← Chapters

အခန်း ၁၀၆၃

Vol. 71 Ch. 1063

အခန်း ၁၀၆၃

Vol. 71 Ch. 1063

အခန်း ၁၀၆၃ - ကမ္ဘာခြားနယ်မြေစီမံခန့်ခွဲရေးဗဟိုဌာန

"နက်စကီ..."

လူနှစ်ထောင်ကျော်က မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသော အသားနီနီလူထွားကြီးကို စိုက်ကြည့်နေကြသည်။ ခပ်သဲ့သဲ့ထွက်ပေါ်နေသော အသက်ရှူသံကလွဲ၍ သူသည် အလောင်းတစ်လောင်းကဲ့သို့ ဖြစ်နေလေပြီ။

နက်စကီသည် ကမ္ဘာခြားစစ်မြေပြင်တွင် ထိပ်တန်းဆယ်ယောက်စာရင်းဝင်ဖြစ်ပြီး အလွန်အစွမ်းထက်သော တိုက်ခိုက်ရေးသမားတစ်ယောက်လည်း ဖြစ်သည်။ သူတို့၏မျိုးနွယ်စုသည် မီးတောင်များနှင့် ချော်ရည်ပူများပြည့်နှက်နေသော ဂြိုဟ်ပေါ်တွင် ပေါက်ဖွားလာခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းက မီးစွမ်းအင်ကို ပြင်းပြင်းထန်ထန် ခံစားနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။

သူတို့ တိုက်ခိုက်သည့်အခါ စစ်မြေပြင်တစ်ခုလုံး မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားတတ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို အနည်းငယ်ထိရုံမျှဖြင့် အဆင့်ရှစ်ထိပ်ဆုံးအဆင့်သက်ရှိများပင် မငြှိမ်းသတ်နိုင်ဘဲ ကိုယ်တိုင် ပြာကျသွားသည်ကို ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်နေနိုင်ပေမည်။

အဆင့်ကိုးသက်ရှိများထဲတွင်ပင် သူ့ကို ရန်စရဲသူ အနည်းငယ်သာ ရှိ၏။ အဆင့်ကိုးသက်ရှိဆယ်ယောက်ထက်မက သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရပြီးဖြစ်၏။

သို့သော် ယခုလေးတင် သူ့ကို လိုက်လံတားဆီးခဲ့သူမှာ အခြေခံအဆင့်ရှစ်သက်ရှိတစ်ဦးမျှသာ။ လိုက်သွားချိန်ကစ၍ နက်စကီအား အလဲထိုးသည်အထိ တစ်စက္ကန့်သာ အချိန်ယူလိုက်ရသည်။ ကိုယ်တိုင် မျက်မြင်မတွေ့ရပါက ဤလောကတွင် ဤမျှအံ့ဩဖွယ်ကောင်းသော အရာမျိုး ရှိသည်ကို သူတို့ ယုံကြည်နိုင်မည်မဟုတ်ပေ။

"သူ့ဆီမှာရှိတဲ့ စွမ်းအားက စကြဝဠာမူလစွမ်းအင် မဟုတ်ဘူး"

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ထိုအချက်ကို သတိထားမိသွားသည်။

"ဒီလိုစွမ်းအားမျိုးက စကြဝဠာမူလစွမ်းအင်နဲ့ ယှဉ်ရင် ပြင်းအားရော သန့်စင်မှုမှာပါ အဆပေါင်း ရာဂဏန်းလောက် ပိုသန်မာတယ်"

"သူတို့ အရမ်းအစွမ်းထက်နေတာလည်း အံ့သြစရာမရှိတော့ပါဘူး"

"ဟေး... မင်းက တော်တော်အထင်ကြီးစရာ ကောင်းတာပဲ"

ကျန်းမုန့်လောင်က ချီးကျူးလိုက်သည်။

"သူ့ဆီမှာရှိတဲ့စွမ်းအားကို 'နတ်ဘုရားအရှိန်စွမ်းအား'လို့ခေါ်တယ်။ ဒြပ်ထုချင်း တူရင်တောင် စကြဝဠာမူလစွမ်းအင်ထက် အဆပေါင်း၁၂၀၀ပိုသန်မာတယ်"

"လာ... သူတို့ မျက်စိပွင့်နားပွင့်ဖြစ်သွားအောင် ထပ်ပြလိုက်ကြစမ်း"

ကျန်းမုန့်လောင်၏ အမိန့်အောက်တွင် သူ့အနောက်က စစ်သည်တော်အများအပြား ထပ်ထွက်လာသည်။

သူတို့ထံမှ အမျိုးမျိုးသောစွမ်းအားများ ထွက်ပေါ်နေပြီး အချို့က အနီရောင်၊ အချို့က အဝါရောင် ဖြစ်နေသော်လည်း အားလုံးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည်။

