← Chapters

အခန်း ၁၀၅၉

Vol. 71 Ch. 1059

အခန်း ၁၀၅၉

Vol. 71 Ch. 1059

အခန်း ၁၀၅၉ - စစ်မြေပြင်ကို ငြိမ်းချမ်းရေးယူဆောင်လာဖို့ အချိန်တန်ပြီ

IPX-001တပ်ဖွဲ့ ယာယီအခြေစိုက်မြို့တော်

တပ်မှူးကျန်းမုန့်လောင်၏ နေအိမ်တွင် ကျန်းမုန့်လောင်သည် လုရီယောင်နှင့် ကွမ်တမ်ဆက်သွယ်ရေးကတစ်ဆင့် ဗီဒီယိုကောလ်ပြောနေချေသည်။

"မုန့်လောင်... နင် ပြန်မလာတာ တော်တော်ကြာနေပြီနော်"

လုရီယောင်က နှုတ်ခမ်းစူကာ မပျော်မရွှင်ဖြစ်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ ယခင်က ကျန်းမုန့်လောင်သည် ညကိုးနာရီဆိုလျှင် အိမ်ပြန်လာပြီး မနက်ငါးနာရီတွင် အတိအကျထွက်သွားလေ့ရှိသော်လည်း ယခုတလောတွင်မူ သူ နောက်ဆုံးတစ်ခေါက် ပြန်လာပြီးကတည်းကဆိုလျှင် လဝက်နီးပါးခန့် ရှိနေပြီဖြစ်၏။

"အခုတလော အချိန်ပိုဆင်းရတာနဲ့ အလုပ်ရှုပ်နေလို့ပါကွာ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။ အာကာသကူးပြောင်းရေးစနစ်မှာ စကြဝဠာအမှတ်၇၏ အခြေစိုက်စခန်းတွင် ရှိနေသောကြောင့် ကျန်းမုန့်လောင် စစ်တပ်ထဲရှိနေချိန်တွင် ကမ္ဘာမြေသို့ အချိန်မရွေး ပြန်နိုင်သော်လည်း ယခုမူ မဖြစ်နိုင်တော့ပေ။

"အလွန်ဆုံး နောက်တစ်ပတ်ပေါ့"

ကျန်းမုန့်လောင်က ဆက်ပြောသည်။

"ဒီကကိစ္စတွေ ရှင်းပြီးတာနဲ့ မင်းအနားမှာနေပေးဖို့ ကိုယ် ပြန်လာခဲ့ပါ့မယ်"

"လောလောဆယ် ရှင် ဘာတွေလုပ်နေတာလဲ"

တကယ်တမ်းတွင် လုရီယောင်သည် လက်ရှိ ကျန်းမုန့်လောင် ဘာလုပ်နေသည်ကို ဘာမှမသိဘဲ အာကာသမျိုးနွယ်စုများအကြားရှိ အရေးကြီးကိစ္စတစ်ခုခုတွင် ပါဝင်ပတ်သက်နေသည်ကိုသာ သိထားလေသည်။

"ဪ... သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး။ တခြားအပြိုင်စကြဝဠာတချို့ကို ဖြေရှင်းရာမှာ ကိုယ်တို့စကြဝဠာအတွက် ကူညီပေးနေရုံပါ။ မကြာခင် ပြီးတော့မှာပါ"

ကျန်းမုန့်လောင်၏ လေသံမှာ အလွန်တည်ငြိမ်နေပြီး ပရောဂျက်တစ်ခုတွင် အချိန်ပိုလုပ်ရသည့်အ​ကြောင်း ရိုးရိုးလေး ပြောနေသည့်အလားပင်။

လုရီယောင် : "???"

...

