← Chapters

အခန်း ၁၀၆၄

Vol. 71 Ch. 1064

အခန်း ၁၀၆၄

Vol. 71 Ch. 1064

အခန်း ၁၀၆၄ - မမျှတသော စာချုပ်

ကျန်းမုန့်လောင်နှင့် လော့ကျစ်တို့ ပြောလိုက်သည့်စကားကို ကြားလိုက်ရသောအခါ စကြဝဠာအသီးသီးရှိ အဆင့်ကိုးသက်ရှိများအားလုံး ရင်ထဲတွင် စိမ့်ခနဲ အေးသွားကြသည်။

ကျန်းမုန့်လောင်က အကျိုးအကြောင်းပြပြီး စကားပြောတတ်သည့် လူစားမျိုးလား။ သူသည် စကားထက် အင်အားသုံးပြီး ဆုံးမရသည်ကို ပိုသဘောကျသူဖြစ်၏။

စကြဝဠာမျိုးနွယ်စုကြီးများဆီသို့ သွားရောက်လည်ပတ်မည်တဲ့လား။ စကြဝဠာအနှံ့ ခရီးထွက်ဖို့အတွက် အဆင့်ကိုးသက်ရှိရာဂဏန်းထောင်ဂဏန်း ခေါ်သွားတတ်သည့် လူစားမျိုးကို ဘယ်မှာမြင်ဖူးလေသလဲ။ ဤသည်မှာ အတင်းအဓမ္မသိမ်းသွင်းခြင်းလမ်းစဉ်ပင်။

သူတို့မှာ ထိုလူများအတွက် စိတ်ထဲက တိတ်တဆိတ် ဆုတောင်းပေးနေကြပြီး ကျန်းမုန့်လောင်နှင့် ကောင်းကောင်းမွန်မွန် အကျိုးအကြောင်းပြောဆိုနိုင်ရန်လည်း မျှော်လင့်ကြသည်။ သို့မဟုတ်ပါက ထိုလူများ ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမခြင်းကို မလွဲမသွေ ခံရပေလိမ့်မည်။

သို့သော် အမှန်တကယ်တွင် စကြဝဠာအများစုအတွက်မူ ဤနည်းလမ်းမှာ ငြိမ်းချမ်းရေးရရှိရန် အကောင်းဆုံးနည်းလမ်းပင်။ စစ်ပွဲသာမရှိလျှင် စကြဝဠာအားလုံးက အပြန်အလှန် ကူးလူးဆက်ဆံမှုများမှတစ်ဆင့် ပြဿနာအမျိုးမျိုးကို ဖြေရှင်းနိုင်ကြမည်ဖြစ်ရာ သူတို့အတွက် ပို၍ပင် အကျိုးရှိနိုင်ပေသည်။

"မစ္စတာကျန်း... ခင်ဗျားဘက်က တခြားကိစ္စမရှိတော့ဘူးဆိုရင် ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး"

မော့ဆက်က အကဲခတ်သည့်သဘောဖြင့် လှမ်းမေးလိုက်သည်။ သူတို့စကြဝဠာတွင် အဆင့်ကိုးသက်ရှိဟူ၍ သူတစ်ယောက်တည်း ရှိသည်မဟုတ်သဖြင့် နောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနိုင်မည်မဟုတ်သော်လည်း ဤသတင်းကို အမြန်ဆုံးပြန်တင်ပြကာ မဟာဗျူဟာများကို ချက်ချင်းပြင်ဆင်ရပေမည်။

စစ်ပွဲမရှိတော့လျှင် သူတို့အနေနှင့် ဤအုပ်ချုပ်ရေးဗဟိုဌာနတွင် သူတို့၏အဆင့်အတန်းနှင့် ရာထူးနေရာကို မြှင့်တင်ရန် ကြိုးပမ်းရပေမည်။

"ငါက မင်းတို့ကို ပြန်လို့ရပြီလို့ ပြောမိလို့လား"

ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"မင်းတို့ ငါတို့စကြဝဠာအမှတ်၇ကို တိုက်ခိုက်ခဲ့တဲ့ကိစ္စကို သေချာမရှင်းရသေးဘူးထင်တယ်"