"ဒါက ဖီးနစ်စွမ်းအားပဲ။ စကြဝဠာမူလစွမ်းအင်ထက် အဆပေါင်း၁၈၀၀ ပိုသန်မာတယ်"

"ဒါက ကမောက်ကမစွမ်းအားပဲ။ စကြဝဠာမူလစွမ်းအင်ထက် အဆပေါင်း၂၅၀၀ ပိုသန်မာတယ်"

"နတ်သမီးစွမ်းအားက အဆပေါင်း၅၀၀၀ ပိုသန်မာတယ်"

...

မယုံနိုင်စရာကောင်းသော အရေအတွက်များကို ကျန်းမုန့်လောင်က တည်ငြိမ်စွာ ရွတ်ဆိုနေချိန်ဝယ် သူတို့မှာမူ ဒီရေလှိုင်းကြီးတစ်ခု ရိုက်ခတ်သွားသလို ခံစားလိုက်ရသည်။ ကိုယ်တိုင်ထိတွေ့ရခြင်း မရှိပါက ဤကဲ့သို့သောစွမ်းအားများ ရှိနေကြောင်းကိုပင် ယုံကြည်ရန် ခက်ခဲလှသည်။

သူက ဘယ်သူလဲ။

ဤသည်မှာ လတ်တလော သူတို့အတွက် အကြီးမားဆုံး မေးခွန်းပင်။

"ငါတို့ရှုံးပြီ"

မော့ဆက် သက်ပြင်းချလိုက်လေသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော IPX-001တပ်ဖွဲ့ကို ယှဉ်ပြိုင်ရန် သူတို့တွင် ခုခံနိုင်စွမ်းမရှိတော့ပေ။ ထိုလူ၃၂ယောက်တည်းနှင့်ပင် သူတို့ဘက်က လူနှစ်ထောင်ကျော်ကို အလွယ်တကူ ရှင်းလင်းပစ်နိုင်ပေသည်။

"နိုင်တဲ့သူက ဘုရင်။ ရှုံးတဲ့သူက ဓားပြပဲ။ မင်းစိတ်တိုင်းကျ လုပ်လို့ရပေမဲ့ ငါတို့ကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ မျှော်လင့်ပါတယ်"

ကျန်းခိုင်၏လက်ချက်ဖြင့် အချိန်အာကာသနယ်မြေအတွင်း၌ နှစ်ပေါင်းတစ်သိန်းကြာအောင် နှိပ်စက်ခံခဲ့ရသည့် ဒဏ်ကို ထပ်မံခံစားရမည့်အစား သေလိုက်ရသည်ကမှ ပိုကောင်းပေဦးမည်။

"အခု မင်းတို့ ငါ့ကို အညံ့ခံနေကြတာလား"

"ဟုတ်ပါတယ်"

[ခွန်အားအမှတ်တစ်သန်း ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]

[ခွန်အားအမှတ်တစ်သန်း ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]

[ခွန်အားအမှတ်တစ်သန်း ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]

...

စကြဝဠာ၏ ထိပ်တန်းတပ်မှူးတိုင်းက သူတို့၏ အညံ့ခံမှုကို ကြေညာလိုက်သည်နှင့် ကျန်းမုန့်လောင်၏နားထဲတွင် ကြည်နူးဖွယ်ကောင်းသော ထိုအသံများဖြင့် ပြည့်နှက်သွားတော့သည်။

အဆင့်နိမ့်ကမ္ဘာတစ်ခုကို သိမ်းပိုက်ပါက ခွန်အားအမှတ်တစ်သန်း ရရှိမည်ဖြစ်၏။ ယခုမူ စကြဝဠာနှစ်ထောင်ကျော်က အညံ့ခံလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် ခွန်အားအမှတ် ၂.၅ဘီလီယံကျော်ကို ရရှိလိုက်သည်။

"ကောထန်... ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ရနိုင်သမျှအရာအားလုံးကို ငါ့အတွက် ဖွင့်ပေးတော့။ ငါ့မှာပိုက်ဆံမရှားဘူး"

ကျန်းမုန့်လောင်မှာ ချက်ချင်းဆိုသလို ကြွယ်ဝချမ်းသာခြင်း၏ စိတ်လှုပ်ရှားမှုတွင် နစ်မြောသွားလေတော့သည်။

[နတ်သားရဲခန်းမစနစ်ကို ဖွင့်နေပါတယ်]