ကျန်းမုန့်လောင် အခန်းထဲက ထွက်လာသည်နှင့် လျိုယိ ရောက်လာသည်။ ယခုမူ သူ့ထံမှ အဆင့်ခုနစ်သက်ရှိတစ်ယောက်၏ အရှိန်အဝါများ ထွက်ပေါ်နေသော်လည်း တိုက်ခိုက်ရေးနှင့် ပတ်သက်လာလျှင် သာမန်အဆင့်ရှစ်သက်ရှိတစ်ယောက်ပင် သူ့ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိချေ။

မကြာသေးခင်က သူသည် ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ခွန်အားအမှတ်အမြောက်အမြားဖြင့် မွေးရာပါတာအိုခန္ဓာတစ်ခုကို လဲလှယ်ခဲ့ပြီးနောက် ဟုန်မုန့်သန့်စင်နယ်မြေရှိ အချိန်နှင့်ဝိညာဉ်အခန်းထဲတွင် ပြင်းပြင်းထန်ထန် ကျင့်ကြံရန် ခွန်အားအမှတ်အချို့ကို အသုံးပြုခဲ့သည်ဟု ဆိုကြသည်။ ယခုအခါ သူသည် ချန်ပင်းယွီကိုပင် ကျော်တက်သွားပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အစစ်အမှန် စီနီယာအစ်ကိုကြီး ဖြစ်လာခဲ့သည်။

သူ့စွမ်းအားက ကျန်းမုန့်လောင်ထက် အဆင့်များစွာ နောက်ကျနေဆဲပင်။ လောလောဆယ်တွင် ကျန်းမုန့်လောင်သည်လည်း အဆင့်ခုနစ်သက်ရှိတစ်ဦး ဖြစ်နေလေပြီ။

"ကျောင်းအုပ်ကြီး... ရက်တော်တော်ကြာတဲ့အထိ ဘယ်စကြဝဠာကမှ လူမရွေးကြတော့ဘူး"

"သူတို့လူတွေကို သူတို့ ပြန်မလိုချင်ကြတော့တဲ့ပုံပဲ"

ကျန်းမုန့်လောင်က မိုင်းတူးနေဆဲဖြစ်သော ထိုအလုပ်သမားများအတွက် သက်ပြင်းချလိုက်သည်။

"သူတို့ကို ဒီမှာပဲ ဆက်အလုပ်လုပ်ခိုင်းလိုက်။ ငါ့လူတွေကို ဒီလိုအလုပ်ကြမ်းတွေ လုပ်ခိုင်းတာက တကယ်တော့ ပါရမီဖြုန်းတီးပစ်တာနဲ့ အတူတူပဲ"

"အခု ငါတို့ ပြန်ရွေးငွေ ဘယ်လောက်ရပြီလဲ"

"အားလုံးပေါင်း အဆင့်ငါးစွမ်းအင်သလင်းကျောက် ထရီလီယံနှစ်ရာကျော်နဲ့ ကြယ်တာရာအမြုတေငါးရာဘီလီယံကျော် ရထားပါတယ်။ ဒီတစ်ခါ အာကာသသိုလှောင်ရေးပစ္စည်းတွေ တော်တော်များများ ယူမလာခဲ့ရင် ဒါတွေအားလုံးကို ကျွန်တော်တို့ ပြန်သယ်နိုင်မှာမဟုတ်ဘူး"

"တပ်ဖွဲ့တွေကရော"

ကျန်းမုန့်လောင်က ဆက်မေးသည်။

"အခုနောက်ပိုင်း သိသိသာသာ တိုးတက်မှုတွေ ရှိလာမှာသေချာတယ် မဟုတ်လား"

"ဟုတ်ကဲ့ ကျောင်းအုပ်ကြီး။ ပြီးခဲ့တဲ့တစ်ခေါက်က ကျောင်းအုပ်ကြီး ဝိညာဉ်တံဆိပ်ခေါင်းကို သုံးပြီး ထိန်းချုပ်ခဲ့တဲ့ အဆင့်ရှစ်သက်ရှိတစ်စုက အားလုံး အဆင့်ကိုးသက်ရှိတွေအဖြစ် အဆင့်တက်သွားကြပါပြီ။ တပ်မှူးတွေကလည်း အဆင့်အမျိုးမျိုး တက်လာပြီး စကြဝဠာအမှတ်၇က ကျွန်တော်တို့ရဲ့စစ်သည် ဘီလီယံပေါင်းများစွာထဲက တစ်ဝက်နီးပါးလောက်က အခု အဆင့်တက်သွားကြပါပြီ"