ကျန်းမုန့်လောင်က တည်တည်ကြည်ကြည်ဖြင့် ဆက်ပြောလေသည်။

"ပူးတွဲဂလက်စီအုပ်ချုပ်ရေးဗဟိုဌာနရဲ့ ပထမဆုံး စည်းမျဉ်းစည်းကမ်းအရ တခြားစကြဝဠာအပေါ် ကျူးကျော်လိုတဲ့စိတ်ဓာတ်ကို ပြသတဲ့ ဘယ်စကြဝဠာမဆို ကိုယ့်လုပ်ရပ်အတွက် ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆပ်ရမယ်"

"ပူးတွဲဂလက်စီအုပ်ချုပ်ရေးဗဟိုဌာနရဲ့ ပထမဆုံး စည်းမျဉ်း ဟုတ်လား။ ဒါက ဘာလဲ။ ဘယ်တုန်းကတည်းက ရှိနေတာလဲ"

ဤပူးတွဲဂလက်စီအုပ်ချုပ်ရေးဗဟိုဌာနမှာ ယခုလေးတင် ဖွဲ့စည်းရုံသာရှိသေးသဖြင့် ဘာစနစ်မှ မရှိသေးချေ။ ဤသည်မှာ ဘာပေါက်ကရစည်းကမ်းလေလဲ။

"အခုလေးတင် ဆုံးဖြတ်လိုက်တာ။ ငါကိုယ်တိုင် အဆိုပြုလိုက်တာပဲ။ ဘာပြဿနာရှိလို့လဲ"

ကျန်းမုန့်လောင်က သူတို့ကို စေတနာအပြည့်ဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။

"ဓားပြတိုက်ချင်ရင်လည်း ထုတ်သာပြောပါတော့လား"

လူတိုင်းက စိတ်ထဲတွင် ကျန်းမုန့်လောင်ကို ကျိန်ဆဲနေကြသည်။ စကြဝဠာအမှတ်၇သည် ယခုမှ ဥက္ကဋ္ဌရာထူးကို ရရုံရှိသေးသည်။ သူတို့အတွက် အကျိုးရှိမည့် အပိုဒ်ခွဲများကို စတင်သတ်မှတ်နေပြီ မဟုတ်ပါလော။

သို့ဆိုပါက အတိတ်က ကျူးကျော်ခံခဲ့ရဖူးသော စကြဝဠာများအတွက် အဘယ်ကြောင့် တရားမျှတမှုကို တောင်းဆိုမပေးသလဲ။ အတင်းအဓမ္မ လုယက်ချင်ပါက တဲ့တိုးထုတ်ပြောလိုက်လျှင် ပိုကောင်းပေလိမ့်မည်။

"ဒီအပိုဒ်ခွဲက သိပ်မလွန်လွန်းဘူးလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

ကွန်ဖြူးရှပ်က 'လူကြီးလူကောင်းတစ်ယောက်ဟာ တည်ကြည်ခန့်ညားမှုမရှိရင် လေးစားမှုကို ရမှာမဟုတ်ဘူး'ဟု ဆိုခဲ့ဖူးသည်။ ထိုအဓိပ္ပာယ်မှာ လူကြီးလူကောင်းတစ်ယောက်က လူတစ်ယောက်ကို ရိုက်နှက်ဆုံးမသည့်အခါ ပြင်းပြင်းထန်ထန် မရိုက်ပါက အရှိန်အဝါကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ ရိုက်မည်ဆိုလျှင် နာကျင်သွားအောင် ရိုက်ရမည်။ သို့မှသာ အဓိပ္ပာယ်ရှိပေလိမ့်မည်။ ကျန်းမုန့်လောင်အနေနှင့် သူတို့အား ဤသင်ခန်းစာကို ရင်ထဲစွဲအောင် မှတ်သားသွားစေရန် လုပ်ဆောင်ရပေမည်။

ထို့ပြင် သူသည် ကျဆုံးသွားသော စစ်သည်တော်များအတွက်လည်း တရားမျှတမှုကို ရှာဖွေပေးရမည်ဖြစ်၏။ အတိတ်က ရန်ငြိုးများကို မေ့ဖျောက်ပြီး အားလုံးကို အေးအေးဆေးဆေး ဖျန်ဖြေပေးရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သောအရာပင်။