[နတ်သားရဲခန်းမ : ကျောင်းသားများသည် ခွန်အားအမှတ်များကို အသုံးပြု၍ ကျပန်းသတ္တဝါများကို လဲလှယ်နိုင်ပြီး နတ်သားရဲများကို ရွေးယူနိုင်မည့် အခွင့်အရေးလည်း ရှိသည်]

[ဥက္ကာပျံလျှို့ဝှက်နယ်မြေကို ဖွင့်နေပါတယ်]

[ဥက္ကာပျံလျှို့ဝှက်နယ်မြေ - ဤနေရာတွင် အဆင့်မြင့်ဆေးလုံးများ သို့မဟုတ် လက်နက်များ မွမ်းမံဖန်တီးလျှင် အောင်မြင်နိုင်စွမ်းမှာ နှစ်ဆပိုများသည်]

[အနန္တနတ်ဘုရားနယ်မြေကို ဖွင့်နေပါတယ်]

[အနန္တနတ်ဘုရားနယ်မြေ : စွမ်းအင်များ ပေါများကြွယ်ဝပြီး ကုန်ခမ်းနိုင်ခြင်းမရှိသော နေရာဖြစ်ရာ ရှားပါးပြီး တန်ဖိုးကြီးမားသော အရင်းအမြစ်များကို အကြီးအကျယ်ပျိုးထောင်ရန် သင့်တော်သည်]

[ဖွင့်နေပါတယ်...]

ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ လုပ်ဆောင်ချက်အသစ်ငါးဆယ်ကျော်ကို တစ်ခါတည်းဖွင့်လှစ်လိုက်သည်။ တစ်ခုနှင့်တစ်ခုမှာ မတူညီကြသော်လည်း အားလုံးမှာ ပညာရေးနှင့် ကျောင်းသားများ၏ စွမ်းဆောင်ရည် တိုးတက်ရေးအတွက် သိသိသာသာ အထောက်အကူဖြစ်သည်။

"အားလုံး ရပ်လိုက်တော့"

ကျန်းမုန့်လောင်က လက်ဝှေ့ယမ်းလိုက်သည်နှင့် တစ်ဖက်သတ်တိုက်ပွဲမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။

"မင်းတို့ရဲ့ ဗိုလ်ချုပ်တွေတောင် အညံ့ခံလိုက်ကြပြီ။ မင်းတို့က ဒီလို အဓိပ္ပာယ်မရှိတဲ့ခုခံမှုကို ဆက်လုပ်နေဦးမှာလား"

ဤစကားက စစ်သည်တော်များ၏ နောက်ဆုံးလက်ကျန်သန္နိဋ္ဌာန်ကို ချိုးဖျက်လိုက်လေသည်။ ဗိုလ်ချုပ်များပင် အညံ့ခံလိုက်ကြပြီဆိုမှတော့ ဆက်တိုက်နေရန် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

"မုန့်လောင်... မင်း အဆင်ပြေရဲ့လား"

စကြဝဠာအမှတ်၇သည် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ပိတ်လိုက်ပြီးနောက် လော့ကျစ်နှင့် အခြားသူများက ကျန်းမုန့်လောင်အား ကယ်တင်ရှင်တစ်ဦးအလား ဝိုင်းရံလိုက်ကြသည်။

ဤကမ္ဘာခြားစစ်မြေပြင်ကို တည်ထောင်ပြီးကတည်းက ဤစကြဝဠာမှာ ဘယ်သောအခါမှ ငြိမ်းချမ်းမှု မရခဲ့ပေ။ အင်အားကြီးမားသော စကြဝဠာတစ်ခုက သူတို့၏ခံစစ်များကို ချိုးဖျက်ဝင်ရောက်လာမည်ကို အမြဲတစေ ကြောက်ရွံ့စိုးရိမ်စွာဖြင့် နေထိုင်ခဲ့ကြရသည်။

ယနေ့စစ်ပွဲအပြီးတွင် စကြဝဠာအမှတ်၇ကို မည်သူကမှ ရန်စရဲတော့မည် မဟုတ်ပေ။ စကြဝဠာပေါင်း နှစ်ထောင်ကျော်ပါဝင်သော မဟာမိတ်တပ်ဖွဲ့ကြီးပင် ရှုံးနိမ့်သွားခဲ့ပြီဖြစ်ရာ မည်သူကများ သူတို့ကို မိုက်မဲစွာ ဒုက္ခပေးရဲတော့မည်နည်း။

ယခုမူကား ကျန်းမုန့်လောင်ကပင် သူတို့ကို ပြန်ဒုက္ခပေးနေချေပြီ။

"မုန့်လောင်... ဒီလူတွေကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ"

