← Chapters

အခန်း ၁၀၆၂

Vol. 71 Ch. 1062

အခန်း ၁၀၆၂

Vol. 71 Ch. 1062

အခန်း ၁၀၆၂ - သူက အရင်ကတည်းက ဒီလိုသတ္တိကောင်းတာလား

"ကျန်း... ကျန်းမုန့်လောင်လား"

အဆင့်ကိုးသက်ရှိအားလုံး တအံ့တသြ တန့်သွားကြသည်။

"အဆင့်ခုနစ်သက်ရှိလား"

ကျန်းမုန့်လောင်၏ သက်ရှိအဆင့်မှာ ယခုအခါ အခြေခံအဆင့်ခုနစ်သက်ရှိအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူတို့ အာရုံခံမိလိုက်ကြသည်။

ပြီးခဲ့သည့်တစ်ခေါက်က စကြဝဠာအမှတ်၁၇နှင့် စကြဝဠာအမှတ်၁၈တို့ ပေးပို့ခဲ့သော အချက်အလက်များအရ ကျန်းမုန့်လောင် အဆင့်ခြောက်သက်ရှိအဆင့်က ဖောက်ထွက်လာခဲ့သည်မှာ တစ်နှစ်ကျော်ရုံမျှသာ ရှိသေးသည် မဟုတ်ပါလော။

တစ်နှစ်အတွင်းမှာတင် အဆင့်ခြောက်သက်ရှိဘဝမှ အဆင့်ခုနစ်သက်ရှိဘဝသို့ တက်လှမ်းနိုင်ခြင်းဟူသောသတင်းမှာ မည်သည့်စကြဝဠာတွင်မဆို ကမ္ဘာပျက်မတတ် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ဖြစ်ပေလိမ့်မည်။

ဤစကြဝဠာများထဲတွင် အင်အားအကြီးဆုံးဖြစ်သည့် ပထမစကြဝဠာတွင်ပင် သူတို့၏ အံ့ဖွယ်အကောင်းဆုံးပါရမီရှင်မှာ အသက်နှစ်ထောင်ကျော်တွင် အဆင့်ခြောက်သက်ရှိ ဖြစ်လာခဲ့သော်လည်း အသက်တစ်သောင်းနီးပါး ရောက်မှသာ အဆင့်ခုနစ်သက်ရှိအဖြစ် ဖောက်ထွက်နိုင်ခဲ့သည်။

သို့သော် ယခု ကျန်းမုန့်လောင်မှာမူ စကြဝဠာ၏ အသက်တွက်ချက်ပုံနည်းလမ်းအရ အသက်နှစ်ဆယ်ကျော်ရုံမျှသာ ရှိသေးသည်။

သာမန်လူများအနေနှင့် နှစ်ပေါင်းသောင်းဂဏန်း၊ သိန်းဂဏန်း သို့မဟုတ် သန်းဂဏန်းအထိ ကြိုးစားရမည့်အရာကို သူက တစ်နှစ်တည်းဖြင့် မည်သို့ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သလဲဆိုည်ကို သူတို့ စိတ်ကူးဖြင့်ပင် မှန်းဆရန် ခက်ခဲနေတော့သည်။

သို့သော် အချို့ရှေးဟောင်းသက်ရှိများ နှစ်ပေါင်းကုဋေကုဋာတိုင် ကြိုးစားသော်လည်း မအောင်မြင်ခဲ့သည့်အရာကို နှစ်ရာဂဏန်းမျှဖြင့် ပြီးမြောက်အောင်မြင်ခဲ့သည့် သူ့ဘိုးဘေးကျန်းခိုင်အကြောင်း ထည့်သွင်းစဉ်းစားမည်ဆိုပါက အနည်းငယ် နားလည်ပေးနိုင်စရာပင်။

ထို့နောက် သူတို့၏အာရုံစိုက်မှုက ကျန်းမုန့်လောင်၏ အနောက်ရှိ အဆင့်ကိုးသက်ရှိ ၃၂ယောက်ထံသို့ ရောက်ရှိသွားသည်။ ထိုသူများသည် အဆင့်ကိုးသို့ ဖောက်ထွက်ခါစသာ ရှိသေးသော်လည်း သူတို့၏အရှိန်အဝါမှာ မယုံနိုင်လောက်အောင် နက်ရှိုင်းလှပေသည်။

"အနီရောင်... အနက်ရောင်... အနက်ရောင်..."