"မလွန်ပါဘူး။ ခင်ဗျားပြောတာ မှန်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့ မဟာမိတ်တပ်ဖွဲ့ကြောင့် စကြဝဠာအမှတ်၇မှာ တကယ်ပဲ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရလို့ လျော်ကြေးပေးသင့်ပါတယ်"

ကျန်းမုန့်လောင်၏ ပြတ်သားလှသော သဘောထားရှေ့မှောက်တွင် မည်သူကမှ မကျေမနပ် စကားတစ်ခွန်းပင် မဟရဲကြချေ။

"ကောင်းပြီ။ မင်းတို့ဘက်ကလည်း အမှားကို ဝန်ခံချင်တဲ့ သဘောထားရှိနေမှတော့ လျော်ကြေးပေးရမယ့် အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးကြတာပေါ့"

ကျန်းမုန့်လောင်က မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ဆုံးရှုံးမှုစာရင်းကို တွက်ချက်ပြီးပြီလား"

"တပ်မှူးကို သတင်းပို့ပါတယ်။ ကျွန်တော်တို့ စကြဝဠာအမှတ်၇မှာ စုစုပေါင်းတပ်ဖွဲ့၂၀၉၁ခု ရှိတဲ့အထဲက ဒီတစ်ခေါက် တပ်ဖွဲ့ရှစ်ရာနီးပါး ဆုံးရှုံးခဲ့ပါတယ်။ ဒဏ်ရာရသူအရေအတွက်က ကိုးရာဘီလီယံကျော်ရှိပြီး စစ်သင်္ဘောပေါင်း သန်းလေးရာကျော် ပျက်စီးဆုံးရှုံးတဲ့အပြင် စွမ်းအင်အရင်းအမြစ် ဆုံးရှုံးမှုကတော့ တွက်ချက်လို့မရနိုင်အောင် များပါတယ်"

ဤကိန်းဂဏန်းများကို ကြားလိုက်ရသောအခါ စကြဝဠာအမှတ်၇မှ စစ်သည်တော်များ၏ မျက်လုံးထဲမှ မီးတောက်များ ထွက်လာတော့မတတ် ဖြစ်သွားသည်။ ယခုတစ်ခေါက် ဆုံးရှုံးမှုမှာ တကယ်ကြီးမားလှပြီး ကျန်းခိုင်ချန်ရစ်ခဲ့သည့် ဂိုဏ်းကာကွယ်ရေးအစီအရင်သာ မရှိခဲ့လျှင် စကြဝဠာအမှတ်၇တစ်ခုလုံး တည်ရှိတော့မည် မဟုတ်ပေ။

"မစ္စတာကျန်း... ခင်ဗျား စိတ်ကျေနပ်စေမယ့် လျော်ကြေးကို ကျွန်တော်တို့ မဖြစ်ဖြစ်အောင် စီစဉ်ပေးပါ့မယ်"

ကျန်းမုန့်လောင်၏ ပိုမိုအေးစက်လာသော မျက်နှာအမူအရာကို ကြည့်ကာ မော့ဆက်ခမျာ စိုးရိမ်တုန်လှုပ်စွာဖြင့် အလျင်အမြန် ပြောလိုက်ရသည်။ ယခုတစ်ကြိမ်တွင် သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးကို ထုတ်ရောင်းရပါစေဦးတော့။ ကျန်းမုန့်လောင်၏ဒေါသကို ပြေငြိမ်းအောင် မဖြစ်မနေ လုပ်ဆောင်ရပေမည်။

"ကောင်းပြီ။ ဒါဆိုရင် ငါပြောမယ်။ ပထမအချက်အနေနဲ့ ဒီကမ္ဘာခြားစစ်မြေပြင်ရဲ့ ဗဟိုချက်မှာ သူရဲကောင်းပန်းခြံတစ်ခု တည်ဆောက်ပြီး ငါတို့ရဲ့ စစ်သည်တော်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူပေးရမယ်။ အကောင်းဆုံး ကုန်ကြမ်းတွေ အဆန်းပြားဆုံး အဆောက်အအုံတွေနဲ့ အခန့်ညားဆုံးပုံစံမျိုး ဖြစ်ရမယ်"