လော့ကျစ်က မေးလိုက်သည်။

"ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဘာအဓိပ္ပာယ်လဲ။ သေချာပေါက် အကုန်သတ်ပစ်ရမှာပေါ့။ ဒါမှ ခေါင်းဆောင်မဲ့နေတဲ့ ဒီစကြဝဠာတွေက စကြဝဠာအမှတ်၇ကို နောက်ထပ် မကျူးကျော်ရဲမှာလေ"

ရှီးဘိုမို့စ်က ချက်ချင်း ဝင်ပြောလိုက်သည်။

"အမြဲတမ်းသတ်ဖို့ချည်းပဲ တွေးနေတာ။ မင်း အမြင်ကျယ်ကျယ် မကြည့်တတ်ဘူးလား"

ကျန်းမုန့်လောင်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။

"စိတ်ချ... ငါ မင်းတို့ကို မသတ်ပါဘူး။ မင်းတို့ရဲ့ စကြဝဠာတွေကိုလည်း ဝင်ရောက်ကျူးကျော်မှာမဟုတ်ဘူး"

"တကယ်လား"

အဆင့်ကိုးသက်ရှိများက အံ့ဩသွားလေဟန် အမူအရာများ ပြသလိုက်ကြသည်။

သူတို့သည် ဤဘေးအန္တရာယ်မှ မလွတ်မြောက်နိုင်တော့ဘူးဟု ထင်ထားသော်လည်း ကျန်းမုန့်လောင်က ထိုကဲ့သို့သော စကားမျိုးကို ပြောလာသည်။

"ပထမအချက်အနေနဲ့... ငါတို့ရဲ့စကြဝဠာက ကျယ်ဝန်းတယ်လေ။ ပြီးတော့ ငါတို့ရဲ့လူဦးရေနဲ့ အရင်းအမြစ်တွေကလည်း ငါတို့တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မင်းတို့ရဲ့စကြဝဠာတွေကို ဝင်ရောက်ကျူးကျော်ရလောက်အောင်အထိ ဖိအားတွေ ပြင်းထန်မနေဘူး"

"ငါ နားလည်ပါတယ်... မင်းတို့ရဲ့ စကြဝဠာအများစုမှာ တိုးပွားလာတဲ့ အရင်းအမြစ်တွေနဲ့ လူဦးရေတွေကြောင့် ပိုကျယ်ဝန်းတဲ့ကမ္ဘာ​တွေ လိုအပ်နေတယ်ဆိုတာကိုပေါ့။ ဒါပေမဲ့ ဒါကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်တယ်လို့ မင်းတို့ တစ်ခါမှမတွေးဖူးကြဘူးလား"

ကျန်းမုန့်လောင်က ဆက်ပြောသည်။

"တချို့စကြဝဠာတွေက လူဦးရေ အရမ်းထူထပ်ပြီး တချို့ကျတော့လည်း လူနေကျဲပါးတယ်။ အဲဒီတော့ ကမ္ဘာအားလုံးကို ကမ္ဘာကြီးတစ်ခုတည်းအဖြစ် ချိတ်ဆက်လိုက်မယ်ဆိုရင် ဒီပြဿနာ ပြေလည်မသွားဘူးလား"

မည်သူကများ ဤအကြောင်းကို မတွေးဖူးဘဲ နေမည်နည်း။ သို့သော် မတူညီသော ယဉ်ကျေးမှုများ၊ အယူဝါဒများနှင့် "သံသယကွင်းဆက်"ကြီးတစ်ခုက စကြဝဠာများအကြားတွင် တည်ရှိနေသည်။ ပထမဆုံးအကြိမ် ဆက်သွယ်ချိန်တွင် တစ်ဖက်လူသည် စေတနာဖြင့်လာသလား၊ မကောင်းသောရည်ရွယ်ချက်ဖြင့် လာသလားဆိုသည်ကို မည်သူမှမသိနိုင်ပေ။

အပြန်အလှန်နားလည်မှုနှင့် ဆက်သွယ်ရေးကို ရရှိသည့်တိုင် ထိုအချိန်ရောက်လျှင် စစ်ပွဲက ဖြစ်ပွားလေ့ရှိတတ်သည်။

"ကျွန်တော်တို့ မစ္စတာကျန်းရဲ့ အကြံပြုချက်ကို လိုက်နာဖို့ ဆန္ဒရှိပါတယ်"