ယာယီတရားစီရင်ရေးကော်မတီမှ အဆင့်ကိုး သက်ရှိတစ်ဦးက မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် ရေရွတ်နေမိသည်။ သူ့ပုံပန်းသဏ္ဌာန်မှာ အလွန်ထူးဆန်းပြီး နဖူးအလယ်တွင် ဒဏ္ဍာရီလာ အာ့လန်ရှန်ကဲ့သို့ တတိယမျက်လုံးတစ်လုံး ပါရှိသည်။

"သူ ဘာတွေပြောနေတာလဲ"

အခြားသက်ရှိတစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"ဒါက သူတို့စကြဝဠာထဲက မျိုးနွယ်စုတစ်ခုရဲ့ ထူးခြားစွမ်းရည်ပဲ"

အခြားစကြဝဠာမှ အဆင့်ကိုးသက်ရှိတစ်ဦးက ရှင်းပြသည်။

"သူတို့ရဲ့ တတိယမျက်လုံးက အနာဂတ်ဖြစ်ရပ်တွေကို မြင်နိုင်တယ်။ သူတို့အမြင်အရ လူတိုင်းမှာ အရောင်တစ်မျိုးစီ ရှိကြတယ်။ အစိမ်းရောင်က ဘေးကင်းတာ။ အပြာရောင်က သတိထားရမှာ။ အဝါရောင်ကတော့ အန္တရာယ်များနိုင်ခြေရှိတာကို ဆိုလိုတာပဲ"

"ဒါဆို အနီရောင်နဲ့ အနက်ရောင်ကရော"

"ငါသိသလောက်တော့ အနီရောင်က အရမ်းအန္တရာယ်ကြီးတာကို ညွှန်ပြပြီး အနက်ရောင်ကတော့ သေခြင်းတရားဆိုတဲ့ အဓိပ္ပာယ်ပဲ"

လူတိုင်း၏မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။ မျက်လုံးသုံးလုံးပါသော ထိုအဆင့်ကိုး သက်ရှိက ရှေးဟောင်းသက်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ထိုစကြဝဠာတွင် 'ရှေ့ဖြစ်ဟောပုဂ္ဂိုလ်'ဟု လူသိများသည့် အစွမ်းထက်ဆုံးစစ်သည်တော်ဖြစ်၏။ သူ့သက်ရှိအဆင့်မှာ အဆင့်ကိုးထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

သို့သော်ငြား သူ့မျက်လုံးထဲတွင် ထိုလူများမှာ အလွန်အမင်း အန္တရာယ်ရှိသူများ သို့မဟုတ် သေမင်နိမိတ်ကို ပြစနေသူများ ဖြစ်နေချေသည်။

ဒါက...

"နေဦး"

မျက်လုံးသုံးလုံးပါသော ထိုစစ်သည်တော်၏ အကြည့်က အဆင့်ကိုးသက်ရှိများ၏ အနောက်ရှိ အုပ်စုထံသို့ ကျရောက်သွားသည်။

သူတို့၏အရှိန်အဝါမှာ အဆင့်ရှစ်သက်ရှိများသာ ဖြစ်သော်လည်း သူတို့၏ အရောင်များမှာ အနည်းဆုံး အဝါရောင်ဖြစ်နေကြသည်။

သုံးပုံနှစ်ပုံကျော်မှာ အနီရောင်များဖြစ်ပြီး အလွန်ရင့်လှသော သွေးနီရောင်ရင့်ရင့်ကြီးများ ဖြစ်နေချေသည်။

ပထမစကြဝဠာတွင်ပင် မော့ဆက်သည် သူ့မျက်လုံးထဲ၌ အနီရောင်ဖျော့ဖျော့မျှသာ ပြသနိုင်ကြောင်း လူတိုင်းသိကြသည်။

တစ်နည်းအားဖြင့်ဆိုရသော် ထိုအဆင့်ရှစ်သက်ရှိများမှာ အဆင့်ကိုးသက်ရှိများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားနိုင်ခြေရှိနေလေသည်။

အဆင့်ကိုးသက်ရှိ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် စစ်သည်တော်နှစ်သောင်းကျော်...