လျိုယိက စိတ်ထဲတွင် တွက်ချက်လိုက်သည်။

"လောလောဆယ် ကျွန်တော်တို့မှာ အဆင့်ကိုး သက်ရှိ ၃၂ယောက် အဆင့်ရှစ်သက်ရှိနှစ်သောင်းကျော် အဆင့်ခုနစ်သက်ရှိ ၁.၇သန်းနဲ့ အဆင့်ခြောက်နဲ့အဆင့်ငါးသက်ရှိ ဘီလီယံရာဂဏန်း ရှိနေပါပြီ"

"ကျစ် ကျစ် ကျစ်"

ကျန်းမုန့်လောင်က မေးစေ့ကို ပွတ်သပ်လိုက်သည်။

"ဒီလိုတိုက်ခိုက်ရေးစွမ်းအားမျိုးနဲ့ဆိုရင် ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးကို ရှင်းလင်းပစ်လို့ရနေပြီပဲ"

"ဒါပေမဲ့ ကျောင်းအုပ်ကြီး... ဒါက ကျွန်တော်တို့ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက အရင်းအမြစ်အားလုံးနီးပါးကို ကုန်ခမ်းသွားစေပါတယ်။ မဟုတ်ရင် အချိုးအစားက ပိုများလာမှာပါ"

"စိတ်မပူပါနဲ့"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

"အဲဒီအရင်းအမြစ်တွေက ရေရှည်တည်တံ့ပြီး ပြန်ရယူနိုင်တဲ့အရာတွေပါ။ ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ စွမ်းအားကို ဘယ်တော့မှ အထင်မသေးနဲ့။ ပြီးတော့ ဒီနယ်မြေကို ငါတို့ သိမ်းပိုက်ပြီးသွားရင် ဒီအရင်းအမြစ်တွေက ငါတို့ ယူဖို့ပဲ မဟုတ်ဘူးလား"

ကျန်းမုန့်လောင်က ပျင်းရိပျင်းတွဲ အကြောဆန့်လိုက်သည်။

"ဒီလိုဆိုမှတော့ ငါတို့ ပြန်ဖို့ ပြင်ရတော့မယ်။ ဒီမှာ အရင်းအမြစ်တွေ ဆက်ထုတ်ယူဖို့ အဆင့်ကိုးသက်ရှိနှစ်ယောက်နဲ့ တပ်ဖွဲ့တချို့ကို ချန်ထားခဲ့ပြီး ကျန်တဲ့လူတွေအားလုံး အောင်ပွဲခံရင်း ပြန်ကြစို့"

...

ကျန်းမုန့်လောင် ဖမ်းဆီးထားသော အုပ်စုထဲမှ တစ်ဝက်နီးပါးကို ရွေးယူသွားကြပြီးဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရသော် တပ်ဖွဲ့တစ်သောင်းကျော် တန်ဖိုးရှိသည့် စစ်ယာဉ်တန်းများနှင့် စက်ပစ္စည်းများ ဤနေရာတွင် ကျန်ရှိနေသေးသည်။ မိုင်းတူးတပ်ဖွဲ့များအတွက် အချို့ကို ချန်ထားခဲ့ခြင်းကလွဲ၍ ဤသည်မှာ များပြားပြီး ကြောက်မက်ဖွယ်ကောင်းသော စစ်တပ်တစ်ခုဖြစ်နေဆဲပင်။