အားနည်းသော စကြဝဠာများရှိ ဗိုလ်ချုပ်အချို့က ချက်ချင်းသဘောတူလိုက်ကြပြီး ထိုကဲ့သို့သော အပြောင်းအလဲကို ကြိုဆိုလက်ခံလိုက်ကြသည်။

"မင်းတို့ကရော ဘယ်လိုလဲ"

ကျန်းမုန့်လောင်က ပထမစကြဝဠာမှ မော့ဆက်ကို ကြည့်လိုက်သည်။

"ကျွန်တော်တို့လည်း ကန့်ကွက်စရာမရှိပါဘူး"

သူတို့ ဆန္ဒမရှိကြပေ။ အကြောင်းမှာ ပထမစကြဝဠာက စကြဝဠာပေါင်းများစွာကို သိမ်းပိုက်ထားပြီးဖြစ်ရာ အကြီးစားနယ်ချဲ့မှုများပင် စတင်နေပြီဖြစ်၏။ ထိုကိုလိုနီနယ်မြေများတွင် သူတို့သည် မိုးကြိုးနှင့်လျှပ်စီးကိုပင် ထိန်းချုပ်နိုင်လုနီးပါး အာဏာသက်ရောက်နေသည်။

ယခုမူ ကျန်းမုန့်လောင်၏ အကြံပြုချက်မှာ ကိုလိုနီခေတ်မှ စကြဝဠာယဉ်ကျေးမှုများ ဖလှယ်သည့်ခေတ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းသွားစေရန် တွန်းအားပေးနေသည့်အလားပင်။

သို့သော် ယခုမူ သူ့အနေနှင့် ငြင်းရဲမည်လော။

"ကောင်းပြီ... အားလုံးက သဘောတူတယ်ဆိုတော့ အခုကစပြီး ကမ္ဘာခြားစစ်မြေပြင်ကို 'ကမ္ဘာခြားနယ်မြေ စီမံခန့်ခွဲရေးဗဟိုဌာန'လို့ တရားဝင် နာမည်ပြောင်းလိုက်မယ်။ နောက်နောင် ဒီနေရာက စကြဝဠာအချင်းချင်း အပြန်အလှန် ဖလှယ်ရေးအတွက် အချက်အချာဌာန ဖြစ်လာလိမ့်မယ်။ စကြဝဠာအမှတ်၇က ဒီစီမံခန့်ခွဲရေးဗဟိုဌာနရဲ့ သဘာပတိအဖြစ် တာဝန်ယူမယ်။ အားလုံး သဘောတူကြတယ်မလား"

ကျန်းမုန့်လောင်၏ ကိုယ်ရံတော်တပ်ဖွဲ့က အလွန်ယဉ်ကျေးပျူငှာနေသည်ဖြစ်ရာ မည်သူကမှ ကန့်ကွက်မည်မဟုတ်ပေ။

"နောက်တစ်ဆင့်အနေနဲ့ ဒီကမ္ဘာခြားစစ်မြေပြင်မှာ စီမံခန့်ခွဲရေးရုံးတစ်ခုကို ငါ တည်ထောင်မယ်။ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုမှန်သမျှ ဒီနေရာကနေ ခွင့်ပြုချက်ရယူရမယ်"

"မုန့်လောင်... လောလောဆယ် ဒီကမ္ဘာခြားစစ်မြေပြင်မှာ ပါဝင်နေတဲ့ စကြဝဠာ၅၀၀၀ကျော် ရှိပေမဲ့ ဒီနေ့ ဒီမှာရောက်နေတာက ၂၀၀၀ကျော်ပဲ ရှိတယ်။ ဒီမှာရှိတဲ့လူအားလုံးက သဘောတူတယ်ဆိုဦးတော့ တခြားစကြဝဠာတွေကရော ဘယ်လိုလုပ်မလဲ"

လော့ကျစ်က မေးမြန်းလိုက်သည်။

"ကျွန်တော် တခြားစကြဝဠာတွေကို လှည့်လည်သွားလာဖို့ အချိန်ယူလိုက်ပါ့မယ်"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"တကယ်လို့ တစ်ယောက်ယောက်ကများ သဘောမတူဘူးဆိုရင် သူတို့နဲ့ အကျိုးအကြောင်းပြောပြီး ဆွေးနွေးမယ်။ အကျိုးအကြောင်းပြောတာက အလုပ်မဖြစ်ဘူးဆိုရင်တော့ လက်သီးသုံးရမှာပေါ့။ သူတို့အနေနဲ့ အကျိုးအကြောင်းပြောတာ ဒါမှမဟုတ် လက်သီး... နှစ်ခုထဲက တစ်ခုကိုတော့ ရွေးချယ်ရမှာပဲမလား"

**********************

All Chapters