နှိုင်းယှဉ်ကြည့်ပါက သူတို့ဘက်တွင် တိုက်ခိုက်လိုစိတ်နှင့် စိတ်ဓာတ်များ တဖြည်းဖြည်း ကျဆင်းနေသည့် လူနှစ်ထောင်ကျော်သာရှိ၏။ အင်အားချင်းကလည်း ဆယ်ဆခန့် ကွာဟနေသဖြင့် ဤတိုက်ပွဲကို မည်သို့ယှဉ်တိုက်နိုင်ပါမည်နည်း။

နောက်ဆုံးတွင် သူ့အာရုံက ကျန်းမုန့်လောင်ထံသို့ ပြန်ရောက်သွားရာ ရလဒ်မှာ ထိတ်လန့်စရာထက်ပင် ကျော်လွန်နေတော့သည်။ ထိုအရာမှာ သူတစ်ခါမှမမြင်ဖူးသော အရောင်ပင်။ ဥတ္တရအလင်းတန်းအလား ရောင်စုံဖြာထွက်နေပြီး နတ်ဘုရားဆန်သော အငွေ့အသက်များလည်း ပါရှိသည်။

သူ့အသိစိတ်က ဤအရောင်မှာ အနက်ရောင်ထက် အဆတစ်ထောင်မက ပိုအန္တရာယ်ကြီးမားကြောင်း သတိပေးနေပေသည်။

"ရွိုက်စ်... ဂူနတ်... မင်းတို့ သစ္စာဖောက်ကြမလို့လား"

စကြဝဠာအမှတ်၆၅ရှိ ဗိုလ်ချုပ်တစ်ယောက်က နာမည်တချို့ကို အော်ခေါ်လိုက်သည်။

အကြောင်းမှာ ထိုလူများထဲတွင် သူရင်းနှီးသော မျက်နှာတချို့ ပါဝင်နေသောကြောင့်ပင်။ သူတို့သည် ယခင်က စကြဝဠာအမှတ်၆၅၏ တပ်မှူးများနှင့် တပ်ခွဲမှူးများ ဖြစ်ကြသော်လည်း ယခုအခါတွင်မူ အားလုံးက ကျန်းမုန့်လောင်၏ နောက်လိုက်များ ဖြစ်နေကြလေပြီ။

အခေါ်ခံရသော လူများက ဘာတုံ့ပြန်မှုမှ မရှိချေ။ သူတို့၏နာမည်များကိုပင် မေ့လျော့နေသည့်အလားပင်။

"မင်းတို့ရဲ့ဗိုလ်ချုပ်က လှမ်းခေါ်နေတယ်ဟ"

ကျန်းမုန့်လောင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"ရှေ့ထွက်ပြီး စကားနည်းနည်းလောက် ပြောလိုက်ကြဦးလေ"

ကျန်းမုန့်လောင်၏ အနောက်ရှိ လူတစ်စုက ရှေ့သို့ တိုးထွက်လာကြသည်။ သူတို့အားလုံးမှာ ယခုအခါ ကျန်းမုန့်လောင်၏ ဝိညာဉ်တံဆိပ်ခေါင်းဖြင့် ထိန်းချုပ်ခံထားရသူများ ဖြစ်သဖြင့် သူတို့၏ ဗိုလ်ချုပ်ကို မဆိုထားနှင့်။ မိခင်အရင်းကိုပင် မှတ်မိကြတော့မည် မဟုတ်ချေ။

"ရွိုက်စ်ဆိုတာ ကျွန်တော့်ရဲ့ အရင်နာမည်ပါ။ အခု ကျွန်တော်က သခင်ကြီးရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင် 'ကျန်းအာ့ကော'ပါ"