"ကျောင်းအုပ်ကြီး... စကြဝဠာအမှတ်၇က ကျွန်တော်တို့လူတွေ ဒီလောက်များတဲ့စစ်ယာဉ်တန်းကြီးကို မြင်ရင် ဘယ်လိုတုံ့ပြန်ကြမယ်လို့ ထင်လဲ"

"ငါတို့စကြဝဠာတစ်ခုလုံးမှာရှိတဲ့ တပ်ဖွဲ့တွေအားလုံးကို ဆယ်ဆလောက်ပွားလိုက်ရင်တောင် ဒီလောက်အရွယ်အစားရှိတဲ့ စစ်ယာဉ်တန်းကို မမီနိုင်ဘူး။ သူတို့ သေလောက်အောင် လန့်သွားမှာ မဟုတ်ဘူးလား"

"ရယ်စရာကောင်းတာက ဒါတွေကို သိမ်းထားဖို့ နေရာတောင် မရှိဘူးလေ"

လူတိုင်း စကားဖောင်ဖွဲ့နေကြသည်။ အစကတည်းက ဤမျှအထိ အကျိုးအမြတ်ရလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြချေ။

"တပ်မှူး... စကြဝဠာအမှတ်၇ကနေ အရေးပေါ် မက်ဆေ့ချ်တစ်ခု ရထားပါတယ်"

"ဘာတွေများ အရေးပေါ်နေလို့လဲ"

ကျန်းမုန့်လောင် တုံ့ခနဲရပ်တန့်သွားသည်။

"တစ်ခုခုဖြစ်နေပြီ... ကျွန်တော်တို့ စကြဝဠာအမှတ်၇ရဲ့ ဌာနချုပ်ကို စကြဝဠာတစ်ထောင်ကျော်ပါတဲ့ မဟာမိတ်တပ်ဖွဲ့က လာတိုက်ခိုက်နေပါတယ်။ ကျွန်တော်တို့ ချုံခိုတိုက်ခိုက်ခံလိုက်ရပြီ"

ထိုစစ်သည်က ကပျာကယာ ပြောလိုက်လေသည်။

"မလန့်နဲ့"

ကျန်းမုန့်လောင်က နှစ်သိမ့်လိုက်သည်။

"သူတို့ရဲ့ တပ်ဖွဲ့အင်အားက ဘယ်လောက်လဲ"

"အဆင့်ကိုးသက်ရှိနှစ်ထောင်ကျော်၊ အဆင့်ရှစ်သက်ရှိငါးသိန်းကျော်နဲ့ စုစုပေါင်းတပ်ဖွဲ့သုံးသိန်းကျော် စေလွှတ်ထားပါတယ်။ ဒီမိုင်းတွင်းတိုက်ပွဲရဲ့ အတိုင်းအတာထက် ဆယ်ဆကျော် ပိုများပါတယ်"

"သူတို့ ရူးနေကြတာလား"

ဤအင်အားအတိုင်းအတာကို ကြားသောအခါ စကြဝဠာအမှတ်၇မှ လူတိုင်း အနည်းငယ် တုန်လှုပ်သွားကြသည်။ သူတို့ဘက်က ဤကမ္ဘာခြားစစ်မြေပြင်မှ သူတို့ကို အပြီးတိုင်ရှင်းလင်းပစ်ဖို့ ဆုံးဖြတ်ထားပုံရသည်။

"ဒီအတိုင်းအတာနဲ့ဆိုရင် စကြဝဠာအမှတ်၇က တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ သူတို့ အရေးပေါ်အကူအညီတောင်းတဲ့ အချက်ပြကို ဘယ်လိုများ ပေးပို့နိုင်တာလဲ"

ကျန်းမုန့်လောင် အနည်းငယ် အံ့အားသင့်သွားလေသည်။ စကြဝဠာအမှတ်၇တစ်ခုလုံးတွင် လော့ကျစ်တစ်ယောက်သာ အဆင့်ကိုးသက်ရှိဖြစ်ပြီး တစ်ဖက်တွင် အဆင့်ကိုးသက်ရှိနှစ်ထောင်ကျော် ရှိ၏။ သူ့ကို ရှင်းပစ်ရန်မှာ အချိန်ခဏလေးသာ ကြာမည်မဟုတ်လော။