"ရပါတယ်။ ရပါတယ်ဗျ"

သူတို့ကလည်း ထပ်ခါတလဲလဲ သဘောတူခဲ့ကြသည်။ သူရဲကောင်းများအတွက် သုသာန်မြေ တည်ဆောက်ပေးရုံမျှသာဖြစ်၍ ကြီးမားလှသောအရာမဟုတ်ပေ။ ထောင်ချီသော စကြဝဠာများ စုပေါင်းပြီး ခမ်းနားထည်ဝါသော သုသာန်တစ်ခုကို မတည်ဆောက်ပေးနိုင်ဘဲ နေမည်လော။

"ဒုတိယအချက်အနေနဲ့ ဒီနေ့ ဒီနေရာမှာရှိတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေကနေ တပ်မှူးတွေအထိ အားလုံးက ကျဆုံးသွားတဲ့ စကြဝဠာအမှတ်၇စစ်သည်တော်တွေရဲ့ သုသာန်မှာ နှစ်ပေါင်းတစ်ရာတိတိ ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်ပေးရမယ်"

"ဘာ"

ကျန်းမုန့်လောင်၏ တောင်းဆိုချက်ကြောင့် သူတို့အားလုံး ဆွံ့အသွားကြသည်။

သူတို့သည် အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး သက်ရှိများ ဖြစ်ကြသည်။ သူတို့အတွက်မူ ထိုစစ်သည်တော်များမှာ ပုရွက်ဆိတ်မျှသာ။ အလွန်တရာ မြင့်မြတ်လှသော သူတို့လို သက်ရှိများကို ထိုပုရွက်ဆိတ်များအတွက် ဝမ်းနည်းပူဆွေးပေးရန် တောင်းဆိုခြင်းမှာ စင်စစ်ကြီးမားလှသော အရှက်ခွဲမှုကြီးပင်။

"မင်းတို့ပုံစံက သိပ်ပြီး မလိုက်လျောချင်ကြဘူးထင်တယ်"

ကျန်းမုန့်လောင်က မျက်ခုံးပင့်လျက် ပြောလိုက်လေသည်။

"ငါက ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်လို့ ဒီမှာ မင်းတို့နဲ့ လာဆွေးနွေးနေတာ။ ဒါ မင်းတို့ကို မျက်နှာသာပေးနေတာနော်။ ဒါပေမဲ့ မင်းတို့က ငါ့စေတနာကို လက်မခံချင်ကြဘူးနဲ့တူတယ်"

ကျန်းမုန့်လောင်၏ အနောက်ရှိ အဆင့်ရှစ်နှင့် အဆင့်ကိုးသက်ရှိများမှာ အရှေ့သို့ ခြေလှမ်းတစ်ဝက်ခန့် တိုးလာကြပြီး သူတို့၏ခန္ဓာကိုယ်က ထွက်ပေါ်လာသော ဧရာမဖိအားများဖြင့် ထိုလူများကို လွှမ်းမိုးထားလိုက်ကြသည်။

"ကျန်းတာ့ပေါင်"

"ရှိပါတယ် တပ်မှူး"

"ငါတို့ရဲ့စစ်ယာဉ်တန်းကို ချက်ချင်း ပြင်ဆင်လိုက်တော့။ ဘာလို့လဲဆိုတော့ နောက်နှစ်ရက်နေရင် ငါတို့..."

"မစ္စတာကျန်း... ကျွန်တော်တို့ သဘောတူပါတယ်"

မော့ဆက်နှင့် အခြားသူများက အလုအယက် ပြောလိုက်ကြသည်။

"ကျဆုံးသွားတဲ့ စစ်သည်တော်တွေရဲ့ သူရဲကောင်းဝိညာဉ်တွေအတွက် နှစ်ပေါင်းတစ်ရာတိတိ အစောင့်အရှောက်အဖြစ် နေထိုင်ပေးဖို့ ကျွန်တော်တို့ လိုလားပါတယ်"