"အရင်က ဂူနတ်ကတော့ သေသွားပါပြီ။ အခု ကျွန်တော်က သခင့်ရဲ့ သစ္စာအရှိဆုံးစစ်သည်တော် 'ကျန်းရီထျန်း'ဖြစ်သွားပါပြီ"

"အခု ကျွန်တော်က 'ကျန်းပါ့ထျန်း'ပါ"

"ကျန်းကျစ်ယီပါ"

"ကျန်းရိမော့ပါ"

"ကျန်းရိနင်ပါ"

"ကျန်းကျယ်ပါ"

"ကျန်းဟန်ပါ"

ရိုးရိုးသားသားပြောရလျှင် ဤမျှများပြားသော နာမည်များကို ပေးနိုင်ရန်အတွက် ကျန်းမုန့်လောင်တစ်ယောက် 'ရှင်းဟွာအဘိဓာန်'တစ်အုပ်လုံးကိုပင် မွှေနှောက်ခဲ့ရပေသည်။

"မင်းတို့... မင်းတို့အားလုံးက..."

ထိုလူများသည် ကျန်းမုန့်လောင်၏ ထိန်းချုပ်မှုကို ခံထားရရုံသာမက ရက်ပိုင်းအတွင်းမှာပင် သူတို့၏ သက်ရှိအဆင့်များက သိသိသာသာ မြင့်တက်လာပြီး သူ့ထက်ပင် ပိုသန်မာလာကြောင်း ထိုဗိုလ်ချုပ် နားလည်သွားသည်။

"သူ့ကို သိကြလား"

ကျန်းမုန့်လောင်က စကြဝဠာအမှတ်၆၅ရှိ ဗိုလ်ချုပ်ကို မေးဆတ်ပြလိုက်သည်။

"မသိပါဘူး"

အားလုံးက မဆိုင်းမတွ တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။

"တွေ့တယ်မလား... သူတို့က မင်းကို မသိဘူးတဲ့။ အဲဒါကြောင့် အတင်းရင်းနှီးပြမနေနဲ့။ အလကားပဲ"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။

ထိုအချိန်တွင် မဟာမိတ်တပ်ဖွဲ့၏ စစ်ယာဉ်တန်းများမှာ စုတ်ပြတ်သတ်အောင် ရှုံးနိမ့်နေပြီး လူအများအပြားကလည်း ထွက်ပြေးလွတ်မြောက်ရန်အတွက် စစ်သင်္ဘောများကို စွန့်ပစ်ကာ ထွက်ပြေးနေကြလေပြီ။

သို့သော် IPX-001တပ်ဖွဲ့ရှိ စစ်သည်တော်များမှာ ဆန်းပြားသော လက်နက်များကို ကိုင်ဆောင်ကာ ပြေးထွက်လာကြလေရာ အဆင့်ခြောက်သက်ရှိဖြစ်စေ၊ အဆင့်ခုနစ်သက်ရှိဖြစ်စေ သူတို့၏ စွမ်းအားအောက်တွင် အမြောက်စာများသာ ဖြစ်သွားကြရသည်။

ထိုအချိန်မှသာ ကျန်းမုန့်လောင်၏ တပ်ဖွဲ့တစ်ခုလုံးတွင် လူဦးရေဘီလီယံရာဂဏန်းအထိ ရှိပြီး အမြောက်စာဟု ထင်မှတ်ထားသည့် အဆင့်ငါး သက်ရှိများထဲရှိ ထက်ဝက်ခန့်မှာ အဆင့်ခြောက် သက်ရှိများဖြစ်ကာ မဟာမိတ်တပ်ဖွဲ့၏ အဆင့်ခြောက်သက်ရှိများကိုပင် လိုက်လံနှိမ်နင်းနိုင်စွမ်း ရှိကြောင်း သူတို့ သတိထားမိသွားကြတော့သည်။

ဤတိုက်ပွဲကို မည်သို့ယှဉ်ပြိုင်နိုင်တော့မည်နည်း။ ဤသည်မှာ ကျန်းမုန့်လောင်တပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်က အဆတစ်သောင်း မြင့်တက်လာခြင်းနှင့် အတူတူပင်။

