခဏခဏပြဿနာလာရှာတဲ့လူတွေ ရှိနေတာ တကယ်ဒုက္ခများတာပဲ"

ကျန်းမုန့်လောင်က မေးစေ့ကို ပွတ်သပ်လိုက်၏။

"သူတို့အားလုံးကို သတိပေးချက်တစ်ခုပို့ဖို့ အချိန်တန်ပြီ"

မရေမတွက်နိုင်သော ကွမ်တမ်စက်ရုပ်များကို စကြဝဠာအမှတ်၇၏ ယာယီအခြေစိုက်စခန်း မြို့တော်မှ ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးဆီသို့ လွှတ်တင်လိုက်သည်။ ကွေးညွတ်မောင်းနှင်မှုနည်းပညာကို အသုံးပြုထားသောကြောင့် သုံးရက်အတွင်း စကြဝဠာအားလုံးနီးပါးတွင် ပေါ်လာနိုင်ပေသည်။

ထိုနေ့တွင် စကြဝဠာအားလုံးနီးပါးက စကြဝဠာအမှတ်၇ထံမှ အချက်ပြတစ်ခုကို လက်ခံရရှိခဲ့ကြသည်။ သူတို့က မိုင်းတွင်းထဲတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို လူတိုင်းမြင်တွေ့နိုင်စေရန် ကွမ်တမ်ချိတ်ဆက်မှုနည်းပညာကို အသုံးပြု၍ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ထိုအရာမှာ ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးဆီသို့ ရည်ရွယ်ပြီး ထုတ်လွှင့်လိုက်ခြင်းပင်။

"သူက စကြဝဠာအမှတ်၇က IPX-001တပ်ဖွဲ့ရဲ့ တပ်မှူးလား"

ယနေ့ခေတ်တွင် IPX-001တပ်ဖွဲ့၏ နာမည်ကား ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့နေလေပြီ။ ဤတပ်ဖွဲ့က ထောင်ပေါင်းများစွာသော စကြဝဠာများနှင့် သောင်းနှင့်ချီသော တပ်ဖွဲ့များကို တစ်ဦးတည်းအားဖြင့် အနိုင်ယူခဲ့ကြောင်း လူတိုင်း သိထားကြသည်။ သူတို့၏လက်နက်များနှင့် စစ်သည်များမှာ အင်အားအကြီးဆုံး ဖြစ်ပေသည်။

အရေးအကြီးဆုံးအချက်မှာ အဆင့်ကိုးသက်ရှိတစ်ယောက်ကို စစ်ပွဲထဲသို့ ဝင်ပါခွင့်ပြုလိုက်ခြင်းဖြင့် ကမ္ဘာခြားစစ်မြေပြင်၏ စည်းမျဉ်းများကို သူတို့က ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်းပင်။

"သူတို့ ဘာလုပ်ချင်နေတာလဲ။ ငါတို့အားလုံးကို စစ်ကြေညာတာလား"

"သူတို့က အင်အားပြနေတာလား။ ဘယ်လောက်ကြာကြာခံမလဲ ကြည့်ကြသေးတာပေါ့"

"ဟွန့်... သူတို့တွေ ငါတို့အားလုံးရဲ့ ပိတ်ဆို့အရေးယူမှုကိုခံရဖို့ သိပ်မကြာတော့ပါဘူး"

ဗီဒီယိုထဲရှိ လူငယ်လေးကို ကြည့်ပြီး စကြဝဠာအားလုံးက တပ်မှူးများမှာ လက်သီးတင်းတင်းဆုပ်ထားလိုက်ကြသည်။

"မင်္ဂလာပါ အားလုံးပဲ... ခင်ဗျားတို့ထဲက တစ်ယောက်ကိုမှ ကျွန်တော်မသိပေမဲ့ ခင်ဗျားတို့အားလုံးကတော့ ကျွန်တော့်ကို သိကြမှာပါ။ ကျွန်တော်က IPX-001တပ်ဖွဲ့ရဲ့တပ်မှူး ကျန်းမုန့်လောင်ပါ။ ခင်ဗျားတို့တွေ ကျွန်တော့်ကို သေစေချင်နေကြမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ခင်ဗျားတို့ သတ္တိရှိရင် လာသတ်ကြည့်လေ"

ကျန်းမုန့်လောင်က ရိုက်ချင်စိတ်ပေါက်လာစေမည့် လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်က အရမ်းသဘောကောင်းတဲ့သူပါ။ ခင်ဗျားတို့လူတွေက ကျွန်တော့်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာပေမဲ့ လျော်ကြေးနည်းနည်းပေးတာနဲ့ သူတို့ကိုလွှတ်ပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေက သူတို့ကိုယ်သူတို့ အရမ်းအစွမ်းထက်တယ်လို့ထင်ပြီး အင်အားကိုအသုံးချပြီး ကျွန်တော့်ကို အရှုံးပေးခိုင်းချင်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ရလဒ်တွေကတော့ များသောအားဖြင့် သိပ်မကောင်းတတ်ဘူး"

တိုက်ရိုက်ထုတ်လွှင့်မှုပြကွက်ကား ကြယ်တာရာအမြုတေများကို တူးဖော်နေကြသည့် အလုပ်သမားများဆီသို့ ဖြတ်ပြလိုက်သည်။

"ဘိုဒစ်လား။ အဲဒါ စကြဝဠာအမှတ်၄၀၄ရဲ့ ဒုဗိုလ်ချုပ် မဟုတ်ဘူးလား"

"နော်ဇက်... စကြဝဠာအမှတ်၄၀၄ရဲ့ စစ်သေနာပတိချုပ်လေ။ သူပါ အဖမ်းခံလိုက်ရတာလား"

"သူတို့နှစ်ယောက် စကြဝဠာအမှတ်၇ဆီ လူသွားတောင်းတာ အခုလိုအဆုံးသတ်သွားတယ်ဆိုပဲ"

"...ဒီစကြဝဠာအမှတ်၇က...သာမန်မဟုတ်ဘူးပဲ"

...

"ခင်ဗျားတို့လူတွေကို လာရွေးတဲ့အခါ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့မဟုတ်ဘဲ ရိုးသားဖြူစင်တဲ့စိတ်ရင်းနဲ့ လာကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ခင်ဗျားတို့လည်း သူတို့နဲ့ လာပူးပေါင်းရုံပဲရှိမှာ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

"ပြီးတော့ ခင်ဗျားတို့က ကျွန်တော်တို့စကြဝဠာအမှတ်၇ကို ပိတ်ဆို့အရေးယူဖို့ ပြင်ဆင်နေကြတယ်လို့ ကြားတယ်"

ကျန်းမုန့်လောင်က ခပ်ညစ်ညစ်ပြုံးလိုက်လေသည်။

"ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် လာရောက်ပိတ်ဆို့ကြစမ်းပါ။ ခင်ဗျားတို့ရဲ့စကားကိုတော့ ပြန်မရုပ်သိမ်းနဲ့ပေါ့"

********************

All Chapters