"မှန်ပါတယ် မစ္စတာကျန်း။ နှစ်ပေါင်းတစ်ရာဆိုတာ ကျွန်တော်တို့အတွက်တော့ မျက်စိတစ်မှိတ်အတွင်းပါပဲ။ ဒီလောက်အချိန်တိုလေးအတွက် တကယ်အားနာမိပါတယ်"

"ဪ... တကယ်လား"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"မင်းတို့ဘက်က ဒီလောက်တောင် စေတနာမှန်နေမှတော့ နှစ်ပေါင်းတစ်ထောင်လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့"

ခဏအတွင်းမှာပင် ထိုစကားကို ပြောလိုက်သောလူသည် လူပေါင်းများစွာ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။

နှစ်ပေါင်းတစ်ရာနဲ့ ပြီးပြတ်နိုင်မယ့်ကိစ္စကို မင်းက နှစ်ပေါင်းတစ်ထောင်လို့ အတင်းလုပ်ယူရသလား။ ရူးနေတာလား။ ဖားတာတောင်မှ ဒီလောက်အထိ ဖားစရာမလိုပါဘူး။

မော့ဆက်နှင့် အခြားလူများ အလွန်အမင်း တုန်လှုပ်ချောက်ချားနေကြသည်ကို ကြည့်ပြီး ကျန်းမုန့်လောင်က အနည်းငယ် ပြုံးလျက် လေသံကို ပြောင်းလိုက်သည်။

"မင်းတို့ကလည်း ဘာလို့ ဒီလောက်တောင် ကြောက်နေကြတာလဲ။ ငါက ကျန်းတာ့ပေါင်ကို ခရီးဝေးနှင်ရတာနဲ့ တိုက်ပွဲဝင်ရတာတွေကြောင့် ပင်ပန်းနေကြတဲ့ ငါတို့စစ်သည်တော်တွေကို ဆုလာဘ်တွေ ကောင်းကောင်းချီးမြှင့်ဖို့ ပြောမလို့ပါ"

"ဟုတ်ကဲ့ပါ သခင်"

"မစ္စတာကျန်း... ခင်ဗျားမှာ တခြားတောင်းဆိုစရာတွေ ရှိသေးလား"

"ဒါပေါ့။ ငါက အခြေခံအချက်တွေကိုပဲ ပြောရသေးတာ"

ကျန်းမုန့်လောင်က စိတ်မရှည်သလို ပြန်ဖြေလိုက်သည်။

"တတိယမြောက်တောင်းဆိုချက်ကတော့... စကြဝဠာတစ်ခုစီကနေ ငါတို့ကို လျော်ကြေးအနေနဲ့ စွမ်းအင်သလင်းကျောက် ငါးရာထရီလီယံ ဒါမှမဟုတ် ကြယ်တာရာအမြုတေငါးရာဘီလီယံနဲ့ အဆင့်မြင့်သတ္တု တန်ချိန် ငါးရာထရီလီယံပေးရမယ်။ တကယ်လို့ မပေးနိုင်ရင် တန်ဖိုးနဲ့တူညီတဲ့ တခြားအရာတွေနဲ့ အစားထိုးပေးရမယ်"

"ငါးရာထရီလီယံ ဟုတ်လား။ တန်ချိန်ငါးရာထရီလီယံလား"

ကောင်းကင်ဘုံက ကျလာသည့်အလား များပြားလွန်းလှသော ကိန်းဂဏန်းများကြောင့် သူတို့မှာ သေးထွက်မတတ် လန့်ဖျပ်သွားကြသည်။

ဤမျှများပြားသော စွမ်းအင်ပမာဏမှာ သူတို့စကြဝဠာတစ်ခုလုံး၏ တစ်နှစ်စာစွမ်းအင်သုံးစွဲမှုနီးပါး ရှိပေသည်။ ဤမျှများပြားလှသော အရင်းအမြစ်များကို ရုတ်တရက် ထုတ်ပေးရမည်ဆိုပါက သူတို့စကြဝဠာတစ်ခုလုံးတွင် ပြဿနာများ ကြုံတွေ့ရနိုင်ပေသည်။