"ငါတို့ မလာခဲ့သင့်ဘူး"

ထိုဗိုလ်ချုပ်များမှာ သူတို့၏စစ်တပ်ကြီး ပြိုလဲပျက်စီးသွားသည်ကို ကြည့်ရင်း သူတို့ဘဝတွင် နောင်တအရဆုံး ဆုံးဖြတ်ချက်ကို ချမိခဲ့ကြောင်း သိသွားကြတော့သည်။

"ဟားဟားဟား... မင်းတို့က သိပ်စွမ်းနေတာမဟုတ်ဘူးလား။ ငါတို့စကြဝဠာအမှတ်၇ကို လာချေမှုန်းမလို့ဆို... လာလေ"

"အသုံးကျတဲ့ ပြိုင်ဘက်တစ်ယောက်မှ မရှိဘူး။ ဒီလောက်ပဲလား"

စကြဝဠာအမှတ်၇မှ စစ်သည်တော်များမှာ ရက်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့ရသော သူတို့၏ ဒေါသများကို နောက်ဆုံးတွင် ပေါက်ကွဲခွင့်ရလိုက်ကြချေပြီ။။ သူတို့အတွက် အချိန်အခါကောင်း ရောက်ရှိလာပြီ မဟုတ်ပါလော။

"ထွက်ပြေးချင်ရင်လည်း ပြေးကြည့်လေ... လွတ်မလွတ် ကြည့်ရတာပေါ့"

"အရောင်လို့ခေါ်တဲ့ အရာလေးတစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့အစွမ်းကို ဆုံးဖြတ်နိုင်တယ်ဆိုတာ ငါမယုံဘူး"

ရန်လိုပြီး ကြမ်းတမ်းပုံရသော အဆင့်ကိုးသက်ရှိတစ်ဦးက မကျေမနပ်ဖြစ်နေဟန်ပင်။

"ငါတို့ မနိုင်ရင်တောင် ငါတို့ထွက်သွားတာကိုတော့ ဘယ်သူမှ တားနိုင်မှာမဟုတ်ဘူး။ ဟုတ်တယ်မလား"

သူ့ခန္ဓာကိုယ်မှ ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာပြီး စစ်မြေပြင်၏ အားအနည်းဆုံးနေရာသို့ ဦးတည်ကာ ပြေးထွက်သွားလေတော့သည်။

"ဟွန်း..."

ကျန်းမုန့်လောင်က ကိုယ်ရံတော်တစ်ယောက်ကို ပေါ့ပေါ့ပါးပါးပင် လှမ်းကြည့်လိုက်သည်။

ခဏတွင်းချင်းမှာပင် ထိုကိုယ်ရံတော်၏ ခန္ဓာကိုယ်အတွင်း၌ အချိန်ကို ကျော်လွန်နိုင်ရုံသာမက အချိန်ကိုပင် နောက်ပြန်လှည့်နိုင်စွမ်းရှိသော 'နတ်ဘုရားအရှိန်'စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအရာ၏ တိုက်ရိုက်အကျိုးသက်ရောက်မှုမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသော အရှိန်ပင်။

ဘာဖြစ်သွားမှန်း မည်သူမှ မမြင်လိုက်ရချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းမုန့်လောင်၏ အနားရှိ အဆင့်ကိုးသက်ရှိသည် သူ့အနားသို့ ပြန်ရောက်နေပြီး လက်ထဲတွင်မူ ခွေးသေတစ်ကောင်ကဲ့သို့ အရိုက်ခံထားရသည့် ရုပ်အလောင်းသဖွယ် လူတစ်ယောက်ကို ဆွဲခေါ်လာသည်။ ထိုလူမှာ အခြားလူမဟုတ်ပါဘဲ ထွက်ပြေးရန် ကြိုးစားခဲ့သည့် မောက်မာလှသော အဆင့်ကိုးသက်ရှိပင်။

"ငါ့မျက်စိအောက်ကနေ ခိုးထွက်ဖို့ ကြံနေတာလား"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"သူက အရင်ကတည်းက ဒီလိုသတ္တိကောင်းတာလား"

*********************

All Chapters