ဤမျှကြီးမားသော ကျူးကျော်မှုနှင့် ရင်ဆိုင်ရချိန်တွင် စကြဝဠာအမှတ်၇အနေနှင့် ချက်ချင်း ဖျက်ဆီးခံလိုက်ရခြင်းမှလွဲ၍ အခြားရှိမနေသင့်ပေ။

"တပ်မှူး... ဟိုးအရင်ကတည်းက အထင်ကရပုဂ္ဂိုလ်တစ်ယောက်က စကြဝဠာအမှတ်၇ရဲ့ဌာနချုပ်မှာ အရမ်းခိုင်မာတဲ့ ကာကွယ်ရေးတစ်ခုကို တည်ဆောက်ခဲ့ပုံရတယ်။ စွမ်းအင်လုံလောက်နေသရွေ့ အဆင့်ကိုးသက်ရှိတွေဆီက တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိတယ်။ အဲဒီအရာကြောင့်ပဲ ကျွန်တော်တို့ အကျပ်အတည်းတော်တော်များများကို ဖြတ်ကျော်နိုင်ခဲ့တာပါ"

"အထင်ကရပုဂ္ဂိုလ် ဟုတ်လား။ ငါ့မိသားစုရဲ့ ဘိုးဘေးများ ဖြစ်နေမလား"

ကျန်းမုန့်လောင် တွေးလိုက်မိသည်။ ကျန်းခိုင်မှလွဲ၍ အခြားဖြစ်နိုင်ခြေရှိသူမျိုး မရှိပေ။ သူက ဤကဲ့သို့သော အရေးပေါ်ကာကွယ်ရေးကို ချန်ထားခဲ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။

"သတင်းအချက်အလက်တွေအရ စကြဝဠာအမှတ်၇ရဲ့ လက်ရှိစွမ်းအင်သိုလှောင်မှုအရဆိုရင် အလွန်ဆုံး စကြဝဠာနေ့တစ်ဝက်ပဲ ခံနိုင်ရည်ရှိမယ်တဲ့"

"ငါတို့ အချိန်ရပါသေးတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။ အကယ်၍ သူတို့ အမြန်ဆုံးအရှိန်ဖြင့် သွားမည်ဆိုပါက စကြဝဠာနေ့တစ်ဝက်အတွင်း ပြန်ရောက်နိုင်သည်။

"ဒီနေ့... ဒီကမ္ဘာခြားစစ်မြေပြင်က ကမောက်ကမဖြစ်ရပ်တွေကို အဆုံးသတ်လိုက်ကြစို့"

ကျန်းမုန့်လောင် စစ်ယာဉ်တန်း၏ ကွပ်ကဲရေးခန်းထဲသို့ ဝင်သွားသည်။

"ဘာတွေပဲဖြစ်ဖြစ်... စစ်ယာဉ်တန်းတစ်ခုလုံး စကြဝဠာအမှတ်၇ဆီ အမြင့်ဆုံးအရှိန်နဲ့ ပြန်ဖို့ ဦးတည်ချက် သတ်မှတ်လိုက်"

...

စကြဝဠာအမှတ်၇၏ ဌာနချုပ်။

သိန်းနှင့်ချီသော တပ်ဖွဲ့များနှင့် ဘီလီယံနှင့်ချီသော စစ်ယာဉ်တန်းများမှာ စကြဝဠာနေ့တစ်ဝက်မပြည့်ခင်မှာပင် ဌာနချုပ်ကလွဲ၍ စကြဝဠာအမှတ်၇၏ အခြေစိုက်စခန်းများနှင့် ကာကွယ်ရေးလိုင်း အားလုံးကို ဖျက်ဆီးပစ်ခဲ့ကြသည်။

ဤမျှကြီးမားသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် စကြဝဠာအမှတ်၇မှာ လုံးဝအငိုက်မိသွားခဲ့သည်။ သူတို့မှာ များပြားလှသော ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရပြီး တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တစ်ဝက်နီးပါးဆုံးရှုံးကာ အဆင့်ခုနစ်နှင့် အဆင့်ရှစ်သက်ရှိအများအပြားပင် သေဆုံးသွားကြသည်။

ခုခံခြင်းမှာ လုံးဝအချည်းနှီးသာ။ တပ်ဖွဲ့ဝင်အင်အား များစွာကွာဟနေသဖြင့် သူတို့တွင် ခုခံရန် အင်အားမရှိတော့ဘဲ သံချပ်ကာဝတ်စုံများကို ချွတ်ကာ ဌာနချုပ်ထဲတွင် ပုန်းအောင်းနေရုံသာ တတ်နိုင်တော့သည်။

ဤကာကွယ်ရေးစနစ်မှာ ကြီးမားလှသော ဝင်္ကပါတစ်ခုဖြစ်ပြီး ကျင့်ကြံရေးမျိုးနွယ်စုမှ ဂိုဏ်းကာကွယ်ရေးအစီအရင်တစ်ခုပင်။ ယခင်က ကျန်းမုန့်လောင်၏ဘိုးဘေး ကျန်းခိုင် ချန်ထားခဲ့သည့်အရာပင်။

ကျန်းမုန့်လောင် စကြဝဠာအမှတ်၇တွင် ချန်ထားခဲ့သော စူပါပေါင်းစပ်လက်နက်များမှာ တန်ပြန်တိုက်ခိုက်ရာတွင် ကုန်ခမ်းသွားခဲ့သည်မှာ ကြာလှချေပြီ။ ထိုအချိန်တွင် ဤအရာကား စကြဝဠာအမှတ်၇၏ နောက်ဆုံးခံစစ်မျဉ်း ဖြစ်လာခဲ့သည်။

ဘီလီယံနှင့်ချီသော စစ်ယာဉ်တန်းများမှာ မည်သည့်အင်အားကိုမှ မချန်ထားဘဲ ဤဂိုဏ်းကာကွယ်ရေးအစီအရင်ကို ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။ တိုက်ခိုက်မှုတိုင်းမှာ အစွမ်းအထက်ဆုံး လက်နက်များဖြင့် အမြင့်ဆုံးစွမ်းအားကို အသုံးပြုထားခြင်းဖြစ်လေရာ တစ်ချိန်တည်းမှာပင် စကြဝဠာအမှတ်၇၏ နည်းပါးနေပြီဖြစ်သော စွမ်းအင်သိုလှောင်မှုမှာ အပြင်းအထန် ကုန်ဆုံးနေလေသည်။

လော့ကျစ်နှင့် အခြားသူများမှာ ကြီးမားလှသော စစ်ယာဉ်တန်းကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သူသာမက အခြားအဆင့်ကိုးသက်ရှိအချို့လည်း အရေးကြီးသော ဤအခိုက်အတန့်တွင် ကမ္ဘာခြားစစ်မြေပြင်သို့ ရောက်လာခဲ့ကြသည်။ သူတို့၏ အနောက်ဘက်တွင် စကြဝဠာအမှတ်၇၏ အဝင်ဝရှိသည်။ ဤအစီအရင်ကြီးသာ ပေါက်ကွဲသွားပါက စကြဝဠာအမှတ်၇ကား ပျက်စီးခြင်းသို့ ဆိုက်ရောက်ရပေလိမ့်မည်။

"မုန့်လောင်"

လော့ကျစ်က မိုးကုတ်စက်ဝိုင်းဆီသို့ ငေးကြည့်လိုက်သည်။

"မြန်မြန်ပြန်လာခဲ့တော့... ငါတို့ သိပ်ကြာကြာ တောင့်မခံနိုင်တော့ဘူး"

********************

All Chapters