အဆင့်မြင့်သတ္တု တန်ချိန်ငါးရာထရီလီယံကိုလည်း သူတို့ မရရအောင် ရှာဖွေပေးရမည်။

"ဒါက သိပ်မများပါဘူး။ ဟုတ်တယ်မလား။ ငါတို့ရဲ့ ကျဆုံးသွားတဲ့စစ်သည်တော်မိသားစုတွေအတွက် ထောက်ပံ့ကြေးပေးရဦးမယ်။ စစ်သင်္ဘောတွေရဲ့ ပျက်စီးဆုံးရှုံးမှုကိုလည်း တွက်ချက်ရဦးမယ် မဟုတ်လား။ ငါတို့ ဆောက်ထားတဲ့ ဘီလီယံနဲ့ချီတဲ့ အရင်းအမြစ်တွေကိုလည်း ပြန်ရှင်းရဦးမယ်လေ။ ဒါက မင်းတို့အတွက် တကယ်သက်သာလွန်းနေပါပြီ"

စင်စစ်အားဖြင့် ကျန်းမုန့်လောင်ကိုယ်တိုင်လည်း ထိုလူတစ်သိုက် ပေးနိုင်မပေးနိုင်ဆိုသည်ကို မသိဘဲ ကိန်းဂဏန်းများကို ပါးစပ်ထဲရှိရာ လျှောက်ပြောနေခြင်းသာ။

"တကယ်လို့ မပေးနိုင်ရင် မင်းတို့စကြဝဠာထဲက နယ်မြေ ဒါမှမဟုတ် မြေကွက်တွေကို အကြွေးဆပ်ဖို့အတွက် အစားထိုးပြီး သုံးလို့ရတယ်။ မင်းတို့စကြဝဠာတွေက ကြည့်ရတာ တော်တော်ကောင်းပုံပဲ။ ငါတို့စကြဝဠာထဲက လူချမ်းသာတချို့က အပန်းဖြေဖို့နဲ့ တခြားစကြဝဠာရဲ့ ဓလေ့ထုံးတမ်းတွေကို ခံစားဖို့အတွက် မြေကွက်တွေလာဝယ်ရင် အဆင်ပြေတာပေါ့"

"တွက်ကြည့်ရအောင်... မင်းတို့ဆီမှာ မျိုးနွယ်စုပေါင်း ထရီလီယံနဲ့ချီပြီး ရှိမှာပဲမလား။ ဒါဆိုရင် အဆင့်ငါးမျိုးနွယ်စုတစ်ခုကို ကြယ်တာရာအမြုတေတစ်သန်းနဲ့ ညီမျှတယ်လို့ သတ်မှတ်ပြီး လျော်ကြေးပေးလိုက်တာပေါ့"

"ဪ... ပြီးတော့ နောက်နောင် မင်းတို့တွေအားလုံးက အုပ်ချုပ်ရေးဗဟိုဌာနရဲ့ အဖွဲ့ဝင်စကြဝဠာတွေ ဖြစ်လာတော့မယ်။ တကယ်လို့ ဥက္ကဋ္ဌဖြစ်တဲ့ စကြဝဠာအမှတ်၇ အန္တရာယ်နဲ့ ကြုံတွေ့ရရင်ဖြစ်ဖြစ် တခြားအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မင်းတို့ ချက်ချင်းကူညီပေးရမယ်"

"သေချာပေါက်ကူညီရမှာပေါ့"

"ဒါက မဖြစ်မနေလုပ်ရမယ့်အရာပဲလေ။ လုပ်လည်းလုပ်သင့်ပါတယ်"

"မစ္စတာကျန်း... တကယ်လို့ ကျွန်တော်တို့ရဲ့ စကြဝဠာ ကျူးကျော်ခံရရင် စကြဝဠာအမှတ်၇ဆီကနေ အကူအညီတောင်းလို့ရမလား"

ကျန်းမုန့်လောင်က သူ့ကို ရယ်ချင်နေဟန် မျက်နှာပေးဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့အရိုက်ခံရတာ ငါနဲ့ ဘာဆိုင်လို့လဲ"

"သောက်ကျိုးနည်း"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ တပည့်များက ခပ်တိုးတိုးပြောလိုက်ကြသည်။

"ဒါက တကယ့်ကို မမျှတတဲ့စာချုပ်ကြီးပဲ"

*********************

All Chapters